← Chapters

ကောရှု၏ ကျန်းမာရေးဆိုးဝါးမှု

Vol. 5 Ch. 60

ကောရှု၏ ကျန်းမာရေးဆိုးဝါးမှု

Vol. 5 Ch. 60

ဖန့်ကြွယ်ယွီက ကောရှင်းယွီကို တစ်ဖက်က ဖုန်းခေါ်ရင်း ကားကိုအလျင်အမြန်မောင်းလာသည်။ တစ်ခဏအကြာမှာ တစ်ဖက်မှ ငိုသံသဲ့သဲ့ကြားလိုက်ရသည်။

“ရှင်းယွီ.. ဘာမှ စိတ်မပူနဲ့။ အခု မင်းအဖေအခြေအေနေဘယ်လိုရှိလဲ။ ဖြည်းဖြည်းချင်း စိတ်အေးအေးထားပြီး ပြောပြ” ဖန့်ကြွယ်ယွီက ညင်ညင်သာသာမေးသည်။

“ကျွန်မလည်းမသိဘူး။ ဟိုရက်တွေတုန်းကနိုင်ငံခြားဆေးအဖွဲ့က ဟွာရှားကိုလာပြီး ဆေးလာကုပေးသေးတယ်။ ကျွန်မအဖေကလည်းကံကောင်းပြီး သူတို့နဲ့ ဆေးကုသခွင့်ရခဲ့တယ်။ သိပ်မကြာခင်ကမှ အဖေ့ကျန်းမာရေးအခြေအနေ သိသိသာသာ တိုးတက်လာသေးတာ။ ကျောက်ကပ်ဆေးရတာလည်း တော်တော်လေး နည်းလာတယ်”

ထိုဆေးအဖွဲ့ကို ကျွမ်းရီက စီစဉ်ပေးတယ်ဆိုတာ သူသိနေသည်။

“ပြီးတော့ရော”

“ခုလေးတင်ပဲ အဖေက အသားဆန်ပြုတ်သောက်နေတာ။ သောက်နေရင်းနဲ့ ရုတ်တရက်ထတက်လာတာ။ ဆရာဝန်တွေပြောတာတော့ နှလုံးဖောက်တာတဲ့။ ခုတော့ သူ့အသက်ကို ဆရာဝန်တွေက ပြန်ကယ်ပေးနေပါတယ်” ကောရှင်းယွီက မျက်ရည်လည်ရွှဲဖြင့် ပြန်ဖြေသည်။

“ဘာဖြစ်သွားတာလဲ” ဖန့်ကြွယ်ယွီက ရှောင်းရီအားမေးသည်။

“ပုံမှန်ကျောက်ကပ်ဆေးနေမယ်ဆို ကျောက်ကပ်ရောဂါသည်က သာမန်လိုပဲ နေနိုင်တယ်မလား။ ဆန်ပြုတ်နည်းနည်းသောက်ရုံနဲ့တော့ အဲ့လိုမဖြစ်ဘူးမဟုတ်လား”

“ပိုင်ရှင်..လူသားတွေမှာအဖြစ်များတဲ့ကျောက်ကပ်ရောဂါဆိုတာ တကယ့်ကိုရှုပ်ထွေးလွန်းတယ်။ ပုံမှန်ဆို ကျောက်ကပ်ရောဂါသည်တွေ ဖျားနာပြီး သေသွားကြပြီဆို ကျောက်ကပ်နဲ့ တိုက်ရိုက်ဆိုင်တာမဟုတ်ဘူး။ သွေးအားနည်းရောဂါ၊အရိုးရောဂါတွေ၊ နှလုံးဖောက်တာ စတဲ့ ရောဂါအသီးသီးကြောင့် သေကြတာများတယ်။ ရှင်းယွီအဖေရဲ့ အခြေအနေကို ခုချက်ချင်းတပ်အပ်ပြောပြနိုင်ဖို့ ခဲယဉ်းတယ်”

“ငါ့ ဘိုးဘေးတွေချန်ခဲ့တဲ့ ဆေးက သူ့ကိုကုသပေးနိုင်မလား” ဟု ဖန့်ကြွယ်ယွီက သိချင်ဇောဖြင့်မေးသည်။

“ပြသနာမရှိပါဘူး။ ခြေလက်ကြီးကြီးမားမားထိခိုက်တာမျိုးမဟုတ်ရင် ဘယ်ရောဂါကိုမဆို ကုသနိုင်ပါတယ်။ ကျောက်ကပ်ရောဂါကိုလည်း ကုသနိုင်မှာပါ”

