အခန်း (၁၁၉၁)
Vol. 81 Ch. 1191
ကျိုးဒူဒူသည် အလွန်တရာ အားနည်းလွန်းလှ၏။ အဘယ်မျှအားနည်းသနည်းဆိုသော် ဝိညာဉ်မျိုးနွယ်၏ ထောက်ပံ့မှု မရှိခဲ့သော တိုင်လုကဲ့သို့သောလူပင်လျှင် ၎င်းအား ပက်ပက်စက်စက် ရိုက်နှက်ကာ သတ်ဖြတ်နိုင်စွမ်းရှိနေ၏။
ထိုကဲ့သို့သော အဆင့်နိမ့်သာမန်လူတစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းထဲတွင် အချုပ်နှောင်ခံရပြီးသည့်နောက် သိုင်းအင်ပါယာနှစ်ယောက်နှင့်ပင် အခန်းဖော်များ ဖြစ်လို့နေခဲ့၏။ ဤအရာသည် သူ့အတွက် သမိုင်းမှတ်တမ်း ရေးထိုးရမည့်ကိစ္စရပ်ပင်ဖြစ်ပေတော့သည်။
ထို့ကြောင့် အချုပ်ထဲတွင်ရှိနေသော ကျွမ်းကျင်သူများ၏ အားအင်အဆင့်ကို သိရှိပြီးသည့်နောက်မှာတော့ ကျိုးဒူဒူသည် သူ၏ခံစားချက်များကို မည်သို့မျှမထိန်းချုပ်နိုင်ခဲ့တော့ချေ။ အိပ်ယာပေါ်ကိုတက်ကာ ခွေခွေလေး လဲလျောင်းပြီး ကောင်းကင်ပေါ်တွင်ရှိနေသော သေဆုံးသွားခဲပြီဖြစ်သည့် သူ၏ မိဘများကို ဝမ်းသာစေရန် တိုင်တည်မိနေတော့၏။
သိုင်းပညာရှင်များသာ လေးစားမှုကို ခံယူရသည့် ဤလောကကြီးထဲတွင် သာမန်လူများလည်း တည်ရှိလို့နေသေး၏။ ၎င်းတို့သည် ငယ်ရွယ်စဉ်က ကြီးမားလှသည့် အိပ်မက်များကို မက်ခဲ့ကြသည်ဖြစ်သော်လည်း အားအင်အဆင့် နှင့် အခွင့်အလမ်းသည် ထိုသို့ပြုလုပ်ရန်မရှိခဲ့ချေ။
ထို့ကြောင့် ၎င်းတို့၏ လက်ကျန်ဘဝများအား သာမာန် အခြေအနေနှင့် ဆက်လက်ကာ ရှင်သန်သွားခဲ့ကြရ၏။ သိုင်းအင်ပါယာ ဆိုသည်မှာတော့ မည်သို့သောလူများ ဖြစ်သနည်း။ အထူးအထူးသော တည်ရှိသူများပင် ဖြစ်ကြသည်။
ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ အကိုးကွယ်ခံလူတန်းစားများလည်း ဖြစ်ကြ၏။ သာမန်လူတစ်ယောက်နှင့် ဤကဲ့ သို့သောအဆင့် ကျွမ်းကျင်သူများအကြားတွင် အလွန်ကြီးမားလှသည့် တံတိုင်းကြီးအဖြစ် ကာခြားထား၏။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ အကျဉ်းထောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ အခြေအနေသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အထဲသို့ ဝင်ရောက်လာသည့်သူတွင် မည်မျှအားကောင်းသည်ဆိုဆို၊ မည်မျှအားနည်းသည်ဆိုဆို၊ မည်မျှ ချမ်းသာသည်ဆိုဆို၊ မည်မျှဆင်းရဲသည်ဆိုဆို အားလုံးသည် အကျဉ်းသားများသာဖြစ်ကြပြီး တူညီသည့် ဆက်ဆံမှုကိုသာ ခံယူရသည်။ အဆင့်အတန်း မခွဲခြားသည့် ဂိုဏ်းချုပ်ကျွင်းပါတကား။
