အစွမ်းထက်ဆေးဝါး
Vol. 5 Ch. 61
ကောရှု၏ အခြေအနေက အနည်းငယ်စိတ်ချရပြီဖြစ်သည်။ စိတ်ကိုတင်းထားရာမှ ဖြေလျှော့လိုက်သဖြင့် ကောရှင်းယွီက လုံးဝပျော့ခွေကျသွားသည်။ သူမက ဆိုဖာပေါ်မှာလဲလျောင်းထိုင်နေရင်း သိပ်မကြာခင်မှာပင် အိပ်ပျော်သွားတော့သည်။
ဖန့်ကြွယ်ယွီက သူမ၏ ခန္ဓာကိုယ်ပေါ်ကို စောင်ခြုံပေးလိုက်သည်။ ပင်ပန်းနွမ်းလျနေသော မျက်နှာလှလှလေးကိုမြင်လိုက်ရသဖြင့် နှလုံးခုန်သံတောင် မြန်လာမိသည်။
သို့သော် သူက အခွင့်အရေးယူတတ်သောလူစားမျိုးမဟုတ်ပေ။ ထို့ကြောင့် သူက ကောရှု၏ ဘေးကို သွားပြီး ရပ်စောင့်ပေးနေသည်။
မည်သူမှ အနားမှာမရှိသဖြင့် သူ၏ “လျှို့ဝှက်ဆန်းကြယ်ဆေးလုံး” ကို တိုက်ကျွေးရန် အကောင်းဆုံးအချိန်ဖြစ်သည်။
သူက ထိုကဲ့သို့ တွေးလိုက်သည်နှင့် သူ၏လက်ထဲမှာ ပုလင်းအသေးလေးတစ်လုံးပေါ်လာသည်။ သူ၏လက်ဖဝါးပေါ်သို့ ဆေးတစ်လုံး ထည့်လိုက်သည်။ ထိုအချိန်တွင် အခန်းတစ်ခုလုံး အနံ့စူးစူး ဆေးအနံ့ ပေါ်လာသည်။
ဆေးလုံး၏ ပုံစံက အမြင်မလှပေ။ သူ၏ အတွေးထဲက ဆေးလုံးသည် ခပ်ဝိုင်းဝိုင်းအနေအထားပုံစံဖြစ်သည်။
ပုံစံမမှန်သောဆေးလုံးပုံစံမျိုး တစ်ခါမှ မတွေးဖူးပေ။
“ရှောင်းရီ..ဒီဆေးက သူ့ရဲ့အခြေအနေကိုပိုပြီးတော့ မဆိုးရွားစေပါဘူးနော်”
ဖန့်ကြွယ်ယွီက ဆေးတိုက်ရန် တွန့်ဆုတ်နေမိသည်။ ကောရှုကဲ့သို့ အားနည်းနေသော လူနာကို တိုက်လိုက်ပါက တစ်စုံတစ်ရာဖြစ်လာမည်ကို သူစိုးရိမ်မိသည်။
အကယ်၍ လွဲမှားမှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက ကောရှုကို နောက်တစ်ဖန် အရေးပေါ်ခွဲစိတ်ခန်းထဲ ပြန်ပို့ရလိမ့်မည်။
“ပိုင်ရှင်..စိတ်ချပါ။ ဒီဆေးလုံးက အမြင်သိပ်မလှပေမဲ့ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးမဖြစ်စေပါဘူး။ သူ့ရဲ့ အကျိုးသက်ရောက်မှုတွေကို ငါ အကြမ်းဖျဉ်း ခွဲခြမ်းစိတ်ဖြာပြီးပါပြီ။ တစ်ခုခုဖြစ်လာခဲ့လျှင် ငါ့ကိုကြိုက်သလိုလုပ် ကြိုက်သလိုထိုး” ရှောင်းရီက ရဲရဲဝံ့ဝံ့ ပြန်ဖြေသည်။
“မင်းကို ထိုးရမယ်။ ငါ့ကိုယ်ငါ ပြန်ထိုးသလို ဖြစ်နေမှာပေါ့”
ဖန့်ကြွယ်ယွီက တီတိုးရေရွတ်သည်။ ရှောင်းရီက ထိုကဲ့သို့ အာမခံပြီဆိုကတည်းက ဆေးလုံးက သာမန်တော့မဟုတ်နိုင်ပေ။
