← Chapters

အခန်း (၁၁၉၈)

Vol. 81 Ch. 1198

အခန်း (၁၁၉၈)

Vol. 81 Ch. 1198

လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များ ဖြစ်ကြ တော့၏။ ၎င်းတို့သည် ကျန်သော အတွင်းစည်းတပည့်များနှင့် ပူးပေါင်းကာ လူအယောက်ငါးဆယ်တိတိ စီရင်သော အစီအရင်ကြီးတစ်ခုကို ဖန်တီးပြီးသည့်နောက်မှာတော့ သိုင်းနယ်မြေကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ ရနိုင်သော ကျင့်ကြံသူကိုပင် အနိုင်ရအောင် တိုက်ခိုက်နိုင်စွမ်း ရှိနေကြ၏။

ထိုအရာသည် ဂြိုဟ်အသီးသီးတွင်ရှိသော သိုင်းကျင့်ကြံသူများကို ထိတ်လန့်အံဩစေမိ၏။ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုသည် အလွန်တရာ ဝေးကွာလွန်းနေသည်။ သို့ပေမဲ့ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတို့ စုပေါင်းပြီး တိုက်ခိုက်လိုက်သည့်အချိန်မှာတော့ သိုင်းနယ်မြေအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ရနိုင်သော စွမ်းအားမြင့် ကျင့်ကြံသူပင်လျှင် ရှုံးနိမ့်ခဲ့ရသည်။ ဤအရာမှာ အစစ်အမှန် ဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်းရဲ့ တပည့်တွေက တကယ့်ကို လူတွေကြားထဲက နဂါးတွေပဲ” မိုရှန်ရှမ်းသည် အလွန်တရာ မြင့်မားလွန်းသော သုံးသပ်မှုကို ပေးစွမ်းခဲ့၏။ သူ၏ မျက်လုံးထဲတွင်တော့ ချီးကျုးမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။

ဂိုဏ်းတစ်ခုတွင် အလွန်တရာ တော်လှသောတပည့်များ တည်ရှိနေသည်မှာ သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ ဤတော်လှသောတပည့်များ အလွန်များပြားစွာ တည်ရှိနေခြင်းက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ သူ၏ မျက်လုံးထဲမှာတော့ လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသူများ အားလုံးတို့သည် သဘာဝအားဖြင့် ပြုစု ပျိုးထောင်ရန် ထိုက်တန်လွန်းသောသူများသာ ဖြစ်ပေတော့သည်။

“ကြောက်စရာပဲ” မိုရှန်ရှမ်းသည် တွေးမိလေ ထိတ်လန့်တုန်လှုပ်လာလေဖြစ်၏။

ကျွင်းချောင်ရှောင်းမှာတော့ ထိုအကြောင်းအရာများကို မသိရှိချေ။ သူသည် ပြုံးကာ ပြောလိုက်မိသည်။ “ထပ်တော့ တက်ပြီး တိုက်ခိုက်မယ့်လူ ရှိသေးလား”

“...........”

ဂြိုဟ်အသီးသီးတွင် ရှိနေကြသော စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ ဆယ်ပွဲကျော်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အထူးသောအစီအရင်ကို ဖန်တီးကာဖြင့် အဆင့်မြင့် စွမ်းအားမြင့်ကျင့်ကြံသူများကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်းရှိသူများ အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်းကို သူတို့ နားလည်လိုက်မိကြ၏။ ထို့ကြောင့် ၎င်းတို့အနေဖြင့် အပေါ်သို့တက်ကာ တိုက်ခိုက်မည်ဆိုပါက ပိုက်ဆံသွားပေးသည်နှင့်ပင် ဆင်တူနေပေလိမ့်မည်။

လက်ရှိအချိန်မှာတော့ သူတို့အားလုံး ကျွင်းချောင်ရှောင်းတစ်ယောက် ဤကဲ့သို့ လာရောက်စိန်ခေါ်နေခြင်းသည် အလုံးစုံယုံကြည်မှုကို ပိုင်ဆိုင်ခြင်းကြောင့်ဖြစ်မှန်း နားလည်လိုက်မိ၏။ ထိုသို့သောလူဆီမှ စိတ်ဝိညာဉ် ကျောက်တုံးများကို ရရှိရန် စဉ်းစားနေခြင်း ဆိုသည်မှာ ဦးနှောက်ကို မြည်းကန်ခံထားရသောကြောင့်ပင် ဖြစ်ပေ လိမ့်မည်။

