← Chapters

မြှောက်ပင့်ပြောဆိုခြင်း

Vol. 5 Ch. 59

မြှောက်ပင့်ပြောဆိုခြင်း

Vol. 5 Ch. 59

သူတို့လေးဦးက ရယ်ရယ်မောမောနှင့် စကားစမြည်ပြောနေချိန်တွင် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည်။

“မစ္စတာဖန့်ပြောထားတဲ့အတိုင်း ကုမ္ပဏီရဲ့ အုပ်ချုပ်မှုအဖွဲ့ ရောက်နေပါပြီ။ အထဲကိုဝင်ခိုင်းလိုက်ရမလားရှင်” ကိုယ်ရေးအရာရှိဝန်ထမ်းဖြစ်သူက အပြင်ဘက်က လှမ်းမေးသည်။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဥက္ကဌနေရာအပြောင်းအလဲသတင်းကိုကြားရပြီးနောက် ဝန်ထမ်းနေရာကို ထိပ်သီးနေရာမှ အောက်ခြေအဆင့်အထိ အပြောင်းအလဲလုပ်မည်ကို စိုးရိမ်ကြသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံလည်း မည်သို့မည်ပုံပြောင်းလဲမလဲဆိုတာကိုလည်းသိချင်နေကြသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့ကလည်း အသက်ငယ်ငယ်တက္ကသိုလ်ကျောင်းသားများအဖွဲ့ဖြစ်သည်ဆိုသော သတင်းကိုကြားမိကြသည်။

“ဘာတုန်းဟ” သူတို့သုံးဦးလုံးက ဖန့်ကြွယ်ယွီကို လှမ်းကြည့်ကြသည်။

“ဪ ကုမ္ပဏီအုပ်ချုပ်မှုအဖွဲ့ကိုခေါ်ထားတာပါ။ ငါက ဒီကုမ္ပဏီကို ဝယ်လိုက်တာမို့ ကုမ္ပဏီကိုသေချာလေး လည်ပတ်နိုင်ဖို့လိုတယ်လေ။ ဒါမှမဟုတ်ရင် ပိုက်ဆံကိုအလဟသဖြုန်းသလိုဖြစ်နေမှာပေါ့။ ကဲ သူတို့နဲ့ အရင်ဆုံးတွေ့လိုက်ကြတာပေါ့” ဖန့်ကြွယ်ယွီက အစည်းအဝေးခန်းမတံခါးကိုဖွင့်ပြီး ထိုလူများကို ခရီးဦးကြိုပြုသည်။

ကုမ္ပဏီ၏ အုပ်ချုပ်မှုအဖွဲ့တွင် နာမည်ကြီးပုဂ္ဂိုလ်များပါဝင်သည်။ ထိုလူများက အဖွဲ့လိုက်တန်းစီရပ်နေပြီး ကျောင်းသားများအဖွဲ့ကို တလေးတစား အရိုအသေပြုကြသည်။ သူတို့၏ အပြုအမူများက ထိုကျောင်းသားများကို စိတ်ပျက်သွားစေမည်မလားဟု စိုးရိမ်မိကြသည်။

ဘွဲ့တောင်မရသေးသော ကျောင်းသားလေးများက ကုမ္ပဏီရှယ်ယာများအားလုံးကို မည်ကဲ့သို့ ဝယ်ယူခဲ့နိုင်တာလဲဆိုတာနှင့် ပတ်သက်ပြီး မတွေးတတ်နိုင်အောင်ဖြစ်ကြသည်။ ဒါရိုက်တာအဖွဲ့လည်း ထိုသတင်းကို ကြားပြီးနောက် ညတွင်းချင်းမှာပင် ထိုကောင်လေး လေးဦး၏လက်ထဲကို ကုမ္ပဏီကိုအပ်ခဲ့ရသည်။