ဖန့်ကြွယ်ယွီက ကောရှု၏ နှုတ်ခမ်းကို အသာအယာဖွင့်ပြီး ဆေးလုံးကို အထဲထည့်ရန်ကြံစည်သည်။ သို့သော် ပြသနာက ကောရှုက အိပ်မောကျနေဆဲဖြစ်သဖြင့် ဆေးလုံးကိုမမျိုချနိုင်ပေ။ ဆေးလုံး၏ အရွယ်အစားကလည်း ချောကလက်လုံးအရွယ်အစားရှိတာမို့ အတင်းမျိုချခိုင်းဖို့ မဖြစ်နိုင်ပေ။
“ရှောင်းရီ ဦးလေးက ဆေးကိုမျိုချနိုင်မဲ့ နည်းလမ်းလေးဘာလေး မရှိဘူးလား” ဖန့်ကြွယ်ယွီက အကြိမ်ပေါင်းများစွာကြိုးစားသော်လည်း လက်လျှော့လိုက်ရသည်။ သူက ဆေးကို အတင်းတိုက်ပါက အသက်ရှုလမ်းကြောင်းပိတ်မည်ကိုလည်း စိုးရိမ်ရသည်။
“ပိုင်ရှင်က မစ္စတာကောရှုရဲ့ ကြွက်သားတွေကို လှုံ့ဆော်ပြီး ပြင်ပကနေ မျိုချခိုင်းချင်တယ်ဆို ဇီဝဗေဒဆိုင်ရာစွမ်းအင်ကိုသုံးနိုင်တယ်”
“ဘယ်လို ဇီဝဗေဒဆိုင်ရာစွမ်းအင်..ဒါက ဘယ်လိုမျိုးလဲ” ဖန့်ကြွယ်ယွီက ထိုစကားလုံးကို တစ်ခါမှ မကြားဖူးပေ။
“ဇီဝဗေဒဆိုင်ရာစွမ်းအင်ဆိုတာက လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အားနည်းတဲ့ လျှပ်စစ်စွမ်းအင်တစ်မျိုးပါ။ သူကပဲ လူ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို အသက်သွင်းတာပါ။ အသက်ကြီးလာလို့ လှုပ်ရှားမှုတွေနှေးကွေးလာတယ်ဆိုတာ ဇီဝဗေဒစွမ်းအင်တွေ အားနည်းလာတာပါ”
ဖန့်ကြွယ်ယွီက အရိပ်အမြွက်နားလည်သဘောပေါက်သည်။
“မျက်လုံးထဲမြင်သာအောင်ပြောရမယ်ဆို Dragon Ball ဇာတ်ကားကြည့်ဖူးတယ်မလား”
“ကြည့်ဖူးတယ်လေ”
“Dragon Ballထဲမှာပါတဲ့ အဲ့အတွင်းအားက ဇီဝဗေဒစွမ်းအင်တွေ စုစည်းထားတဲ့အရာပေါ့။ အဲ့တာဆို ပိုင်ရှင်နားလည်မယ်လို့ထင်ပါတယ်”
“မင်းအဲ့လိုမျိုး အစထဲက ရှင်းပြလိုက်ရင် ပြီးရော”
ထိုသို့ရှင်းပြမှသာ ဖန့်ကြွယ်ယွီ နားလည်သွားတော့သည်။
“ဒါပေမဲ့ ငါ့မှာ အဲ့လိုမျိုး စွမ်းအင်မှ မရှိတာ”
“စိတ်မပူပါနဲ့။ ပထမအဆင့်ထိန်းချုပ်မှုကို အသက်သွင်းလိုက်ပြီဆိုတာနဲ့ ဇီဝဗေဒစွမ်းအင်ကို ဘယ်လိုထုတ်ရမလဲဆိုတာ သိလာလိမ့်မယ်။ အခုတော့ ပိုင်ရှင်က အဲ့စွမ်းအင်ထုတ်လို့ရအောင် ငါကူညီပေးပါ့မယ်။ သေချာတာတော့ ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဇီဝဗေဒစွမ်းအင် လုံလုံလောက်လောက်ရှိနေမယ်လို့ ထင်ပါတယ်”
“ဒါဆို ငါဘာလုပ်သင့်လဲ”