အတိတ်တုန်းကသာဆိုလျှင် သူတို့သည် ကျွင်းချောင်ရှောင်း၏ ငွေညှစ်ခြင်းကို ခံခဲ့ရသည် ဖြစ်သောကြောင့် ဒေါသတရားနှင့် နာကျင်မှုများကို ပြိုင်တူခံစားခဲ့ရသည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် ဆုံးရှုံးခဲ့သည် ဆိုလျှင်တောင်မှ ရင်ထဲတွင် နေသာထိုင်သာ ရှိလို့နေ၏။

ထို့အပြင် ကျွင်းချောင်ရှောင်း သည် တွန်းအားပေးသည့်ကိစ္စရပ်များကို ပြုလုပ်ခဲ့သည်မဟုတ်ဘဲ အဆင့်နိမ့် သိုင်းကျင့်ကြံသူများကို အသုံးပြုကာဖြင့် မျှမျှတတ စိန်ခေါ်တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်သည်။

ဤအရာသည် ကုန်းရှန့်၏ ဉာဏ်အမျှော်အမြင် ကောင်းမွန်မှုကို ပြသခဲ့ခြင်းပင် ဖြစ်ပေတော့သည်။ သူတို့သည် တရားဝင် စိန်ခေါ်မှုကို ပြုလုပ်ခဲ့သောကြောင့် ကျန်သော သိုင်းကျင့်ကြံသူများသည် ဆုံးရှုံးခဲ့သည် ဆိုလျှင်တောင်မှ မည်သူမှ စောဒက မတက်ခဲ့ကြချေ။

...................

“ဘယ်သူမှ စင်ပေါ်မတက်ဘူးဆိုတော့ တိုက်ပွဲက ပြီးသွားပြီပေါ့။ အားလုံးပဲ သွားကြရအောင်”

အမဲရောင်နှင့် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများကို တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူတို့သည် အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သန်းနီးပါးကို ရရှိခဲ့၏။

ဤအရာသည် ယခင် ဆုံးရှုံးမှုများ အားလုံးကို ကာမိသည့် အရေအတွက်ပင် ဖြစ်တော့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်လည်း သူ၏ ဂိုဏ်းဆီသို့ ပြန်ရန် စဉ်းစားလိုက်မိသည်။ ထို့ပြင် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူ၏ တပည့်များသည် တစ်ကြိမ်မှပင် မရှုံးခဲ့ချေ။ ထို့ကြောင့် မည်သို့သော အရူးက တက်လာ၍ ထပ်ကာ တိုက်ခိုက်တော့မည်နည်း။

“ဂိုဏ်းချုပ်ကျွင်း”

မိုရှန်ရှမ်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်၊ နှုတ်ဆက်ပါတယ်”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ပြီးသည့်နောက် တစ်ယောက် ချင်းစီကို လိုက်လံကာ နှုတ်ဆက်နေ၏။ သို့ပေမဲ့ သူသည် တပည့်များကို ဦးဆောင်၍ ကြယ်ကြွေကုန်းမြေတိုက်ကြီး ၏ ခံတပ်တည်နေရာထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာပဲ နူးညံ့လွန်းသည့်အသံတစ်ခုသည် သူ၏ နောက်ဘက်ဆီမှ ပေါ်ထွက်လာခဲ့တော့သည်။

“နေအုံး”

ဝှစ် ဝှစ် ဝှစ်

ထွက်ခွာသွားရန်ပြင်နေကြသော များပြားလှသည့် သိုင်းကျင့်ကြံသူများအားလုံးသည် တည်နေရာတွင် မတ်မတ်ရပ် ပြီးသည့်နောက် လှမ်း၍ ကြည့်ရှုလိုက်ကြ၏။ အလွန်တရာ လှပပြီး တော်ဝင်ဆန်လွန်းလှသော နှင်းဆီဧကရီသည် သူမ၏ ဝိညာဉ်မျိုးနွယ်နောက်လိုက်များနှင့်အတူ လှမ်းလျှောက်လာသည်ကို သူတို့ မြင်လိုက်ကြရ၏။

...................

