ငါဝယ်ခဲ့တာ
Vol. 5 Ch. 58
“ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်လောက်တော့ ရှင်းပြကြပါဦးကွ” သူ၏ သူငယ်ချင်းအရင်းကြီးများကိုမြင်လိုက်ရသောအခါ တင်းမင်ဟွေ့သည် တောက်လျှောက်မေးချင်ခဲ့သော မေးခွန်းများကို မအောင့်အည်းနိုင်ဘဲ မေးလိုက်တော့သည်။
ရိုးရိုက်စ်ကားနှင့် ဒရိုင်ဘာမှသည် ဤ ကုမ္ပဏီအထိ သူ့မှာ အတွေးပေါင်းစုံနှင့် ချာချာလည်နေခဲ့သည်။ သူသာမသိခဲ့ပါက ဒီကုမ္ပဏီက သူပိုင်ဆိုင်သည့်အရာဟု ထင်ချင်ထင်မိလိမ့်မည်။
“ငါ့တို့ကိုမကြည့်နဲ့ သူ့ကိုမေးကြည့်” ချန်ခိုင်က ဒဲ့တိုးပြောဆိုသည်။
“ငါတို့လည်း ဘာမှ မသိဘူးကွ။ မင်းနဲ့ ဖူးကျစ်တို့ စားသောက်ဆိုင်ကိုသွားတော့မှ သိခဲ့ရတာ”
“မင်းယောက္ခမကြီးတွေရဲ့မျက်နှာ အခုဘယ်လိုဖြစ်နေမလဲဆိုတာ သိချင်လိုက်တာကွာ။ အို..ဒါနဲ့ ဟိုကောင် မုန့်ရှောင်ယန်ရော ဘယ်လိုဖြစ်နေမလဲမသိ။ ဒီကောင်က အားလုံးပြည့်စုံနေရဲ့သားနဲ့ ကြာကူလီဖြစ်နေတာလေးတစ်ခုပဲ” ဟု ဖူးကျွင်းက စိတ်ဆိုးမာန်ဆိုးပြောသည်။
“ခဏလေး မင်းတို့လည်း သိနေကြတာလား။ မဟုတ်မှလွဲရော မင်းတို့လည်း ဆိုင်မှာရှိနေကြတာလား” သူတို့ပြောတာကိုနားထောင်ကြည့်ပြီး သူတို့က ဆိုင်အတွင်းမှာဖြစ်ပျက်သမျှကို အစအဆုံးသိနေပုံပေါ်သည်။
“ဒါပေါ့ သိတာပေါ့ကွ” ဟု ချန်ခိုင်က မဆိုင်းမတွပြန်ဖြေသည်။ “အဲ့ဆိုင်က ဖန့်ကြွယ်ယွီပိုင်တာလေကွာ။ ငါတို့က cctv ကနေထိုင်ကြည့်နေတော့ အကုန်မြင်နေရတယ်”
ချန်ခိုင်က ဟူးခနဲလေမှုတ်ထုတ်ပြီး “မုန့်ရှောင်ယန်က မင်းကိုအခက်တွေ့အောင်လုပ်တာပဲ။ ဒါပေမဲ့ မင်းယောက္ခမတွေကလည်း မမိုက်ပါဘူး။ သူတို့ကလည်း…”
သူဆက်ပြောလျှင် တင်းမင်ဟွေ့ပိုမိုပြီး စိတ်တိုလာမည်ကိုစိုးရိမ်ပြီး ချန်ခိုင်က ရပ်လိုက်သည်။
တကယ်တော့ ဖူးကျစ်၏ မိဘများက ဘယ်လိုလူမျိုးလဲဆိုတာ တင်းမင်ဟွေ့ အသိဆုံးဖြစ်သည်။ ခက်ခဲကြမ်းတမ်းသောဘဝကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ရဖူးသဖြင့် သူတို့မှာ မကောင်းမြင်စိတ်တချို့ ရှိနေခြင်းဖြစ်သည်။
သို့သော် သူက ဖူးကျစ်ကိုလက်ထပ်လိုခြင်းဖြစ်သည်။ သူမ၏ မိဘများနှင့် ဘဝတစ်ခုထူထောင်မည်မဟုတ်ပေ။
