ရုပ်ရှင်ဆန်ဆန် လှည့်ကွက်
Vol. 5 Ch. 56
“ဆရာ..လူမှားနေပြီ ထင်ပါတယ်” တင်းမင်ဟွေ့က အံ့ဩမှင်သက်နေမိသည်။ တင်းမင်ဟွေ့နှင့် ယှဉ်ပါက ဖူးကျစ်၏ မိဘများနှင့် မုန့်ရှောင်ယန်တို့က ပိုမိုပြီး အံ့အားသင့်နေကြသည်။
ထိုရိုးရိုက်စ်ကားကို စီးလာသူက တင်းမင်ဟွေ့ကို မစ္စတာတင်းဟု ဘာကြောင့်များ ခေါ်ရတာလဲ!!!
ခေါင်းကနေ ခြေအဆုံး တင်းမင်ဟွေ့ဆင်ယင်ထားသော ပမာဏသည် ယွမ် ၂၀၀မကျော်ပေ။ သူသည် ထိုကား၏ ဒရိုင်ဘာအနေအထားလောက်တောင် မသားနားနေပေ။
သို့သော်ငြား ဒရိုင်ဘာက မုန့်ရှောင်ယန်တို့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ တင်းမင်ဟွေ့ကိုသာ စကားဆက်ပြောနေသည်။
“မစ္စတာတင်းမေ့နေတာထင်တယ်။ ဒီ နေ့လည်တုန်းမှာ ကျစ်ထန့်နည်းပညာကုမ္ပဏီနဲ့ ဆွေးနွေးရမဲ့ ပရောဂျက်တစ်ခုတယ်လေ။ ကျစ်ထန့်သူဌေးကလည်း မစ္စတာတင်းနဲ့တွေ့ဖို့ စောင့်နေတာ”
“ကျစ်ထန့်နည်းပညာကုမ္ပဏီ” မုန့်ရှောင်ယန်က သူ၏အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ပေ။ ကျစ်ထန့်ကုမ္ပဏီသည် လူမသိသူမသိလုပ်ငန်းတစ်ခုမဟုတ်ပေ။ ထိုကုမ္ပဏီက သက်တမ်းနုသေးသော်လည်း ကျန်းနန်မြို့၏ ဂိမ်းလောက တစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည်။
ကျစ်ထန့်နည်းပညာကုမ္ပဏီထဲသို့ ဝင်နိုင်ဖို့မှာ ဘွဲ့ရပြီးသူအများစု၏ အိပ်မက်ဖြစ်သည်။ သာမန်ကျောင်းဆင်းတစ်ဦးသည် သူတို့လိုချင်သောအရည်အချင်းများဖြင့် ကိုက်ညီပါက တစ်နှစ်ကို ယွမ်နှစ်သိန်းဝင်ငွေရှိသည်။ သုံးလေးနှစ်အတွင်း သန်းနှင့်ချီပြီး ရရှိသူများတောင်ရှိသည်။
သို့သော် ကျစ်ထန်ကုမ္ပဏီတွင်အလုပ်ရရန် မလွယ်ကူပေ။ တင်းမင်ဟွေ့က တစ်ခါတုန်းက အလုပ်လျှောက်ခဲ့ဖူးသော်လည်း နောက်ဆုံးအင်တာဗျူးတွင်မအောင်မြင်ခဲ့ပေ။ သူ့ရှေ့မှာထိုင်ပြီး သူ့ကို နှိမ်ပြောနေသော မုန့်ရှောင်ယန် တောင်မှ ဒီကနေ့တွင် ကျစ်ထန်ကုမ္ပဏီပိုင်ရှင်နှင့် လူချင်းတွေ့ပြီး စီးပွါးရေးကိစ္စဆွေးနွေးခဲ့သည်။
ထို့ကြောင့် မုန့်ရှောင်ယန်တစ်ယောက် မအံ့ဩပဲမနေနိုင်ပေ။
“မစ္စတာတင်း အခုသွားကြတော့မလား။ မန်နေဂျာဖန့်မှာ အရေးကြီးကိစ္စတစ်ခုပြောဖို့ရှိလောက်မယ်” ဟု ဒရိုင်ဘာက စကားဆက်သည်။
“မန်နေဂျာဖန့် “
ထိုမျိုးရိုးနာမည်ကိုကြားလိုက်ရပြီးနောက်တွင် ဤကိစ္စများကို ဖန့်ကြွယ်ယွီ စီစဉ်တာဆိုတာ သူချက်ချင်းသဘောပေါက်လိုက်သည်။
လွန်ခဲ့သောနှစ်ရက်က သူ့ဆီကို ဖန့်ကြွယ်ယွီကဖုန်းဆက်ခဲ့သည်။ သူ့ကို ဖူးကျစ်နှင့်အတူချိန်းဆိုသည့်နေရာကိုသွားရောက်ရန်နှင့် အားလုံးစီစဉ်ထားပြီးပြီမို့ စိတ်ချလက်ချနေပါဟု မှာခဲ့သည်။
သူပြောတဲ့ စီစဉ်ထားတယ်ဆိုတာ ဒါများလား!!!
