မိုးကြိုးကုမ္ပဏီလိမိတက်
Vol. 5 Ch. 57
တင်းမင်ဟွေ့က မူးလဲကျမတတ်စိတ်လှုပ်ရှားနေချိန်မှာပဲ နောက်ဆုံးတွင် ကားရပ်ခဲ့သည်။ ထိုကုမ္ပဏီသည် ကျန်းနန်မြို့လယ်ခေါင်မှာတည်ရှိသော အဆင်မြင့်စက်မှုဧရိယာအတွင်းမှာ တည်ရှိသည်။ ထိုဧရိယာအတွင်းတွင် နာမည်ကြီးကုမ္ပဏီပေါင်းများစွာတည်ထောင်ထားသည်။ ထို့ကြောင့် ပြိုင်ဆိုင်မှုလည်း အလွန်ပြင်းထန်သည်ဟု ဆိုနိုင်သည်။
ထိုနေရာမှာရှိနေသော ကုမ္ပဏီအများစုသည် အခြေခိုင်သောကုမ္ပဏီများ သို့ တော်ရုံလဲမပြိုနိုင်သော ကုမ္ပဏီများဖြစ်ကြသည်။သို့တည်းမဟုတ်ပါက ရပ်တည်နိုင်ဖို့အရေး ကြိုးစားရုန်းကန်နိုင်သော အင်အားကြီး ကုမ္ပဏီအသစ်လေးများဖြစ်ကြသည်။
တင်းမင်းဟွေ့၏ ဂိမ်းကုမ္ပဏီကဘာကြောင့် ဒီနေရာမှာရှိနေတာလဲ!!
ကားသည် အထပ်မြင့်အဆောက်အဦးတစ်ခုရှေ့တွင် ရပ်ခဲ့သည်။ ထိုအဆောက်အဦသည် ထိပ်သီးဂိမ်းကုမ္ပဏီဖြစ်သော NetEase Thunderfire ကုမ္ပဏီလောက်တော့ မခမ်းနားပေမဲ့ အဆောက်အဦတည်ဆောက်ထားပုံကိုကြည့်ခြင်းအားဖြင့် သာမန်ဒီဇိုင်းအဖွဲ့က တည်ဆောက်ထားခြင်းမဟုတ်တာ သိနိုင်ပါသည်။
ထိုကဲ့သို့ အဆင့်အတန်းမြင့် အဆောက်အဦတစ်ခု၏ ဆောက်လုပ်ရေးကုန်ကျစရိတ်တစ်ခုတည်းနှင့်ပင် သန်းပေါင်းများစွာရှိနိုင်သည်။
ကောလိပ်ကျောင်းသားများအဖွဲ့က ထိုပမာဏကို ဘယ်လိုမျိုး ပေးချေနိုင်မည်နည်း။
“မစ္စတာတင်း..ကျွန်တော် ကားရပ်ဖို့နေရာလိုက်ရှာလိုက်ဦးမယ်။ မစ္စတာဖန့်က ဧည့်တွေ့ဆောင်မှာ စောင့်နေပါတယ်။ သွားလိုက်ပါဦးမယ်ဗျ” ဒရိုင်ဘာက နှုတ်ဆက်ပြီးနောက် မြေအောက်ကားပါကင်ဆီသို့ကားမောင်းဝင်သွားခဲ့သည်။
“ဒါက…ဘယ်လို” တင်းမင်ဟွေ့က အားကိုးရာမဲ့နေသလို ခံစားနေရသည်။ သူက ဘယ်ကိုသွားလို့သွားရမှန်းမသိပေ။
ဤအဆင့်မြင့်ကုမ္ပဏီဆီသို့ သူ၏ သူငယ်ချင်းများနှင့် တစ်ခေါက်ရောက်ခဲ့ဖူးသည်။ ဤအဆောက်အဦသည် လဲ့ယွင်ကုမ္ပဏီ၏ ရုံးချုပ်ဖြစ်သည်။
ဤကုမ္ပဏီသည် ထိပ်သီးကုမ္ပဏီတစ်ခုမဟုတ်သော်လည်း လုပ်ငန်းက PCဂိမ်းမှ မိုဘိုင်းဂိမ်းထိ ကျယ်ပြန့်သည်။ ထို့ကြောင့် လစဉ်ဝင်ငွေသည် ဘီလီယံနှင့်ချီပြီးရှိသည်။
ဟွာရှားတွင် နာမည်အကြီးဆုံး မိုဘိုင်းဂိမ်းသည် တစ်လဝင်ငွေ ၂၀ဘီလီယံရှိသည်။ ဤကုမ္ပဏီက ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားပြီး လုပ်ဆောင်မှုအရည်အသွေးလည်း တိုးတက်မှုမြန်ဆန်သဖြင့် အနာဂတ်တွင် ပိုမိုများပြားသောဝင်ငွေနှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာများစွာပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။
သို့သော် သူက ဘယ်အချိန်ကများ ဤကုမ္ပဏီ၏ အထွေထွေမန်နေဂျာတစ်ဦးဖြစ်ခဲ့သနည်း။
ဖန့်ကြွယ်ယွီက စိတ်ရှိတိုင်းလုပ်ဆောင်နိုင်သော ပါဝါရှိသော်လည်း ကုမ္ပဏီတစ်ခုလုံးကို သူ့ဇာတ်လမ်းတွင် ပါဝင်ပေးရန် လုပ်ဆောင်နိုင်ပါ့မလား
