← Chapters

အခန်း (၁၁၉၉)

Vol. 81 Ch. 1199

အခန်း (၁၁၉၉)

Vol. 81 Ch. 1199

ဘုတ် …။

ဂြိုဟ်တိုက်ပွဲတည်နေရာ၏ မြေပေါ်တွင်တော့ ခေါင်း၌ ကြီးမားလှသည့် ဘုကြီးနှင့် စုရှောင်မိုသည် မြေပေါ်တွင် လဲကျလျက်ရှိနေသည်။ သူ၏မျက်လုံးများသည် ချာချာလည်လျက်ရှိပြီး ပါးစပ်မှ အမြှုပ်များပင် ထွက်လျက်ရှိသည်။ ပုံပန်းသွင်ပြင် အခြေအနေကို ကြည့်ရသည်မှာ အလွန်ဆိုးရွားလျက် ရှိနေသည်။

“..........”

တပည့်များအားလုံးသည် ခေါင်းကိုငုံ့ပြီးသည့်နောက်မှာတော့ သူတို့၏ တတိယစီနီယာအစ်ကိုအတွက် ဆုတောင်းခြင်းကိုပင် ပြုလုပ်နေကြ၏။

အလွန်တရာလှပပြီး တော်ဝင်အော်ရာများ ထွက်ပေါ်လျက် ရှိနေသည့် ဤအမျိုးသမီးသည် ဂိုဏ်းချုပ်၏ မိန်းမ ဖြစ်လို့ နေခဲ့၏။ ဤအရာသည် သူတို့ မထင်မှတ်ထားသည့် ကိစ္စပင် ဖြစ်လို့နေခဲ့သည်။

စားသောက်ခန်းထဲတွင် စားသောက်လျက် ရှိနေသော အကြီးအကဲဝေသည်လည်း ထိုအချင်းအရာကို သိမည်ဆိုပါက ကျိန်းသေပေါက် ပါးစပ်ထဲမှ အစားအစာများ ပြန်၍ ထွက်လာပေလိမ့်မည်။ ဂိုဏ်းချုပ်၏ မျှော်လင့်ချက်မဲ့လောက်အောင် အားနည်းသည့် ဖွန်ကြောင်းခြင်း စွမ်းရည်အရဆိုလျှင်တောင်မှ အလွန်တရာ လှပသည့်မိန်းမတစ်ယောက်ကို ရှာဖွေကာ လက်ထပ်ယူနိုင်စွမ်း ရှိနေသည်။ ဤအရာသည် သူ့အတွက် မထင်မှတ်ထားသည့် ကိစ္စပင် ဖြစ်ပေ၏။

“ကောင်းကင်ဘုံ”

လင်းယွမ်ရွှယ်သည် ပါးစပ်ကို အသာအုပ်ကာဖြင့် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ် ဘယ်တုန်းက မိန်းမရသွားတာလဲ”

မူဟုန်လင်သည်လည်း အံ့အားသင့်လျက် ရှိနေ၏။ ဂိုဏ်းချုပ်သည် ဂိုဏ်းကို စီမံခန့်ခွဲရာတွင်သာ အလုပ်ရှုပ်လျက် ရှိနေ၏။ အပြင်ဘက်တွင် အချစ်ရေးကိစ္စများ ရှိသည်ဆိုသည့်အကြောင်းကို သူမ တစ်ခါမှ မကြားခဲ့ဘူးချေ။ ယခု မိန်းမတစ်ယောက်သည် မည်သည့်နေရာက ခုန်ထွက်လာရသနည်း။

အမျိုးသမီးတပည့်များသည် တွေးတောလျက် ရှိနေတုန်းမှာပဲ အမျိုးသားတပည့်များသည်လည်း စဉ်းစားတွေးတောလျက် ရှိနေ၏။ ဥပမာအားဖြင့် လီဖေး၊ ထျန်ချီတို့ဖြစ်သည်။ သူတို့အားလုံးသည် တိတ်တဆိတ် ကြိတ်ကာ စဉ်းစားလိုက်မိ၏။ “ဒီမိန်းမက ဂိုဏ်းချုပ်ရဲ့မိန်းမပေါ့”

“ဂိုဏ်းချုပ်မိန်းမ ဟုတ်လို့လား။ ဒါဆိုရင် ငါတို့ ဂါရဝပြုရမှာပေါ့”

“လုပ်ပါအုံး။ အကြံပေးကြပါအုံး”

