← Chapters

တစ်ခေါက်တည်းနှင့် နတ်ဆိုးဘုရင် အကောင်၂၀ကို ခေါင်းဖြတ်ကွပ်မျက်ခြင်း

Vol. 23 Ch. 455

တစ်ခေါက်တည်းနှင့် နတ်ဆိုးဘုရင် အကောင်၂၀ကို ခေါင်းဖြတ်ကွပ်မျက်ခြင်း

Vol. 23 Ch. 455

“ဟုတ်ပြီ”

ကျန်းချန်ရွှမ်၏ မျက်လုံးထဲတွင် ခက်ထန်သောအလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူသည် ကန်းနန်တိုက်၏ မြေပုံကိုထုတ်လိုက်ပြီး နေရာအတော်များများကို ညွှန်ပြလိုက်သည်။

“ရူယန် ကြည့်လိုက် ကန်းနန်တိုက်ရဲ့ ဒီနယ်မြေတွေမှာ တိုက်ပွဲဖြစ်အံ့‌ဆဲဆဲ လက္ခဏာတွေပြနေတယ်”

ကျန်းချန်ရွှမ် ညွှန်ပြလိုက်သည့် နေရာများသည် ကျင်းနှင့် ရှူနိုင်ငံတို့ ယခင်မူလကပိုင်ဆိုင်ခဲ့သည့် နေရာများဖြစ်သည်။

“ဒါမတိုင်ခင်တုန်းကလည်း ကိုယ်တို့ကန်းနန်တိုက်က ကျင့်ကြံသူတော်တော်များများကို အဲ့ဒီမှာ အခြေချဖို့ စေလွှတ်ဖူးတယ်။ နှစ်နိုင်ငံက အရမ်းကျယ်ပြန့်တော့ သမုဒ္ဒရာထဲမှာ ရေစက်ချက်နေရသလိုပဲ။ ကိုယ်တို့ ကျင်းနိုင်ငံရဲ့ မရဏတောင်မှာဌာနချုပ်စိုက်လိုက်ရတဲ့ အကြောင်းရင်းက ဒီနှစ်နိုင်ငံကို ပြန်လည်စုစည်းဖို့နဲ့ အသက်ဝင်လာပြီးနဂိုအတိုင်းပြန်ဖြစ်လာစေဖို့ပဲ။ ဒါပေမယ့်အခု နတ်ဆိုးသားရဲတွေဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် နှစ်နိုင်ငံရဲ့နယ်မြေတွေ ပျက်စီးသွားဖို့ သိပ်မကြာတော့ဘူး။

ကိုယ်တို့ရဲ့ ဌာနချုပ်လည်း ပါသွားလိမ့်မယ်။

နတ်ဆိုးသားရဲတွေက ဒီနှစ်နိုင်ငံရဲ့ ဗဟိုချက်ဒေသမှာ ပြောင်ပြောင်တင်းတင်း အခြေချလိုက်တာနဲ့ ကျန်ရှိနေတဲ့သုံးနိုင်ငံကို ဘယ်လိုခြိမ်းခြောက်မှုမျိုးပြရမလဲဆိုတာ သိသိသာသာပဲ။ ဒါကြောင့်...”

ထိုအချိန်တွင် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်အရိပ်အယောင်တစ်ခု ကျန်းချန်ရွှမ်၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။

“ကိုယ်တို့ ခေါင်းဖြတ်ကွပ်မျက်မယ့် စစ်ဆင်ရေးလှုပ်ရှားမှုကို ချက်ချင်းဆောင်ရွက်ပြီးတော့ စတုတ္ထအဆင့်နဲ့ သူ့အထက်မှာရှိတဲ့ နတ်ဆိုးသားရဲအကုန်လုံးကို အမြစ်ဖြတ်သုတ်သင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တွေကို သေချာပေါက် ဒေါသထွက်စေမှာပဲ။ အဲ့ဒီအချိန်ကျရင် သူတို့လည်း အ‌ဆုံးသတ်နိုင်လောက်မယ့် တုံ့ပြန်တဲ့လုပ်ရပ်တွေ လုပ်လာမှာပဲ”

၎င်းကိုကြားကာ ရှန်းရူယန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

“ကျွန်မတို့ပူးပေါင်းပြီးတော့ ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တွေကို စောစောစီးစီး ရှင်လင်းနိုင်မယ်ဆိုရင် ကျွန်မတို့နယ်မြေအတွက် အလွန်ကြီးမားတဲ့အန္တရာယ်နဲ့ ဒီနတ်ဆိုးသားရဲအဓိကရုဏ်းကို စောစောစီးစီး အဆုံးသတ်နိုင်လိမ့်မယ်”

“မှန်တယ်”