ရှောင်းရီ၏ စကားများကိုကြားပြီးမှ သူအနည်းငယ်စိတ်သက်သာရာရသွားသည်။

“ရှင်းယွီ..ငါလာနေပြီ။ ဘာမှ မကြောက်နဲ့နော်။ မင်းအဖေကို ကုသနိုင်မဲ့လမ်း ငါ့မှာရှိတယ်”

“ရှင်က ဆရာဝန်မှ မဟုတ်တာ။ ဘယ်လိုကုပေးမှာလဲ” ဖန့်ကြွယ်ယွီက သူ့ကို နှစ်သိမ့်သည့်စကားပြောပေးသည်ဟု ထင်မြင်မိသည်။

“ဟုတ်တယ်လေ။ငါက ဆရာဝန်တော့မဟုတ်ဘူး။ ဒါပေမဲ့ ငါပိုင်တဲ့ ဆေးရုံတွေ သုတေသနစင်တာတွေ အများကြီးရှိတယ်။ ကျောက်ကပ်ရောဂါကို ကုသဖို့ အရမ်းကောင်းတဲ့ စက်တွေရှိတယ်။ပြီးတော့ အထူးဆေးဝါးတစ်ခုကိုလည်း ဖော်ထုတ်ထားနိုင်ခဲ့တယ်။အဲ့ဆေးဝါးက စျေးကွက်မှာ တရားဝင်တော့ မရောင်းချရသေးဘူး”

“ငါ မကြာခင်ရောက်မယ်။ ခုလာနေပြီ” ဖန့်ကြွယ်ယွီက အရှိန်ကိုတင်လိုက်သည်။ ကျန်းနန်မြို့ဆေးရုံကြီးနှင့် ယခုရောက်နေသောနေရာက မြို့တစ်ဝက်စာလောက် ကွာဝေးသဖြင့် တစ်နာရီကြာမောင်းနှင်ရသည်။

ဖန့်ကြွယ်ယွီက ဆေးရုံကိုရောက်သောအခါ ညမှောင်နေပြီဖြစ်သည်။ ခွဲစိတ်ခန်းအပြင်ဘက်ရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသော ကောရှင်းယွီကိုတွေ့သည်။ သူမက မျက်နှာကိုလက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ငိုကြွေးနေသည်။

သူမ၏ဘေးတွင် အဒေါ်ကြီးတစ်ဦးနှင့် ဆယ့်တစ်နှစ်ဆယ့်နှစ်နှစ်အရွယ်ကောင်လေးတစ်ဦးရှိနေသည်။

“ရှင်းယွီ” ဖန့်ကြွယ်ယွီက သူမဆီကို အရောက်လှမ်းပြီး သူမ၏ ပုခုံးကို တင်းတင်းကြပ်ကြပ်ဖက်ထားပေးသည်။

ရှင်းယွီ၏ တစ်ကိုယ်လုံး တုန်ရီနေသည်။ မျက်ရည်ဝိုင်းနေသောမျက်ဝန်းအစုံဖြင့် သူမက မော့ကြည့်သည်။ တစ်ချိန်လုံး သူမတစ်မိသားစုလုံးအဆင်ပြေဖို့ရာ သူမရုန်းကန်ခဲ့ရသည်။ မည်မျှပင် သန်မာသော အမျိုးသမီးဖြစ်နေပါစေ အချိန်အကြာကြီး မတောင့်ခံနိုင်ပေ။

ဖန့်ကြွယ်ယွီကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ခံစားချက်များကို ဖွင့်ဟပြသနိုင်သည့် နေရာတစ်ခုကို တွေ့သည့်အလား ထင်မြင်မိသည်။ ဖန့်ကြွယ်ယွီ၏ ရင်ဘတ်နားကို ခေါင်းစိုက်ပြီး အသားကုန်ငိုကြွေးတော့သည်။

ဖန့်ကြွယ်ယွီလည်း စိတ်မကောင်းဖြစ်လာမိသည်။သူချစ်မြတ်နိုးရသော မိန်းကလေးတစ်ဦး ငိုကြွေးနေသည်ကို မကြည့်ရက်နိုင်ပေ။

“ဟုတ်ပြီ မငိုပါနဲ့တော့ ငါရှိတယ်နော်” ဖန့်ကြွယ်ယွီက သူမ၏ ကျောကိုအသာလေးပုတ်ပေးရင်း မျက်ရည်များကို သုတ်ပေးနေသည်။

“ရှင်းယွီ သူက ဘယ်သူလဲ” ရှင်းယွီ၏ အမေက သူ့ကိုကြည့်ရင်းမေးသည်။

ရှင်းယွီ၏ အမူအရာက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို မသိစေလိုသည့်ပုံပေါ်သည်။