“သားလေးတင်း မြန်မြန် အထဲဝင်ကြစို့လေ”
ဝမ့်ယန်က စိတ်မရှည်တော့ပေ။ သူတို့ဘဝမှာ ဤမျှခမ်းနားသောကုမ္ပဏီထဲကိုပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။
“သားလေးတင်း..ဒါက တကယ်မင်းကုမ္ပဏီလား” ဖူးချန်ဟုန်က ယခုထိမယုံနိုင်သေးပေ။
“ဟုတ်တယ် ညီလေးတင်း ငါတို့ကိုအထဲခေါ်ပါဦး” မုန့်ရှောင်ယန်က အဆောက်အဦရှေ့မှာ မလှုပ်မယှက်ရပ်နေတာကို မြင်ရသောအခါ တင်းမင်ဟွေ့က ပိုပြီး သံသယဝင်လာသည်။
“ဘာလို့ ဘယ်မှမသွားတာလဲ။ အဲ့ဒရိုင်ဘာနဲ့ ပေါင်းပြီး အန်တီတို့ အန်ကယ်တို့ကို လိမ်ဖို့ ကြံစည်ထားတာမလား။ ငါအဲ့တာကြောင့် မင်းကိုသံသယဝင်နေတာ”
ထိုစကားကိုကြားပြီး တင်းမင်ဟွေ့တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ
ဖြစ်လာတော့သည်။
သူ့လို စတုတ္ထနှစ်ကျောင်းသားတစ်ဦးက ဤကုမ္ပဏီကြီး၏ အထွေထွေမန်နေဂျာတစ်ဦးအသွင် ဘယ်လိုလုပ်ပြီး ပြောင်းလဲနိုင်မည်နည်း။
သူက အထဲကိုဝင်သွားသည်နှင့် အမှန်တရားက ပေါ်လာတော့မည်။
“အထဲဝင်ကြမယ်လေ” ဖူးကျစ်က သူ၏ လက်ကိုတွဲပြီး အထဲကိုဝင်သွားသည်။
“ကို့ကို ဖန့်ကြွယ်ယွီက အားလုံးစီစဉ်ထားတယ်လို့ ပြောထားတယ်မလား။ တကယ်ရော ပြောထားတဲ့အတိုင်း လုပ်ထားပါ့မလား”
“အင်း” တင်းမင်ဟွေ့က ခေါင်းညိမ့်ပြသည်။
သူက ကျားနောက်ကျောပေါ်တက်ခဲ့ပြီမို့ ပြန်ဆင်းလို့ မရတော့ပေ။
သူသာ အထဲကိုမသွားပါက သူ၏ လုပ်ကြံဇာတ်လမ်းကို ရိပ်မိပြီး အခြေအနေပိုဆိုးဝါးလာလိမ့်မည်။
“မင်္ဂလာပါ မစ္စတာတင်း” လုံခြုံရေးဝန်ထမ်းနှစ်ဦးက အရိုအသေပြုကာ တံခါးဖွင့်ပေးသည်။
ထိုသို့ နှုတ်ဆက်တာကိုမြင်ရသဖြင့် တင်းမင်ဟွေ့ အံ့အားသင့်မိသည်။
လုံခြုံရေးဝန်ထမ်းများက သူ့ကိုသိနေကြတာလား!! သူက ဤကုမ္ပဏီ၏ အတွင်းပိုင်းကို သေချာပေါက် တစ်ခါမှမရောက်ဖူးပေ။ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ!!
သူကတွေေဝေနေစဉ်မှာပင် လူငယ်ဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး တလေးတစား နှုတ်ဆက်သည်။ ကုမ္ပဏီတစ်ခုလုံးက သူ့ကို သိနေသလို ခံစားရသည်။
အားလုံး၏အကြည့်ထဲတွင် အံ့ဩခြင်းနှင့် ထိတ်လန့်ခြင်း အရိပ်အယောင်များမြင်နေရသည်။
“ဒီမှာဘာတွေဖြစ်နေတာလဲ” တင်းမင်ဟွေ့က သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်ပြီး ကုမ္ပဏီ၏ ဧည့်ကြိုနေရာကို လျှောက်လှမ်းလာသည်။
ထိုနေရာတွင် ကုမ္ပဏီလိုင်စင်နှင့် အသိအမှတ်ပြုလက်မှတ်များစွာ ခင်းကျင်းပြသထားသည်။
“မိုးကြိုးကုမ္ပဏီလိမိတက်.. တရားဝင်ကိုယ်စားလှယ် တင်းမင်ဟွေ့”
တင်းမင်ဟွေ့က ထိုအရာကိုမြင်သောအခါ သူ၏ ခေါင်းကို တစ်ယောက်ယောက်က တူနှင့်ထုရိုက်လိုက်သလို ချာချာလည်သွားတော့သည်။
သူက ဒီကုမ္ပဏီရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်နေတာလား !