ရွှီး

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုအသာလှည့်လိုက်ပြီးသည့်နောက်မှာတော့ မိုရှန်ရှမ်းနှင့် စောနက စကားတွေ အများကြီး ပြောခဲ့သော စွမ်းအားမြင့် ကျင့်ကြံသူတို့အား လက်ညှိုးနှင့် ထိုးကာ ပြောလိုက်၏။ “ကျုပ် ကျွင်းချောင်ရှောင်းက ခင်ဗျားတို့ နှစ်ယောက်ကြောင့် ဒုက္ခရောက်ပြီ”

ဟုတ်ပေသည်။ သူနှင့် နှင်းဆီဧကရီတို့သည် လက်ထပ်ခဲ့ပြီး လင်မယားဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ ဤကိစ္စအား အဘယ်ကြောင့် လူအများ၏ရှေ့တွင် ပြောဆိုရသနည်း။

မိုရှန်ရှမ်းနှင့် စွမ်းအားမြင့်ကျင့်ကြံသူတို့၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့ကြ၏။ သူတို့သည် ရှေ့ကို ထွက်လာပြီး ဤလင်မယား ပြေလည်ရာ ပြေလည်ကြောင်း ကိစ္စရပ်များကို ဝင်ကာလျှာရှည်မိခြင်း ဖြစ်သည်။

“အားနာပါတယ်။ အားနာပါတယ်”

မိုရှန်ရှမ်းသည် နောင်တအပြည့်နှင့် ပြောလိုက်မိ၏။ “ကျုပ်က နှစ်ယောက်သား ပြန်လည်ပြေလည်သွားအောင် ပြောဆိုခဲ့ရုံ သပ်သပ်ပါပဲ။ တခြား ရည်ရွယ်ချက်တော့ မရှိပါဘူး။ ဂိုဏ်းချုပ်ကျွင်း”

သူသည် အလောတကြီး ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျွင်းအမျိုးသမီးတို့က လင်မယားတွေပဲလေ။ ဒီတော့ ပဋိပက္ခတွေ ရှိတယ်ဆိုရင် သီးသန့်လေး ရှင်းသင့်တယ် မဟုတ်လား။ ဒါနဲ့ ကျုပ်တို့က ကြားကနေ …”

ဘုန်း

ပြော၍ မပြီးခင်မှာပဲ မိုရှန်ရှမ်းသည် ပုံပန်းသွင်ပြင်အသစ်ဖြင့် ကောင်းကင်ယံထက်သို့ လွင့်စင်သွားခဲ့၏။ သူသည် ကောင်းကင်ပေါ်တွင်ရှိသော တောက်ပသော ကြယ်လေးကဲ့သို့ပင် တဖြည်းဖြည်း သေး၍သေး၍ ပျောက်ကွယ်သွားတော့၏။

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် တခြားသော ကျင့်ကြံသူကို လှမ်း၍ ကြည့်ရှုလိုက်သည်။

ထိုလူသည် တံတွေး မျိုချပြီးနောက် အလျင်အမြန် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ဆိုရိုးစကား ရှိတယ်လေ။ ကြီးတဲ့အမှုကို ငယ်စေ။ သေးတဲ့အမှုကို ပပျောက်စေ”

ဘုန်း

နောက်ထပ် တောက်ပလျက်ရှိသော ကြယ်တစ်စင်းသည် ကောင်းကင်ယံတွင် ပေါ်လာခဲ့တော့၏။ ဝင်ရောက်ကူညီသူ နှစ်ယောက်အား သတိလစ်မေ့မျောအောင် ရိုက်နှက်လိုက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “ဘာလဲ …. သွားကြတော့”

ဆွစ် ဆွစ်

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ရှိနေသော တခြားသော စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို ထုတ်ဖော်ကာဖြင့် အဝေးဆုံးသို့ပျံသန်းသွားကြတော့သည်။

ဘုတ် ဘုတ် …။

တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ စုရှောင်မိုသည် မျက်လုံးများ ချာချာလည်လျက် ရှိနေပြီး ပါးစပ်မှ အမြှုပ်များပင် ထွက်လျက် ရှိနေတော့သည်။ ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးသည်လည်း လေးနက်လျက် ရှိနေ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အားတင်းကာဖြင့် အသံပို့လွှတ်လိုက်တော့သည်။ “ဒါ တကယ် ဂိုဏ်းချုပ်ရဲ့ မိန်းမလား”

တပည့်များ အားလုံးသည် ထိုအကြောင်းအရာကို မေးမြန်းချင်မိ၏။ သို့ပေမဲ့ စုရှောင်မိုကို ဥပမာပြုပြီးသည့်နောက်မှာတော့ မည်သူမှ မမေးမြန်းရဲချေ။

