← Chapters

အခန်း (၁၂၀၄)

Vol. 81 Ch. 1204

အခန်း (၁၂၀၄)

Vol. 81 Ch. 1204

သက်တန့်ရောင်စဉ်ကျမ်း အပိုင်းငါးကို ဖြန့်ဝေပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းတပည့်များသည် လေးလေးနက်နက် နှင့် စတင်ကာ လေ့ကျင့်ခဲ့၏။

ဤအတောအတွင်းတွင် ကျွင်းချောင်ရှောင်းသည် များပြားလှသော ဂိုဏ်းစုဆောင်း မှတ်များကို အသုံးပြုကာ သိုင်းကျင့်ကြံခြင်းနည်းစနစ် တော်တော်များများကို ဝယ်ယူခဲ့၏။ တချို့သည် အဆင့် အတန်းမြင့်မားလှပြီး တချို့သည် နိမ့်ကျလွန်းလှသည်။

သို့ပေမဲ့ သက်တန့်ရောင်စဉ်ကျမ်းသည် အားလုံးသော နည်းစနစ်များထက် ပိုမို၍ အားကောင်းလှသည်ဖြစ်သော ကြောင့် တပည့်များသည် ထိုအရာကိုသာ ဦးစားပေး ကျင့်ကြံလျက် ရှိနေကြ၏။ ထို့အပြင် ကောင်းကင်နီဓားကွက် ကဲ့သို့သော သိုင်းကျင့်ကြံခြင်း နည်းစနစ်များသည် တပည့်များ အထူးလေ့ကျင့်စရာ သိုင်းနည်းစနစ်အဖြစ် ကျန်ရှိနေသေး၏။ ထို့ကဲ့သို့သော သိုင်းနည်းစနစ်သည် သိုင်းဘုရင်နှင့် သိုင်းအုပ်စိုးသူအဆင့်များ ထုတ်ဖော်မည် ဆိုပါက ပိုမိုကြီးမားလှသည့် ထိခိုက်မှုမျိုးကို ဖန်တီးနိုင်စွမ်း ရှိနေတော့၏။ သို့ပေမဲ့ အဆင့်မြင့်မားလာသည်နှင့်အမျှ အသုံးပြုရန်ဆိုသည်မှာ အကန့်အသတ်နှင့် တည်ရှိနေခဲ့၏။

သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို အဆင့်မြင့်နှင့် အဆင့်နိမ့်ဟူ၍ ခွဲခြားထားသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည်နှင့်အမျှ အဆင့်နိမ့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို ထုတ်ဖော် အသုံးပြုနေ၍ မဖြစ်ချေ။

ကျွင်းချောင်ရှောင်း ၏ ပေါက်ကွဲလက်သီး၊ တောင်ဖြိုလက်ဝါးနှင့် တခြားသော လက်သီးနည်းစနစ်များ တော်တော်များများသည် စတိုး ဆီမှ ဝယ်ယူရရှိခဲ့သည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ အတွင်းစည်းတပည့်များ လေ့ကျင့်၍ မဖြစ်နိုင် တော့သည့် အရာမျိုးပင် ဖြစ်နေတော့သည်။

ထို့ကြောင့် ဤနေရာတွင် အစားထိုးရမည့် သိုင်းနည်းစနစ်များ လိုအပ်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် သက်တန့် ရောင်စဉ်ကျမ်း အပိုင်းငါးကို ဖြန့်ဖြူးပြီးသည့်နောက်မှာတော့ အနာဂတ် သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို ထပ်မံထားရှိရန် စတင်ကာ စဉ်းစားမိတော့သည်။ ထို့ကြောင့်ပင် သိုင်းကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ကို ဖွင့်လှစ်ပြီး သည့်နောက်မှာတော့ အဆင့်မြင့် နည်းစနစ်များကို သေသေချာချာ ရွေးချယ်လိုက်၏။

ရှန်ကွမ်းရှင်းရောင်သည် အစီအရင်များကို လေ့လာနေသည့်အချိန်တွင် ဂိုဏ်းချုပ်၏ အကြံပြုချက်အတိုင်း များပြား လှသည့် မပြည့်စုံသည့် သိုင်းနည်းစနစ်များကိုလည်း ဖန်တီးခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူမသည် တော်တော်များများကို စုဆောင်းထားပြီးပြီ ဖြစ်သောကြောင့် အရေအတွက်အရ လဲလှယ်နိုင်စွမ်း ရှိနေပြီ ဖြစ်တော့သည်။