သူတို့၏ စိတ်ထဲမှာတော့ ထိုကျောင်းသား လေးဦးသည် စီးပွါးရေးလုပ်ငန်းရှင်လေးဦး၏ အမွေဆက်ခံသူများဟု တွေးထင်မိကြသည်။ သို့သော် ပိုက်ဆံပမာဏများစွာကို သုံးစွဲနိုင်ခြင်းက ပိုပြီးအံ့ဩဖွယ်ကောင်းလှသည်။

“ကျေးဇူးပြုပြီး ထိုင်ကြပါခင်ဗျာ..သက်တောင့်သက်သာနေကြပါ” ဖန့်ကြွယ်ယွီက စကားစပြောသည်။

“ဆရာတို့အများစုက ဒီကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့သူတွေပါ။ ဒီကနေ့မှာ အားလုံးနဲ့ ဆုံချင်တဲ့အတွက်ကြောင့် ခေါ်လိုက်ရခြင်းဖြစ်ပါတယ်။ ကုမ္ပဏီဖွဲ့စည်းပုံအများစုကတော့ အရင်အတိုင်းပဲဆက်ရှိနေမှာဖြစ်တာမို့ စိတ်ချလက်ချနေကြပါ”

ဖန့်ကြွယ်ယွီက ထိုသို့ပြောမှသာ အားလုံးက စိတ်သက်သာရာရသွားသည်။

ဖန့်ကြွယ်ယွီက ဥက္ကဌထိုင်ခုံတွင် ထိုင်ပြီး ချန်ခိုင်နှင့် အခြားသူနှစ်ဦးက သူ၏ ဘေးနားမှာထိုင်နေကြသည်။

“ကျွန်တော့်ကိုကျွန်တော် အရင်ဦးဆုံး မိတ်ဆက်ပါရစေ။ ကျွန်တော်က ဖန့်ကြွယ်ယွီ ပါ။ ကျန်းနန်တက္ကသိုလ်ကနေ မကြာခင်မှာဘွဲ့ရတော့မှာပါ။ လက်ရှိမှာတော့ ဒီကုမ္ပဏီရဲ့ ဥက္ကဌနေရာမှာ တာဝန်ယူထားပါတယ်။ ကုမ္ပဏီရှယ်ယာ ၆၅% လောက်ကိုပိုင်ဆိုင်ထားတာမို့ ပြောရမယ်ဆို ဒီကုမ္ပဏီက ကျွန်တော့်အပိုင်ပဲဆိုပါစို့”

“ဒီဘက်က လူသုံးဦးကတော့ ကျွန်တော့်သူငယ်ချင်းတွေပါ။ သူတို့တစ်ဦးချင်းစီက ကုမ္ပဏီရှယ်ယာ ၁၀%ကိုပိုင်ဆိုင်ပါတယ်။ အခု ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်က ကျွန်တော်တို့လေးဦးပါ”

ဖန့်ကြွယ်ယွီ၏ ဒဲ့တိုးပြောစကားများက အုပ်ချုပ်မှုအဖွဲ့ကို အံ့အားသင့်စေသည်။ ယခင်တုန်းက ဒါရိုက်တာအဖွဲ့ဝင်များစွာရှိသောဤကုမ္ပဏီရှယ်ယာများ၏ ၉၅% လောက်သည် ထိုလူငယ်လေးဦး၏လက်ထဲတွင်ရှိနေသည်။

ယခင်က လူများအားလုံးပိုင်ဆိုင်သော ရှယ်ယာအားလုံးကို စုပေါင်းလိုက်ပါက ၅% လောက်တောင်မရှိတော့ပေ။ ထို့ကြောင့် ဤကုမ္ပဏီကိုသူတို့က ပိုင်ဆိုင်သည်ဟု ဆိုခြင်းက မမှားပေ။

