လက်မှုပညာပြိုင်ပွဲ
Vol. 87 Ch. 1217
ရှေးဟောင်းကမ္ဘာဦးနယ်မြေဘက်မှ မိန်းကလေးနှစ်ယောက်ထွက်လာ သည်ကို ဖန်ချီတိုင်းပြည်ဘက်မှလူများမြင်သောအခါ ရယ်မောကြလေသည်။ “စံအိမ်တော်ခွဲသခင်ထန်း တစ်လက ခင်ဗျားတို့လူရှာဖို့အတွက် မလောက်ဘူး လား” စံအိမ်တော်သခင်ချန်းသည် ကစားနေသည်ဟု ခံစားရလေသည်။ သူတို့ ထိုနည်းလမ်းကိုစဉ်းစားမိလျှင်တောင် တစ်ဖက်အဖွဲ့သည် သူတို့ကို စိန်ခေါ်ပြီး အနိုင်ရသွားမည်။ ရှင်းပြလို့တော့မရဘူးပဲ။ သူတို့က လှည့်ကွက် သေးသေးလေးကို ကစားနိုင်ပေမဲ့ သိတော့မသိသာစေနဲ့လေ။
“စံအိမ်တော်သခင်ချန်း ဒေါသမထွက်ပါနဲ့ ဒီနှစ်ယောက်က ကျုပ်တို့ ဘက်က အငယ်ဆုံးတွေပါ” ထန်းယွမ် ချော့မော့လိုက်သည်။ “သူတို့ နှစ်ယောက်လုံးက အသက် တစ်ရာမပြည့်ကြသေးဘူး”
“အဲလိုဆိုရင်တောင် ဘာလို့နှစ်ယောက်တည်းထွက်လာတာလဲ ကျန်တဲ့ သုံးယောက်ကရော”
“အလုပ်တစ်ခုစီအတွက် အငယ်ဆုံးလူကိုထွက်လာစေချင်တာလား ကျုပ်တို့မှာ သူတို့ပဲရှိတယ်” လျူဟိုင် ပြောလိုက်သည်။
“သူတို့နှစ်ယောက်က ပြိုင်ပွဲငါးခုလုံး ပြိုင်နိုင်လား” ရှေးဟောင်း ကမ္ဘာဦး နယ်မြေမှ လူတို့အပေါ် အမြင်များပြောင်းသွားကြသည်။ ဒီလိုဆိုရင် အနည်း ဆုံး နှစ်ယောက်ထဲက တစ်ယောက်က နှစ်ခုကိုအထူးပြုပြီး နောက်တစ် ယောက်က သုံးခုကိုကျွမ်းကျင်တာပေါ့။
ဘက်စုံကျွမ်းကျင်သူ ဝိညာဉ်သခင်များသည် တိုင်းပြည်တွင် တွေ့ရခဲ သည်။ သူတို့နယ်ပယ်ကို ပိုင်နိုင်သည့်အထိသွားရန်နှင့် ကျင်းကြံနိုင်ရန် အတွက် ဘက်စုံကျွမ်းကျင်သူအဖြစ် ရွေးချယ်မည့်အစား တစ်ခုကိုသာ အာရုံ စိုက်ကြသည်။
မထင်မှတ်စွာပင် သူတို့တိုင်းပြည်တွင် ထိုကဲ့သို့လူမျိုးရှိနေသည်။ သူတို့ က ရေရှည်မကြည့်တတ်တဲ့ မဖြစ်စလောက်လူပဲဖြစ်ရမယ်။
“စံအိမ်တော်သခင်ချန်း ခင်ဗျားကပဲ စည်းမျဉ်းချတာလေ ကျုပ်တို့က အဲလိုပဲလုပ်နိုင်တာပေါ့ မဟုတ်ရင် ခင်ဗျားစည်းမျဉ်းကို ဖောက်ဖျက်ရာမကျ ဘူးလား ကျုပ်တို့နိုင်ပြီး ခင်ဗျားက အသိအမှတ်မပြုရင် ဘယ်လိုလုပ်မလဲ” ထန်းယွမ်သည် အားရပါးရပြောလိုက်သည်။
“ခင်ဗျားတို့ ဆုံးဖြတ်ချက်က ဒီလိုဆိုမှတော့ ရှုံးရင်လည်း လက်ခံရမယ်”
“လက်ခံမှာပါ လက်ခံမှာပါ” ထန်းယွမ် ပြုံးလိုက်သည် “ဒါဆိုလည်း စကြတာပေါ့”
“ရတယ်လေ ခင်ဗျားတို့ကလူနည်းတော့ ပြိုင်ပွဲအစဉ်ကို ခင်ဗျားတို့ပဲ ဆုံးဖြတ်ပါ”