“ငါက သိုင်းအင်ပါယာတွေနဲ့အတူတူ အကျဉ်းကျနေတာပဲ။ သိုင်းအင်ပါယာတွေနဲ့ငါက အခန်းဖော်တွေပဲ။”
ကျိုးဒူဒူသည် ထိုအကြောင်းကို စဉ်းစားလေ စိတ်လှုပ်ရှားလေဖြစ်တော့၏။ သူသည် ပျော်ရွှင်လွန်းသောကြောင့် ကောင်းကင်ပေါ်သို့ မော့၍ အော်ချင်စိတ်ပင်ဖြစ်မိနေကြ၏။
သူသည်သာ အခန့်မသင့် ကံဆိုးစွာဖြင့် ပြိုင်စံရှားဂိုဏ်း၏ အကျဉ်းထောင်ထဲမှ ထွက်ခွာပြီး အပြင်လောကဆီသို့ ရောက်ရှိသွားခဲ့မည်ဆိုပါက အားလုံးသောသူများ၏ ရှေ့ စင်မြင့်ပေါ်သို့ တက်ကာဖြင့် သိုင်းအင်ပါယာများနှင့်သူသည် အကျဉ်းထောင်တစ်ခုထဲတွင် အတူတူနေထိုင်ခဲ့သည် ဖြစ်ကြောင်းကို အားရပါးရ ပြောဆိုမိနေတော့မှာသေချာသည်။
ကျိုးဒူဒူ ဤမျှစိတ်လှုပ်ရှားနေသည်ကို အပြစ်ဆိုစရာလည်းမရှိချေ။ အလွန်စိတ်ဓာတ်ခိုင်မာ မာကြောလှပါသည် ဆိုသော တိုင်လုပင်လျှင် ထိုနှစ်ယောက်သည် သိုင်းအင်ပါယာများဖြစ်သည်ဟု သိရှိပြီးသည့်နောက်မှာတော့ စိတ်လှုပ်ရှားလျက်ရှိနေမိ၏။
ဟုတ်ပေသည်။ သူ့အနေနှင့် သိုင်းအင်ပါယာများနှင့် အခန်းဖော်ဖြစ်လာခဲ့သည့်အကြောင်းကို စဉ်းစားနေခြင်း မဟုတ်ပေ။ ကျွင်းချောင်ရှောင်းအနေနှင့် ဤကဲ့သို့သော အဆင့်ကျွမ်းကျင်သူများကို ဖမ်းခေါ်လာသည့် အကြောင်းကို စဉ်းစားနေခြင်းပင်ဖြစ်တော့၏။
“ဒီလူက သိုင်းအင်ပါယာတွေကို အနိုင်ယူနိုင်ခဲ့တဲ့ အားအင်တောင်ရှိနေပြီလား။”
တိုင်လုသည် ကြိတ်ကာစဉ်းစားလျက်ရှိနေတော့၏။ သို့ပေမဲ့ သူသည် ချက်ချင်းပဲ ထိုအချက်အလက်ကို ပယ်ချလိုက် မိ၏။ ထို့အပြင် သူ ဤနေရာတွင် ချုပ်နှောင်ခံရသည်မှာ အချိန်အနည်းငယ်သာ ကြာမြင့်ပေသေး၏။ ထူးခြားလွန်း လှသော ကောင်းကင်ရတနာဆေးလုံးများကို စားသောက်ခြင်းမပြုလျှင် ထိုလူသည် ဤကဲ့သို့ ပြုလုပ်နိုင်ရန် မဖြစ်နိုင် ချေ။
ကျိုးဒူဒူသည် စိတ်လှုပ်ရှားစွာဖြင့် အသာမတ်တပ်ရပ်ကာ ပြောလိုက်မိ၏။ “ကျုပ်ကိုကျုပ် မိတ်ဆက်ပေးအုံးမယ်။ ကျုပ်က ကျိုးဒူဒူပါ။ ပြိုင်စံရှားဂိုဏ်းရဲ့ အကျဉ်းသားတန်းစီးပဲ။ ခင်ဗျားတို့ကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ အနာဂတ်မှာ အတူတူနေထိုင်သွားကြတာပေါ့။”
“……..”