ယခုခေတ်မိဘများတွင် ထိုကဲ့သို့ ဂုဏ်မမက်သောသူ ဘယ်နှဦးများရှိနိုင်မည်နည်း။ အနည်းဆုံးတော့ သူတို့၏ သမီးက လူကောင်းသူကောင်းနှင့် လက်ထပ်ပြီး သာယာသောမိသားစုဘဝကိုတည်ထောင်နိုင်ရန် မိဘများက မျှော်လင့်ကြသည်မှာ မဆန်းပေ။
ထိုအချက်ကိုတွေးမိတော့ တင်းမင်ဟွေ့က သူတို့ကို မမုန်းတီးတော့ပေ။
“ဒီကုမ္ပဏီက ဘယ်လိုဖြစ်ရတာလဲ ငါ့ကောင်ကြီး။ ဒါက လဲ့ယွင်နည်းပညာကုမ္ပဏီ မဟုတ်လား။ ဘာလို့ မိုးကြိုးကုမ္ပဏီလိုင်စင်က ဒီနေရာမှာရှိနေရတာလဲ။ အပြင်ဘက်က ကုမ္ပဏီလိုဂိုတောင်မှ မိုးကြိုးအမှတ်အသား ပြောင်းထားတယ်”
“ငါက ဒီကုမ္ပဏီတစ်ခုလုံးကိုဝယ်ခဲ့တာလေ” ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
“ဒါကြောင့်မို့ မင်းတွေ့ကြုံခဲ့ရတာတွေက တစ်ခုမှ လုပ်ဇာတ်တွေမဟုတ်ဘူး။ မင်းက အခုဆိုဒီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဖြစ်ပြီ”
“ဘယ်လို” တင်းမင်ဟွေ့က ဆိုဖာပေါ်ကို ပစ်လဲကျသွားသည်။
သူက ထိုကဲ့သို့တွေးထားမိသော်လည်းလက်တွေ့မှာ ကြားလိုက်ရသောအခါ စကားတောင် ပြန်မပြောနိုင်တော့ပေ။
ဤကုမ္ပဏီသည် ယွမ်ဘီလီယံပေါင်းများစွာတန်ကြေးရှိသော အများပိုင် ကုမ္ပဏီတစ်ခုဖြစ်သည်။ ထိုကုမ္ပဏီမျိုးကို ဖန့်ကြွယ်ယွီက ဘယ်လိုလုပ်ပြီး ဝယ်ယူနိုင်ခဲ့သနည်း။
ထို့ပြင် ဤကုမ္ပဏီ၏ ရှယ်ယာများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လူပေါင်းများစွာက ပိုင်ဆိုင်ကြသည်။ ရက်အနည်းငယ်အတွင်းမှာ သူကဘယ်လိုလုပ်ပြီး ရှယ်ယာများအားလုံးကို ဝယ်နိုင်ခဲ့သနည်း။
သူ့မှာ ဝယ်နိုင်သောအနေအထားနှင့် ငွေကြေးရှိနေပါဦးတော့ ထိုလူများအားလုံးက တညီတညာထဲရောင်းစေရန် မည်ကဲ့သို့ စီမံခဲ့သနည်း။
ဖန့်ကြွယ်ယွီအတွက်တော့ ဤအရာသည် ခဲရာခဲဆစ်ကိစ္စတော့မဟုတ်ပေ။ လဲ့ယွင်ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးသည် စုစုပေါင်း ယွမ် ၈၀ ဘီလီယံရှိသည်။ ရှယ်ယာများက ပျံ့ကြဲနေသော်လည်း သူ၏ လုပ်ငန်းများက ကမ္ဘာအနှံ့မှာရှိနေသဖြင့် ဝယ်ယူရန်မခဲယဉ်းပေ။ သူပိုင်ဆိုင်သမျှ အရာအားလုံးနှင့်ဆို တခဏအတွင်း ကမ္ဘာ့စီးပွါးရေးကို ကမောက်ကမဖြစ်အောင်လုပ်နိုင်သည်။