ကျွင်းချောင်ရှောင်း၏ အမူအရာသည် နဝေတိမ်တောင် ဖြစ်လျက်ရှိသည်။ သူသည် လှည့်မကြည့်ချေ။ ထို့အတူ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ အသုံးပြုခြင်းလည်း မပြုလုပ်ခဲ့ချေ။ အသံကို ကြားလိုက်သည်နှင့် ဤလူ မည်သူဖြစ်ကြောင်းကို သိရှိနေသည်။

သူ မေ့လျော့ခဲ့သည်။ အစစ်အမှန် မေ့လျော့ခဲ့သည်ဖြစ်၏။ ဤအမျိုးသမီးသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် တည်ရှိနေသည်ဖြစ်ကြောင်းကို သူမေ့လျော့ခဲ့၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောတပည့်များသည်လည်း လှည့်ကာ ကြည့်ရှုလိုက်သည်။

“တတိယစီနီယာအစ်ကို”

လီဖေးက တီးတိုးပြောလိုက်၏။ “ဒီအမျိုးသမီးရဲ့ အော်ရာတွေက အရမ်းကို အားကောင်းတယ်”

စုရှောင်မိုသည် မေးလေးကို ပွတ်သပ်ကာ ပြောလိုက်သည်။ “သူမက အရမ်းကို အဆင့်မြင့်တဲ့ ဂုဏ်ရှိန်ဂုဏ်ဝါမျိုး ကို ပိုင်ဆိုင်တဲ့လူ ဖြစ်လိမ့်မယ်”

“စီနီယာအစ်ကို”

လင်းယွမ်ရွှယ်သည် အသံပို့လွှတ်လိုက်သည်။ “သူမက အရမ်းလှတယ်”

ယောက်ျားများသည် အမျိုးသမီးများကို ဂရုစိုက်ကြသည်ဟု ပြောဆိုခဲ့ကြ၏။ အစစ်အမှန်အားဖြင့် အမျိုးသမီးများသည် အမျိုးသမီးများကိုလည်း ပို၍ ဂရုစိုက်တတ်ကြ၏။ အထူးသဖြင့် အလွန်တရာလှပပြီး တော်ဝင်ဆန်လှသော နှင်းဆီဧကရီကဲ့သို့သော အမျိုးသမီးကို ဂရုစိုက်ကြသည်မှာ သာမန်ပင် ဖြစ်တော့သည်။

လုချင်းချင်းသည် မည်သည့်စကားမှ မဆိုချေ။ သူမ၏ မျက်နှာသွင်ပြင်နှင့် အမူအရာသည် ထုံးစံအတိုင်း အေးစက်လျက်ရှိနေ၏။

များပြားလှသော တပည့်များအားလုံးသည် နှင်းဆီဧကရီ ပေါ်ပေါက်လာသည့်အတွက် အာရုံစိုက်ကာ ကြည့်ရှု့နေကြ၏။ ဟယ်ဝူတီနှင့် ရီရှင်းချန်တို့မှာတော့ သူမ ထုတ်လွှတ်လျက် ရှိနေသော အားကောင်းလှသည့် စွမ်းအင်များကို အာရုံခံမိနေကြ၏။ ဤအမျိုးသမီး၏ အားအင်အဆင့်သည် သာမန်ထက်ပိုမည်ဟု သူတို့ တွက်ဆမိကြသည်။

မိုရှန်ရှမ်း အပါအဝင် များပြားလှသော ကျင့်ကြံသူများသည် လမ်းဖယ်ပေးလိုက်ကြ၏။ ဤအမျိုးသမီးသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် သာမန်ထက်ပိုသော ဂုဏ်ရှိန်ဂုဏ်ဝါကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်မှန်း အားလုံးက သိရှိပြီးဖြစ်၏။

သူမ လှမ်းလျှောက်လာသည့်အချိန်မှာပဲ များပြားလှသော ကျင့်ကြံသူများ အားလုံးသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျွင်းအမျိုးသမီး”

“ကျွင်းအမျိုးသမီး ဟုတ်လား”