သို့သော် ဒါက ဘာအတွက်လဲ! ဒီအရာတစ်ခုမှ သူမပိုင်ပေ။ ဖန့်ကြွယ်ယွီက ကြိုတင်စီစဉ်ထားပါစေဦးတော့ ဘာမှ မထူးခြားပေ။ ဖူးကျစ်မိဘများနှင့် မုန့်ရှောင်ယန်တို့ကို ကြွားဝါချင်ရုံသပ်သပ်ဖြင့်ဆိုပါက ဘာမှ အဓိပ္ပါယ်မရှိပေ။
ဤကုမ္ပဏီက မည်သူပိုင်လဲဆိုတာ စစ်ကြည့်ပါက အကုန်ပေါ်သွားလိမ့်မည်။
“ဪ ဒါနဲ့ မန်နေဂျာဖန့်က မှာလိုက်ပါသေးတယ်။ မစ္စတာတင်းရဲ့ ယောက္ခမတွေနဲ့ ဒီနေ့မှာ တွေ့ဆုံနေမှာဆိုတော့ တစ်လက်စတည်း မစ္စဖူးကျစ်နဲ့ သူ့မိဘတွေပါ ခေါ်လာခဲ့ဖို့ပြောပါတယ်။ တွေ့ဆုံပြီးတဲ့နောက်မှာ မစ္စတာတင်းကိစ္စတွေကို ဆွေးနွေးမယ်ဆိုလည်း နောက်မကျသေးပါဘူးတဲ့”
“ဒါက…” တင်းမင်ဟွေ့က ဖူးကျစ်နှစ့် တခြားသူများဘက်ကိုကြည့်လိုက်သည်။ ဖူးကျစ်က ဖြစ်ပျက်နေသောအရာများကို နားမလည်သည့်ပုံပြသည်။ သူမ၏မိဘများ၏ အမူအရာများက ပိုပြီး ထူးဆန်းနေသေးသည်။
တင်းမင်ဟွေ့မိဘတွေက အလုပ်သမားတွေမလား!
ဘွဲ့တောင်မရဘူးလေ!
ဘွဲ့မရသေးသောကျောင်းသားလေးများ စုပေါင်းတည်ထောင်ထားသော သက်တမ်းနုသေးသည့် ကုမ္ပဏီက ဒီအနေအထားကိုရောက်နေပြီလား!!
“မဟုတ်ဘူး..လိုက်ပြီးကြည့်ရမယ်” ဖူးကျစ်၏ မိဘများက ဆုံးဖြတ်ချက်ချသည်။ ဒါသာအမှန်ဆိုပါက တင်းမင်ဟွေ့က မုန့်ရှောင်ယန်ထက် ဆယ်ဆသာသည်။
“ရပါတယ်..ကျွန်မတို့အတူသွားကြတာပေါ့။ သားလေးတင်းရဲ့ အလုပ်ကိစ္စက ပိုအရေးကြီးပါတယ်။ ကိစ္စမရှိပါဘူး အဆင်ပြေတယ်”
တင်းမင်ဟွေ့အပေါ်ဆက်ဆံသည့် ဝမ့်ယန်၏လေသံက ချက်ချင်းပျော့ပြောင်းလာသည်။
ဖူးကျစ်က နေရခက်သည့်ပုံပေါက်နေသည်။ သူမမိဘများက သူ့အတွက်တွေးတောပေးသည်မှာမှန်သော်လည်း အခွင့်အရေးသမားများပီပီ ပြုမူနေသဖြင့် ဖူးကျစ်ရှက်လာမိသည်။
“ဟုတ်ပါပြီ..ဒါဆို သုံးယောက်အတူတူသွားကြမယ်။ ဒါနဲ့ ဒီဘက်က လူကြီးမင်းက….မစ္စဖူးရဲ့ အကိုလား” ဒရိုင်ဘာက မုန့်ရှောင်ယန်ကိုကြည့်ပြီးပြောသည်။
“မင်း….ထားပါလေ။ ငါက သူ့သူငယ်ချင်းပါ။ မင်းတို့နဲ့အတူတူလိုက်ပြီး ကုမ္ပဏီကိုလိုက်ကြည့်ချင်တယ်။ အဆင်ပြေမလား”
တင်းမင်းဟွေ့က ထိုမျှလောက် အစွမ်းအစရှိတယ်ဆိုတာ သူမယုံနိုင်ပေ။
ဆင်းရဲချင်ယောင်ဆောင်ပြီး ဒီနေရာကို ဘယ်လိုမျိုးရောက်လာမည်နည်း!
