← Chapters

အခန်း (၁၂၀၀)

Vol. 81 Ch. 1200

အခန်း (၁၂၀၀)

Vol. 81 Ch. 1200

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးမှ ပြန်လာရာလမ်းတွင် သူသည် နှင်းဆီဧကရီအား စွန့်လွှတ်ချင်သည့် စိတ်ကြောင့် မိန်းမပေါင်း သုံးထောင့်ခြောက်ရာရှိသည်ဟု ပြောဆိုခဲ့၏။

စနစ်ကပင်လျှင် ဤကဲ့သို့ ကြွားဝါခြင်းမှာ မကောင်းဟု သုံးသပ်ခဲ့ဖူးသည်။

နှင်းဆီဧကရီသည် တခြားသောတပည့်များနှင့် ခြားနားစွာ ဝတ်ဆင်ထားသည့် လုချင်းချင်းကို မြင်ရသည့် အချိန်မှာတော့ သူမယောက်ျား၏ ချစ်သူဖြစ်လိမ့်မည်ဟု လွယ်လွယ်ကူကူနှင့် စဉ်းစားခဲ့ခြင်းပင် ဖြစ်၏။

“..........”

လီချင်းယန်နှင့် တခြားသူများသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အခြေအနေသည် အလွန်လေးနက်လွန်းလှ၏။ လှပလွန်းသော ဤအမျိုးသမီး နှစ်ယောက်တို့သည် အချိန်အတော်ကြာ စူးစိုက်ကြည့်လျက် ရှိနေသည်။

ဤအရာသည် သိုင်းယှဉ်ပြိုင်တိုက်ခိုက်ရန် အခြေအနေမျိုး မဟုတ်သော်လည်း သူတို့သည် အဘယ့်ကြောင့် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားနေရသနည်း။

စုရှောင်မိုသည် အဘယ်ကြောင့် သူလျှိုတစ်ယောက်အဖြစ် မွေးဖွားလာသည်ဟု ပြောဆိုရသနည်း။ သူသည် ဉာဏ်ကောင်းလွန်းသောကြောင့်ပင် ဖြစ်တော့၏။ ဤကဲ့သို့ လေးနက်လှသည့် အချိန်မျိုးတွင် သူသည် ရုတ်တရက် ငုတ်တုပ်ထ၍ မထိုင်လိုက်ချေ။ မြေပေါ်၌ဆက်လှဲ၍ မေ့မျောနေသည့် ဟန်ပန်မျိုးကို သရုပ်ဆောင်လျက်ရှိသည်။

ကျွင်းချောင်ရှောင်း၏ အမူအရာသည်မှာတော့ ပျက်ယွင်းလျက် ရှိနေသည်။ သူသည် အစီအရင်နှင့် ပတ်သက်၍ နားလည်မှုများ ပို၍ တိုးပွားလာသည့်အတွက် သူ၏တပည့်များကို ဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့ပြင် ထိုကဲ့သို့သော အကြောင်းအရာဆီမှ စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိရန်လည်း ကြိုးစားခဲ့သေး၏။ အဘယ်ကြောင့် အခြေအနေသည် ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ရသနည်း။

“အဟွတ် အဟွတ်”

စနစ်က ရှင်းပြလိုက်သည်။ “ဒါက အိမ်နောက်ဖေး မီးလောင်တာပဲ”

“တော်စမ်း” ကျွင်းချောင်ရှောင်းက စိတ်တိုလျက်ရှိနေသည်။ သူသည် နှင်းဆီဧကရီနှင့် လက်ထပ်လိုက်ရသည့် အကြောင်းအရင်းကို သူ၏တပည့်များအား ရှင်းပြချင်စိတ်ရှိနေမိ၏။

သို့ပေမဲ့ လုချင်းချင်းသည် အသာလှည့်ပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။

လေထုထဲတွင်ရှိနေသော အေးစက်မှုများသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည် သွားခဲ့တော့၏။

“မင်းတို့က ဘာကိုစောင့်နေတာလဲ”

ကျွင်းချောင်ရှောင်းက ဆူငေါက်လိုက်သည်။ “အားလုံးပဲ ဂိုဏ်းဆီကို ပြန်ကြရအောင်”