ဤသို့နှင့်ပဲ ဂိုဏ်းထဲတွင် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံးသည် ကိုယ့်အလုပ်ကိုယ် ပြုလုပ်နေကြရ၏။ ကြက်ဖကလေးဆိုလျှင်တောင်မှ မနက်အိပ်ယာနှိုးသည့်အလုပ်ကို နေ့စဉ်နေ့တိုင်း တာဝန်ယူ ပြုလုပ်ပြီး တပည့်များ အား စိတ်ဓာတ်တက်ကြွအောင် ဖန်တီးပေးလျက် ရှိနေ၏။

“ငါ စကြဝဠာ စည်းကိုးခုလက်ဝါးကို ရွေးရမယ်”

ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင် ထဲတွင်ရှိသော သိုင်းနည်းစနစ်များကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ ရှန်ကွမ်းရှင်းရောင် ဖန်တီး ထားသော လက်ဝါးနည်းစနစ်များကို အသုံးပြု၍ လဲလှယ်လိုက်တော့၏။ သူသည် ဤလျှို့ဝှက်သိုင်းကျမ်းအား ပထမဦးဆုံးအကြိမ်ကတည်းက စတင်ကာ ဝယ်ယူချင်မိ၏။ သို့ပေမဲ့ လက်ဝါးနည်းစနစ် ကိုးရာကိုးဆယ့်ကိုးခု လိုအပ်နေသောကြောင့် ဤအရာကို ခဏဖယ်ထားရသည်။ ထို့အပြင် စာရေးသူသည်လည်း ထိုနည်းစနစ်အား မေ့လျောနေခဲ့၏။ သို့ပေမဲ့ ကိစ္စမရှိချေ။ လက်ရှိ အခြေအနေမှာတော့ ပြန်လည်သတိရသွားပြီဖြစ်၏။ ထို့ကြောင့် မဖြစ်မနေ ဝယ်ယူရတော့မည်။

.........

ဟူး ဟူး

တပည့်များနေထိုင်ရာ တောင်ထွတ်၏ လေ့ကျင့်ရေး ကွင်းပြင်ပေါ်မှာတော့ မတူညီသည့် ဓာတ်ငါးပါးသည် လေထု ထဲတွင် စုစည်းလျက် ရှိနေ၏။ ထိုဓာတ်ငါးပါးစွမ်းအင်များသည် ရီရှင်းချန်၏ လက်ချောင်းထိပ်တွင် စုဝေးနေပြီး သည့်နောက်မှာတော့ ရောင်စုံဘောလုံးလေးကဲ့သို့ ဖြစ်တည်လာ၏။

“ကြည့်လို့ကောင်းလိုက်တာ။ ဂျူနီယာညီလေးရီက တကယ့်ကို မိုက်တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ သူက သက်တန့်ရောင်စဉ်ကျမ်း အပိုင်းငါးကို နားလည်သွားပြီ။ ကျန်တဲ့အစိတ်အပိုင်းလေးခုနဲ့ တစ်ခါတည်း စုစည်းပြီး သွားပြီကိုး”

တပည့်များအားလုံးသည် အဝေးတစ်နေရာတွင် ရပ်တန့်ပြီးသည့်နောက် ၎င်းတို့၏ မျက်လုံးထဲတွင် ချီးကျူးမှု၊ မနာလိုမှုများနှင့် ပြည့်နှက်နေကြသည်။

တံခါး၏ရှေ့တွင် ထိုင်လျက်ရှိနေသော ဟယ်ဝူတီမှာမူ သန်းဝေလိုက်သည်။ သူသည်လည်း အကြွင်းအကျန် သိုင်းကျမ်းငါးခုလုံးကို စုစည်း၍ လေ့ကျင့်နိုင်ခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ သူ၏ အကျင့် သည် ထင်ထင်ပေါ်ပေါ် နေတတ်သည့်လူတစ်ယောက် မဟုတ်သောကြောင့် မသိသလိုပင် နေထိုင်နေခြင်းဖြစ်၏။

“ဂျူနီယာညီလေးဟယ်... တံခါးပိတ်တော့”

