မှတ်ချက်များ
Vol. 81-85 Ch. 1242
ယဲ့ဖန်က ထန်မင်လီနှင့် အခြားသူများနှင့်အတူ ဟွိုင်အန်း စီရင်စုသို့ ပြန်မလိုက်သွားဘဲ သတ်ဖြတ်ခြင်း နတ်ဆိုး သခင်နှင့် နတ်ဆိုးနဂါး ဖုရှန်တို့နှင့်အတူ အင်ပါယာ၏ မြို့တော်ကြီးသို့ လိုက်သွားလေသည်။
“အရှင် သတိထားပါ”
ထန်မင်လီက သတိကြီးကြီးနှင့် သတိပေးလေသည်။ ယဲ့ဖန်နှင့်မှ လူသုံးယောက်သာ ရှိပြီး မြို့တော်ကြီး၌ သိုင်းပညာရှင်များက ယဲ့မိသားစုထက်ပင် ပေါများသည်။
ယဲ့ဖန်ကို မကျေနပ်သည်နှင့် အင်ပါယာက သူ့ကို သတ်ရန် ကြိုးစားနိုင်သည်။ ယဲ့ဖန်တို့သုံးယောက်၏ ခွန်အား တည်းနှင့် မြို့တော်ကြီးမှ ထွက်ပြေးနိုင်ရန် မဖြစ်နိုင်ပေ။
“စိတ်မပူနဲ့ ဒီလောကမှာ သူ့ကို သတ်နိုင်တဲ့သူ မရှိဘူး”
နတ်ဆိုးနဂါးဖုရှန်က ရယ်၍ ပြောလိုက်သည်။
“ငါ အသက်ရှင်နေသေးသရွေ့ သခင်ကြီးကို ငါ စောင့်ရှောက်မှာ”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က နတ်ဆိုးဓားကို အသာပွတ်၍ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ယို့ မင်းစကားက တော်တော်ကြီး ဒိတ်အောက်ပြီး လေးနက်လွန်းတယ်၊ မင်း မိန်းမ မရတာ အံ့ဩစရာတောင် မရှိဘူး၊ မင်းပုံက ဒီလောက် ကြောက်ဖို့ကောင်းနေတာမှတော့ လူတိုင်းက ကြောက်ပြီပေါ့ကွာ”
နတ်ဆိုးနဂါးဖုရှန်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ လည်ပင်းကို မချေမငံနှင့် လှမ်းချိတ်ကာ ရယ်ကျဲကျဲ မျက်နှာပေးဖြင့် ပြောလာသည်။
“ငါ မင်းနဲ့ ရင်းနှီးလို့လား”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က သူ့ကို တစ်ချက်ကြည့်ကာ အဝေးသို့ လျှောက်သွားလေသည်။
“ချီး ငါ သူ့ပုံစံကို နားမလည်တော့ဘူး၊ ဟာသဉာဏ်ရွှင်တဲ့ ငါ့လောက်တောင် မကောင်းဘူး”
နတ်ဆိုးနဂါးဖုရှန်က အသာထေ့ငေါ့၍ လုံခွေကို လှမ်းကြည့်လိုက်သည်။
“မင်းရော အဲ့လိုမထင်ဘူးလား အချောလေး”
“ဖွီ”
လုံခွေက ရွံသလို တံတွေးထွေးလေသည်။
“ကျစ်ကျစ်ကျစ် အချောလေးက ငါ့မြင်တာနဲ့ သွားရည်ယိုနေပြီကိုး”
နတ်ဆိုးနဂါး ဖုရှန်က စိတ်မပါ လက်မပါဟန်ဖြင့် ပြောလိုက်ပြီး ပြီတီတီ ပြုံးနေလေသည်။ လူတိုင်း ပြောစရာ စကား မဲ့သွားကြသည်။
“ဆရာကျွန်တော့်ကို လှံရေး သင်ပေးပါ”
“ဆရာ ကျွန်တော့်ကို တူနဲ့ တိုက်ခိုက်နည်း သင်ပေးပါ”