“ဪ အန်တီ..ကျွန်တော်က သူ့သူငယ်ချင်းပါ။ ကျွန်တော့်ကို ရှောင်းယွီလို့ ခေါ်နိုင်ပါတယ်ဗျ”

“မားမား..သမီးပြောဖူးတယ်မလား။ သမီး live လွှင့်တုန်းက ကူညီပေးတဲ့လူဆိုတာလေ။ အဲ့တာ သူပေါ့”

ရှင်းယွီက ခေါင်းညိမ့်ပြပြီး ဖန့်ကြွယ်ယွီကို အားတင်းပြီး ပြုံးပြရှာသည်။ ကောရှင်းယွီက သူ့အကြောင်း

အကြမ်းဖျဉ်း ပြောပြထားပြီးဖြစ်သည်။

တကယ်တော့ ရှင်းယွီ live လွှင့်ခဲ့စဉ်က သူမ၏ မိခင်က အပြင်းအထန်ကန့်ကွက်ခဲ့သည်။ လူကြီးများ၏ အမြင်တွင် ထိုအလုပ်သည် သမာအာဇီဝကျသောအလုပ်ဟု မထင်မြင်မိပေ။

သို့သော် ရှင်းယွီ၏ ဇွဲလုံ့လနှင့် မိသားစု၏ အခက်အခဲကြောင့်သာ ယောင်ရီဖုန်းက သဘောတူခဲ့ရသည်။

သိပ်မကြာခင်က ကောရှင်းယွီသည် အိမ်ကို ပိုက်ဆံအများကြီးပို့ပေးခဲ့သည်။ ယောင်ရီဖုန်းက ထိုပိုက်ဆံပမာဏကိုကြည့်ပြီး မပျော်နိုင်ဘဲ စိုးရိမ်ပူပန်ခဲ့ရသည်။

လူချမ်းသာတစ်ဦးက နာမည်မထင်မရှား တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးကို ယွမ် သန်းနှင့်ချီပြီး ဆုချီးမြှင့်ခြင်း၏ နောက်ကွယ်တွင် ရိုးသားသောအကြံအစည်များ ရှိနိုင်ပါ့ဦးမလား။

ဒီကနေ့မှာတော့ ဖန့်ကြွယ်ယွီနှင့် ဆုံတွေ့ခဲ့ရသည်။ ခဏလေးအတွင်းဆိုသော်ငြား သူ၏ ယဉ်ကျေးပျူငှါသော အမူအရာ၊ သနားကြင်နာစိတ်နှင့် ကောရှင်းယွီကိုကြည့်သော သူ၏မျက်ဝန်းအစုံကို မြင်တွေ့ရသောအခါ ယောင်ရီဖုန်းပူပန်ခဲ့ရသမျှ တမဟုတ်ချင်း ပျောက်ကွယ်သွားသည်။

“အန်တီ..ဦးလေးအခန်းထဲ ဝင်သွားတာဘယ်လောက်ကြာပြီလဲ”

“နှစ်နာရီလောက်တော့ ရှိရောပေါ့” ယောင်ရီဖုန်းက စိုးရိမ်ပူပန်နေမိသည်။ ထိုမျှ အချိန်ကြာနေပုံထောက်ပါက ကောရှု၏ အခြေအနေက ဆိုးရွာနေသည်ဟု ဖော်ပြနေသည်။

“ဘာမှ မစားရသေးဘူးမလား။ ဆေးရုံအောက်က ဆိုင်တွေကနေ ဆန်ပြုတ်ဝယ်လာခဲ့တယ်။ အရင်ဆုံးတစ်ခုခုစားလိုက်ပါဦး” ဖန့်ကြွယ်ယွီက ခုံပေါ်တင်ထားသော ပလတ်စတစ်အိတ်ကို ဆွဲယူသည်။

“ရှင်ရောစားပြီးပြီလား” ကောရှင်းယွီ၊ သူမ၏အမေနှင့် မောင်လေးတို့က ဘာမှ မစားထားသော်လည်း စားချင်စိတ်မရှိပေ။

“စားပြီးပြီ။ မစိုးရိမ်ပါနဲ့။ ဦးလေးက အဆင်ပြေမှာပါ။ မင်းက ဦးလေးကို ပြုစုရဦးမှာလေ။ မင်းဘာမှမစားထားလျှင် ဦးလေးကို ဘယ်လိုလုပ်ပြုစုပေးနိုင်မှာလဲ” ဖန့်ကြွယ်ယွီက အိတ်ကိုဖွင့်လိုက်သည်။