“ကောင်းပါပြီ”

ရွှီး

ထိုအချိန်မှာပဲ စွမ်းအင်များကို စုစည်းလျက်ရှိနေသော ရီရှင်းချန်သည် သူ၏လက်ကို မြှောက်လိုက်၏။ ပြီးနောက် လက်ခလယ်နှင့် လက်ညှိုးနှစ်ခုကို အဝေးတစ်နေရာဆီသို့ လှမ်းကာ ပိုင်းဖြတ်လိုက်၏။ ရောင်စုံစွမ်းအင်များသည် အပြင်ဘက်သို့ ပြေးထွက်သွားပြီးသည့်နောက်မှာတော့ ရှည်လျားသည့် အလင်းတန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲ သွား၏။

ဝုန်း

တောင်ထွတ်၏ တည်နေရာတစ်ခုသည် ချက်ချင်းပဲ ပိုင်းပြတ်သွားပြီးသည့်နောက်မှာတော့ အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။

“ဒီလောက်အဝေးကြီးကနေ လှမ်းပြီးတော့ ရိုက်နိုင်တယ်ဆိုတော့ အံ့အားသင့်စရာပဲ” တပည့်များသည် အံ့အားသင့် ရလွန်းသောကြောင့် မေးရိုးများပင် ပြုတ်ထွက်သွားခဲ့၏။

ရီရှင်းချန်သည်လည်း အလွန် အံ့အားသင့်လျက် ရှိနေသည်။ အကြွင်းအကျန်ကျမ်း ငါးခုကို နားလည်အောင် ပြုလုပ် ပြီးသည့်နောက်မှာတော့ သူသည် ကောင်းကင်နှင့် မြေကြီးထဲတွင် ရှိနေသော စွမ်းအင်အမျိုးအစားတစ်မျိုးကို နားလည်နိုင်ခဲ့တော့၏။ ဤအရာသည် အလွန်အားကောင်းလွန်းလှပြီး သာမန်စွမ်းအင်မျိုး မဟုတ်ချေ။

“စီနီယာအစ်ကိုရီ”

ဟယ်ဝူတီသည် အသံပို့လွှတ်လိုက်တော့၏။ “သက်တန့်ရောင်စဉ်ကျမ်းလို သိုင်းနည်းစနစ်တွေ အတွက်က ဒီလိုမျိုး ကျမ်းစာငါးခုကို ပေါင်းစပ်ပြီးတဲ့နောက်မှာ အရည်အသွေးအရ ပြောင်းလဲသွားတယ်ဆိုတာ သဘာဝပဲလေ။ ကျမ်းခုနှစ်ခုလုံးကိုသာ လေ့ကျင့်နိုင်မယ်ဆိုရင် တကယ့်ကို အားကောင်းလှတဲ့ နည်းစနစ်တစ်ခု ဖြစ်လာမှာပဲ”

“ငါသိပြီ”

“ဟမ့်”

ရီရှင်းချန်သည် စိတ်ထဲမှာတော့ အေးစက်စက်နှင့် ရေရွတ်လိုက်၏။ “ငါ့ကို လာပြီး ပြောနေဖို့ လိုတယ်လို့ ထင်နေတာလား”

...............

ကျမ်းစာအပိုင်းငါးကို လေ့ကျင့်ပြီးသည့်နောက် သူသည် အရှေ့လေးပိုင်းနှင့် အတူတကွ ပေါင်းစည်းလိုက်တော့၏။ ထို့ကြောင့် စွမ်းအင်များသည် သိသိသာသာပင် တိုးတက်သွားခဲ့တော့၏။

ဂိုဏ်းထဲတွင်ရှိသော တပည့်များ အားလုံးသည်လည်း ထိုအချင်းအရာကို နားလည်ပြီးသည့်နောက်မှာတော့ ကျမ်းစာအား ပိုမိုနားလည်ရန် အားစိုက်ထုတ်ကာ ကြိုးစားနေကြ၏။ ရက်အနည်းငယ် ကြာပြီးသည့်နောက် မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော တပည့်များ အားလုံးသည် ကျမ်းစာများကို တစ်ခုပြီးတစ်ခု လေ့လာနိုင်ခဲ့ကြသည်။