“ကောင်းပါပြီ” လီချင်းယန်နှင့် တခြားသူများ အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ဆီသို့ ပြန်သွားခဲ့ကြ၏။

အားလုံးထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက်မှာ နှင်းဆီဧကရီသည် ပြုံးကာ ပြောလိုက်၏။ “ရှင့်တပည့်တွေက တကယ့်ကို ကောင်းမွန်တဲ့အမူအကျင့်နဲ့ အားအင်ကို ပိုင်ဆိုင်ကြတာပဲ”

“နှင်းဆီဧကရီ”

ကျွင်းချောင်ရှောင်းက ဒေါသတကြီး ပြောလိုက်၏။ “ကျုပ်ကို တွယ်ကပ်မနေနဲ့”

“အဲအေးစက်တဲ့ အမျိုးသမီးလေးရဲ့ပုံစံကို ကြည့်ရတာ မဆိုးဘူးလေ။ ယောက်ျားက ချစ်သူရွေးတဲ့နေရာမှာ အမြင်ကောင်းကောင်း ရှိတာပဲ” နှင်းဆီဧကရီက ပြုံးကာ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “အဲတာ ကျုပ်ရဲ့ အကြီးဆုံးတပည့်လေ”

“အကြီးဆုံးတပည့် ဟုတ်လား”

နှင်းဆီဧကရီသည် အလွန် အံ့အားသင့်သွား၏။ “ဆရာ တပည့် ဆက်ဆံရေးက ကြယ်ကြွေကုန်းမြေတိုက်ကြီးလို ဂြိုဟ်ထဲမှာ တားမြစ်ထားတဲ့အရာတစ်ခုလား”

သူမသည် အချိန်အတော်ကြာ များပြားလှသည့် ဂြိုဟ်အသီးသီးသို့ သွားရောက်ကာ တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် လူသားမျိုးနွယ်များ၏ အခြေခံထုံးတမ်းအစဉ်အလာကိုလည်း နားလည်နေ၏။ ဆရာနှင့် တပည့်အကြား ရင်းနှီးပတ်သက်မှုများသည် လောကထဲတွင် လက်မခံသော အရာများပင် ဖြစ်တော့၏။ ထိုအရာကို သာမန်အသိရှိသည့် လူတစ်ယောက်ပင်လျှင် သုံးသပ်နိုင်စွမ်း ရှိနေသည်။

“ယောက်ျားက ဒီလိုတားမြစ်ထားတဲ့ အရာကိုတောင် ပြုလုပ်ရဲတယ်ဆိုတော့ စည်းမျဉ်းစည်းကမ်းတွေကို လက်ကိုင်ထားတဲ့ လူတစ်ယောက် မဟုတ်ဘူးပေါ့”

နှင်းဆီဧကရီသည် ပြုံးကာ ပြောလိုက်၏။ “အနာဂတ်မှာ တကယ့်ကို ကြီးမားတဲ့အရာတွေကို ပြုလုပ်နိုင်မယ့် လူမျိုးပဲ”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “သူမက ကျုပ်ရဲ့ချစ်သူ မဟုတ်ဘူး။ တပည့်၊ တပည့်”

“ယောက်ျား အရမ်းကြီး တွန်းအားပေး ရှင်းပြမနေပါနဲ့။ တကယ်တော့ ရှင့်မှာ ဘယ်လောက်ချစ်သူများများ ကျွန်မ ဂရုမစိုက်ဘူး” နှင်းဆီဧကရီက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ်ပင် ဖြစ်သွား၏။ “ကောင်းပြီ။ ငါမရှင်းပြတော့ဘူး။ ဟုတ်ပြီလား”

“လက်ခံသူအနေနဲ့ တာဝန်ပြည့်သွားအောင်ဆိုပြီး သူ့ကို လက်မထပ်ခဲ့ရင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဘာပဲပြောပြော ကိုယ်လုပ်တဲ့အရာကို ကိုယ်ခံရတာပဲလေ” စနစ်သည် ဝင်ကာ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ထဲတွင် နာလျက် ရှိနေ၏။ သူသည် နိုင်ငံ့အုပ်စိုးသူ ဖြစ်ချင်သောကြောင့် နှင်းဆီဧကရီအား လက်ထပ်ရန် ရွေးချယ်ခဲ့၏။ ပြီးနောက် ထွက်ပြေးရန် စဉ်းစားခဲ့တော့သည်။ သို့ပေမဲ့ အမျိုးသမီးသည် ဤမျှ သူ့အား တွယ်ကပ်နေလိမ့်မည်ဟု ဘယ်ထင်မှတ်မိမည်နည်း။