ထိုစဉ် ခို့ကျန်းဟွိုက်နှင့် စွန်းထောင်တို့က ယဲ့ဖန်ရှေ့၌ ရပ်ကာ ဒူးထောက်မတက် အလေးအနက် တောင်းဆို လာသည်။
“ဟားဟား …”
ယဲ့ဖန်က ရယ်မော၍ စနောက်လိုက်သည်။
“ငါ မှတ်မိတာ မှန်မယ်ဆိုရင် စောနတုန်းက ငါ့ကို ဆရာနေရာ ပေးတာကို မင်းတို့ မကျေနပ်ကြဘူးလေ၊ ဟုတ်တယ် မလား”
“အဲ့ဒါ အရင်တုန်းကပါ အခု ကျွန်တော်တို့ နားလည်သွားပါပြီ”
သူတို့နှစ်ယောက်သည် ရှားပါး ပါရမီရှင်များ ဖြစ်သည်။ စစ်နတ်ဘုရားအိုကြီးမှလွဲ၍ မည်သူ့မှ သူတို့ကို သိမ်းသွင်း စည်းရုံးခြင်း မလုပ်နိုင်ပါ။ သို့သော် ယခု ယဲ့ဖန်ပါ ထပ်တိုးလာ၏။
ယဲ့ဖန်၏ အရည်အချင်းနှင့်ဆိုလျင် သူတို့၏ ဆရာအဖြစ် သင်ပြပေးသည်ထက်ပင် ပိုလွန်နေသေးသည်။ သူတို့ မြင့်မားသော နေရာသို့ ရောက်နိုင်သည်ဟု ပြောရပေမည်။
“မင်းက တူနဲ့ လေ့ကျင်ရတာနဲ့ မသင့်တော်ဘူး၊ မင်းလှံရေးက သုံးစားမရဘူး”
ထိုအခါ ယဲ့ဖန်က အံ့ဩစရာကောင်းလောက်အောင် ပြန်ပြောလာ၏။ ခို့ကျန်းဟွိုက်နှင့် စွန်းထောင်တို့ နှစ်ယောက်လုံး ကြက်သေ သေသွားသည်။ ယဲ့ဖန်က ခပ်မာမာ ပြောလိမ့်မည်ဟု သူတို့ ခန့်မှန်းမိသော်လည်း ဤမျှ ရင့်ရင့်သီးသီး ပြောလိမ့်မည်ဟု ထင်မထားမိချေ။
သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ငြိမ်ကျသွားသည်။ ခို့ကျန်းဟွိုက်ဆိုလျင် နှလုံးသား သေဆုံးသွားသလို ခံစားလိုက်ရသည်။
သူသည် ကလေးဘဝကတည်းက တူနှင့် လေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး ယခုဆိုလျင် နှစ်သုံးဆယ်ကျော်ပြီ ဖြစ်သည်။ သို့သော် ယဲ့ဖန်က သူ့အား တူနှင့် လေ့ကျင့်ရန် မသင့်တော်ဟု ပြောလာခဲ့သည်။
*အရင်တုန်းက ငါ လေ့ကျင့်ထားသမျှက အလကား ဖြစ်သွားတာလား*
“ဘာလို့လဲ လက်မခံနိုင်ဘူးလား”
ယဲ့ဖန်က ထေ့ငေါ့လိုက်သည်။ ခို့ကျန်းဟွိုက် အလေးအနက် ပြန်ဖြေလေသည်။
“ကျွန်တော်က ဘာကြောင့် တူနဲ့လေ့ကျင့်တာနဲ့ မသင့်တော်တာလဲဆိုတာကို သိချင်တယ်”
ယဲ့ဖန်၏ စကားကြောင့်နှင့် သူ ဆယ်စုနှစ်နှင့်ချီ၍ လေ့ကျင့်ခဲ့ရသော သိုင်းပညာကို မစွန့်လွှတ်နိုင်ပါ။
“မင်းက ခန္ဓာကိုယ် ကြံ့ခိုင်တယ်၊ အားကြီးတယ်၊ ဒါပေမဲ့ သက်လုံ မကောင်းဘူး၊ မင်း တူနဲ့တိုက်ရင် ရေတိုလောက်ပဲ ကောင်းတယ်၊ တကယ် တိုက်လာပြီဆိုရင် မင်း ရုတ်တရက် ပင်ပန်းသလို ခံစားရလိမ့်မယ်၊ ငါ ပြောတာ ဟုတ်တယ် မလား”