စမ်းသပ်မှုများကို ပြုလုပ်ပြီးသည့်နောက်မှာတော့ သူတို့သည် အလွန်တရာ ပျော်ရွှင်နေ ကြသည်။ သူတို့အားလုံး သည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေကြသူများဖြစ်၏။ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေသည် ဆိုလျှင်တောင်မှ ၎င်းတို့၏ စွမ်းအင်များသည် အကန့်အသတ်ဖြင့် တည်ရှိနေတော့၏။ ယခု ကျမ်းစာငါးခုကို ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ကြီးမားသည့် ပြောင်းလဲမှုမျိုးကို ခံစားလာခဲ့ကြရသည်။ သိုင်းကျင့်ကြံသူများ အတွက် ကိုယ်ပိုင်သိုင်းနည်းစနစ်များကို နားလည်ရခြင်းသည် အလွန်တရာ အရေးကြီးလှ၏။ လက်နက်များ၊ အသုံး အဆောင်ပစ္စည်းများ ဆိုသည်မှာ ပြင်ပအရာများသာ ဖြစ်တော့သည်။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှ ရရှိခဲ့သော အရင်းအမြစ်များ အားလုံးကို ကျွင်းချောင်ရှောင်းသည် သူ၏ တပည့် များဆီသို့ ဖြန့်ဖြူးပေးထားခဲ့၏။ ထိုလက်နက်အသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်၍ တိုက်ခိုက်မည်ဆိုလျှင် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် ၎င်းတို့အား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ ထိုအရာ များကို ချွတ်ပြီးတော့ အသုံးပြုသည့်အချိန်တွင် ကြောက်မက်ဖွယ်ရာကောင်းသော သိုင်းနည်းစနစ်များကို ထုတ်ဖော် အသုံးပြုနိုင်ရန်မှာ အလွန်တရာ အရေးကြီးလှတော့သည်။

.........

ကျွီ

တစ်နေ့မှာတော့ ရီရှင်းချန်သည် တံခါးအား ပြန်၍ ပိတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ တံခါးအား ကျောပေး ကာဖြင့် ရပ်လျက် ရှိနေတော့သည်။ သူ၏လက်ထဲတွင်တော့ စကြဝဠာစည်းကိုးခု သိုင်းနည်းစနစ်သည် တည်ရှိ နေပြီး လက်များသည်လည်း တဆတ်ဆတ်နှင့် တုန်ခါလျက် ရှိနေ၏။ ဂိုဏ်းချုပ်သည် သူ့အား သိုင်းနည်းစနစ် တစ်ခုကို ထပ်မံ၍ ပေးစွမ်းခဲ့သည်။ သူသည် လက်ရှိအခြေအနေတွင် ကြိုးကြိုးစားစား ဇွဲကောင်းကောင်းနှင့် လေ့ကျင့်နေခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ သူ၏ စိတ်နှလုံးများသည် မအေးချမ်းနိုင်ချေ။

စိတ်တည်ငြိမ်အောင် ကြိုးစားပြီးသည့်နောက် ရီရှင်းချန်သည် ကျမ်းစာ၏ ပထမစာမျက်နှာကို ဖွင့်လိုက်တော့၏။ ပထမဦးဆုံး လက်ဝါးသိုင်းကွက်သုံးခုတို့သည် တောင်များ၊ ချောင်းများကိုပင် တုန်ခါစေနိုင်သည်။ အလယ်ပိုင်း လက်ဝါးရိုက်ချက် သုံးခုသည် နေနှင့်လကိုပင် တုန်ခါနိုင်စွမ်းရှိ၏။ နောက်ဆုံးလက်ဝါးရိုက်ချက်သုံးခုသည် စကြဝဠာ တစ်ခုလုံးကိုပင် ပြောင်းပြန်လှန်နိုင်သည့်အစွမ်းရှိကြောင်းကို သိရှိရသည့်အချိန်မှာတော့ သူသည် မျက်လုံးအစုံ ပြူးသွားမိ၏။

“ဒါ တကယ်လား။ ဒါတကယ်ကြီးလား။ လေ့ကျင့်ပြီးရင် သိရမှာပေါ့”

ရီရှင်းချန်သည် စကြဝဠာစည်းကိုးခု လက်ဝါး ရိုက်ချက်အား နားလည်ရန် အလောတကြီးဖြင့် ကြိုးစားတော့သည်။ အကြမ်းဖျင်း နားလည်ပြီးသည့်နောက်မှာ တော့ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ “ဒီလက်ဝါးရိုက်ချက်က ငါအရင်က လေ့လာသင်ယူဖူးခဲ့ တဲ့ လက်ဝါးရိုက်ချက်တွေထက် အများကြီး အများကြီး နက်နဲလွန်းတာပဲ”

....................

