← Chapters

အခန်း (၁၁၉၃)

Vol. 81 Ch. 1193

အခန်း (၁၁၉၃)

Vol. 81 Ch. 1193

ကျွင်းချောင်ရှောင်း အနေဖြင့် စနစ်၏ စတိုးအား မှီခိုရန် အစီအစဉ် မရှိချေ။ သူ့အနေဖြင့် သူပျိုးထောင် ထားသော သူများကိုသာ မှီခိုရန် စဉ်းစားထား၏။

အဆုံးသတ်မှာတော့ သူသည် အားကိုးတကြီးဖြင့် ခေါ်ခဲ့သော အကြီးအကဲကျန်းနှင့် ရှန်ကွမ်းရှင်းရောင် တို့၏ ပါးပိတ်ရိုက်ခြင်းကို ခံခဲ့ရတော့၏။ ၎င်းတို့သည် ခပ်တည်တည်ဖြင့် မည်သို့မျှ မတက်နိုင်ဟု ငြင်းဆို နေကြသည်။

ကြယ်ကြွေ ကုန်းမြေတိုက် တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော အစီအရင်ကို ပြုလုပ်ရန်မှာ တစ်ကယ်ပင် ဖြစ်နိုင်သော အရာမျိုး မဟုတ်ချေ။ စိတ်ကူးယဉ် ဆန်လွန်းလှ၏။

"ဘာလို့လဲ။ အကြောင်းပြချက်ပြော"

"ဒါက တစ်ကယ်ကို ကြီးလွန်းတယ်"

အဆင့်ချိုးဖျက် ထားပြီးသော ကျန်းထယ်ကျွင်းသည် သူအနေဖြင့် အဆင့်မြင့်သော အစီအရင်များကို ပြုလုပ်နိုင်သည် ဆိုသော်လည်း ဂြိုဟ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသော အစီအရင်ကို ပြုလုပ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

"ဂိုဏ်းချုပ်"

ရှန်ကွမ်းရှင်းရောင်က ပြောလိုက်၏။ "ဒီလောက် ကြီးမားတဲ့ အစီအရင် လုပ်ဖို့ဆို အောင်မြင်တာ၊ မအောင်မြင်တာ အသာထား စီစဉ်ရတာ နဲ့ကို အချိန် တော်တော်ကုန်မှာ"

သေးငယ်လှသည့် အစီအရင်ကို ပြုလုပ်ရသည်မှာပင် အနည်းဆုံး နှစ်ရက်မှ သုံးရက်ခန့် ကြာမြင့်၏။ အကယ်၍ တစ်လောက လုံးကို ဖုံးလွှမ်းသည့် အစီအရင်ကိုသာ ပြုလုပ်လျှင် ခေါင်းတစ်ခုလုံး ပေါက်ကွဲ သွားသည် အထိ ပင်ပန်းတော့မည် ဖြစ်၏။

ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသည် အမိကမ္ဘာမြေထက်ပင် ပို၍ ကြီးမားလွန်းလှ၏။ သို့ဖြစ်၍ ဤကုန်းမြေရှိ သိုင်းကျင့်ကြံသူများကို ကာကွယ်နိုင်သော အစီအရင် တည်ဆောက်ရန်မှာ လူအား၊ အချိန်နှင့် အရင်းအမြစ် များစွာ ကုန်ကျမည် ဖြစ်သည်။

ဤအရာမှာ ပြိုင်စံရှားဂိုဏ်း အနေဖြင့် တတ်နိုင်သော အရာမျိုး မဟုတ်တော့ချေ။ အကယ်၍ တည်ဆောက် နိုင်ခဲ့သည် ဆိုလျှင် တောင်မှ အချိန် နှစ်သုံးဆယ်မှ ငါးဆယ်လောက် အထိ ကြာမြင့်မှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် ယုတ္တိမတန်သော အကြံအစည်အား အလျှင်အမြန်ပင် ဖယ်ထုတ်လိုက်သည်။

"ဒါဆိုလည်း ဂိုဏ်းကို ကာကွယ်နိုင်တဲ့ အဆင့်မြင့် အစီအရင်တွေကို အမြန်ဆုံး လုပ်ကြတော့။ ဒါမှ ဂိုဏ်းကို လာတိုက်တဲ့ သိုင်းအင်ပါယာတွေရဲ့ လက်ချက်ကနေ ကာကွယ်နိုင်မှာ"