ကွမ်ကျူးနှင့် အဘိုးအိုတို့သည် ပြိုလဲလုမတတ်ဖြစ်သွား၏။ ဤကောင်လေး၏ မျက်နှာသည် အဘယ်ကြောင့် ဂုဏ်ယူ ဝင့်ကြွားနေသည့် အမူအရာမျိုး ဖြစ်ပေါ်နေရသနည်း။ အကျဉ်းသားတန်းစီးတစ်ယောက်ဖြစ်ရသည်မှာ ဤမျှဂုဏ်ယူစရာ ကောင်းသည့်အရာတစ်ခုဖြစ်နေသည်လား သူတို့မသိနိုင်ခဲ့ချေ။
……
စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကြယ်ကောင်းကင်ခံတပ်အကြောင်းနှင့်ပတ်သက်၍ စဉ်းစားလျက် ရှိနေတော့၏။ ယခုလာရောက်စုံစမ်းကြသည့်သူများသည် သူ၏ဖမ်းဆီးခြင်းကို ခံရ၏။ သို့ပေမဲ့ ၎င်းတို့သည် ကြယ်ကောင်းကင်ခံတပ်ဆီသို့ ပြန်လည်ကာ သတင်းမပို့ပါက ကျိန်းသေပေါက် ဤနေရာသို့ လိုက်လာတော့မှာ သေချာ၏။
စနစ်က ပြောလိုက်သည်။ “ဒီလူနှစ်ယောက်က သိုင်းအင်ပါယာတွေလေ။ ဒီတော့ ကြယ်ကောင်းကင်ခံတပ်ကို အထင်မြင်သေးလို့မဖြစ်ဘူး။”
“ဒါကြောင့်ပဲ ဒီလူတွေ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာပြီးစုံစမ်းတဲ့ကိစ္စ ရပ်တန့်သွားစေမဲ့နည်းလမ်းတစ်ခုကို စဉ်းစားနေတာပေါ့။”
မည်ကဲ့သို့ ရပ်တန့်အောင်ပြုလုပ်ရမည်နည်း။ ဤအရာသည် ပြဿနာကြီးတစ်ခုဖြစ်လို့နေခဲ့တော့၏။ သူသည် သူ၏ဦးနှောက် ထဲတွင်ရှိနေသော ဆဲလ်များသည် ပြင်းပြင်းထန်ထန်နှင့် အလုပ်ပေးလျက်ရှိနေ၏။
“သိပြီ။”
ကျွင်းချောင်ရှောင်းသည် အကြံတစ်ခုရသွား၏။ ထို့ကြောင့် ပြောလိုက်သည်။ “ဒီလူနှစ်ယောက်ကို ထိန်းချုပ်ပြီးတော့ သတင်းအမှားတွေ ပြန်ဖြန့်ခိုင်းရမယ်။”
စကြဝဠာလူဆိုးကြီးငါးဦးတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး ၏အနားတွင် ပျောက်ကွယ်သွားခဲ့သည် ဖြစ်ကြောင်း ကိုသာ ကြယ်ကောင်းကင်ခံတပ်က သိရှိ၏။
ဘာတွေဖြစ်သွားခဲ့သနည်းနှင့် မည်သို့ဖြစ်ပျက်ခဲ့သနည်းဆိုသည်ကိုတော့ မသိရှိခဲ့ကြချေ။ ထို့ကြောင့် သတင်းအမှားများပေးလိုက်မည်ဆိုလျှင် တစ်ဖက်လူများသည် လမ်းကြောင်းလွဲသွားနိုင်သည်။
“ဘယ်လို သတင်းအမှားပေးမှာလဲ။” စနစ်က မေးလိုက်သည်။
ကျွင်းချောင်ရှောင်းကပြောလိုက်၏။ “စကြဝဠာလူဆိုးကြီးငါးဦးက ကြယ်နှင်ဘုရင်နဲ့ ရန်ငြိုးတွေရှိတယ်လေ။ ဒီတော့ ဒီအရှုပ်အထွေးကို ငါအသုံးပြုရမယ်။”
ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအားလုံးကို ကြယ်နှင် ဘုရင်ဆီသို့ လွှဲချရန် ဆုံးဖြတ်လိုက်တော့၏။ ထို့အပြင် တစ်ဖက်လူသည် သေဆုံးနှင့်နေပြီမဟုတ်ပါလား။
…
ဘုန်း
လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ကောင်းကင်မူလဖိနှိပ်ခြင်းဝိညာဉ်သည် ကွမ်ကျူးနှင့်အဘိုးအိုတို့၏ ရှေ့သို့ ကျဆင်း လာခဲ့တော့၏။