ဒုတိယစီနီယာအစ်ကိုတစ်ယောက် ဖြစ်သည်မို့ သူသည် အပြင်ဘက်တွင် အလွန်တရာ တည်ငြိမ်နေသည့်ပုံ ပေါ်သော်လည်း နှလုံးသားထဲတွင်တော့ လှိုင်းထန်လျက် ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ သူမှ မမေးလျှင် မည်သူမှ မေးမည့်သူ မရှိပေ။ ထို့ကြောင့် ထုတ်ဖော်မေးမြန်းနေခြင်းပင် ဖြစ်၏။

“ယောက်ျား”

ထိုအချိန်မှာတော့ နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင့်ရဲ့တပည့်တွေက ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးမှာ ကျွန်မတို့ လက်ထပ်ခဲ့တဲ့အကြောင်းကို မသိသေးဘူးလား”

လီဖေး၊ ထျန်းချီနှင့် တခြားသူများ အားလုံးသည် နားလည်သွားမိကြ၏။ ဂိုဏ်းချုပ်သည် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးဆီသို့ ဝင်ရောက်ပြီးသည့်နောက် အရင်းအမြစ် တော်တော်များများကို ရရှိခဲ့ရုံသာမက မိန်းမကိုပါ ရရှိခဲ့သေး၏။ ယခုတလောတွင် စိတ်လွတ်သလို ဖြစ်မိနေသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။ ထို့အပြင် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို ရက်အနည်းငယ်ကြာလျှင်တစ်ခေါက် သွားနေသည် မဟုတ်ပါလား။

အမှန်ပင် ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးသို့ တစ်ကြိမ်၊ နှစ်ကြိမ် မကပင် ထပ်၍ သွားခဲ့သေးသည်။ တပည့်များသည် အဘယ်ကြောင့် သွားသည်ကိုတော့ မသိသော်လည်း သွားသည်ကိုတော့ သေသေချာချာ သိကြရ၏။ ပထမတုန်းက သူတို့သည် ထိုအချင်းအရာနှင့်ပတ်သက်၍ သေသေချာချာ စဉ်းစားခြင်းမပြုခဲ့ချေ။

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတွင် မိန်းမ တစ်ယောက်နှင့် လက်ထပ်ခဲ့သည့် အချင်းအရာကို သိရှိပြီးသည့်နောက်မှာတော့ အားလုံး၏ အတွေးများသည် အဝေးဆုံး အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ကြသည်။

“ငါတို့ ဒါကို ဖုံးကွယ်ထားလို့ မရဘူး”

စနစ်က ပြောလိုက်သည်။ “တပည့်တွေကို ဝန်ခံလိုက်တာ ပိုကောင်းမယ်။ ပြီးတော့ လက်ခံသူအနေနဲ့ မိန်းမတစ်ယောက် မပြောနဲ့ သုံးထောင်လောက် ရှိတယ်ဆိုရင်တောင်မှ သာမန်ပဲလေ။ ဘယ်သူမှ မင်းကို လာရယ်မှာ မဟုတ်ဘူး”

မိုရှန်ရှမ်းနှင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်တို့သည် လွင့်စင်အောင် တိုက်ခိုက်လိုက်သော်လည်း သူ၏ ကိုယ်ထဲတွင်ရှိနေသော နားဒုက္ခပေးတတ်သည့် စနစ်ကတော့ သူ့အား ဒုက္ခပေးလျက်ရှိနေသေး၏။

အင်း … ငါ့ရဲ့ဓားမော့ ဘယ်မှာလဲ။ ငါ့ရဲ့ ဓားမော့ ဘယ်မှာလဲ။

ကုန်းရှန့်၏ စိတ်ပိုင်းဆိုင်ရာသည် အလုံးစုံ ပြိုလဲလျက် ရှိနေ၏။ အဆုံးသတ်မှာတော့ ဒေါသတကြီး အော်ဟစ်လိုက်တော့၏။ “ဟုတ်တယ်။ ငါတို့က ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးမှာ လက်ထပ်ခဲ့ကြတယ်။ ဒါပေမဲ့ ….”