ရလဒ်ကို ပိုအံ့မခန်းဖြစ်ရန်အတွက် တစ်ဖက်လူကို အရင်ကစားခွင့်ပေး ရန် ဆုံးဖြတ်လိုက်ကြသည်။
“ဒါက ကျုပ်တို့ လက်နက်သခင် ရှောင်ဟုန်ပဲ သူမက ခင်ဗျားတို့နဲ့ ပထမ အချီကို ပြိုင်လိမ့်မယ်” လျူဟိုင် မိတ်ဆက်ပေးလေသည်။
ရှီမာယူယူဘေးမှ မိန်းကလေးသည် ရှေ့တစ်လှမ်းထွက်ကာ သူမ ရှေ့မှ လူငါးယောက်ကိုကြည့်လိုက်သည်။
လက်နက်သခင်တစ်ယောက်အနေနှင့် သူမ၏ ခန္ဓာကိုယ်အချိုးအစား သည် သာမန်မိန်းကလေးများထက် ပိုသန်မာသည်။ သူမသည် မလှပပေ။ တစ်ဖက်မှ ထွားကျိုးသောယောက်ျားတစ်ယောက်သည် ရှေ့ထွက်ကာ သူမ အား အထင်သေးစွာကြည့်လေသည်။
ကိရိယာများ ပြုလုပ်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်သည်။ ဒီမိန်းကလေးက ဘယ်လောက် လေ့ကျင့်ထားမှာမို့လို့လဲ။ သူမကို အနိုင်ရဖို့ က တစ်မိနစ်လောက်ပဲကြမယ်။
သို့သော် သူ သူမကို အနိုင်ရလျှင်တောင် ဂုဏ်ယူစရာမဟုတ်ပေ။ ယခု လိုအခြေအနေမျိုးမဟုတ်ရင် သူသဘောတူမည်မဟုတ်ပေ။
“စကြတာပေါ့” ရှောင်ဟုန်သည် သူမ၏ ဒယ်စောက်ကို ထုတ်လေ သည်။
တစ်ဖက်လူသည် ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်းမပြုဘဲ ဒယ်စောက် ထုတ်ကာ စတင်သန့်စင်လေသည်။
သူတို့ကဲ့သို့ အဆင့်မြင့်သူများ ပြိုင်သည့် ပြိုင်ပွဲသည် သူတို့အဆင့်နှင့် ကိုက်ညီသည့် လက်နက်များသန့်စင်ရမည်ဖြစ်သဖြင့် အချိန်တစ်ခုလိုသည်။
ရှီမာယူယူသည် ဘေးသို့ထွက်ကာ သူတို့နှစ်ယောက်ကြားမှ ပြိုင်ပွဲကို ကြည့်နေလိုက်သည်။ သူတို့အဆင့်များသည် သာမန်ဖြစ်သည်ကို တွေ့လိုက် သည်။ သူတို့ အသက်ငယ်ခြင်းကြောင့်ဖြစ်နိုင်သည်။ သူတို့သည် လူများကို စိတ်လှုပ်ရှားစေလောက်သည့် အရည်အချင်းတော့မဟုတ်ပေ။
ဖက်တီးကျူသာဆိုလျှင် ထိုလူနှစ်ယောက်ကို သေချာပေါက် နိုင်နိုင် သည်။ သူမ ကိုယ်သူမ တွေးနေမိသည်။
လက်နက်များသန့်စင်ခြင်းသည် စိတ်စွမ်းအင်အပြင် ခန္ဓာကိုယ်စွမ်းအား လည်းလိုသေးသဖြင့် ဆေးသန့်စင်ခြင်းထက် ပိုခက်သည်ဟု သူမ မသိခဲ့ပေ။ သူမသည် ဖက်တီးကျူကို စိတ်စွမ်းအင်နှင့် ခန္ဓာကိုယ်စွမ်းဆောင်ရည်တို့ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းကိုသာပေးလိုက်ကာ သူသည် ထိုအချက်နှင့်ပင် သာမန်လူထက် မြင့်အောင်လုပ်နိုင်သည်။
တခြားသူများတွင် တခြားနည်းလမ်းရှိလျှင်တောင် ဖက်တီးကျူလောက် တော်နိုင်မည်မထင်ပေ။