တစ်ဖက်လူများသည် ချွေးစီးများပြန်လာခဲ့ကြပြီး နဖူးစက်ဆီမှ ကြီးမားလှသော ချွေးလုံးကြီး များပင် တပြိုက်ပြိုက်နှင့် ကျဆင်းလာခဲ့ကြသည်။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ ရှေ့တွင်ထိုင်လျက်ရှိနေပြီး သူ၏လက်များကို ယှက်ကာပြောလိုက် ၏။ “ခင်ဗျားတို့ရဲ့ ဝိညာဉ်အရင်းအမြစ်ကို ကျုပ်ကိုပေးတော့။”
ကွမ်ကျူးနှင့် အဘိုးအိုတို့၏ မျက်နှာများသည် တင်းမာခက်ထန်သွားခဲ့သည်။ ဝိညာဉ်အရင်းအမြစ်ဆိုသည်မှာ သိုင်းကျင့်ကြံသူများအတွက် အလွန်တရာ အရေးကြီးသည့်ကိစ္စပင်ဖြစ်သည်။ ထိုအရာကိုသာ လက်လွှဲပေးလိုက်ရမည် ဆိုပါက ၎င်းတို့သည် ကျေးကျွန်များဖြစ်သွားတော့မှာ သေချာတော့သည်။ သူတို့သည် ငြင်းပယ်ချင်မိ၏။ အညံ့ခံရမည် ထက် သေသွားသည်ကသာလျှင် ပိုမိုကောင်းမွန်ပေလိမ့်မည်။ သို့ပေမဲ့ သူတို့၏ ရှေ့တွင်ရှိနေသော ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်းစေတီဆီမှ ထွက်ပေါ်နေသော အော်ရာများသည် ၎င်းတို့၏ ကျောများကိုချမ်းသွားစေခဲ့၏။
“ဝိညာဉ်အရင်းအမြစ်တွေကို ပေးမလား။ ဒါမှမဟုတ် အထဲကိုသွားပြီးတော့ နှိပ်စက်ခံမလား။” ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ မေးလိုက်သည်။
“ကျုပ် ခင်ဗျားတို့ကို စဉ်းစားဖို့အတွက် အချိန်သုံးစက္ကန့်ပေးမယ်။ တစ် … နှစ်”
“ပေးပါမယ်၊ ပေးပါမယ်။”
ကွမ်ကျူးနှင့် အဘိုးအိုတို့သည် သံပြိုင်ဆိုသလိုပဲ ပြောဆိုလိုက်ကြ၏။ အားရာဆိုသောမိန်းကလေး၏ အမူအရာသည် အလွန်တရာ ချစ်ဖို့ကောင်းလှ၏။ သို့ပေမဲ့ ထိုချစ်ဖို့ကောင်းလှသောမိန်ကလေး၏ အရှေ့ဆီသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာကောင်းလှသည့် နှိပ်စက်မှုမျိုးပေါင်းစုံနှင့် ၎င်းတို့အား နှိပ်စက်လိမ့်မည်။
ကျိုးဒူဒူသည် အလွန်ကောင်းမွန်လှသော စကားလုံးများကို အသုံးပြု၍ အကျဉ်းသားများအား အညံ့ခံစေရန်အတွက် ပြောဆိုလေ့ရှိတော့၏။ သို့ပေမဲ့ ရလဒ်မှာတော့ စိတ်ကျေနပ်စရာ မကောင်းခဲ့ချေ။ သို့ပေမဲ့ အားရာ၏ ပြင်းထန်လွန်း လှသော ကြာပွတ်မှာတော့ အလွန်အကျိုးထူးသည့်အရာဖြစ်ကြောင့် အလုပ်နှင့် သက်သေပြလျက်ရှိသည်။
ဝှစ် ဝှစ်
ကွမ်ကျူးနှင့် အဘိုးအိုတို့သည် ၎င်းတို့ ဝိညာဉ်အရင်းအမြစ်များကို ထုတ်ကာ ပေးခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည် လက်ကို အသာမြှောက်ကာဖြင့် သူ၏လက်ထဲတွင်ရှိနေသော ဝိညာဉ်အရင်းအမြစ်နှစ်ခုကို ကိုင်ကာ ပြုံးလျက်ရှိနေသည်။ လက်ရှိအခြေအနေမှာတော့ ကြယ်ကောင်းကင်ခံတပ်ဆီမှ သိုင်းအင်ပါယာနှစ်ယောက်တို့၏ သေခြင်း ရှင်ခြင်းသည် သူ၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေပြီဖြစ်တော့၏။
“……..”