ကျန်းချန်ရွှမ်က သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒီနတ်ဆိုးသားရဲအဓိကရုဏ်း စောစောအဆုံးသတ်သွားတာနဲ့ နှစ်တစ်ရာအတွင်းမှာ ကျင်းနဲ့ ရှူနိုင်ငံတို့ရဲ့ အသက်ဝင်မှုက သိသိသာသာ နဂိုအတိုင်းပြန်ဖြစ်လာမှာပဲ။ ပြီးတော့ အရေးအကြီးဆုံးက ဒါပြီးသွာတာနဲ့ ကိုယ်တို့နှစ်ယောက်လုံးအခြေတည်ဝိညာဉ်အဆင့်ကို တက်လှမ်းရမှာ။

အဲ့ဒီအချိန်ကျရင် မုန်တိုင်းတွေရှိလာရင်တောင် ကိုယ်တို့မှာ သူတို့ကိုရင်ဆိုင်ဖို့ လုံလောက်တဲ့ ခွန်အားတွေရှိလိမ့်မယ်”

နေ့တစ်နေ့အဆုံးတွင် အချိန်ကျရောက်လာသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် ယခုအလိုအပ်ဆုံးမှာ အချိန်ဖြစ်ပြီး ယခုမရှိနေဆုံးမှာလည်း အချိန်ပင်ဖြစ်သည်။

ထို့ကြောင့် ဖြစ်နိုင်ပါက သူတို့သည် လုံလောက်သောအချိန်ရရှ်ိရန် အခွင့်အရေးမှန်သမျှကို ဆုပ်ကိုင်ရမည်။

“ကောင်းပြီလေ စလိုက်ကြတာပေါ့။ ကျွန်မတို့ ဘယ်ကိုအရင်သွားသင့်လဲ?”

ရှန်းရူယန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ကျန်းချန်ရွှမ်သည် မြေပုံကို ခနမျှ ကြည့်လိုက်သည်။

ထို့နောက် သူညွှန်ပြလိုက်သည်။

ရှန်းရူယန်သည် သေချာအနီးကပ်ကြည့်လိုက်ပြီး သူညွှန်ပြလိုက်သည့်နေရာမှာ ငွေရောင်မြစ်ဟုခေါ်သည့် မြို့တစ်မြို့ဖြစ်ကြောင်း တွေ့ရှိသွားသည်။

“ဒီမြို့က ကျင်းနိုင်ငံရဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖို့ ဂိတ်ပေါက်ပဲ။ အဲ့ဒါရဲ့နောက်ကမြို့က လောလောဆယ်မှာ အကြီးဆုံးမသေမျိုးမြို့ဖြစ်တဲ့ ကျုယွမ်မြို့ပဲ။ ငွေရောင်မြစ်မြို့တော် ကျဆုံးသွားတာနဲ့ ကျုယွမ်မြို့တော်လည်း သေချာ‌ပေါက်ကျဆုံးမှာပဲ။ အရေးအကြီးဆုံးက ဒီမြို့တော်က စတုတ္ထအဆင့် ဝိညာဉ်သွေးကြောကိုပိုင်ဆိုင်ထားတယ်။ အဲ့ဒါရဲ့အရေးကြီးမှုက ကိုယ်ပိုင်ပေါ်လွင်မှုပဲ”

လင်မယားနှစ်ယောက်သည် တုံ့ဆိုင်းမနေတော့ပေ။

လျင်မြန်စွာဖြင့် သူတို့သည် မှော်ဝင်တိုင်တောင်မှ ထွက်ခွာပြီး ငွေရောင်မြစ်မြို့တော်ဆီသို့ ပျံသန်းသွားလိုက်သည်။

ငွေရောင်မြစ်မြို့တော်တွင် မြို့တော်ကို လောလောဆယ် စောင့်ရှောက်ရန်တာဝန်ရှိသူမှာ ကျောက်စိမ်းရေဓားစင်မြင့်၏ ဟွားမန်ရုံနှင့် တစ်ခါက လေလွင့်ကျင့်ကြံသူဖြစ်ခဲ့ဖူးပြီး ယခုကန်းနန်ပူးပေါင်းမှု၏ စီနီယာအကြီးအကဲဖြစ်နေသော ခွန်ရှုတို့ ဖြစ်သည်။

ထိုအချိန်တွင် သူတို့၏မျက်နှာများမှာ ခြေကုန်လက်ပန်းကျမှုများဖြင့် ပြည့်နှက်နေသည်။

အကြောင်းမှာ ငွေရောင်မြစ်မြို့တော်၏ လက်ရှိအခြေအနေသည် အလွန်ပင်အန္တရာယ်ရှိနေပြီဖြစ်သောကြောင့် ဖြစ်သည်။

မြို့တော်၏အပြင်ဘက်တွင် လူ့သွေးများကို ဆာလောင်နေကြသည့် စတုတ္ထအဆင့်နတ်ဆိုးဘုရင်ငါးကောင် လောလောဆယ်ရှိသည်။

သေချာစွာပင် သူတို့သည် ငွေရောင်မြစ်မြို့တော်ကို သူတို့၏ အဓိကပစ်မှတ်များထဲမှ တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားထားကြသည်။