“ရှင်းယွီ သမီး ဝင်သလောက်လေး နည်းနည်းစားလိုက်ဦး” ယောင်ရီဖုန်းကလည်း သူမကို နားချသည်။ ဖန့်ကြွယ်ယွီပြောတာက နည်းလမ်းကျသည်။

“အင်း” ကောရှင်းယွီက ခေါင်းညိမ့်ပြပြီး ဆန်ပြုတ်သောက်သည်။ အမှန်က သူမက ဗိုက်ဆာလွန်းလှသဖြင့် မူးမေ့လဲမတတ်ဖြစ်နေသည်။

သုံးနာရီကြာ ခွဲစိတ်ကုသပြီးနောက် ဆရာဝန်များ၏ ကောင်းမှုကြောင့် ကောရှုက အန္တရာယ်မှ လွတ်မြောက်လာခဲ့သည်။ ကောရှုကို လူနာဆောင်ကိုပြန်လည်ရွှေ့ပေးကာ ရှောင်ရှားရမည့်အရာများကို ဆရာဝန်များက ရှင်းပြပေးပြီးနောက် ပြန်ထွက်သွားကြသည်။

မေ့ဆေးအရှိန်မပျယ်သေးသဖြင့် ကောရှုကမျက်လုံးမှိတ်လျက်သားဖြင့် ကုတင်ပေါ်လှဲနေသည်။ ကောရှုသည် ရောဂါဒဏ်ကြောင့် ပိန်ချုံးသွားရှာသည်။

“မားမား နဲ့ ရှောင်းယွီအရင်ဆုံး အိမ်ပြန်ပြီး နားနားနေနေ နေလိုက်လေ။ သမီးဒီမှာနေပြီး စောင့်နေမယ်။ ရှောင်းယွီက မနက်ဖြန်ကျရင် အတန်းတက်ဖို့ရှိသေးတယ်မလား” ကောရှု၏ အခြေအနေစိတ်ချရမှ သူတို့လည်းစိတ်အေးရတော့သည်။

“သမီးတစ်ယောက်ထဲဖြစ်ပါ့မလား” ယောင်ရီဖုန်းက စိုးရိမ်တကြီးမေးသည်။

“ရပါတယ် အန်တီ ကျွန်တော် ရှင်းယွီနဲ့အတူ ဒီမှာစောင့်နေပေးပါ့မယ်။ အန်တီတို့ အိမ်ပြန်ပြီးနားကြပါ” ဖန့်ကြွယ်ယွီက ပြုံးပြသည်။

“ဒါမှမဟုတ် အန်တီတို့က ကျွန်တော့်ကိုမယုံတာလား”

“အိုး..မဟုတ်ပါဘူးကွယ်။ အထင်မလွဲပါနဲ့။ အဲ့လိုမဟုတ်ပါဘူး” ယောင်ရီဖုန်းက ပျာပျာသလဲရှင်းပြသည်။

“ဟားဟား ကျွန်တော်ကစတာပါဗျာ။ အန်တီတို့ပြန်နားကြပါ။ တစ်ခုခုဆို ကျွန်တော်နဲ့ ရှင်းယွီ လှမ်းပြောပါ့မယ်။”

“ရှင်းယွီ နဲ့ သူ့အဖေကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ် သား”ဟု ယောင်ရီဖုန်းက ဆိုသည်။

ယောင်ရီဖုန်းတို့သားအမိ ပြန်သွားကြသောအခါ ဆေးရုံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဤနေရာသည် ကျွမ်းရီစီစဉ်ထားပေးသော အထူးကုသဆောင်ဖြစ်သည်။ ဤနေရာက ကျယ်ဝန်းပြီး ပစ္စည်းကိရိယာလည်း စုံလင်လှသည်။

ဖန့်ကြွယ်ယွီအတွက်တော့ ပထမဆုံးအကြိမ် ဒီနေရာကို ရောက်ဖူးခြင်းဖြစ်သည်။

“မင်း ခဏလောက် လှဲချင်လား” ကောရှင်းယွီ၏ အလွန်ပင်ပန်းနေသော မျက်ဝန်းအစုံကိုမြင်မိပြီး ဂရုဏာသက်မိသည်။

“ရှင်ပြန်တော့မလို့လားဟင်” ဖန့်ကြွယ်ယွီရောက်လာမှသာ လုံခြုံသွားသည်ဟု သူမခံစားရသည်။

“ ငါ မသွားပါဘူး။ ငါ ဒီမှာရှိနေမှာပါ”

“ခုလည်း ဘယ်မှ မသွားသလို နောင်လည်း ဘယ်မှမသွားပါဘူး” ဆိုသောစကားကို သူ၏စိတ်ထဲမှပြောနေမိသည်။

All Chapters