ရွှီး ရွှီး ရွှီး ….။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် အရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် ချက်ချင်းပင် ဂါရဝပြုကာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “တပည့်တွေက ဂိုဏ်းချုပ်ကတော်ကို ဂါရဝပြုပါတယ်”

ထိုအသံသည် ကြည်လင်ရှင်းလင်းလွန်းလှပြီး ကောင်းကင်ယံတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ယံဆီမှ ဘုတ်ကနဲပြုတ်ကျခဲ့သော မိုရှန်ရှမ်းသည် ထိုအသံကို ကြားရသည့်အချိန်မှာပဲ ရင်ဘတ်ကို အသာပွတ်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ပြန်ပြီးပေါင်းစည်းမိသွားပြီပဲ။ အင်း … ငါ့အနေနဲ့ ကြားသုံးကြား မဝင်ကောင်းပါဘူးဆို လျှာရှည်ပြီး ဝင်မိပြီးတော့”

စောနတုန်းက ကျွင်းချောင်ရှောင်း၏ အကြည့်များကို ပြန်လည်စဉ်းစားမိပြီးသည့်နောက် သူသည် ပခုံးကို တွန့်လိုက်မိ၏။ “ဒီလူ ငါ့ဆီလာပြီးတော့ ငွေညှစ်အုံးမလား မသိဘူး”

..................

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်ဆီသို့ ပြန်ရာလမ်းမှာတော့ တပည့်များက ဂိုဏ်းချုပ်ကတော်ကို ဂါရဝပြုပါတယ်ဆိုသော စကားသံကို ကြားရသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် ဆက်ပြောမည့်စကားများ ရပ်တန့်ကာဖြင့် သွေးပွက်ပွက် အန်မိသလိုပင် ဖြစ်သွားခဲ့သည်။

“ချီးတဲ့မှ …. ငါ ဘယ်လိုကောင်တွေကို ပြုစုပျိုးထောင်ထားခဲ့ရတာလဲ”

“မင်းတို့က ငါ့ယောက်ျားရဲ့ တပည့်တွေလား” နှင်းဆီဧကရီက ပြုံးကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်” လီချင်းယန်နှင့် တခြားသူများသည် ကျယ်လောင်စွာ ပြောဆိုလိုက်ကြ၏။

ဂိုဏ်းချုပ်၏ မိန်းမဆိုသည်မှာ ဂိုဏ်းချုပ်ကတော် ဖြစ်၏။ ထို့ကြောင့် တပည့်များအနေနှင့် လုံလောက်သည့် လေးစားမှုကို ပြသမှ ဖြစ်ပေလိမ့်မည်။ နှင်းဆီဧကရီနှင့် ကျွင်းချောင်ရှောင်း၏ တပည့်များသည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် တွေ့ဆုံခြင်းလက်ဆောင်များ ယူမလာခဲ့ချေ။ သို့ပေမဲ့ နှင်းဆီဧကရီမှာတော့ အသာလက်ကို ယမ်းခါပြီးသည့်နောက် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် တို့သည် အားလုံး၏ ရှေ့ဆီသို့ တစ်ခုချင်းစီ ရောက်ရှိသွားခဲ့ကြ၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ငါ့ယောက်ျားက မင်းတို့ကို ဒုက္ခခံမိစေပြီ။ ဒီတော့ ဒီအရင်းအမြစ်တွေ ယူလိုက်တော့”

“ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကတော်” ရှောင်ကျီ၊ လီဖေးနှင့် တခြားသောသူများသည် ဟန်ဆောင်မနေကြချေ။ ချက်ချင်းပဲ စိတ်ဝိညာဉ်ကျောက်တုံးများကိုယူ၍ သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်ကြ၏။

“သူမက တကယ်ပဲ ဂိုဏ်းချုပ်ကတော်လား။ ပြီးတော့ ရက်ရောလွန်းတယ်”

သွေးအန်တော့မလိုဖြစ်နေသော ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီတစ်ယောက် သူ၏တပည့်များအား များပြားလှသည့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးနေသည်ကိုမြင်ရသည့်အချိန်မှာတော့ နဝေတိမ်တောင် ဖြစ်လျက်ရှိ၏။ ဤစိတ်ဝိညာဉ်ကျောက်တုံးများသည် ကျယ်ပြောကုန်းမြေတိုက်ကြီးဆီမှ ငွေညှစ် ခဲ့သည်များသာ ဖြစ်၏။ သူသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ဒီမိန်းမက ကြောင်တောင်တောင်နဲ့”

စနစ်သည် ပြောလိုက်၏။ “လက်ခံသူကသာ ကြောင်တောင်တောင်လို့ထင်တာ။ သူက တပည့်တွေ အမြင်ကောင်းအောင်လို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုတောင် ထုတ်ပေးနေတာလေ။ သူ့အနေနဲ့ ဂိုဏ်းချုပ်ကတော်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားတာပဲ မဟုတ်လား”