သူမသည် ဘေးတွင်ရှိသော ဝူလင်းယူကို ပုတ်ပြီး မေးလိုက်သည် “ဘယ်လိုထင်လဲ ဘယ်သူနိုင်မလဲ”
ခုံတွင် ထိုင်နေသော ဝူလင်းယူသည် ခေါင်းငုံ့ကာ တစ်စုံတစ်ခုကို စဉ်းစားနေသည်။ သူသည် သူမကို မော့ကြည့်လိုက်သည်။ “သူတို့က အဆင့် အတူတူလောက်ပဲ အဲတော့ သူတို့သန့်စင်လိုက်တဲ့ ကိရိယာကလည်း အဆင့် အတူတူပဲနေမှာ အဆုံးအဖြတ်ပေးမှာက ကြာချိန်ပဲ”
ရှီမာယူယူသည် ဖက်တီးကျူ ကိရိယာများသန့်စင်သည်ကို ကြည့်ဖူး သည်။ ထို့ကြောင့် သူမ ပြောနိုင်သည်။ သူတို့နှစ်ယောက်လုံးသည် အဆင့်တူ သည်ကိုလည်း သူမ မြင်သည်။ သူ အတွေးထဲမြောနေသည်ကို မြင်သဖြင့် တမင်မေးလိုက်ခြင်းဖြစ်သည်။ သူ တစ်ချက်ကြည့်လိုက်သည်နှင့် ကွာခြား ချက်ကို ပြောနိုင်လိမ့်မည်ဟု သူမ ထင်မထားပေ။ ကွာခြားချက်က နည်းနည်း လောက်တောင်မရှိဘူး။
ဒါပေမဲ့ သူက အားကောင်းတဲ့လူဖြစ်နေတယ်။ အဲတော့ ဒီလိုပျင်းစရာ ကောင်းတဲ့ ကစားပွဲကိုကြည့်ရာ သူ့အတွက် ရှက်စရာဖြစ်နေမှာပဲ။ အဲဒါကြောင့် သူပျင်းပြီး တခြားအကြောင်းစဉ်းစားနေတာကိုး။
“အရင်ပြန်နှင့်မလား” သူမသည် လေသံဖြင့်မေးလိုက်သည်။
“ပြန်သွားရမယ်လား ဘယ်ကိုလဲ” ဝူလင်းယူသည် အံ့အားသင့်သွား သော်လည်း ချက်ချင်းပင် သူမဆိုလိုရင်းကို နားလည်လိုက်သည်။ သူ ရေရွတ် လိုက်သည် “ကိုယ့်ဝိညာဉ်သားရဲက တစ်ဆင်ဆက်သွယ်ထားတယ် ပြီးတော့ မင်းက ဒီမှာရှိနေတာကို ကိုယ်က ဘယ်သွားရဦးမှာလဲ”
သူမ ရှိသည့်နေရာသည် သူရှိရမည့်နေရာဖြစ်သည်။ ဒါက ရှေ့လျှောက် ဖြစ်သွားမည့် နည်းလမ်းပဲ။
သူ ပြောလိုက်သည့်စကားကို ကြားသောအခါ ရှီမာယူယူသည် နွေးထွေးသွားသည်။ သို့သော် သူမသည် ပြဿနာတစ်ခုကို တွေးမိသွား သည်။ ဘာကျားဇီတို့အဖွဲ့ ထာဝရရှင်သန်သူနယ်မြေသို့ လာသည့်သတင်းကို သူမ မကြားမိပေ။ သူ သူတို့ကို ဘယ်လိုဆက်သွယ်တာလဲ။
ဝူလင်းယူသည် သူမ၏ မေးခွန်းထုတ်သည့် အကြည့်ကို သတိထားမိ သည်။ သူသည် သူမဆံပင်ကိုပွတ်သပ်ပြီး ရှင်းပြလေသည် “ကိုယ် အပြင်မှာ ဝိညာဉ်သားရဲတစ်ကောင်ထားခဲ့တယ် ကိုယ်ကအထဲမှာရှိရင်တောင် သူက အပြင်မှာလေ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်”
ခိုးကြောင်ခိုးဝှက် ဆက်သွယ်မှုပဲ…
ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူမ စိတ်ထဲမှ အံ့အားသင့်မှုသည် သက်သေထူနေသည်။