ခို့ကျန်းဟွိုက် ထိတ်လန့်သွားပြီး ဘာမှပြန်မပြောနိုင်တော့ချေ။ ယဲ့ဖန် ပြောသော စကားက မမှားပေ။
သူ့လူများနှင့် တိုက်ခိုက်ချိန်တွင် တစ်ခါက ပြိုင်ဘက်၏ တရွတ်တိုက်ဆွဲခြင်း ခံရဖူးသည်။ သူ့ခွန်အားက မလုံလောက်သလို ခံစားမိသလို တဖြည်းဖြည်း ရှုံးနိမ့်သွားရသည်။
ထိုသို့ဖြစ်ရခြင်းက သူ၏ ကြံ့ခိုင်မှု မလုံလောက်ခြင်းကြောင့်ဟု သူ အမြဲ ထင်ခဲံမိသည်။ ထို့ကြောင့် သူ့လေ့ကျင့်ရေးကို ဆက်လက်၍ တိုးမြှင့်ခဲ့သော်လည်း ရလဒ်က ယခင်အတိုင်းပင်။
“လူတိုင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ကွဲပြားတယ်၊ တစ်ချို့လူတွေက သန်မာတဲ့ ကြွက်သားနဲ့ အရိုးတွေ ရှိပြီးတော့ တစ်ချို့က ပျော့ပျောင်းတဲ့ ကြွက်သားတွေ ရှိတယ်၊ အဲ့ဒါကြောင့် သူတို့ ကျွမ်းကျင်တဲ့ လက်နက် အသုံးပြုပုံကလည်း ကွဲသွားတာပဲ၊ တစ်နည်းပြောရရင် မင်းက သတ္တိရှိပင်မယ့် မရဲရင့်ဘူး”
ယဲ့ဖန်က တစ်ခွန်းချင်း မှတ်ချက်ပေးလိုက်သည်။
“မရဲရင့်ဘူး”
ခို့ကျန်းဟွိုက် ပဟေဠိ ဖြစ်သွားသည်။
*ဒါ ဘာကို ပြောချင်တာလဲ*
“ရဲရင့်တယ်ဆိုတာက ဝါးလုံးလို့ အရှေ့မှာ ရန်သူတစ်သောင်းရှိလည်း အားကုန် တိုက်တတ်တာကို ပြောတာ”
“ရဲရင့်တယ်ဆိုတာက သေရမှာကို မကြောက်သလို တောင်တွေမြစ်ချောင်းတွေကို ဖျက်ဆီးဖို့ ဝန်မလေးတာမျိုးကို ပြောတာ”
“ဒီတော့ ရဲရင့်ဖို့ဆိုရင် မင်းမှာ သန်စွမ်းပြီး ဖျက်ဆီးလို့မရနိုင်တဲ့ ခန္ဓာကိုယ် ရှိဖို့လိုတယ်၊ မင်းခန္ဓာကိုယ်က လုံလုံ လောက်လောက် သန်စွမ်းပြီလို့ မင်းကိုယ်မင်း ပြန်မေးခွန်းထုတ်ဖူးလား”
ခို့ကျန်းဟွိုက် ပြောစရာစကား မရှိတော့ပေ။
“ရဲရင့်တဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အားမာန်မပါဘဲ သွက်လက်တာမျိုး မရှိနေရင်တောင်မှ သက်လုံ ကောင်းတယ်”
ခို့ကျန်းဟွိုက် အားလုံးကို သဘောပေါက်သွားပြီး သက်ပြင်းချကာ ပြန်မေးလိုက်သည်။
“ဒါဆို ကျွန်တော်က ဘာနဲ့ လေ့ကျင့်ဖို့ သင့်တော်လဲ”
“ဓား”
“ဓားလား”
“ဟုတ်တယ်၊ ပြီးတော့ ဓားကြီး”
ယဲ့ဖန် ခေါင်းညိတ်၍ ဆက်ပြောလေသည်။
“မင်းရဲ့သတ္တိမျိုးက ရှားတယ်၊ မင်းက အားကြီးပြီး ထိန်းချုပ်ဆင်ခြင်နိုင်တယ်၊ မင်းသာ ဓားရေးကို လေ့ကျင့်ရင် သုံးနှစ်အတွင်း ဓားရေး ကျွမ်းကျင်တဲ့လူ ဖြစ်လာလိမ့်မယ်”