ကျန်းထယ်ကျွင်းက ပြောလိုက်၏။ "ဂိုဏ်းချုပ် … ရှင်းရောင်နဲ့ ကျုပ်က လက်ရှိမှာ သုသေတန တစ်ချို့ လုပ်နေတယ်။ တိုးတက်မှုတော့ ရှိနေပါပြီ"

ဆွစ် …။

ဆန်းကြယ် ဂိတ်တံခါး သုံးဆယ်နှစ် ဟူသော စာအုပ်ကို ထုတ်ယူလိုက်၏။ ပြီးနောက် နောက်ဆုံးမှ ရေလျှင် တတိယ စာမျက်နှာတွင် ရှိနေသော အစီအရင် တစ်ခုအား လက်ညိုးညွှန်ကာ ပြောလိုက်သည်။ “ဒီ အစီအရင်က ဂိုဏ်းနဲ့ အရမ်းလိုက်ဖက်တယ်"

အစီအရင်၏ နာမည်မှာ ကြယ်ကိုးပွင့် လဖမ်းသူ အစီအရင် ဖြစ်၏။ အလွန် မြင့်မားလှသော စွမ်းဆောင်ရည်နှင့် အကာအကွယ် အစီအရင်လည်း ဖြစ်၏။

တည်နေရာ ကိုးခုတွင် အစီအရင် ပြုလုပ်ပြီးနောက် အတူတကွ ဖန်တီးရသော အစီအရင်မျိုး ဖြစ်၏။ ကြယ်ကိုးခု၏ ထောက်ပံ့မှုကို ရယူထားပြီး အလွန်လည်း အားကောင်း လွန်းလှ ချေသည်။

အားနည်းချက်မှာ စိတ်ဝိညာဉ်ကျောက်တုံး သို့မဟုတ် သလင်း အမြူအတေကို သုံး၍ ထိန်းသိမ်း ထားရခြင်း ဖြစ်၏။

"ဘယ်လောက် ကုန်နိုင်မလဲ" ကျွင်းချောင်ရှောင်းသည် မေးလိုက်သည်။

ကျန်းထယ်ကျွင်သည် မေးစေ့ကို လက်ဖြင့် ပွတ်ကာ တွက်ချက်ပြီး ပြောလိုက်၏။ "သံမဏိ အရိုးတောင် တစ်ခုလုံးကို ဖုံးလွှမ်းဖို့ ဆိုရင် အနည်းဆုံး ဆယ်သန်း လောက်ပေါ့"

"လူလုပ် စိတ်ဝိညာဉ် ကျောက်တုံးလား"

"မဟုတ်ဘူး သဘာဝ စိတ်ဝိညာဉ် ကျောက်တုံး”

“……..."

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ် တုန်ယင်သွား၏။ အတိတ်တုန်းက ဆိုလျှင် အစီအရင် ဖန်တီးရန်မှာ အရည်အသွေး ကောင်းမွန်လှသော အစီအရင် အလံများသာ လိုအပ်၏။

ယခု ကြယ်ကိုးပွင့် လဖမ်းသူ အစီအရင်မှာတော့ သဘာဝ စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းခန့်ပင် ကုန်မည် ဖြစ်၏။ ဤ အရာသည် အလကား သက်သက် ငွေသုံးခြင်းနှင့်ပင် ဆင်တူနေ၏။

"ဒါဆိုရင် ရေရှည် ထိန်းသိမ်း ထားနိုင်ဖို့ စိတ်ဝိညာဉ် ကျောက်တုံးတွေ လိုအပ်သေးလား"

သူ့အနေဖြင့် သဘာဝ စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းခန့်ကို လွယ်လွယ် ကူကူနှင့် သုံးနိုင်စွမ်း ရှိ၏။ အနည်းငယ်တော့ ရင်နာရသည် ဆိုသော်လည်း နောက်ထပ် စိတ်ဝိညာဉ် ကျောက်တုံး ထပ်မဖြည့်လျှင် ထိုက်တန်သည်ဟု ဆိုရပေမည်။