ဘုံကိုးပါးလျှို့ဝှက်နယ်မြေသည် တပည့်များ ပိုမိုမြန်ဆန်စွာ အဆင့်ချိုးဖြတ်နိုင်ရန်အတွက် ကူညီပေးနိုင်၏။ ကောင်းကင်နှင့်မြေကြီး ထောင့်လေးခု အစီအရင်သည် တပည့်များအနေနှင့် ပူးပေါင်းတိုက်ခိုက်မှုတွင် ပိုမို အားကောင်းအောင် ကူညီပေးနိုင်စွမ်း ရှိနေ၏။ သက်တန့်ရောင်စဉ်ကျမ်းနှင့် စကြဝဠာစည်းကိုးခု လက်ဝါးရိုက်ချက် များမှာတော့ တပည့်များ၏ သိုင်းနည်းစနစ်ကို နားလည်မှု ပိုမိုကာ တိုးတက်စေခဲ့၏။ ထို့အပြင် သိုင်းနယ်မြေ တစ်ပိုင်း ဆေးလုံးကလည်း တည်ရှိနေသေး၏။ သူ့တွင် လုံလောက်သည့်ပစ္စည်းများ မရှိ၍သာ ဖော်စပ် သန့်စင်နိုင်ခြင်း မရှိခြင်းပင်ဖြစ်သည်။

“ကြယ်ကောင်းကင်ခံတပ်ဆိုတာ ဘယ်လိုနေရာမျိုးလဲ”

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ပြီး နောက် တွေးလျက်ရှိနေ၏။ သူသည် စကြဝဠာစည်းကိုးခု လက်ဝါးရိုက်ချက်ကို ဝယ်ယူရန်အတွက် ဂိုဏ်းစုဆောင်း မှတ်နှစ်သောင်းကို ထပ်မံကာ အသုံးပြုခဲ့ရသည်။

သူသည် ကြယ်ကောင်းကင်ခံတပ် အကြောင်းကို မစဉ်းစားဘဲ မနေနိုင်ချေ။ ထို့အပြင် မှောင်ခိုဈေးကွက်ဆိုသည်မှာ သူ့အား ဆွဲဆောင်လျက် ရှိနေ၏။

“ဂိုဏ်းရဲ့အဆင့် မြှင့်ပြီးသွားရင် သွားကြည့်ရမယ်” ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ကို ဆုံးဖြတ်ချက် ချလိုက်၏။ ပြီးသည့်နောက်မှာတော့ စကြဝဠာစည်းကိုးခု လက်ဝါးရိုက်ချက်ကျမ်းအား ထုတ်ယူကာဖြင့် စတင်ကာ ကျင့်ကြံတော့သည်။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ အဖြူရောင်နတ်ဆိုးသည် အသံပို့လွှတ်လိုက်တော့၏။ “နောက်ထပ် ရွက်သင်္ဘော တစ်စင်း ရောက်နေတယ်”

.............

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အပြင်ဘက် အဆုံးအစမဲ့သော စကြဝဠာထဲမှာတော့ ရှေးရွက်သင်္ဘောကြီး တစ်စင်းသည် ရုတ်တရက် ဖြည်းဖြည်းချင်း လှမ်းလာလျက် ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် သင်္ဘောကြီး၏ ပဲ့ပိုင်းတွင် မတ်တပ်ရပ်ပြီးသည့်နောက်မှာတော့ သူတို့ဆီသို့ ချဉ်းကပ်လာသော အလင်းစက်လေးတစ်ခုကို သေသေ ချာချာ ကြည့်ရှုလျက်ရှိ၏။

“ဂိုဏ်းချုပ်”

အဖြူရောင်နတ်ဆိုးက ပြောလိုက်သည်။ “အဲရွက်သင်္ဘောပေါ်မှာ ကြယ်ကောင်းကင်ခံတပ်ရဲ့ တရားရေးရာလို့ ရေးထားတယ်”