ရှယ်ယာများဝယ်ယူခြင်းက သူ့အတွက် မခက်ခဲပေ။
ဖန့်ကြွယ်ယွီက နှစ်ရက်အတွင်း ထိုရှယ်ယာများကို ဝယ်ယူနိုင်ခဲ့သည်။ တစ်ဦးတည်းပိုင်ဆိုင်သော ရှယ်ယာများရှိနေသဖြင့် သူက ရှယ်ယာစုစုပေါင်း၏ ၉၇% ကျော်ကို ဝယ်ယူနိုင်ခဲ့သည်။
ချက်ချင်းဆိုသလို ရှယ်ယာတချို့ကို တင်းမင်ဟွေ့နှင့် အခြားသူငယ်ချင်းနှစ်ဦးထံရွှေ့ပြောင်းပြီးနောက် မိုးကြိုးကုမ္ပဏီနှင့် သက်ဆိုင်သမျှကို ရွှေ့ပြောင်းနိုင်ခဲ့သည်။
ပိုက်ဆံပေးလျှင် စာရွက်စာတမ်းကိစ္စများက အမြန်ရရန် မခဲယဉ်းပေ။
ယခုတော့ လဲ့ယွင် နည်းပညာကုမ္ပဏီအဆောက်အဦ၊ ဝန်ထမ်းများနှင့် ပိုင်ဆိုင်မှုများအားလုံးသည် မိုးကြိုးကုမ္ပဏီ၏ လက်အောက်ကို ကျရောက်ခဲ့သည်။
ကျန်သည့်ကိစ္စရပ်များဖြစ်သော ကုမ္ပဏီလိုဂိုပြောင်းခြင်း၊ ဝန်ထမ်းများပြောင်းလဲဖွဲ့သည်းခြင်းစသည့်အရာများက လွယ်ကူလှပေသည်။
ဝန်ထမ်းများက တင်းမင်ဟွေ့ကိုနာမည်သာကြားဖူးပြီး လူကိုယ်တိုင်မမြင်ဖူးကြပေ။ ထို့ကြောင့် သူတို့သူဌေး၏ စိတ်နေစိတ်ထားကိုလည်း သေချာမသိသေးပေ။ သူတို့သာတစ်ခုခုချွတ်ချော်မှားယွင်းပါက အလုပ်ထုတ်ခံရမည်ကိုလည်း စိုးရိမ်ကြသည်။
ထို့ကြောင့်တင်းမင်ဟွေ့ကိုမြင်သောအခါ အလန့်တကြားဖြစ်နေကြခြင်းဖြစ်သည်။
“ငါမင်းတို့သုံးယောက်ကို တစ်ယောက် ၁၀% စီ ရှယ်ယာပေးထားတယ်။ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်ဟောင်းတွေကိုလည်း လစာကောင်းကောင်းပေးပြီး ခေါ်ထားပေးတယ်။ မင်းတို့ သေချာကြိုးကြိုးစားစားလေ့လာကြပေါ့ကွာ။ မင်တို့ ကုမ္ပဏီ ဒေဝါလီခံရအောင်တော့ မလုပ်ရဲဖူးမလား”
ဟု ဖန့်ကြွယ်ယွီက ပြောသည်။
“ငါ့ကောင်ရာ..မင်းဘာတွေလုပ်နေတာလဲ” တင်းမင်ဟွေ့၏ စိတ်ထဲဝမ်းနည်းလာပြီး မျက်လုံးများနီရဲတက်လာသည်။ သူတို့လေးယောက်လုံးက ညီအကိုရင်းသဖွယ် ခင်မင်ခဲ့ကြသော်လည်း ဖန့်ကြွယ်ယွီက သူ့ကိစ္စအဆင်ပြေဖို့ရာ ယွမ်ဘီလီယံနှင့် ချီပြီး အသုံးပြုပေးခဲ့သည်။
မည်သူကများ ဖန့်ကြွယ်ယွီလို ကူညီပေးနိုင်မည်နည်း။
“ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့” တင်းမင်ဟွေ့က စိတ်ပျော့သည့်လူဆိုတာ ဖန့်ကြွယ်ယွီသိသည်။