ကျန်းထယ်ကျွင်းသည် ပြောလိုက်၏။ "အစီအရင် တည်ဆောက်ပြီးလို့ ပြင်ပကနေသာ လာမတိုက်ဘူး ဆိုရင် စိတ်ဝိညာဉ် ကျောက်တုံးတွေက ကုန်မှာ မဟုတ်ဘူး။ ဒီတော့ စိတ်ဝိညာဉ် ကျောက်တုံးတွေ ထပ်မလိုတော့ဘူး"

"ဒါဆိုရင် အဆင်ပြေတယ်"

ကျွင်းချောင်းသည် ခနလောက် စဉ်းစားပြီး ပြောလိုက်၏။ "သွား ယွမ်ဖန် ဆီက ပိုက်ဆံ သွားထုတ်တော့..."

ကျန်းထယ်ကျွင်းသည် စိတ်ဓာတ်ကျစွာ ပြောလိုက်၏။ "ဒီကောင်က တစ်ကယ့်ကို ကပ်စီးနည်းတယ် ။ ဂိုဏ်းချုပ် ကိုယ်တိုင် သွားရင် ပိုကောင်းမယ် ထင်တယ်"

ယွမ်သခင်လေးသည် ဂိုဏ်း၏ တာဝန်ကို လွှဲယူပြီး ကတည်းက ဂိုဏ်း၏ ငွေကြေးအသုံးပြုမှုသည် စေ့စေ့စပ်စပ် ဖြစ်သွားခဲ့၏။ ထို့ကြောင့် ဟောခန်းသခင် များပင်လျှင် ၎င်းဆီမှ သွား၍ ငွေမထုတ်ချင်ကြပေ။

အဘယ့်ကြောင့် ဆိုသော် ကျောက်ခဲကို ရေညစ်ခြင်းကပင် ယွမ်သခင်လေး ဆီမှ ငွေညစ်ခြင်းထက် လွယ်ကူနေပေ လိမ့်မည်။ ထိုကိစ္စနှင့် ပတ်သက်လျှင် ယွမ်သခင်လေးသည် နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းကတည်းကပင် ကျော်ကြားသူ တစ်ယောက် ဖြစ်လို့နေ၏။ ငွေကြေးစီမံရာတွင် နည်းနည်းလေးမှ လွဲချော်ခံသူ မဟုတ်ချေ။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ကျုပ်ပဲ သွားတော့မယ်"

ယွမ်သခင်လေး ဆီမှ စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းကို ထုတ်ယူ ပြီးချိန်တွင် ကျွင်းချောင်ရှောင်းသည် လက်မှတ်ထိုးရုံ သာမက လက်ဗွေပါ ရိုက်နှိပ်ပေးခဲ့ရသည်။

ကုန်းရှန့်သည် ချက်ချင်းပင် စိတ်ဓာတ် ကျသွားခဲ့၏။ "ချီးတဲ့မှ .. ဒါက နည်းနည်း မများလွန်းဘူးလား"

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးအား အပြစ်တော့ မဆိုခဲ့ချေ။ ဤကဲ့သို့သော စည်းကမ်းတကျ တည်ရှိနေသော ဂိုဏ်း၏ ပုံပန်းသွင်ပြင်အား ပို၍ သဘောကျနေမိ၏။ ထို့ကြောင့် ဤအတိုင်း ထားလိုက်သည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"ကောင်းပြီ"

ဂိုဏ်းချုပ်၏ သဘောတူညီမှုကို ရပြီးသည့်နောက် ယွမ်သခင်လေးသည် သွေးများပင် ဆူပွက်သွား မိခဲ့၏။ နောင်အချိန်တွင် ဂိုဏ်း၏ ငွေကြေးသုံးစွဲမှုကို ပို၍ စနစ်ကျအောင် ကြိုးစားမည်ဟု သံဓိဌာန် ချလိုက်တော့၏...။