“ကျွန်မ ရှင့်ကို လာကြည့်တာလေ။ အခု မြင်ရပြီဆိုတော့ ဘာမှ ထပ်မလိုတော့ဘူး။ ကျွန်မရဲ့ခံတပ်က ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုအပ်သေးတယ်လေ။ ဒီတော့ အရင်ဆုံး ထွက်သွားတော့မယ်”

နှင်းဆီဧကရီသည် သူမ၏နောက်လိုက်များကို ခေါ်ကာ ထွက်ခွာသွားခဲ့၏။ သူမသည် ထွက်ခွာသွားပြီး တစ်ချက်ကလေးမှ နောက်ပြန် မလှည့်ကြည့်ခဲ့ချေ။ သူမသည် စိတ်တည်ငြိမ်လွန်းလှသည့် လူမျိုးတစ်ယောက်လည်း ဖြစ်လို့နေခဲ့၏။

ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးသို့ ရောက်လာသည့်အချိန်တွင် ခံတပ်တည်နေရာကြီး ပိုမိုကျယ်ပြန့်လာစေရန်သာ သူမ၏ စိတ်ထဲ၌ ရှိနေသည်။ တခြား ဆယ်ကျော်သက်လေးများကဲ့သို့ နှလုံးသားရေးရာကိစ္စများနှင့် တွယ်ကပ်နေတတ်သည့်လူတစ်ယောက် မဟုတ်ပေ။

“ပထမတပည့် ဟုတ်လား”

လမ်းတလျှောက်မှာတော့ နှင်းဆီဧကရီက တွေးလိုက်မိသည်။ “အဲလိုမျိုး တကယ်ကြီး ရိုးရှင်းနေတာလား”

................

ဗွပ် ဗွပ်

တိုက်ခိုက်ရေးတည်နေရာ၏ ကြမ်းပြင်ပေါ်မှာတော့ စုရှောင်မိုသည် အမြှုပ်များ ထွက်လျက်ရှိနေတုန်းပင်ဖြစ်၏။ အမြုပ်တွေမှာ ထုတ်ရလွန်းသောကြောင့် သူ၏ ပါးစပ်တစ်ခုလုံးသည်ပင် ထုံကျင်လျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် စိတ်တိုစွာဖြင့် ပြောလိုက်၏။ “မတ်တပ်ရပ်တော့”

ဆွစ်

စုရှောင်မိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ မျက်နှာပေါ်တွင် ငါဘယ်နေရာကို ရောက်နေတာလဲ၊ ဒီနေရာက ဘယ်နေရာလဲ ဆိုသည့် အသွင်အပြင်မျိုး ပေါ်လျက်ရှိနေသည်။

အား အား အား

ကျွင်းချောင်ရှောင်းသည် စုရှောင်မို၏ နားရွက်ကို အသာဆွဲကာဖြင့် တည်နေရာခံတပ်ထဲသို့ ဒေါသတကြီးဖြင့် လှမ်းလျှောက်သွားခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်လာခဲ့တော့၏။

တိုက်ခိုက်ရေးတည်နေရာကြီး တစ်ခုလုံးကို ဖန်တီးပြီး စိတ်ဝိညာဉ်ကျောက်တုံး သန်းချီကို ရရှိခဲ့သည့် ပျော်ရွှင်မှုသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ရ၏။ ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် သူသည် အခန်းထဲတွင် ကိုယ့်ကိုယ်ကိုယ် သော့ခတ်ကာ နေထိုင်နေတော့သည်။

.................