သူမသည် ဂိုဏ်းချုပ်ကဲ့သို့ မျိုးရိုးနာမည် တူညီသည့်လူတစ်ယောက် ဖြစ်နေသည်လား။

နှင်းဆီဧကရီသည် တိုက်ခိုက်ရေး တည်နေရာရှေ့တွင် မတ်တပ်ရပ်လိုက်ပြီးသည့်နောက်မှာတော့ သူမအား ကျောပေးထားသော ကျွင်းချောင်ရှောင်းကို လှမ်း၍ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက်မှာတော့ စိတ်အလိုမကျသည့် လေသံဖြင့် ပြောလိုက်မိ၏။ “ဒီကိုလာတာ ဘာလို့ ကျွန်မကို မပြောတာလဲ”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးတို့သည် ကြောင်အနေကြ၏။ သူမသည် အလွန်တရာ ကြီးကျယ်မြင့်မြတ်လှသော တော်ဝင်အော်ရာများကို ထုတ်ဖော်လျက်ရှိသည့်လူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်နှင့် စကားပြောဆိုသည့် အချိန်မှာတော့ အဘယ်ကြောင့် နှစ်လိုမှု၊ ရင်းနှီးမှုများ တည်ရှိနေရသနည်း။

မိုရှန်ရှမ်းနှင့် တခြားသောသူများအားလုံးသည်လည်း စိတ်ထဲမှ ရေရွတ်လျက်ရှိနေသည်။ နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်း၏ မိန်းမဖြစ်သည့်အတွက် ဂိုဏ်းချုပ်၏ မိန်းမဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် တပည့်များသည် သူမကို တွေ့ရသည့်အချိန်တွင် ဂါရဝပြု မနှုတ်ဆက်ရသနည်း။

ထူးဆန်းလှချေသည်။ ဤအရာသည် အလွန် ထူးဆန်းလှချေသည်။

ကျွင်းချောင်ရှောင်းသည် သူမအား နောက်ကျောပေးထား၏။ ပြီးသည့်နောက်မှာတော့ တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ်က ဘာလို့ သတင်းပေးရမှာလဲ”

“ငါ့ဓားဘယ်မှာလဲ”

စနစ်ပြောလိုက်သည်။ “ငါ လက်ခံသူကို ထွက်ပြီး ခုတ်မိတော့မယ်”

ကျွင်းချောင်ရှောင်း၏ မတူညီသည့် ကိုယ်ဟန်အမူအရာသည် လီချင်းယန်နှင့် တခြားသူများ အားလုံးအား သတိအပြည့်နှင့် ဖြစ်သွားစေခဲ့တော့သည်။ ဂိုဏ်းချုပ်သည် သူမနှင့် ရန်ငြှိုးရန်စ တည်ရှိနေလောက်သည်။ ထို့ကြောင့် သူတို့ အားလုံးသည် အဆင်သင့် ပြင်ထားလျက်ရှိနေ၏။

ဝှစ် ဝှစ် ….။

ချက်ချင်းပဲ တည်နေရာတစ်ခုလုံးသည် လေးနက်သွားခဲ့၏။ နှင်းဆီဧကရီသည် သတိအပြည့်နှင့်ဖြစ်နေကြသော ပြိုင်စံရှားဂိုဏ်းတပည့်များကို လှမ်း၍ ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ဒါက ရှင့်တပည့်တွေလား။ ကြည့်ရတာ ကျွန်မကို နားလည်မှုလွဲနေတဲ့ပုံပဲ”

“သွားကြရအောင်” ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် တည်နေရာခံတပ်ဆီသို့ အသာလှမ်းလျှောက်လိုက်၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် အနောက်မှ လိုက်ပါသွားခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် ဤအမျိုးသမီးအား သတိအပြည့်နှင့် စောင့်ကြည့်ခြင်းကိုတော့ ပြုလုပ်လျက် ရှိနေသည်။

မိုရှန်ရှမ်းနှင့် တခြားသောသူများ အားလုံးသည်လည်း စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက် ရှိနေကြ၏။ ဤလင်မယား၏ စကားပြောဆိုသည့်ပုံစံကို ကြည့်ရသည်မှာ အနည်းငယ်တင်းမာလျက် ရှိနေပုံပင်။ ရန်ဖြစ်ထားကြသည်လား မသိနိုင်ပေ။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ဂိုဏ်းချုပ်၏ မိန်းမကို တွေ့ရသည့်အချိန်တွင် ဂါရဝပြု နှုတ်မဆက်သည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ယောက်ကြားတွင် ပဋိပက္ခများ ဖြစ်တည်နေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းတပည့်များသည် သူတို့ဂိုဏ်းချုပ်၏ ဘက်သို့ လိုက်သည်မှာ သဘာဝပင် ဖြစ်ပေလိမ့်မည်။

“ကျွင်းချောင်ရှောင်း”

နှင်းဆီဧကရီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဘယ်အချိန်ထိ ထွက်ပြေးနေအုံးမှာလဲ”

“..........”