“မင်း ရလာမယ့် အောင်မြင်မှုက မင်း အနှစ်သုံးဆယ်ကျော် တူနဲ့လေ့ကျင့်တာထက် ပိုသာလိမ့်မယ်”
“ဘယ်လို သုံးနှစ် လေ့ကျင့်တာက နှစ်သုံးဆယ်ကျော် လေ့ကျင့်တာထက် သာလိမ့်မယ် ဟုတ်လား”
ခို့ကျန်းဟွိုက် မှင်တက်သွားပြီး မယုံသင်္ကာ ဖြစ်သွားရသည်။
“အမှိုက်ဆိုတာ နေရာမှားထားမိတဲ့ ရတနာပဲ၊ မင်းအတွက်လည်း အတူတူပဲ၊ မင်းသာ အစကတည်းက ဓားရေး လေ့ကျင့်ခဲ့ရင် အခုလောက်ဆို ကျုံးကျိုး အင်ပါယာမှာ နံပါတ်တစ် ဓားသမား ဖြစ်နေလောက်ပြီ”
ယဲ့ဖန် အပြုံးနှင့် ပြောလိုက်သည်။
“ပြီးခဲ့တဲ့ နှစ်တွေအတွင်း မင်းရဲ့ သက်လုံက ပိုပိုပြီး ဖရိုဖရဲ ဖြစ်လာတယ်လို့ ခံစားမိလား၊ ဒန်ထျန်နေရာက အချိန်နဲ့အမျှ ပိုနာသလို ဖြစ်လာလား”
ယဲ့ဖန် ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။ ခို့ကျန်းဟွိုက် ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်သွားပြီး ဘာမှမပြောနိုင် တော့ချေ။
“မင်း တူနဲ့ ဆက်ကျင့်နေရင် မင်းခန္ဓာကိုယ်က လုံးဝ ပျက်စီးသွားလိမ့်မယ်”
ယဲ့ဖန်က သူ့ကို ကြည့်မနေတော့ဘဲ ဖြည်းဖြည်းချင်း စဉ်းစားနေစေသည်။
“ကျွန်တော်ကရော၊ ကျွန်တော်ကရော ဘယ်လိုလဲ”
စွန်းထောင် အသည်းအသန် မေးလိုက်သည်။ ယဲ့ဖန်၏ မှတ်ချက်များကို ကြားပြီး လူတိုင်း ကြက်သေ သေကာ ယဲ့ဖန်အပေါ် ပိုမို၍ ယုံကြည် လေးစားလာ၏။
ယဲ့ဖန်၏ သိုင်းပညာအပေါ် သိမြင်နားလည်နိုင်စွမ်းက အံ့ဩစရာ ကောင်းလွန်းလှသည်။ တစ်ချက် ကြည့်ရုံနှင့် ခို့ကျန်းဟွိုက်၏ အားသာချက်များနှင့် အားနည်းချက်များကို မြင်နိုင်နေသည်။
“မင်းလား”
ယဲ့ဖန်က ပျက်ရယ်ပြု၍ ပြောလိုက်သည်။
“မင်းရဲ့ လှံရေးက သက်တန့်လိုပဲ၊ ဒါပေမဲ့ အစွမ်းက အားနည်းလွန်းတယ်၊ သူ့ရဲ့ ကြီးမားတဲ့ ခွန်အားနဲ့ ယှဉ်ရင် မင်းဓားရေးက ပြင်းထန်တဲ့ အားတွေ လုံးဝ မပါဘူး၊ အမှိုက်တွေထဲက အမှိုက်တစ်ခုပဲ”
“မဖြစ်နိုင်ဘူး၊ ကျွန်တော့်လှံရေးက ထူးဆန်းတဲ့ဂူထဲက မတော်တဆ ရလာတဲ့ အရင် သူတော်စင် ဖန်တီးထားတဲ့ လှံကျင့်စဉ်၊ ပြီးတော့ ကျွန်တော့်မိသားစုထဲက အကြီးအကဲတစ်ချို့ကလည်း ချီးကျူးပြီးတော့ ဒီလှံရေးနဲ့ဆို အင်ပါယာရဲ့ နံပါတ်တစ် လှံသိုင်းသမား ဖြစ်လာမယ်လို့ ပြောသေးတာ”