ဖူး

ဆေးဟောခန်းထဲမှာတော့ အကြီးအကဲဝေသည် ပါးစပ်ထဲမှ ရေနွေးများပင် ပြန်၍ ထွက်လာခဲ့၏။ “မင်းတို့ ဘယ်လိုလုပ် သိသွားတာလဲ”

စုရှောင်မိုသည် အံ့အားသင့်သွားသည်။ အကြီးအကဲဝေ၏ စကားအရဆိုလျှင် အစောကြီးကတည်းက သိရှိနေခဲ့သည်လား။ ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးပြီးခြင်းမှာပဲ သူသည် ဆေးဟောခန်းဆီသို့ သွားရောက်၍ ဂိုဏ်းချုပ်တစ်ယောက် မိန်းမရသည့်အကြောင်းအရာနှင့် ပတ်သက်၍ တိုင်ပင်ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်မှ ပြန်ရောက်ပြီးသည့်နောက် အကြီးအကဲဝေနှင့်အတူ လက်ထပ်ပွဲကိစ္စအား သေသေချာချာ တိုင်ပင်ခဲ့သည့်အကြောင်းကို စုရှောင်မို မသိရှိခဲ့ချေ။

“ဂိုဏ်းချုပ် ဘယ်ရောက်သွားလဲ”

“အခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သော့ပိတ်ထားတယ်လေ။ ထွက်ကိုမလာဘူး”

“အင်း”

အကြီးအကဲဝေသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဆုံးဖြတ်ချက် မပြတ်သားမှုက ဒုက္ခတွေဆီကို ဦးတည်နေတာပဲ”

သူ အစောကတည်းက ဂိုဏ်းချုပ်ကျွင်းအား သတိပေးခဲ့ပြီးပြီ ဖြစ်၏။ အရွယ်ရောက်ပြီးသားလူများအနေဖြင့် မိမိပြုလုပ်သည့် အရာများကို သေသေချာချာ ရှင်းရှင်းလင်းလင်း ပြုလုပ်ရန်လည်း မှာကြားထားခဲ့သည်။ ယောက်ျားနှင့် မိန်းမ အကြား ချစ်ခြင်းမေတ္တာများနှင့် ပတ်သက်လျှင် သူကဲ့သို့ အလွန် အတွေ့အကြုံများလှသူတစ်ယောက်ပင်လျှင် နင့်နင့်နဲနဲ ခံစားခဲ့ရဖူးသည်။ ဂိုဏ်းချုပ်ကဲ့သို့လူဆိုလျှင် ပြောနေစရာပင် မလိုအပ်တော့ချေ။

..................

ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့၏ လက်ထပ်ပွဲသတင်းကို တပည့်ပေါင်းများစွာတို့သည် ကြားသိခဲ့ပြီဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ မထွက်ဘဲ ကိုယ့်ကိုယ်ကိုယ် အခန်းထဲမှာတင် သော့ခတ်ထားခဲ့၏။

တစ်ရက်အတွင်းမှာပဲ ထိုသတင်းသည် ဂိုဏ်းတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။

“ဂိုဏ်းချုပ်က ကြိတ်ပြီး လက်ထပ်ထားလိမ့်မယ်လို့ ထင်တောင် မထင်ထားခဲ့ဘူး”

“စီနီယာအစ်ကို ... စီနီယာအစ်ကို ဂိုဏ်းချုပ်ကတော်က လှလား”

တပည့်များအားလုံးသည် အပြင်းအထန် ဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့သည် ကျင့်ကြံရန်အတွက် စိတ်ပါဝင်စားမှုပင် မရှိကြတော့ချေ။

အထူးသဖြင့် လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့ပင် ဖြစ်သည်။ သူမတို့သည် မနက်စာစားချိန်မှ ညစာ စားသည့်အချိန်ထိ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲသို့ မလိုက်ပါခဲ့သည့်အတွက် စိတ်မပျော်မရွှင်ဖြစ်လို့ နေခဲ့သည်။ သူတို့သည် ဂိုဏ်းချုပ်၏ မိန်းမအား ကိုယ်ပိုင်မျက်လုံးဖြင့် မြင်ချင်စိတ် ရှိနေကြသည်။

ကျွင်းချောင်ရှောင်း၏ အချစ်ရေး၊ အချစ်ရာကိစ္စသည် ဂိုဏ်းထဲတွင် အပူတပြင်း ဆွေးနွေးရမည့်အရာ ဖြစ်လို့ လာခဲ့၏။

..................