“ မင်းမှတ်မိလား။ ဒုတိယနှစ်တက်တုန်းကလေ ငါ အစာအိမ်အူအတက်ပေါက်တာ မင်းမှတ်မိလား။ ဒီကောင်နှစ်ကောင်က ဂိမ်းထိုင်ဆော့နေတာ။ မင်းကပဲ ငါ့ကိုကုန်းပိုးပြီး ဆေးရုံအရေးပေါ်ခန်းကို ခေါ်သွားခဲ့တာ။ မင်းကယ်လို့ပေါ့။ မဟုတ်ရင် ငါသေနေလောက်ပြီ။ ငါ ဒီနေရာမှာ ရှိနေနိုင်တာ မင်းကျေးဇူးတွေကြောင့်ပါ”
ဖန့်ကြွယ်ယွီက အစာအိမ်ရောဂါလည်းရှိသလို အစာအိမ်အူအတက်ပေါက်ဖူးသည်။ ထိုနေ့ကသာ အချိန်မီမရောက်လာခဲ့ပါက သူ့အသက်အန္တရာယ်စိုးရိမ်ရပေသည်။ နာရီပေါင်းများစွာခွဲစိတ်ကုသခံယူပြီးမှသာ သူသက်သာလာခဲ့သည်။
ထို့ကြောင့် တင်းမင်ဟွေ့က သူ၏ အသက်သခင်ကျေးဇူးရှင်ဟု ဆိုနိုင်မည်။
“ဘာပြောတယ်။ မင်းအတိတ်မေ့နေတာလား။ မင်းကိုနေ့တိုင်းဆေးရုံစောင့်ပေးတာ ဘယ်သူတွေလဲ။ ပြန်ပြောစမ်းပါဦး”
“အဲ့တာကြောင့် ငါမင်းတို့ကိုရှယ်ယာတွေခွဲပေးတာပေါ့ကွာ ဟားဟားဟား” ဖန့်ကြွယ်ယွီက ပြန်ပြီးစနောက်သည်။
ဖန့်ကြွယ်ယွီက သူတို့တစ်ဦးချင်းစီအား ကိုယ်ပိုင်လုပ်ငန်းတစ်ခုစီ တည်ထောင်ပေးချင်ခဲ့သည်။ သို့သော် တင်းမင်ဟွေ့၏ကိစ္စပြီးသည့်နောက် သူတို့သုံးယောက်ပေါင်းပြီး လုပ်ငန်းတစ်ခုစတင်ပေးရန် ဆုံးဖြတ်ခဲ့သည်။
သူတို့က အခြားစွန့်ဦးတီထွင်လုပ်ငန်းရှင်များကဲ့သို့ အခက်အခဲများစွာ မကြုံရသော်လည်း သူတို့သင်ယူရန် များစွာရှိနေသေးသည်။
“ငါမင်းတို့ကို အကြံပေးပုဂ္ဂိုလ်တွေ နည်းပြဆရာတွေနဲ့ တွေ့ဖို့ စီစဉ်ထားပေးတယ်။ မင်းတို့ အမြန်ဆုံးတွေ့ပြီး လေ့လာသင်ယူကြလေ။ ပြီးတော့ ငါစိုက်ထားတဲ့ ပိုက်ဆံတွေပြန်ရှာပေးဦး။ အမြတ်တွေအများကြီး ပြန်ဝင်ဖို့ စောင့်နေတယ်” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။
သူ၏ ပိုင်ဆိုင်မှုစာရင်းကို ပြန်မစစ်ကြည့်ရသေးပေ။ ပြောရမည်ဆို ယွမ် ၈၀ ဘီလီယံမျှ သုံးလိုက်ပြီဖြစ်သဖြင့် ဒေါ်လာဘီလီယံ ၅၀၀ထဲမှ အနည်းငယ်လျော့နေလောက်မည်။
သို့သော် ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၅၀၀က တစ်ပြားမှ မလျော့နေပေ။
ဒီလောက်အများကြီးသုံးပြီးတာတောင်မှ ဘာကြောင့်တပြားမှ မလျော့ရတာလဲ!!