“ကျွန်တော်တို့ရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း သိချင်နေကြမယ်ထင်ပါတယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်က ကုမ္ပဏီကိစ္စတွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေက ဂိမ်းလောကမှာ စီးပွါးရေးတစ်ခုလုပ်ချင်တာမို့ ဒီကုမ္ပဏီကို ကျွန်တော်ဝယ်ခဲ့တာပါ။ ကုမ္ပဏီကိစ္စတွေကို ကျွန်တော်စိတ်မဝင်စားပါဘူး။ ဆုံးဖြတ်ချက်ချရမဲ့ကိစ္စတစ်ချို့မှာသာ ကျွန်တော်ဝင်ပါမှာပါ။ ဒါကြောင့်မို့ ကျွန်တော်မရှိပေမဲ့ ကျွန်တော့်သူငယ်ချင်းသုံးဦးက ဒီကုမ္ပဏီရဲ့ပိုင်ရှင်တွေဖြစ်ပါတယ်”

“သူက နာမည်ခံပိုင်ရှင်ဖြစ်ချင်တာပေါ့”

အုပ်ချုပ်မှုအဖွဲ့ကလူကြီးမင်းများက ဖန့်ကြွယ်ယွီကို တအံ့တဩ လှမ်းကြည့်ကြသည်။ သူ၏ ပြောစကားများအရဆို သူတို့၏ ဥက္ကဌအသစ်က သူငယ်ချင်းများကို ကူညီချင်သောကြောင့် ကုမ္ပဏီရှယ်ယာများကိုဝယ်ခဲ့ခြင်းဆိုသည့်အပေါ် အံ့ဩမှင်သက်ကြသည်။

ဒါက ခုခေတ်သူဌေးသားသမီးတွေ ပိုက်ဆံဖြုန်းတဲ့နည်းလမ်းလား။

သူတို့ငယ်ငယ်တုန်းက အဲ့လိုသူငယ်ချင်းမျိုး ဘာကြောင့် မတွေ့ခဲ့ရသလဲ။

“ဒါပေမဲ့ စိတ်ချပါ။ ကျွန်တော်တို့က အလုပ်ကို ပြီးစလွယ်လုပ်ကြမှာမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်း သုံးဦးမှာ လုပ်ငန်းလုပ်တဲ့ အတွေ့အကြုံမရှိဘူးဆိုပေမဲ့ ဆရာတို့အားလုံးက ဝိုင်းပြီး ကူညီပေးကြမယ်ဆိုလျှင် သူတို့လည်း ကုမ္ပဏီ လုပ်ငန်းတွေနဲ့ အမြန်ဆုံး ရင်းနှီးကျွမ်းဝင်လာကြမှာပါ”

“စိတ်ချပါ။ ဥက္ကဌ ကျုပ်တို့အားလုံးက ကုမ္ပဏီစတည်ထောင်ကတည်းက ဒီမှာရှိခဲ့ကြသူတွေပါ။ ဒါရိုက်တာ သုံးဦးကို ကုမ္ပဏီလုပ်ငန်းတွေနဲ့ အမြန်ဆုံး အသားကျအောင် ကူညီပေးပါ့မယ်” ဟု အုပ်ချုပ်မှုအဖွဲ့ဝင်တစ်ဦးကဆိုသည်။

“အင်း” ဖန့်ကြွယ်ယွီက စိတ်ကျေနပ်သွားသည်။

“ကုမ္ပဏီက အပြောင်းအလဲများစွာဖြစ်သွားတာမို့ ဥက္ကဌဖြစ်တဲ့ ကျွန်တော်က မတွန့်တိုတတ်ပါဘူး။ နောက်လကစပြီး အောက်ခြေကနေ ထိပ်ပိုင်းဝန်ထမ်းတွေအထိ လစာ ၂၀% တိုးပေးပါ့မယ်”

ချက်ချင်းဆိုသလို အုပ်ချုပ်မှုအဖွဲ့ဝင်များက ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ထိုပမာဏသည် နည်းနည်းနောနောမဟုတ်ပေ။ လစာမလောက်ဘူးဟု အမြဲညီးတွားနေသူများအဖို့ အဆင်ပြေချောင်လည်လာတော့မည်။

ထိုအခွင့်အရေးက ရှားပါးလှသည်။ အုပ်ချုပ်မှုအဖွဲ့၏ လစာသည်လည်း သောင်းဂဏန်း သို့ သိန်းနှင့် ချီပြီး များပြားလာတော့မည်။