သဘာဝ စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းကို ရရှိပြီးနောက် ကျန်းထယ်ကျွင်းသည် ရှင်းရောင်နှင့် အစီအရင် ခန်းမဆောင်ရှိ လူများအား ခေါ်ကာ အစီအရင်အား လေ့လာတော့၏။ ပြီးသည့် နောက်မှာတော့ ကြယ်ကိုးပွင့် လဖမ်းသူ အစီအရင်အား စတင် စီရင်တော့၏။

ကျွင်းချောင်ရှောင်းမှာတော့ ဆေးဝါးခန်းမသို့ သွားရောက် ကာဖြင့် အကြီးအကဲဝေအား ဆေးပင် စိုက်ပျိုးမှုကို မလှစ်ဟင်း စေရန် သွားရောက်ကာမှာကြားတော့သည်။

"ဂိုဏ်းချုပ်"

နောက်တစ်ရက်မှာပဲ နင်တုရှင်းက ပြောလိုက်၏။ "ဒီနေ့က ဂိုဏ်းရဲ့ ဂိုဏ်းသားသစ် ခေါ်ယူတဲ့ ပထမဆုံးနေ့ဆိုတော့ မှာချင်တာ ရှိသေးလား"

"လိုအပ်တဲ့ အရည်အချင်းနဲ့ ကိုက်ညီရင် ဂိုဏ်းသား အရေအတွက် ပြည့်အောင် မြန်မြန် လုပ်လိုက်တော့။ ဖြစ်နိုင်သမျှ မြန်မြန် လူအင်အား ပြည့်အောင် ခေါ်ချင်တယ်" ကျွင်းချောင်ရှောင်က ပြောလိုက်သည်

"ကောင်းပါပြီ"

နင်တုရှင်းသည် ပြောပြီးနောက် ဂိုဏ်းသားသစ် ခေါ်ယူရန် စီစဉ်စရာ ရှိသည်များကို စတင်ကာ ပြင်ဆင်တော့သည်။ သူနှင့် နင်တုစွေတို့သည် လစဉ်လတိုင်း ဂိုဏ်း၏ လူသစ် စုဆောင်းမှုကို တာဝန် ယူထားခဲ့၏။ ထို့ကြောင့် ဤ ကဲ့သို့ အခြေအနေ မျိုးနှင့် နေသားကျ နေပြီ ဖြစ်၏။

ကျန့်ရာ ၊တင်းရှင်းဝမ်နှင့် ကုန်းစွန်းဟောင်ဟိုင် စသော အခြား အဆင့်မြင့် အကြီးအကဲများသည်လည်း နေ့စဉ် နေတိုင်း ကျင့်ကြံခြင်း သို့မဟုတ် ဂိုဏ်းသားများအား သင်ကြား ပြသခြင်းကို ပြုလုပ်ကြသည်။ ၎င်းတို့ အနေဖြင့် ရှားရှားပါးပါး အားလပ်ချိန် ဟူ၍ မရှိပေ။

ဤနေရာတွင် အလုပ် အများဆုံး လူသည် လီလိုရှုပင် ဖြစ်တော့၏။ သူမသည် တည်နေရာထဲတွင် သွားလာပြီး များပြားလှသည့် သတင်း အချက်အလက် များကို မှတ်တမ်း တင်ခြင်းကို ပြုလုပ်ရ၏။

အခြားတဖက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပျင်းရိစွာဖြင့် ဂိုဏ်း၏ ဂိတ်တံခါးရှေ့ ကျောက်ခုံပေါ်တွင် လှဲလျောင်းနေ၏။

"မဆိုးဘူး မဆိုးဘူး"

သူသည် တောင်ပေါ်သု့ိ တက်လာသော လူငယ်လေးများသည် ပြုစုပျိုးထောင်ရန် ကောင်းမွန်သည့် လှသည့် မျိုးစေ့လေးများ ဖြစ်ကြောင်း သိလိုက်ရသည်။

သို့ပေမဲ့ အမှိုက်ကဲ့သို့ လူများကို ပျိုးထောင် ပေးခြင်းက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလှ၏။ သူသည် ထိုကဲ့သို့သော အရာများကို ပြုလုပ် ခဲ့ပြီးသားလည်း ဖြစ်တော့၏။ ထို့ပြင် စုရှောင်မို၊ လီဖေး၊ ရှောင်ကျီနှင့် အခြားသူများသည် အကောင်းဆုံး ဥပမာ များပင် ဖြစ်တော့၏။