ကျွင်းချောင်ရှောင်းသည် မကြားချင်ယောင် ဆောင်ပြီးသည့်နောက်မှာတော့ ခံတပ်ဆီသို့ ဆက်ကာ လျှောက်သွား၏။ များပြားလှသည့် အတွင်းစည်းတပည့်များ တည်ရှိနေသည် ဖြစ်သောကြောင့် သူနှင့် ဤအမျိုးသမီးသာ လင်မယားဖြစ်သည်ကို သိရှိသွားပါက် သူ၏အခြေအနေသည် ဘာပြောရမှန်းမသိသည့် အခြေအနေသို့ ပြောင်းလဲသွားပေလိမ့်မည်။

သွားမယ်။ မြန်မြန်သွားမှဖြစ်မယ်။

.....................

တစ်ဖက်လူသည် သူမဆီမှ လျင်လျင်မြန်မြန် ရှောင်ထွက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ နှင်းဆီဧကရီသည် သူမ၏ နှုတ်ခမ်းပါးလေးကို ကိုက်လိုက်၏။ သူမ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများ ပြည့်နှက်လာသည်။

“အဟမ်း”

ထိုအချိန်မှာပဲ မိုရှန်ရှမ်းသည် အရာအားလုံးကို ချောမောအောင်ပြုလုပ်ချင်သည့် ရည်ရွယ်ချက်ဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ဆိုရိုးစကားတစ်ခု ရှိတယ်လေ။ အိပ်ရာထဲကကိစ္စကို အိပ်ရာထဲမှာပဲ ပြီးအောင်ထားတာ ကောင်းမယ်နဲ့တူတယ်။ လင်မယားဆိုတာက သေးငယ်တဲ့ပဋိပက္ခလေးတွေ အမြဲဖြစ်တတ်တာ သဘာဝပဲ မဟုတ်ဘူး”

လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် မိုးကြိုးပစ်ခံလိုက်ရသော စာခြောက်ရုပ်များကဲ့သို့ မြေတည်နေရာတွင် တောင့်တောင့်ကြီး ဖြစ်သွားခဲ့ကြသည်။ “အိပ်ရာထဲက ကိစ္စ အိပ်ရာထဲပဲ ပြီးဆုံးစေချင်တယ်။ လင်မယား ဟုတ်လား”

“အမှန်ပဲ”

တခြားသော ဂြိုဟ်တစ်ခုဆီမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကလည်း ဝင်ကာ အကြံပြုလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းနဲ့ ကျွင်းအမျိုးသမီးတို့က လင်မယားတွေပဲလေ။ ဒီတော့ ကျန်တဲ့လက်ကျန်ဘဝကို အတူတူ ဖြတ်သန်းရမှာပဲ မဟုတ်လား။ တစ်ယောက်နဲ့ တစ်ယောက်က သေးငယ်တဲ့ ကိစ္စရပ်လေးအတွက် ရန်သူတစ်ယောက်လို ဆက်ဆံနေလို့ မဖြစ်ဘူးမို့လား”

“..........”

ပြိုင်စံရှားဂိုဏ်းတပည့်များသည် နဝေတိမ်တောင်နှင့် သူတို့၏ ဂိုဏ်းချုပ်အား လှမ်း၍ကြည့်လိုက်သည်။ သူတို့သည် အရူးများ မဟုတ်ကြချေ။ စွမ်းအားမြင့် ကျင့်ကြံသူများ၏ ပါးစပ်ဆီမှ ထွက်လာသော စကားလုံးများကို သုံးသပ်ရမည်ဆိုလျှင် ဂိုဏ်းချုပ်နှင့် ဤအမျိုးသမီးတို့သည် လင်မယားများ ဖြစ်ကြ၏။

ကျွင်းအမျိုးသမီးဟူသည့် အမည်နာမသည် မျိုးရိုးနာမည် တူညီနေခြင်း မဟုတ်ချေ။ ယောက်ျား၏ မျိုးရိုး နာမည်ကို လိုက်ကာ ယူဆောင်ထားခြင်းပင်။

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် မည်သို့မှ မနေနိုင်တော့ဘဲ လှမ်းကာ မေးလိုက်တော့သည်။ “ဘယ်တုန်းက မိန်းမရသွားတာလဲ”

All Chapters