“ရှောင်းရီ..ဘယ်လိုဖြစ်တာလဲ။ ဘာလို့ ပိုက်ဆံက တပြားမှမလျော့တာလဲ”
“ပိုင်ရှင်..စိတ်ရှည်ရှည်ထားပါ။ ငါလည်း ဘာမှမလုပ်ရပါဘူး”
“ဒါဆို ဘာတွေဖြစ်နေတာလဲ ရှင်းပြဦး။ ငါ သုံးတဲ့ ပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲ။ ဘာလို့ တစ်ပြားမှ မလျော့ရတာလဲ”
“ဒါ ငါ့အပြစ်မှမဟုတ်တာ။ မစ္စကျွမ်းရီက ဒေါ်လာ ဘီလီယံ ၅၀၀ထဲကနေမှ ရှယ်ယာတွေကို ဝယ်တာမှ မဟုတ်တာ။ ပိုင်ရှင်ရဲ့ နာမည်ပေါက် ကုမ္ပဏီတွေ အဖွဲ့အစည်းတွေကိုသုံးပြီး ဝယ်တာမို့ ပိုက်ဆံက တစ်ပြားမှ မလျော့တာ”
“သေစမ်းကွာ” ထို့ကဲ့သို့ ဝယ်လို့ရမှန်း သူမသိခဲ့ပေ။
“စဉ်းစားကြည့်လေ။ ပိုက်ဆံနဲ့သာဝယ်မယ်ဆို ရှယ်ယာရှင်တွေက အသာတကြည်ရောင်းပါ့မလား။ သူတို့က ပိုင်ရှင်ရဲ့ ကုမ္ပဏီတွေဆီကနေ အကျိုးအမြတ်ပိုရနိုင်လို့ ရောင်းတာလေ”
“မင်းပြောတဲ့ပုံအရဆို ငါ့ပိုက်ဆံတွေက ဘာမှအသုံးမဝင်ဘူးပေါ့”
“မဟုတ်ပါဘူး။ အဲ့ပိုက်ဆံတွေက တိုက်ရိုက်ရင်းနှီးမြှုပ်နှံတာ မဟုတ်ဘူးပေါ့။ ဆိုပါစို့ မိုးကြိုးကုမ္ပဏီက ပိုက်ဆံဝင်လာမယ်ဆို ကုန်ကျစရိတ်တွေကိုပြန်ကာမိမှာပဲလေ။ ပိုင်ရှင်ရဲ့ပိုင်ဆိုင်မှုတွေက ဆက်ပြီးများလာမှာပဲ။ပိုင်ရှင်က စီးပွါးရေး အမြင်တော့ရှိသားပဲ”
“….”
ဖန့်ကြွယ်ယွီတစ်ယောက် ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူ့မှာပိုက်ဆံအများကြီးရှိနေသည်။ ပိုက်ဆံများတဖြည်းဖြည်းတိုးလာသလို သူထိုပိုက်ဆံများကို အသုံးပြုချင်သည်။
ပိုက်ဆံကုန်အောင် သုံးရတာဘာကြောင့် ဒီလောက်တောင် ခက်ခဲရသနည်း။