သို့ပေမဲ့ အတည်ငြိမ်ဆုံးဖြစ်သော လီချင်းယန်သည်ပင်လျှင် စိတ်ဝိညာဉ်ကျောက်တုံးများကို ယူလိုက်သည့် အချိန်မှာတော့ လုချင်းချင်းသည် တစ်ချက်ကလေးမှ မလှုပ်ဘဲ သူမ၏အရှေ့တွင် ရှိနေသော စိတ်ဝိညာဉ် ကျောက်တုံးကို စူးစိုက်ကြည့်နေ၏။

“မင်းဘာလို့ မယူတာလဲ”

နှင်းဆီဧကရီသည် စိတ်ဝင်တစားဖြင့် လှမ်း၍ ကြည့်လိုက်၏။ ဤအမျိုးသမီးသည် အားလုံးထက်ပို၍ ထူးခြားနေသည်ကို သူမ သတိပြုမိသည်။ အသွင်အပြင်အရ ပြောရမည်ဆိုလျှင် လင်းယွမ်ရွှယ်နှင့် မူဟုန်လင်တို့သည် အလွန်တရာ လှပလှသည့် မိန်းကလေးများဖြစ်၏။ သို့ပေမဲ့ လုချင်းချင်းသည် အအေးဓာတ်ကို ကျင့်ကြံသည့် သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် အားလုံးထက် ပိုထူးခြားသည် အော်ရာမျိုး ထွက်ပေါ်လျက် ရှိသည်။

“စိတ်မဝင်စားဘူး”

လုချင်းချင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးသည့်နောက်မှာတော့ သူမ၏ရှေ့တွင်ရှိသော စိတ်ဝိညာဉ် ကျောက်တုံးကို အသာတွန်းဖယ်လိုက်တော့၏။ သူမ၏ မျက်နှာပေါ်တွင်တော့ မည်သည့်စိတ်ခံစားချက်မှ မရှိခဲ့ချေ။

နှင်းဆီဧကရီသည် တူညီစွာ ပြုံးကာ ပြောလိုက်၏။ “မင်းက တခြားသူတွေနဲ့ မတူညီတဲ့ ပုံပန်းသွင်ပြင်မျိုး ဝတ်ထားတာပဲ။ တပည့်ကော ဟုတ်ရဲ့လား။”

သူမသည် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ချစ်သူတစ်ယောက် ရှိတယ်လို့ ငါ့ယောက်ျားက ပြောထားခဲ့ဖူးတယ်။ အဲတာလား”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် မျက်လုံးပြူးသွားမိ၏။ “ကောင်းကင်ဘုံ၊ ဒါက တည့်တိုးကြီး မေးနေတာလား”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ငါ မပြောဖူးပါဘူး”

လုချင်းချင်းသည် မျက်မှောင်ကုတ်သွားမိ၏။ သူမ၏ ကြည်လင်ရှင်းလင်းနေသာ မျက်ဝန်းထဲတွင် အေးစက်သည့် အရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။

နှင်းဆီဧကရီသည် ခေါင်းကိုမော့ကာဖြင့် ဧကရီတစ်ပါးတွင် ရှိသင့်သည် အော်ရာမျိုးကို ထုတ်ဖော်လိုက်၏။ သူမ၏ မျက်လုံးထဲတွင်တော့ အပြုံးတစ်ခုက တည်ရှိနေ၏။

အမျိုးသမီးနှစ်ယောက်တို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုပြီးသည့်နောက် တည်နေရာတစ်ခုလုံး သည် ပိုမိုကာ လေးနက်သွားခဲ့သည်။

“သွားပြီ။ သွားပြီနဲ့တူတယ်”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် တုန်လှုပ်သွားမိခဲ့ကြ၏။ ဂိုဏ်းထဲတွင် အတည်ငြိမ်ဆုံး လူတစ်ယောက်ဖြစ်သည့် စုရှောင်မိုမှာ အလည်ဆုံးလူတစ်ယောက်ပင်ဖြစ်တော့၏။ သူသည် ဘာမှမသိသည့်ပုံစံမျိုးဖြင့် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေ၏။ တခြားသူများ၏ ဂိုဏ်းထဲတွင် သူလျှိုအဖြစ် အချိန်ကြာမြင့်စွာ နေထိုင်ဖူးသည့် လူတစ်ယောက် ပီသစွာပဲ ပါးစပ်မှ အမြှုပ်များထွက်ကာ ဆက်လက်၍ မေ့ချင်ယောင်ဆောင်လျှက်ရှိနေတော့၏။

All Chapters