“နံပါတ်တစ် လှံသိုင်းသမား ဟုတ်လား”
ယဲ့ဖန်က ခနဲ့သံနှင့် အထင်သေးစွာ ပြောလိုက်သည်။
“မင်း ဆက်လေ့ကျင့်နေရင် သူ့ရှေ့တင် သေသွားလိမ့်မယ်”
“ဟာ”
စွန်းထောင် ကြက်သေ သေသွားပြီး လက်မခံနိုင်သလို ပြန်မေးလိုက်သည်။
“ဒါ … ဒါ တကယ် မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား”
“မင်းရဲ့ ရှေးဟောင်း လှံသိုင်းကို တစ်ချက်ကြည့်မယ်”
ယဲ့ဖန် ပြန်ပြောလိုက်သည်။ စွန်းထောင် တွေဝေမနေဘဲ လှံသိုင်းကျမ်းကို ချက်ချင်း ထုတ်ပေးလိုက်သည်။ ယဲ့ဖန်၏ ခွန်အားအဆင့်နှင့်ဆိုလျင် သူ၏ ရှေးဟောင်းသိုင်းကျမ်းကို ဘယ်လိုလုပ် ငမ်းငမ်းတက် လိုချင်နေတာမျိုး ဖြစ်မည်နည်း။
ယဲ့ဖန်က အကြမ်းချင်း လှန်လှောကြည့်လိုက်ပြီး ဆက်တိုက် ခေါင်းခါလေသည်။
“အမှိုက်၊ ထပ်ပြီးတော့ အမှိုက်ပဲ၊ ဒါက အမှိုက်တွေထဲက အမှိုက်ထိပ်ခေါင်ပဲ၊ ဒါကို ရေးတဲ့လူကလည်း အမှိုက်ဘုရင် ဖြစ်လောက်တယ်”
စွန်းထောင် ဒေါသကြောင့် သေမတတ် ဖြစ်သွားရသည်။ သူ ရတနာသဖွယ် သတ်မှတ်ထားသည့် ရှေးဟောင်း သိုင်းကျမ်းက ယဲ့ဖန်ကြောင့် အမှိုက်ဟု ခေါ်ဆိုခံနေရသည်။ သူ နတ်ဘုရားသဖွယ် လေးစားရသော ယခင် သူတော်စင်ကလည်း ယဲ့ဖန်၏ ပါးစပ်ထဲ၌ အမှိုက်ဘုရင် ဖြစ်၍နေသည်။
ထိုသူတော်စင်သည် မြစ်အား လှံတစ်ချက်တည်းနှင့် ပေတရာကျော် ဖြတ်တောက်နိုင်သဖြင့် အင်မော်တယ် ကျင့်စဉ်ဟုပင် ခေါ်ဆိုခဲ့ကြသည်။ ယဲ့ဖန်က အဘယ်ကြောင့် ထိုသူကို ဤသို့ ပြောရသနည်း။
တစ်ခဏကြာပြီးနောက် ယဲ့ဖန်က သိုင်းကျမ်းကိုပိတ်၍ စွန်းထောင်အား စိတ်ဝင်တစား ကြည့်ကာ ပြောလေသည်။
“မင်းပြောတဲ့ သူတော်စင်ဆိုတာက ဒီအမှိုက်ကို လေ့ကျင့်မိလို့ သေသွားရတာကိုရော မင်း သိလား”
“ဘာ”
စွန်းထောင် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထို့နာက် ထိုသူတော်စင်၏ သေဆုံးမှုကို သူ မြင်ခဲ့စဉ်က ထူးဆန်းနေသည်ကို ပြန်သတိရသွားလေသည်။
ထိုသူတော်စင်သည် ဒွာရခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်ကာ အရိုးများ ကြေမွ၍ အသားများ ခြောက်သွေ့နေပြီး မမ်မီ အလောင်းသဖွယ် ဖြစ်နေခဲ့သည်။
“ဘောပင် ယူလာခဲ့”