“ငြိမ်ငြိမ်လေးနေပြီး ဇီဝဗေဒစွမ်းအင်တွေကို ရနိုင်သမျှ များများစုဆောင်းနေပါ”
ဖန့်ကြွယ်ယွီက ချက်ချင်းဆိုသလို အသံတိတ်ကျောက်ရုပ်တစ်ခုဖြစ်သွားသည်။ သူ၏ ကိုယ်ထဲမှ မမြင်နိုင်သောစွမ်းအင်များက သူ၏ လက်ချောင်းထိပ်များတွင် လာပြီးစုဝေးနေသည်ကို သတိမမူမိပေ။
တဖြည်းဖြည်းနှင့်ပင် သူ၏လက်ချောင်းလေးများကြားတွင် ဇီဝဗေဒစွမ်းအင်များ တစစ ပိုပိုများပြားလာသဖြင့် အလင်းရောင်ဖျော့ဖျော့လေး ဖြာထွက်နေသည်။ ထိုမြင်ကွင်းကြောင့် သူအတော်လေး အံ့အားသင့်မိသည်။
“ရပြီ။ အဲ့လောက်ဆို မစ္စတာကောရှုရဲ့ ပါးစပ်ထဲဆေးလုံးထည့်ပေးနိုင်ပြီ”
ဖန့်ကြွယ်ယွီက ရှောင်းရီ၏ ညွှန်ကြားချက်အတိုင်း ကောရှု၏ လည်ချောင်းနေရာကို သူ၏လက်ချောင်းလေးများဖြင့် အသာအယာ နှိပ်နယ်ပေးသည်။
သိပ်မကြာခင်မှာ ကောရှုက အိပ်မောကျနေလျက်နှင့်ပင် ဆေးလုံးကို သူကိုယ်တိုင်မျိုချလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အင်အားအကုန် ဆွဲယူခံသွားရသလို ဖန့်ကြွယ်ယွီ ခံစားမိပြီး သူ၏ လက်ချောင်းလေးများက ရုတ်တရက် အားနည်းလာသလိုခံစားရသည်။
“ရှောင်းရီ ငါ့ခန္ဓာကိုယ်ကြီးက ဘာတွေဖြစ်နေတာလဲ။ ဒါလုပ်လိုက်တာ ငါ့ခန္ဓာကိုယ် တစ်ခုခုထိခိုက်သွားလား” ဖန့်ကြွယ်ယွီက ဆိုဖာပေါ်ပစ်လဲကျသွားသည်။ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ ဝင်ပြိုင်နေရသကဲ့သို့ မောပန်းနွမ်းနယ်နေသည်။
“ပိုင်ရှင် စိတ်မပူပါနဲ့။ ဒါက ဘာလို့ဖြစ်ရတာလဲဆို ပိုင်ရှင်က ဇီဝဗေဒစွမ်းအင်ကို ကိုယ်တိုင်မထိန်းချုပ်နိုင်သေးလို့ပါ။ ဒါကြောင့်မို့ ပိုင်ရှင့်ခန္ဓာကိုယ်ထဲက ဇီဝဗေဒစွမ်းအင်က အားနည်းသွားတာမို့ ရုတ်တရက် မောပန်းနွမ်းနယ်လာတာပါ။ အင်အားပြန်ပြည့်အောင် အနားယူလိုက်ပါဦး” ဟု ရှောင်းရီက ရှင်းပြသည်။
“ဝှီး တော်သေးတာပေါ့ကွာ” ဘာမှ မထိခိုက်ဘူးဆိုမှ သူစိတ်သက်သာရာရသွားသည်။
နောက်တစ်နေ့မနက်ခင်းတွင် မွှေးပျံ့သောအနံ့တစ်ခုက ဖန့်ကြွယ်ယွီအား နိုးစေခဲ့သည်။ ချက်ချင်းဆိုသလို သူမျက်လုံးဖွင့်ကြည့်သောအခါ သူ၏ရှေ့တွင် ကောရှင်းယွီ၏မျက်နှာ ရှိနေသည်။သူမ၏ မျက်နှာက အနည်းငယ် ပန်းရောင်သမ်းနေသည်။
“ရှင်…ရှင် နိုးလာတာလား” ကောရှင်းယွီက ရှက်ကိုးရှက်ကန်းဖြစ်ပြီး ကပျာကယာ မတ်တပ်ရပ်သည်။