“တရားရေးရာ ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏။ “သူတို့ကိုသူတို့ တရားရေးရာတွေ ဘာတွေ လုပ်ရအောင် စကြဝဠာတစ်ခုလုံးကို ကာကွယ်နေတဲ့ ရဲအရာရှိတွေများ ထင်နေလား မသိဘူး”

ဝှစ်

သူသည် ချက်ချင်းပဲ လက်ချောင်းများကို မြှောက်လိုက်သည်။

ဝှစ် ဝှစ်

စကြဝဠာထဲတွင်ရှိနေသော ဓာတ်ငါးပါးသည် သူ၏လက်ချောင်းထိပ်တွင် လာရောက်ကာ စုဝေး၏။ ပြီးသည့် နောက်မှာတော့ ရောင်စုံစွမ်းအင်လုံးလေးအဖြစ် ဖြစ်တည်လာခဲ့၏။

ရီရှင်းချန်နှင့် ဟယ်ဝူတီတို့သည် ဂိုဏ်းထဲတွင် ထိုနည်းစနစ်ကို နားလည်နိုင်သည့်နေရာတွင် အမြန်ဆန်ဆုံး ဖြစ်နေသည်လား။ မှားသည်။ ကျွင်းချောင်ရှောင်းသည် အရင်ဦးဆုံး နားလည်သူတစ်ယောက် ဖြစ်ပေတော့သည်။ ထို့အပြင် သူစုဝေးလိုက်သည့် စွမ်းအင်လုံးလေး၏ အားအင်အဆင့်သည် ရီရှင်းချန်နှင့် ဟယ်ဝူတီတို့ထက် အဆမတန် မြင့်မားလွန်းလှ၏။ ထို့အပြင် သူသည် သိုင်းသူတော်စင်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလား။

“ညီငယ်လေး... ဘာလုပ်ချင်တာလဲ” အဖြူရောင်နတ်ဆိုးက ကြောင်သွားသည်။

အမဲရောင်နတ်ဆိုးသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ဒါက အဝေးကြီးပဲလေ။ ဘယ်လိုလုပ်ဖြစ် …..”

ဆွစ်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ လက်ချောင်းထိပ်တွင် စုဝေးလျက်ရှိနေသော စွမ်းအင်လုံးများသည် အမြှောက်ဆန်တစ်ခုကဲ့သို့ အရှေ့ဘက်ဆီသို့ လွှင့်စင်သွားခဲ့၏။ ရောင်စုံဓာတ်ငါးပါးသည် လေဟာနယ်ထဲကို ချိုးဖြတ်ပြီးသည့်နောက် ကြယ်ကောင်းကင်ခံတပ်၏ ရွက်သင်္ဘောဆီသို့ ဦးတည်သွားခဲ့သည်။

ကြယ်ကောင်းကင်ခံတပ်ဟု ရေးထိုးထားသော ရွက်သင်္ဘောဖြစ်သည်မို့ တစ်ဖက်လူများသည် စကြဝဠာလူဆိုးကြီး ငါးဦးကို လာရောက်စုံစမ်းသည့်လူများသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကုန်းရှန့်သည် ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း စကားပြောဆိုဆွေးနွေးသည့် ကိစ္စကို မလုပ်တော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ တိုက်ခိုက်ခြင်းကို ပြုမူခဲ့ခြင်းဖြစ်၏။

“အမ်”

အမဲရောင်ဝတ်စုံနှင့်လူသည် သင်္ဘော၏ထိပ်ပိုင်းတွင် မတ်တပ်ရပ်လျက် ရှိ၏။ သူသည် သူ့ဆီသို့ရောက်ရှိ လာခဲ့သော ရောင်စုံအလင်းငါးခုကို သတိပြုမိလိုက်၏။ ပထမ၌ သူသည် ကြောင်အသွား၏။ ချက်ချင်းပဲ နှာခေါင်း ရှုံ့ကာပြောလိုက်မိသည်။ “ငါတို့ ကြယ်ကောင်းကင်ခံတပ်ရဲ့ တရားရေးရာ ရွက်သင်္ဘောကြီးကို မြင်တာတောင်မှ တိုက်ခိုက်ရဲတယ်ဆိုမှတော့ တယ် သတ္တိရှိနေတာပဲ` ”

All Chapters