ယဲ့ဖန်က စွန်းထောင် သတိဝင်မလာခင် အော်ပြောလိုက်သည်။ ထိုအခါ သတိပြန်ဝင်စပြုနေသည့် ခို့ကျန်းဟွိုက်က အလျင်အမြန် ဘောပင်တစ်ချောင်း ကမ်းပေးလေသည်။ ယဲ့ဖန်က ဘောပင်ကို ယူ၍ လျင်မြန်စွာ ရေးခြစ် လိုက်သည်။ သိုင်းကျမ်းကို မျဉ်းသား၍ မပြည့်စုံသော လှံသိုင်းအား ပြီးပြည့်စုံသွားအောင် စရေးလိုက်သည်။
“ယူလိုက်တော့”
ထို့နောက် သူ စွန်းထောင်ထံ ပြန်ပစ်ပေးလိုက်လေသည်။ စွန်းထောင် ဖွင့်ကြည့်လိုက်ပြီးနောက် မျက်လုံးပြူးကာ တစ်ကိုယ်လုံး နတ်ဆိုးဝင်ပူးသကဲ့သို့ တုန်တုန်ယင်ယင်နှင့် စိတ်ဝင်တစား ဖတ်လေတော့သည်။
“ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ”
“ဟိုနား ဒီနားဖတ်ကြည့်ရင် ဆက်စပ်မှုမရှိဘူးလို့ ထင်ရပင်မယ့် ပေါင်းစပ်လိုက်ရင် လှံအားက အဆတစ်ရာလောက် ပိုတိုးလာတာပဲ”
“ပြောင်းလဲမှုတစ်ခုက စွမ်းအားကို ဒီလောက် တိုးမြင့်စေတာလား”
“ငါ့ကိုပေးဦး၊ ငါ ကြည့်စမ်းမယ်”
လုံခွေက သိုင်းကျမ်းကို ယူလိုက်ပြီးနောက် သေသေချာချာ ဖတ်ကြည့်ကာ မျက်နှာတွင် ထိတ်လန့်ဟန်များ ထွက်ပေါ် လာသည်။
“ကောင်းကင်အဆင့် သိုင်းကျမ်းပါလား”
*ဘာ
ခို့ကျန်းဟွိုက်နှင့် စွန်းထောင်တို့ ထိတ်လန့်သွားပြီး ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။
*ယဲ့ဖန်က ဒီသိုင်းကျမ်းကို ပြည့်စုံအောင် ရေးပေးလိုက်တာနဲ့ ဒါက ကောင်းကင်အဆင့် သိုင်းကျမ်း ဖြစ်သွား ရောလား*
“မင်းအတွက် ငါ ဒီလှံသိုင်းကို ပြည့်စုံအောင် လုပ်ပေးပြီးပြီ၊ အဲ့တော့ မင်း လွတ်လွတ်လပ်လပ်သာ ကျင့်ကြံ ပေတော့”
ယဲ့ဖန် အေးအေးလူလူ ပြောလိုက်သည်။
“ဟုတ်ကဲ့ ဆရာ”
စွန်းထောင် အလွန် စိတ်လှုပ်ရှားနေ၏။
*ကောင်းကင်အဆင့် သိုင်းကျမ်းတဲ့၊ ဒါ ကောင်းကင်အဆင့် သိုင်းကျမ်းတဲ့လေ*
*အင်ပါယာတစ်ခုလုံးမှာ ဒီလိုသိုင်းကျမ်းမျိုး ဘယ်နှစ်ခု ရှိလို့လဲ၊ တစ်ချက်တည်းနဲ့ အားလုံးကို ဖြတ်ရိုက်လို့ ရနေပြီ*
*ဒီသိုင်းကျမ်းနဲ့ဆို လှံဘုရင်ဖြစ်ချင်တဲ့ ပန်းတိုင်က ဝေးတော့မှာ မဟုတ်ဘူး*
“ဆရာ တစ်ယောက်တည်းကိုပဲ မျက်နှာသာပေးလို့ မရဘူးလေ”
ခို့ကျန်းဟွိုက် မပျော်မရွှင် ဖြစ်နေ၏။ စွန်းထောင်က ကောင်းကင်အဆင့် သိုင်းကျမ်းရသွားသည်ကို ကြည့်ပြီး သူ မနာလို ဖြစ်နေမိသည်။
ယဲ့ဖန် ရယ်မော၍ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