ကွမ်ကျူးနှင့် အဘိုးအိုတို့၏ မျက်လုံးထဲတွင်တော့ ဝမ်းနည်းမှု၊ နာကြည်းမှု၊ ဒေါသတရားနှင့်တခြားသော မကောင်းတဲ့ခံစားချက်များ အကုန်လုံးကို ရရှိလျက်ရှိနေသည်။
“ကြယ်ကောင်းကင်ခံတပ်ဆီကိုပြန်။ ပြီးတော့ စကြဝဠာလူဆိုးကြီးငါးဦးထဲက နှစ်ယောက် အသတ်ခံလိုက်ရပြီ။ သုံးယောက်က ပြန်ပေးဆွဲခံလိုက်ရတာလို့ပြော။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ဒီလူက အရမ်းကို အားနည်းတယ်လေ။ ဘယ်လိုဖြစ်ပြီးတော့ စကြဝဠာလူဆိုးကြီးငါးဦးကို သတ်ဖြတ်နိုင်မှာလဲ။”
အဘိုးအိုသည် ဇဝေဇဝါဖြစ်သွားမိ၏။ လိမ်ညာပြောဆိုရခြင်းဆိုသည်မှာ သူတို့အတွက်တော့ ပြဿနာမဟုတ်ချေ။ သို့ပေမဲ့ ထိုသို့လိမ်ညာပြောဆိုရမည်ဆိုလျှင်တောင်မှ အချက်အလက်များကို လေးစားရန်လိုအပ်နေသေးသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြန်ပြီးတော့ ကြယ်နှင်ဘုရင်နဲ့ စကြဝဠာလူဆိုးကြီးငါးဦးတို့က ပြဿနာတက်ခဲ့တယ်လို့တောပြော။ ဘာလို့လဲ ဆိုတော့ …”
သူသည်ခဏရပ်တန့်ကာ ပြောလိုက်၏။ “အကြွင်းအကျန် ကျမ်းတစ်ခုကြောင့်”
“အကြွင်းအကျန်ကျမ်းတစ်ခုဟုတ်လား။”
ကွမ်ကျူးနှင့် အဘိုးအိုတို့သည် ဇဝေဇဝါဖြစ်သွား၏။ သူတို့သည် ကျွင်းချောင်ရှောင်းကို သံသယဖြစ်နေကြောင်းကို အမူအရာများဖြင့် သိရှိနိုင်ခဲ့၏။ ကြယ်ကောင်းကင်ခံတပ်ထဲတွင် ရှိနေသော သက်တန့်ရောင်စဉ်ကျမ်း အကြွင်းအကျန် သည် သာမန်လူများသိရှိနိုင်သည့်အရာမျိုးမဟုတ်ချေ။
စနစ်က ပြောလိုက်၏။ “ဒီအကြွင်းအကျန်ကျမ်းကို တစ်ခြားသူ ယူသွားမှာစိုးလို့ အရမ်းအားကောင်းလှတဲ့ အကာအကွယ် စနစ်မျိုးတွေ ဖန်တီး ထားခဲ့တယ်ဆိုကတည်းက သေသေချာချာ ကာကွယ်ထားတာပဲ ဖြစ်ရမယ်။ ဒီတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကြွင်းအကျန်ကျမ်းအကြောင်းကို ကြယ်ကောင်းကင်ခံတပ်ကပဲ သိလိမ့်မယ်လေ။ ဒီတော့ ကြယ်နှင်ဘုရင်ဆီမှာ ဒါရှိတယ်ဆိုတာကို သိပြီဆိုရင် သူတို့က ကျိန်းသေပေါက် ဂရုစိုက်ရတော့မှာပဲ။”
စနစ်က ပြောလိုက်၏။ “အကြွင်းအကျန်ကျမ်းကို အသုံးပြုပြီးတော့ ကြယ်ကောင်းကင်ခံတပ်ကို လမ်းလွဲသွားစေအောင် ပြုလုပ်တာ တစ်ကယ့်ကို ကောင်းတဲ့အကြံအစည်ပဲ။ ဒါပေမဲ့ အန္တရာယ်တော့ ရှိနေသေးတယ်။ ကြယ်ကောင်းကင်ခံတပ်ကသာ ဒီအချက်အလက်ကို ရှာဖွေတွေ့ရှိသွားပြီဆိုရင် မလွယ်ဘူးလေ။”