“ဒါတင်မကသေးဘူး။ ကုမ္ပဏီမှာဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ဦးမှာပါ။ ဆရာတို့မှာ ကုမ္ပဏီအကျိုးအမြတ်ရမဲ့ အကြံကောင်း ဒါမှမဟုတ် ထုတ်ကုန်ကောင်းတစ်ခုရှိနေတယ်ဆို အကြံပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အတွက် ဘောနပ်စ်က နှစ်ဆတိုးပေးမှာပါ။ ပိုက်ဆံအတွက် မပူပါနဲ့။ ဘယ်လောက်ပဲကုန်ကုန် ကျွန်တော်တတ်နိုင်ပါတယ်”

ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးနှင့်အမြန်ဆုံး ပိုက်ဆံဖြုန်းခြင်းဆိုတာ ဖန့်ကြွယ်ယွီ သိလာရသည်။ လှူဒါန်းခြင်းမှလွဲပြီး ကျန်အသုံးစရိတ်များသည် ထိုမစ်ရှင်အတွက် ထည့်စဉ်းစားနိုင်သည်။

ယခင်တုန်းက သူ၏ဘဝသည် စိတ်ကူးယဉ်ပုံဖော်ခြင်းများနှင့် အမြင်များကို ဘောင်ခတ်ထားသည်။

ယခုအခါ သူ၏အနေအထားနှင့်ဆို ကမ္ဘာအသစ်တစ်ခုလုံးက သူ၏ ရှေ့မှောက်မှာရှိနေသည်။

သို့သော် ဖန့်ကြွယ်ယွီသည် ပိုက်ဆံကို လက်လွတ်စပယ် မသုံးပေ။ ရင်းနှီးမြှုပ်နှံမယ်ဆိုလျှင်တောင်မှ ထိုရင်းနှီးမြှပ်နှံမှုမှာ အလားအလာကောင်းရှိ/မရှိဆိုတာ အရင်ဆုံးလေ့လာမည်။ သို့သော် အလုံးစုံအောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းကို သူသိပ်ပြီး မပူပန်ပေ။

အစည်းအဝေးက နှစ်နာရီကြာမြင့်သည်။ အုပ်ချုပ်မှုအဖွဲ့တစ်ဦးချင်းစီက သူတို့အကြောင်းနှင့် တာဝန်ယူထားရသော အပိုင်းကို မိတ်ဆက်ကြသည်။ ထို့ကြောင့် ကုမ္ပဏီ၏ လုပ်ငန်းနှင့် ထုတ်ကုန်များအကြောင်း အကျဉ်းချုံးသိလာကြသည်။

တင်းမင်ဟွေ့တို့သူငယ်ချင်းသုံးဦးလည်း စိတ်ဝင်တစားနားထောင်ကြသည်။ ဖန့်ကြွယ်ယွီက သူတို့ကို ယုံယုံကြည်ကြည်အပ်နှံထားသောအလုပ်ကို ပေါ့ပေါ့တန်တန် သဘောမထားလိုပေ။

သူတို့အောက်ကိုဆင်းလာကြသောအခါ ငါးနာရီထိုးခါနီးဖြစ်သည်။ မုန့်ရှောင်ယန်က ပြန်နှင့်ပြီဖြစ်သည်။ ဖူးကျစ်နှင့် သူ၏ မိဘများက စောင့်ဆိုင်းနေကြသည်။

သူတို့က တင်းမင်ဟွေ့ကိုမြင်လိုက်ရသောအခါ မျက်လုံးအဝိုင်းသားဖြစ်ကုန်ကြသည်။

လွန်ခဲ့သော နာရီအတောအတွင်း ကုမ္ပဏီ၏ အကျိုးအမြတ်အကြောင်း၊ တင်းမင်ဟွေ့၏ ရာထူးနှင့် ဝင်ငွေအကြောင်းကိုသိခဲ့ရသည်။ သူတို့သိခဲ့ရသော အကြောင်းအရာများက သူတို့အနေနှင့် ဘာမှ မပြောနိုင်လောက်အောင် ဆွံ့အသွားကြသည်။