အရမ်းချမ်းသာပေမဲ့ ဆင်းရဲချင်ယောင် တမင်ဟန်ဆောင်ထားတာလား!.
“မစ္စတာတင်း” ဒရိုင်ဘာက မုန့်ရှောင်ယန်ကို ခေါ်သွားလို့ အဆင်ပြေမပြေဆိုတာ တင်းမင်ဟွေ့အား မျက်နှာရိပ်မျက်နှာကဲပြပြီးမေးသည်။
“ဪ အတူတူသွားကြတာပေါ့။ အဆင်ပြေပါတယ် လိုက်ခဲ့ပါ” တင်းမင်ဟွေ့က ထိုကဲ့သို့ ပြောပြီးနောက်မှ နောင်တရနေမိသည်။
ဖန့်ကြွယ်ယွီက ဒရိုင်ဘာပဲ စီစဉ်ပေးပြီး ကုမ္ပဏီမှာ ဘာများဆက်ဖြစ်မှာလဲ!!
“ဒါပေမဲ့ လူကြီးမင်းခင်ဗျာ..မစ္စတာတင်းကားမှာ ထိုင်ခုံငါးခုံပဲပါတာဆိုတော့ လူကြီးမင်းက…”
“ရပါတယ်..ကျွန်တော့်မှာကားပါတယ်” စားပွဲပေါ်က ကားသော့ကိုကောက်ယူပြီး အိတ်ကပ်ထဲထည့်သည်။
သူ၏ ဘီအမ်ဒဗလျူကားက ရိုးရိုက်စ်နှင့် ယှဉ်လျှင် မနိမ့်ပေ။
သူတို့က ဘာမှ အများကြီး မစားလိုက်သော်လည်း ဗိုက်မဆာပေ။ အစားအစာလာချကတည်းက ငွေပေးချေပြီးသားမို့သူတို့ စားသောက်ဆိုင်ထဲက ထွက်လာခဲ့သည်။
“ငါတို့ ဒီကားကိုစီးကြမှာပေါ့” ဖူးကျစ်က ကားပေါ်မတက်ခင် တွေဝေနေသည်။
“တက်ပါ အချစ်ရဲ့” တင်းမင်ဟွေ့က ဖူးကျစ်၏ ခေါင်းကိုပုတ်ပြီးပြောသည်။
“အချစ်နဲ့ အန်တီနဲ့ဦးလေးက အနောက်မှာထိုင်လေနော်။ စိတ်မပူပါနဲ့ ဘာပဲဖြစ်လာလာ ကိုယ်ရှိပါတယ်”
“ဟုတ်ပါပြီ”
ဖူးချန်ဟုန်နှင့် ဝမ့်ယန်တို့၏ ဘဝမှာ ဒီလိုဇိမ်ခံကားမျိုးတစ်ခါမှ မစီးဖူးပေ။ ဇိမ်ခံကား၏ ခမ်းနားလှသောအရှိန်အဝါအောက်တွင် ဝမ်ယန့်တို့ သိမ်ငယ်သွားမိသည်။
“သားလေးတင်း..ဒီကားဝယ်ဖို့ ပိုက်ဆံအများကြီးကုန်မှာပေါ့နော်” ဝမ့်ယန်က သိချင်ဇောဖြင့်မေးသည်။
“အာ..ကုမ္ပဏီရဲ့ အခြားဌာနတွေက ဒီကိစ္စတွေစီမံတာပါ။ ကျွန်တော်က ဂိမ်းတီထွင်မှုနဲ့ လုံခြုံရေးအပိုင်းကို တာဝန်ယူထားတာပါ” သူက ကားတန်ဖိုးကို အတိအတျမသိသဖြင့် လှည့်ပတ်ပြောဆိုခဲ့သည်။
“ဆရာက မစ္စဖူ အဖေလားခင်ဗျာ” ဒရိုင်ဘာက သူတို့စကားဝိုင်းထဲဝင်လာသည်။