ထို့ကြောင့် ဂိုဏ်းစုဆောင်းပွဲတွင် ပါရမီရှင်များထက် ဦးစားပေး၍ ခေါ်ဆောင်တတ်သည် ဆိုသော်လည်း လိုအပ်ပါ အရေအတွက် ပြည့်အောင်လည်း ခေါ်ဆောင်တတ် သေးသည်။

"ဒါ ဂိုဏ်းချုပ်ကျွင်းပဲ”

“ကောင်းကင်ဘုံ ငါသူ့ကို မြင်ဖူးပြီပဲ”

“သူက ပုံရိပ်ယောင် အစီအရင်ထဲက ထက် ပို့ပြီး ချောတာပဲ"

တောင်ပေါ်သို့ တက်လာသော လူငယ်လေးများသည် ကျောက်ထိုင်ခုံကြီးပေါ် ပျင်းတိပျင်းရွဲ့ဖြင့် ထိုင်နေသော ကျွင်းချောင်ရှောင်းအား မြင်ချိန်မှာတော့ မျက်လုံးထဲတွင် အားကိုးလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။

တော်တော်များများသည် ပြိုင်စံရှား ဂိုဏ်း၏ ဂိုဏ်းချုပ်ကြောင့် ရောက်လာခြင်း ဖြစ်၏။ ပြိုင်စံရှား ဂိုဏ်းအား ထိုကဲ့သို့ တိုးတက်အောင် ပြုလုပ်နိုင် ခြင်းသည် ဒဏ္ဍာရီ တစ်ပါးဟုပင် မှတ်ယူထားကြ၏။ ပြိုင်စံရှားဂိုဏ်းသည် လက်ရှိ အချိန်တွင် ကြယ်ကြွေကုန်းမြေ တိုက်ကြီးတွင် ကျော်ကြားလျက် ရှိ၏။ လူငယ် လူရွယ်တိုင်းသည် လစဉ်လတိုင်း ဤ နေရာသို့ လာရောက်ပြီး စာရင်းပေးသွင်းခြင်းကို ပြုလုပ်ကြ၏။

"ဒင် … ဂိုဏ်းသား အရေအတွက် - ၇၀၀၀၀ / ၇၀၀၀၀”

နောက်ဆုံး တစ်ယောက်ကို ခေါ်ယူ ပြီးနောက် စနစ်၏ မျက်နှာပြင်တွင် ဂိုဏ်းသားအရေအတွက်မှာ ပြည့်စုံသွားခဲ့၏။

"ဒင် ….. ဂိုဏ်းတာဝန် အသက်ဝင်"

ကျွင်းချောင်ရှောင်သည် ကျောက်ထိုင်ခုံမှ ထ၍ ထိုင်လိုက်ပြီး အမိန့်ပေးလိုက်သည်။ "ချင်းယန် …. ခန်းမဆောင်မှာ ပေါ်တဲ့ တာဝန်တွေကို ဂိုဏ်းရဲ့ အတွင်းစည်းနဲ့ အပြင်စည်း တပည့်တွေကို ခေါ်ပြီး လုပ်ခိုင်းလိုက်”

"ကောင်းပါပြီ"

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းသားများအား တာဝန်များလုပ်ဆောင်ရန် စေခိုင်းလိုက် တော့၏။

အစီအရင်ဟောခန်းသည် အတော်အကြာ လေ့လာပြီးချိန်တွင် ကြယ်ကိုးပွင့် လဖမ်းသူ အစီအရင်အား တည်ဆောက်ပြီး ဖြစ်နေသည်။

လဝက်ခန့် ကြာပြီးသည့် အချိန်မှာတော့ သံမဏိအရိုးတောင်နှင့် ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်း ထားနိုင်သော အစီအရင် တစ်ခုသည် ကောင်းကင်တွင် ဖြစ်တည်လာခဲ့၏။ ဤအစီအရင်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အားအင်များ ထွက်ပေါ်လျက် ရှိ၏။

ကျန်းထယ်ကျွင်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် အစီအရင်ကြီး ပြီးသွား ပါပြီ"

All Chapters