“ငါ မင်းကို ဖြောင့်ဖြူးနေတဲ့ လမ်းကို ပြခဲ့ပြီးပြီ၊ အဲ့ဒါ တစ်ခုတည်းနဲ့တင် ဘယ်ကောင်းကင်အဆင့် သိုင်းကျမ်း ထက်မဆို တန်ဖိုးရှိနေပြီလေ”
“မင်းရဲ့ အရည်အချင်းနဲ့ဆို ဓားရေးကိုသာ လေ့ကျင့်သရွေ့ မင်း ဘာသိုင်းကျမ်း အကူအညီမှ မလိုဘူး၊ နောက်ဆို ပိုပြီး သန်မာလာမှာ”
“တကယ်လား”
ခို့ကျန်းဟွိုက် မျက်လုံး အရောင်တောက်လာပြီး စွန်းထောင်အား အောင်နိုင်သူလို ကြည့်လိုက်သည်။
“ငါက မင်းထက် ပိုသာမှန်း ငါ သိနေတယ်”
ပေါင်လုံအဖွဲ့အစည်း၏ အဖွဲ့ဝင်များသည် လိုက်လျောညီထွေရှိကာ အချင်းချင်း ညီအစ်ကို မောင်နှမသဖွယ် နေထိုင်သော်လည်း သူတို့၏ အရိုးထဲ၌ မောက်မာ၍ ယှဉ်ပြိုင်လိုစိတ်များ ရှိနေသေး၏။
“ဒါဆို ချမလား”
စွန်းထောင် ချက်ချင်း ဒေါပွလာသည်။
“စိတ်မပူနဲ့၊ ငါ ဓားရေးသာ ကျွမ်းကျင်သွားရင် မင်းကို ခွေးသတ်သလို သတ်ပြမယ်”
“ဟားဟားဟား ငါ ဒီကောင်းကင်အဆင့် လှံသိုင်းကိုသာ ကျွမ်းကျင်သွားရင် မင်းကို အေးအေးဆေးဆေး သတ်နိုင်ပြီကွ”
ယဲ့ဖန် မျက်လုံးမှိတ်ထားပြီး သူတို့ကို အရေးမလုပ်တော့ချေ။ တိမ်တွေကြားမှ ပျံသန်းကာ ကောင်းကင် ယံ၌ တစ်နေ့တိတိ ခရီးသွားပြီးနောက် အင်ပါယာ၏ ဌာနသို့ ရောက်လာကြသည်။ ကြီးမြတ်ထည်ဝါမှုအရဆိုလျင် နဂါးမြို့တော် အခုတစ်ရာကပင် အင်ပါယာ၏ မြို့တော်ကြီးနှင့် ယှဉ်နိုင်ရန် ခက်ခဲလှသည်။
လုံခွေသည် ယဲ့ဖန်နှင့်အတူ စစ်မှုရေးရာ ခံတပ်သို့ ပြန်လာပြီး သူ့အား ပေါင်လုံအဖွဲ့အစည်း၏ ပင်မစခန်းသို့ တိုက်ရိုက် ခေါ်သွားလေသည်။
စခန်းတွင်းသို့ သူ ခြေချလိုက်သည်နှင့် ထိတ်လန့်အံ့ဩသော အကြည့်များက ယဲ့ဖန်ပေါ် ကျရောက်လာသည်။ ပါရမီရှင်များအားလုံးသည် သူတို့၏ လေ့ကျင့်မှုများကို ရပ်တန့်၍ ပြိုင်တူ လှည့်လာပြီး ယဲ့ဖန်ကို ဝိုင်းကြည့် ကြသည်။
ယဲ့ဖန် တစ်ယောက်တည်း မြို့ကို တိုက်ခိုက်သည်ကို သူတို့ မျက်ဝါးထင်ထင် တွေ့ခဲ့ရသဖြင့် ယဲ့ဖန်အား ရင်ထဲ၌ ယဲ့ဖန်ကို နက်ရှိုင်းစွာ လေးစားနေ၏။
သို့သော် ယဲ့ဖန်က တည်ငြိမ်လေးနက်စွာဖြင့် လျှောက်လမ်းလာသည်။
“ဒုတ်”
သို့သော် ထိုအခိုက်တွင် ကြီးမားသော အသွားကျယ် ပုဆိန်တစ်လက် ပျံသန်းလာပြီး ယဲ့ဖန်၏ ခြေထောက် အောက်သို့ အရှိန်ဖြင့် စိုက်လာလေသည်။
“ဟမ်”
ယဲ့ဖန်၏ မျက်နှာက ချက်ချင်း သုန်မှုန်သွားတော့သည်။