တင်းမင်ဟွေ့သည် ကုမ္ပဏီ၏ ရှယ်ယာ၁၀% ပိုင်ဆိုင်သောသူဌေးဖြစ်သည်။ သူ၏ တစ်နှစ်ဝင်ငွေသည် အနည်းဆုံး သန်းဆယ်ချီရှိသည်။

ဖူးကျစ်မိဘများ၏ ပြောင်းလဲသွားသောအမူအရာကိုကြည့်ပြီး တင်းမင်ဟွေ့က စိတ်ပျက်မိသည်။ သူနှင့် ဖူးကျစ်သာ ပြတ်စဲခဲ့ပါက ထိုကဲ့သို့ ဥစ္စာပေါ သားမက်လေးတစ်ဦးကို သူတို့ရနိုင်ပါ့ဦးမလား!!

ထို့ကြောင့် တင်းမင်ဟွေ့ကိုမြင်လိုက်ရသည်နှင့် အပြုံးလေးနှင့် ဆီးကြိုကြသည်။

“သားလေး တင်း..အစည်းအဝေးက ကြာနေတော့ ပင်ပန်းနေမှာပဲ”

“ဟုတ်တယ်..သားလေး နားပါဦး။ သားနဲ့ရှောင်းကျစ်လေးအကြောင်း ပြောကြမယ်လေ”

“ဟုတ်ပါ့..အမေတို့က အပြောင်းအလဲမြန်လိုက်တာလို့ မထင်လိုက်ပါနဲ့နော်။ သားသိတဲ့အတိုင်းပဲ ဖူးကျစ်က တစ်ဦးထဲသောသမီးလေးဆိုတော့လေ သူ့ကို ဒုက္ခမရောက်စေချင်ဘူးလေ။ ခုတော့ သားက သူ့ကို ပြည့်ပြည့်စုံစုံထားနိုင်ပြီမလို့ သားလက်ထဲကို ဖူးကျစ်လေးကို စိတ်ချလက်ချအပ်ပါတယ်”

ဝမ့်ယန်တို့၏ အပြောင်းအလဲမြန်မှုအပေါ် တင်းမင်ဟွေ့ အံ့ဩမိသည်။ သူက ဖူးကျစ်နှင့် အကြည့်ချင်းဆုံမိသည်။ သူတို့နှစ်ဦးလုံး၏ မျက်ဝန်းထဲမှာ ချစ်ခြင်းတရားက နက်နက်ရှိုင်းရှိုင်းမြင်နေရသည်။

ထို့နောက် သူတို့နှစ်ဦးက ဖန့်ကြွယ်ယွီကို ကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်ကြသည်။

ဖန့်ကြွယ်ယွီက သူတို့ကိုပြန်ပြုံးပြသည်။ သူတတ်နိုင်သလောက် ကူညီခဲ့ပြီးဖြစ်တာမို့ ကျန်တာသူတို့အပိုင်းဖြစ်သည်။

ထိုအချိန်မှာ ဖန့်ကြွယ်ယွီထံ စာတစ်စောင်ဝင်လာသည်။ ထိုစာကို တွေ့ပြီးနောက် သူ၏

အမူအရာများ ရုတ်ချည်းပြောင်းလဲသွားသည်။

“ကျွန်တော့်မှာ အရေးကြီးကိစ္စပေါ်လာလို့ပါ။ ခွင့်ပြုပါဦး။ ကုမ္ပဏီကိုအပ်ပါတယ်ဗျာ” ဟု ပြောပြီး ကပျာကယာ ထွက်သွားသည်။

ကောရှင်းယွီထံမှ သူမ၏ဖခင်အခြေအနေပိုမိုဆိုးဝါးလာသည်ဟူသော စာကိုပို့ခဲ့ခြင်းဖြစ်သည်။

All Chapters