ဆန်းကြယ်လိုက်တာ!
“ဒါက တရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီပဲ” မုန့်ရှောင်ယန်လည်း ဇဝေဇဝါဖြစ်သွားသည်။ ကုမ္ပဏီ၏ တရားဝင်စာရင်းသွင်းခြင်းအဆင့်နှင့် အကျိုးတူပူးပေါင်းမည့်ရင်းနှီးမြှုပ်နှံငွေရှာဖွေခြင်း အဆင့်များသည် ခက်ခဲကြမ်းတမ်းလှသည်။
သာမန်ကုမ္ပဏီများအဖို့ ထိုအဆင့်များအတွက် ပုံမှန်အားဖြင့် ဆယ်နှစ်လောက် အချိန်ယူရသည်။
တင်းမင်ဟွေ့က အသက်ဘယ်လောက်ပဲရှိသေးတာလဲ!
သူက ကောလိပ်စတက်တက်ချင်းမှာ စီးပွါးရေးလုပ်ငန်းလုပ်ခဲ့တာလား!
ကုမ္ပဏီတည်ထောင်ခြင်းမှ စာရင်းဝင်တဲ့အထိ သုံးနှစ်သာအချိန်ယူခဲ့သည်မှာ အံ့ဩဖွယ်ကောင်းပေသည်။
“မဖြစ်နိုင်တာ နာမည်တူမရှားလူတူမရှားလေ။ နာမည်တူတဲ့လူတစ်ယောက်ဖြစ်မှာပါ” မုန့်ရှောင်ယန်က အခုထိ မယုံနိုင်ပေ။ သို့သော် လိုင်စင်ထဲက ပုံက မြင်လိုက်ရသောအခါ သူဆွံ့အသွားမိသည်။
ထိုလူသည် တင်းမင်ဟွေ့နှင့် တစ်ထေရာတည်းဖြစ်သည်။ ထိုဓာတ်ပုံက သိပ်မကြာခင်ကမှ ရိုက်ထားဟန်တူသည်။
“သားလေးတင်း တကယ်ပဲ မင်းကုမ္ပဏီကိုး” ဖူးချန်ဟုံက အံ့အားသင့်မိသည်။
“တကယ်တော့ ကျွန်တော်တစ်ယောက်ထဲ ပိုင်တာမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အတူတူတည်ထောင်ခဲ့တာပါ” တင်းမင်ဟွေ့က ဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။
ထိုကုမ္ပဏီနာမည်သည် သူတို့သိပ်မကြာခင်ကမှ မှတ်ပုံတင်ထားသော နာမည်ဖြစ်သည်။
သို့သော် ကုမ္ပဏီက တည်ထောင်ထားတာမကြာသေးပေ။ ဘယ်လိုလုပ်ပြီး စာရင်းဝင်ကုမ္ပဏီဖြစ်သွားရသနည်း။
လုပ်ငန်းလိုင်စင်နှင့် ဝန်ထမ်းစာရင်းအများစုက မိုးကြိုးကုမ္ပဏီနာမည်အောက်မှာ ရှိနေသည်။ မိုးကြိုးကုမ္ပဏီ၏ အုပ်ချုပ်သူများတွင် ဖန့်ကြွယ်ယွီ၊ ဖူးကျွင်း နှင့် ချန်ခိုင်တို့၏ နာမည်များကို စာရင်းသွင်းထားသည်။
ကြည့်ရတာ ကုမ္ပဏီနေရာက ဤဂိမ်းကုမ္ပဏီအဆောက်အဦထဲ ရွှေ့ပြောင်းခဲ့ပုံရသည်။
“ဘယ်လိုမျိုးစီမံခဲ့ပါလိမ့်”ဟု တင်းမင်ဟွေ့ တွေးနေမိသည်။
ရုံးဝတ်စုံဝတ်ဆင်ထားသော ကိုယ်ရေးအရာရှိတစ်ဦးက သူတို့ဆီ လျှောက်လာသည်။