မဟုတ်ပါက နတ်ဆိုးသားရဲများသည် စတုတ္ထအဆင့်နတ်ဆိုးဘုရင်ငါးကောင်ကို တစ်ကြိမ်တည်း ပို့လွှတ်မည် မဟုတ်ပေ။

တတိယအဆင့်နတ်ဆိုးသားရဲတော်တော်များများနှင့် ပထမနှင့် ဒုတိယအဆင့် နတ်ဆိုးသားရဲများကို ပေါင်းထည့်ခြင်းအားဖြင့် သူတို့သည် ငွေရောင်မြစ်မြို့တော်ကို ပျက်စီးဆုံးရှုံးစေနိုင်သည့် ခြိမ်းခြောက်မှုတစ်ခုကို ပြသနေသည်။

အထူးသဖြင့် လောလောဆယ်တွင် ဖြစ်သည်။

နတ်ဆိုးသားရဲများသည် အစီအရင်ချိုးဖျက်ခြင်းပုတီးစေ့များကိုတောင် ‌တစ်နေရာမှ ရရှိထားသေးပြီး ၎င်းကို ငွေရောင်မြစ်မြို့တော်၏ အကာအကွယ်အစီအရင်ကို ဖျက်စီးရန် အသုံးပြုဖို့လုပ်နေကြသည်။

အကာအကွယ်အစီအရင်၏ အလင်းမျက်နှာပြင်သည် စတုတ္ထအဆင့်နတ်ဆိုးသားရဲငါးကောင်နှင့် အဆင့်နိမ့်နတ်ဆိုးသားရဲတော်တော်များများ၏ ကြမ်းကြုတ်သော တိုက်ခိုက်မှုအောက်တွင် လျင်မြန်စွာမှေးမှိန်နေပြီး ခွန်ရှုနှင့် ဟွားမန်ရုံတို့၏မျက်နှာများမှာလည်း မည်သို့မျှမတတ်နိုင်ဘဲ အလွန်မှောင်မိုက်နေကြသည်။

သူတို့သည် သူတို့၏ခြေထောက်အောက်မှ ပါးလျသောတုန်ခါမှုတစ်ခုကို ခံစား‌မိနေပြီး ၎င်းသည် ငွေရောင်မြစ်မြို့တော်၏ အကာအကွယ်အစီအရင်မှာ ကြာကြာမခံနိုင်တော့မှန်း ညွှန်ပြနေသည်။

ခွန်ရှုသည် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး သူ၏ဘေးရှိ ဟွားမန်ရုံဘက်သို့ လှည့်လိုက်သည်။

“တာအိုရောင်းရင်းဟွား၊ နောက်ပိုင်းအစီအရင်ပျက်စီးသွားရင် အရှေ့မြောက်ဘက်ကို ထွက်ပြေးဖို့ မှတ်ထားပေးပါ။ ဒီလိုဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးရှိနိုင်တယ်”

ခွန်ရှု၏စကားများကို ကြားပြီးနောက် ဟွားမန်ရုံ၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

သူမသည် ခွန်ရှုကို မသက်မသာကြည့်ကာ မေးလိုက်သည်။

“စီနီယာခွန်ရှု ရှင်ကကော...?”

ထိုအချိန်တွင် ခွန်ရှု၏အမူအယာမှာ မပြောင်းလဲဘဲရှိနေသည်။

သူကပြောလိုက်သည်။

“တစ်ယောက်ယောက်ကတော့ ခံတပ်ကို ထိန်းထားနိုင်ဖို့အတွက် နောက်မှနေခဲ့ရမယ်လေ။ မင်းရဲ့ကျင့်စဉ်ကမလုံလောက်သေးဘူး။ မင်းနေခဲ့ရင်တောင် အခြေအနေကို မပြောင်းလဲနိုင်ဘူး။

ငါနှစ်၇၀၀လောက်နေခဲ့ပြီးတာတောင် အချိန်နဲ့ပတ်သက်ရင် မလုံလောက်သေးဘူးလို့ ခံစားနေရတယ်။ ငါမင်းရဲ့ဆရာအပေါ်မှာ အသက်ကြွေးတင်နေတယ်ဘာအကြွေးပဲတင်နေနေ အချိန်တစ်ခုရောက်ရင်တော့ ပြန်ပေးဆပ်ရမှာပဲ”

အဆုံးတွင် ခွန်ရှု၏အမူအယာမှာ အလွန်အေးဆေးနေသည်။

ဤစကားလုံးများသည် ဟွားမန်ရုံ၏မျက်နှာကို အနည်းငယ် ဖြူဆုပ်သွားစေခဲ့သည်။

ထိုအချိန်တွင် သူမသည် ကြီးမားသော ကျောက်ဆောင်တစ်ခုက သူမကို ဖိနှိပ်ပစ်နေသည်ဟု ခံစားလိုက်ရသည်။

***

All Chapters