“ဒီလိုမျိုးပေါ်သွားဖို့ကို ငါစိုးရိမ်မနေဘူး။”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “ငါ့အနေနဲ့ အချိန်ဆွဲချင်တာတစ်ခုပဲ။”
ကြုံရာလူနှစ်ယောက်ကို စေလွှတ်၍ စုံစမ်းခိုင်းခဲ့ခြင်းဆိုလျှင်တောင်မှ ထိုနှစ်ယောက်တို့သည် သိုင်းအင်ပါယာအဆင့် တွင် ရှိနေသောလူများဖြစ်တော့၏။ ကြယ်ကောင်းကင်ခံတပ်ဆိုသည်မှာ ရိုးရှင်းလှသည့်အရာမဟုတ်ကြောင်း ထိုအရာကို ကြည့်ရှုလိုက်သည်နှင့် သိရှိနိုင်၏။
သို့ပေမဲ့ သူ့ကိုသာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အချိန်ပေးမည်ဆိုပါက ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် ယုံကြည်ချက် လည်း ရှိလို့နေသေး၏။ သူသည် လက်ရှိအခြေအနေ၌ ပြည့်စုံသည့် သိုင်းသူတော်စင်အဆင့်ဆီသို့ ရောက်ရှိနေခဲ့သည်။
သိုင်းအင်ပါယာအဆင့်ကို ရောက်ရှိပြီး များပြားလှသော ဝှက်ဖဲများကို အသုံးပြု၍ တိုက်ခိုက်မည်ဆိုပါက သိုင်းအင်ပါယာတစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်ဆိုသော်လည်း သူ့အနေနှင့် သိုင်းအင်ပါယာတစ်ယောက် အဖြစ် ဖြစ်ချင်မိသေး၏။
စနစ်ကပြောလိုက်သည်။ “စနစ်ကြောင့်ပဲ လက်ခံသူရဲ့ သိုင်းကျင့်ကြံခြင်းလမ်းစဉ်ဟာ သာမန်လူတွေနဲ့ ကွဲထွက်နေတာပေါ့။ ဒီတော့ သိုင်းအင်ပါယာတစ်ယောက်ဖြစ်နိုင်ဖို့ဆိုတာက ဘယ်နည်းလမ်းကို အသုံးပြုရမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်လေ။”
သာမန်လူတစ်ယောက်အနေနဲ့ သိုင်းကျင့်ကြံသူတစ်ယောက်လို အဆင့်ချိုးဖြတ်ဖို့ဆိုသည်မှာ ကံတရားပေါ်တွင် မူတည် လျက်ရှိ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ ခြားနားလျက်ရှိနေတော့သည်။ သူသည် တစ်ချိန်လုံး ဂိမ်းဆာဗာကို ခိုးကာဖြင့် အဆင့်တက်လျက်ရှိနေသောကြောင့်ပင်။
ကျွင်းချောင်ရှောင်းအနေနှင့် သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်ဖို့ဆိုသည်မှာ မည်ကဲ့သို့သော တာဝန်မျိုးကို ပြုလုပ်ရမည်နည်း၊ မည်ကဲ့သို့ အဆင့်ချိုးဖြတ်ရမည်နည်းဆိုသည့်နည်းလမ်းကို ရှာဖွေတွေ့ရှိရန်သာ လိုအပ်တော့သည်။ တစ်ခြားသောသူများကဲ့သို့ တစ်ဆင့်ချင်းလှမ်းတက်နေစရာမလိုအပ်ချေ။