ညရောက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ပျံသန်းလာပြီးသည့်နောက် အဓိကဟောခန်းအမိုးပေါ်တွင် ဆင်းသက်လိုက်သည်။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ကိစ္စတွေအများကြီး ပြုလုပ်တဲ့အချိန်မှာ ဘယ်တော့မှ ပေါ့ပျက်ပျက် မလုပ်တတ်ဘူးလေ။ အချစ်ရေး၊ အချစ်ရာနဲ့ ပတ်သက်ရင်တော့ နှောင့်နှေးမှုတွေ ရှိနေတယ်”

“မင်း ဘာပြောချင်နေတာလဲ” ကျွင်းချောင်ရှောင်းက မပြောမရွှင်ဖြင့် ပြောလိုက်သည်။

စနစ်က ပြောလိုက်သည်။ “တကယ်တော့ လောကကြီးမှာ ပြည့်စုံတဲ့လူဆိုတာ မရှိဘူးလေ။ လက်ခံသူကလည်း ချွင်းချက် မရှိဘူး”

“နှင်းဆီဧကရီနဲ့ပတ်သတ်ပြီး ငါ့မှာ ဘာခံစားချက်မှ မရှိဘူး” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်၏။

စနစ်က ပြောလိုက်သည်။ “အရင်က မရှိဘူးဆိုရင်တောင်မှ အခုရှိတယ်လေ”

သူသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်သူတစ်ယောက်ဖြစ်သည်မို့ အတွေးများ အားလုံးကို မြင်နိုင်စွမ်းရှိသည်။

အစစ်အမှန်ပင် အစတုန်းက မည်သည့် ခံစားချက်မှ မရှိချေ။ လက်ထပ်ခဲ့သည်ဆိုလျှင်တောင်မှ တာဝန်အရ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ အကြိမ်ပေါင်းများစွာ ထိတွေ့ဆက်ဆံရပြီးသည့်နောက်မှာတော့ ပူးပေါင်းကာ ခပ်ချောချောလူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ခြင်း၊ အထက်နယ်မြေ၏ သတ်ဖြတ်မှုကို အတူတူ ရင်ဆိုင်ခဲ့ခြင်း၊ ဤအတောအတွင်းတွင် နက်နဲလွန်းလှသော ခံစားချက်များသည် ပေါက်ဖွားဖြစ်တည်လာခဲ့တော့၏။ ခံစားချက်များသည် အသွင်ပြောင်းလဲလာသည်ဟု ဆိုရမည်။

“လက်ခံသူရဲ့ အမူအကျင့်အရဆိုရင် င့ါကို ချက်ချင်းပြန်ပြီး ဖြေရှင်းရမှာလေ။ အခုဘာလို့ အဲလို မလုပ်ရတာလဲ”

“..........”

“မင်းဆီမှာ နှင်းဆီဧကရီနဲ့ပတ်သက်ပြီး ဘာခံစားချက်မှ မရှိဘူးဆိုရင် ဘာလို့ မိုးကြိုးအပြစ်ပေးမှုကို ခံရတဲ့အချိန်မှာ သူမကို ကာကွယ်ပေးခဲ့ရတာလဲ။ သူမသာ သေသွားမယ်ဆိုရင် မင်းအနေနဲ့ ဒုက္ခတွေ၊ ပြဿနာတွေ အားလုံး ရှင်းသွားပြီလေ မဟုတ်ဘူးလား”

“..........”

“သူမပြောတာမှန်တယ်။ မင်းက ရှောင်ပြေးနေတာပဲလေ။ မင်းရဲ့နှလုံးသားထဲမှာရှိတဲ့ ခံစားချက်တွေ အကုန်လုံးကို ဖယ်ခွာပြီးတော့ ရှောင်ပြေးနေတာ။ ကိုယ့်ကိုယ်ကိုယ် ခံစားချက်မဲ့တဲ့ လူသတ်သမား တစ်ယောက်လို ဟန်ဆောင်နေတာပဲ”

“..........”

ကျွင်းချောင်ရှောင်းသည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေမိ၏။

“ကောင်းပြီ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ကိုယ့်ရဲ့နှလုံးသားအတိုင်း နေထိုင်ရှင်သန်သွားဖို့ ငါမျှော်လင့်မိတယ်”

All Chapters