“မစ္စတာတင်း .. ဒါက ဒီလရဲ့ ဝင်ငွေစာရင်းပါ။ လွန်ခဲ့တဲ့ခြေက်လကမှ စပြီး ထုတ်လွှင့်ခဲ့တဲ့ မိုဘိုင်းဂိမ်းက ဒီလမှာ ဝင်ငွေ ၁.၂ဘီလီယံထိ ဝင်ငွေရှိခဲ့ပါတယ်။ ဒါပေမဲ့ PCဂိမ်းဘက်ကတော့ နည်းနည်းတိုးတက်လာပါပြီ။ မိုးကြိုးကမ္ဘာဘက်က ၈၃၀ဘီလီယံ နဲ့ ဆန်းကြယ်မြို့တော်အိပ်မက်ဘက်က ၂၅၀ မီလီယံဝင်ခဲ့ပါတယ်”
ထိုဝန်ထမ်းပြောသောပမာဏကိုကြားရတိုင်း ဖူးကျစ်၏ မိဘများနှင့် မုန့်ရှောင်ယန်က ကြက်သီးမွေးညင်းများထလာသည်။ ကိန်းဂဏန်းများ အားလုံးပေါင်းပါက ၂၀ဘီလီယံဝင်ငွေရှိသည်။ ဝင်ငွေတစ်ခုတည်းဖြစ်သော်လည်း ထိုကုမ္ပဏီ၏ စွမ်းဆောင်ရည်နှင့်အလားအလာများ သိသာထင်ရှားနေသည်။
ဒီလူငယ်လေးများက အချိန်ခဏလေးအတွင်းမှာ ကုမ္ပဏီတစ်ခုကို ဒီအနေအထားထိရောက်အောင် မည်ကဲ့သို့ စွမ်းဆောင်ခဲ့သနည်း။
ဖူးကျစ်၏ မိဘများက တင်းမင်ဟွေ့အား သားမက်လေးတစ်ဦးသဖွယ် ကြင်ကြင်နာနာကြည့်ကြသည်။
“မန်နေဂျာဖန့် ဘယ်မှာလဲ” ဟု တင်းမင်ဟွေ့ကမေးသည်။
“မန်နေဂျာဖန့်က အစည်းအဝေးခန်းမထဲမှာစောင့်နေပါတယ်။ ကုမ္ပဏီကို ဆရာရောက်တာနဲ့ သူ့ဆီချက်ချင်းခေါ်လာဖို့ မှာထားပါတယ်ရှင့်။ တစ်ဖက်ကုမ္ပဏီက သူဌေးလည်းရောက်နေပါပြီရှင့်”
“သူတို့ကိုရောဘယ်လိုလုပ်မလဲ”
“စိတ်မပူပါနဲ့” ကိုယ်ရေးအရာရှိက ဧည့်ကြိုကောင်တာက ဝန်ထမ်းကို အချက်ပြသည်။
“ရှောင်းရှု ဧည့်သည်တွေကို သေချာဧည့်ခံထားလိုက်ဦး”
“ဟုတ်ကဲ့ အမချူး စိတ်ချပါရှင့်”
“ဒါဆို ကိုယ်သွားလိုက်ဦးမယ်” ဟု တင်းမင်ဟွေ့က ဖူးကျစ်ကိုပြောသည်။
ဘာတွေဖြစ်ပျက်နေလဲဆိုတာ သူသိချင်နေပြီဖြစ်သည်။
“ဒင်” ဓာတ်လှေကားတံခါးပွင့်ပြီး ကိုယ်ရေးအရာရှိက သူ့အား ရုံးခန်းတစ်ခုဆီခေါ်သွားသည်။
“မစ္စတာတင်း..မန်နေဂျာဖန့်နဲ့ အခြားလူတွေက အထဲမှာစောင့်နေပါတယ်ရှင့်။ လုပ်စရာလေးတွေရှိနေသေးလို့ သွားခွင့်ပြုပါဦး”
“ဪ ဟုတ်ပါပြီ။ သွားပါ ရပါတယ်” တင်းမင်ဟွေ့က တံခါးကို ဖွင့်လိုက်သည်။
သူဌေးကရှိနေမှာလား!
အစည်းအဝေးခန်းထဲတွင် လူသုံးဦးသာရှိနေသည်။ ဖန့်ကြွယ်ယွီ၊ ဖူးကျွင်း နှင့် ချန်ခိုင်တို့ဖြစ်ကြသည်။သူတို့က ဆိုဖာပေါ်ထိုင်ရင်း သူ့ကို ပြုံးပြီးကြည့်နေကြသည်။
ချန်ခိုင်က ကော်ဖီခွက်ကိုမြှောက်ပြရင်း “ ဟျောင့်ရေ နေ့တွင်းချင်းကုမ္ပဏီကြီးတစ်ခုကို ပိုင်ဖို့ ဘယ်လိုမှော်အတတ်တွေများသုံးခဲ့တာလဲ”ဟုမေးသည်။