“အံ့သြသွားတာလား” ဝူလင်းယူသည် သူမအားကြည့်ပြီး ပြုံးပြလေ သည်။ ထိုအပြုံးသည် နတ်ဆိုး၏ဆွဲဆောင်မှုအနည်းငယ်စွက်ကာ နွေဦး လေပြေ တိုက်ခတ်သွားသည်နှင့်တူသည်။
သို့သော် သူမ သူ့ကို ဆုပ်ကိုင်ထားချင်သည်မှာ ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။
အနောက်မှ အော်သံများကြောင့် သူမ အသိစိတ်ဝင်လာသည်။ သူမ ခေါင်းသူမ ပုတ်လိုက်သည်။ “အဲလောက် အံ့သြစရာကောင်းတဲ့ ဆက်သွယ်မှု ပဲ အံ့သြတာ ပုံမှန်ပဲလေ” သူမ လှည့်လိုက်သည်။ မီးတောက်များကို ထိန်းချုပ် နေသည့် ဖန်ချီတိုင်းပြည်မှတစ်ယောက်ကို တွေ့လိုက်သည်။ သူ၏ အရှိန် ကောင်းလှသည်။ ထို့ကြောင့်ပင် ပွဲကြည့်နေသောလူများသည် လက်ခုပ်တီး ကာ အားပေးနေခြင်းဖြစ်သည်။
သို့သော် သူမအတွက် အလုပ်မဖြစ်ပေ။ ထိုသည်မှာ လှည့်ကွက်အသေး စားလေးသာဖြစ်သည်။ သူမအတွက်တော့ ကြွားလုံးထုတ်ရန် ရှက်စရာဖြစ် သည်။
ဒီလောက် ငယ်တဲ့လူက သူ့စွမ်းရည်တွေကို ကြွားလုံးထုတ်နေတယ်။
ဝူလင်းယူသည် သူမ ပုံစံကိုကြည့်ပြီး နူးညံ့စွာပြုံးလိုက်သည်။ “မင်းက ဒီမှာအငယ်ဆုံးပဲ”
“မဟုတ်ပါဘူး” ရှီမာယူယူသည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမ သည် အတိတ်ဘဝတွင် နှစ်ပေါင်းရာချီနေခဲ့သည်ကို သူသိသည်။ ထိုလူများ နှင့် ယှဉ်လျှင် သူမသည် အသက်ကြီးသည်။ မငယ်လှပေ။
အခု လူတိုင်းသည် သူမ၏ ငယ်ရွယ်သောအသက်ကိုချီးကျူးတိုင်းတွင် သူမ၏ နူးညံ့သောအသွင်အပြင်ကြောင့် ထူးဆန်းသလိုခံစားရသည်။
ဝူလင်းယူသည် ပြိုင်ပွဲ၏ နောက်ဆုံးအခိုက်အတန့်ကို ကြည့်နေသည်။ သူသည် ရှောင်ဟုန်ကို တစ်စက္ကန့်လောက်ကြည့်လိုက်သည်။ “သူမ ဒီ လောက်အားရှိမယ်လို့ ထင်မထားဘူးပဲ ဒီပြိုင်ပွဲကတော့ အကြိတ်အနယ်ပဲ ထင်တယ်”
ရှောင်ဟုန်သည် အစပိုင်းက နောက်တွင် ကျန်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် ကောင်းကောင်းလုပ်ဆောင်ကာ ယခင်ကချို့ယွင်းချက်များ ကို ပြင်ပြီး အရှိန်မြှင့်လာသည်။
ထို့ကြောင့် ဖန်ချီတိုင်း ပြည်မှလူများသည် အလွယ်တကူအနိုင်ရမည်ဟု ထင်ထားကြသည်။ သို့သော် နှစ်ယောက်လုံးသည် တစ်ချိန်တည်းမှာပင် အဆင့်တူ လက်နက်နှစ်ခုပြီးသွားသဖြင့် သရေကျသွားသည်။
ထန်းယွမ်သည် ရှောင်ဟုန်၏ ရလဒ်ကို ကျေနပ်နေသည်။ သူ မှတ်ချက် ပေးလေသည် “နောက်ပွဲက ယူယူက အဂ္ဂိရတ်ပညာပြိုင်လိမ့်မယ်”
“ခဏလေး” ထိုအခိုက်တွင် ပြိုင်ဘက်၏ လက်နက်သခင်သည် ရုတ်တရက် အော်လေသည်။
***