“မစ္စတာတင်းက ကုမ္ပဏီရဲ့ ဖွံ့ဖြိုးရေးအပိုင်းတွေနဲ့ လုံခြုံရေးဌာနအတွက် တာဝန်ယူထားတာမို့ ဒီကိစ္စတွေကို မသိတာပါ။ ကျွန်တော်ရှင်းပြပါရစေ”
“ဒီလိုကားမျိုးကအခွန်အပါအဝင် ယွမ်၁၂သန်းကျော်တန်ပါတယ်။ မစ္စတာတင်းသုံးဖို့အတွက် ကုမ္ပဏီက ဒီနှစ်မှာ ဝယ်ပေးခဲ့တာပါ”
“ဟမ်” ဝမ့်ယန်နှင့် ဖူးချန်ဟုန်တို့ထံမှ အာမေဍိတ်သံများအစီအရီထွက်ပေါ်လာသည်။ ထိုပမာဏသည် သူတို့တစ်ဘဝလုံး ကြိုးစားပြီးရှာဖွေထားသော ပမာဏထက်များသည်ဟု ဆိုနိုင်သည်။
“တစ်ခုခုတော့လွဲနေပြီ” ဟု ဝမ့်ယန်တွေးမိသည်။ အကယ်၍တင်းမင်ဟွေ့က ကုမ္ပဏီကြီးတစ်ခု၏ အထွေထွေမန်နေဂျာဆိုပါက အဘယ်ကြောင့် ထိုကဲ့သို့ သိမ်ငယ်သောပုံစံမျိုးနှင့် သူတို့ရှေ့ရောက်လာမည်နည်း။
သူသာ ထိုအနေအထားဆိုပါက ဖူးကျစ်နှင့် လက်ထပ်ချင်စိတ်ရှိခဲ့လျှင် သူတို့ဆီ ရိုးရိုက်စ်ကားကြီး မောင်းပြီး လာရမည်မဟုတ်လား။
သူတို့နောက်ဆုံးအကြိမ်တွေ့ကြတုန်းက တင်းမင်ဟွေ့နှင့် ဖူးကျစ်တို့က တက္ကစီနှင့် ပြန်သွားကြခြင်းဖြစ်သည်။
“ဒါတွေအကုန်သရုပ်ဆောင်နေတာများလား..ဆင်းရဲချင်ယောင်ဆောင်ပြီး ငါတို့ကိုလာစမ်းသပ်တာလား”
ဝမ့်ယန်တို့ ဇနီးမောင်နှံနှစ်ဦးလည်း အတွေးဝင်္ကပါထဲ မျောနေကြသည်။
ဖူးကျစ်လည်း ဒီအကြောင်းအရာများကို မသိသေးပုံပေါက်သည်။
သို့သော် ဘယ်တစ်ခုမှ ကြိုတင်စီစဉ်ထားပုံမရပေ။ရိုးရိုက်စ်ကားကိုငှါးလျှင်တောင်မှ ပိုက်ဆံများစွာကုန်ကျလိမ့်မည်။
“ဒါကဘယ်လိုဖြစ်တာလဲ”
နောက်မှလိုက်လာသော မုန့်ရှောင်ယန်လည်း ဝေခွဲမရဖြစ်နေတော့သည်။ သူ့အတွက် အဆင်ပြေခါနီးမှ ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်လာရနည်း။
“မဖြစ်နိုင်ဘူး။ ဒါတွေအားလုံးက အတုအယောင်တွေဖြစ်ရမယ်။ကုမ္ပဏီရောက်တာနဲ့ မင်းဘယ်လိုဟန်ဆောင်နိုင်မလဲဆိုတာ တစ်ချက်ကြည့်ကြသေးတာပေါ့ကွာ” ဟု မုန့်ရှောင်ယန် တွေးမိသည်။