“ဘာဖြစ်နေတာလဲ။ မင်းမျက်နှာကြီး နီရဲနေပါ့လား။ နေမကောင်းဘူးလား။ မနေ့ညက မင်းအအေးမိသွားတာလား”
ပြောရင်းဆိုရင်း ဖန့်ကြွယ်ယွီက သူမ၏ နဖူးကိုစမ်းဖို့ပြင်သည်။ သို့သော် ကောရှင်းယွီက သူ၏လက်ကို ဖယ်လိုက်သည်။
“မဖျားပါဘူး။ ရှင်လည်း ဘာမှ ထပ်မမေးနဲ့” ကောရှင်းယွီက နောက်ကို ချာခနဲလှည့်ပြီး အိမ်သာထဲပြေးသွားသည်။
“ဟမ် ဘာဖြစ်တာလဲဟ ထူးဆန်းတယ်” မိန်းကလေးများ၏ အမူအရာများကို သူအနေဖြင့် နားမလည်ပေ။
သူက ကောရှုကို လှမ်းကြည့်လိုက်မိသည်။ ကောရှုက နိုးနေပြီဖြစ်ပြီး သူ့ကိုပြုံးပြနေသည်။ ကောရှုက မနေ့ညက ပုံစံနှင့် လုံးဝမတူတော့ပေ။
“ဦးလေး နိုးနေပြီလား ခင်ဗျ။ သက်သာရဲ့လား” ဟု ဖန့်ကြွယ်ယွီက မေးသည်။
“ဪ ဟုတ်သား ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ရဦးမယ်။ ကျွန်တော့်နာမည်က ဖန့်ကြွယ်ယွီလို့ ခေါ်ပါတယ်။ ရှင်းယွီရဲ့ သူငယ်ချင်းပါခင်ဗျ။ ကျွန်တော့်ကို ရှောင်းဖန့် ဒါမှမဟုတ် ရှောင်းယွီလို့ ခေါ်နိုင်ပါတယ်”
“သူငယ်ချင်း…!!! ရည်းစားလား”
“မဟုတ်…မဟုတ်ပါဘူးခင်ဗျ” ဖန့်ကြွယ်ယွီက လက်ကိုခါပြီးရှင်းပြသည်။
“ကျွန်တော်တို့က အွန်လိုင်းကတဆင့်ခင်ကြတာပါ။ အပြင်မှာတွေ့တာ သိပ်မကြာသေးပါဘူး။ ဦးလေးထင်သလိုမျိုး လုံးဝမဟုတ်ပါဘူးဗျ”
“အို!!” ကောရှု၏ မျက်နှာက အံ့အားသင့်သည့်ပုံဖြစ်သွားသည်။ သူက ဖန့်ကြွယ်ယွီအထက်အရင် အိပ်ယာထခဲ့သဖြင့် သူ့သမီးဖြစ်သူ၏ အမူအရာတချို့ကို သူမြင်ခဲ့ရသည်။
“ဦးလေး နေရထိုင်ရတာ အဆင်ပြေလား။သက်သာရဲ့လား” ဟု ဖန့်ကြွယ်ယွီက မေးသည်။
“ထူးဆန်းတယ်ကွ..” ကောရှု၏ အမူအရာက ပိုပြီးနက်နဲလာသည်။
“မနက်အိပ်ရာနိုးတော့ ငါ့ခန္ဓာကိုယ်ကြီးက သိသိသာသာ ပေါ့ပါးပြီး နေထိုင်ကောင်းနေတာ ငါငယ်ငယ်တုန်းက လိုမျိုးပဲ ပေါ့ပါးလန်းဆန်းနေတာ။ ကောင်လေး တစ်ချက်လောက် ကူပါဦး”
သူတိုက်လိုက်သော ဆေး၏ အာနိသင်ကြောင့်များလားဟု ဖန့်ကြွယ်ယွီတွေးမိသည်။
သူက လျင်လျင်မြန်မြန်ထပြီး ကောရှုအိပ်ရာထဲမှ ထနိုင်အောင် ကူညီလိုက်သည်။ အိပ်ရာမှ ထသည်နှင့် ကောရှုက မည်သည့်အကူအညီမှမပါဘဲနှင့် လမ်းလျှောက်နိုင်သည်။ ပုံမှန်ဆို အိပ်ရာထဲအချိန်ကြာမြင့်စွာလဲလျောင်းထားသူများက ချက်ချင်း လမ်းလျှောက်ဖို့ မဖြစ်နိုင်ပေ။
“အဖေ ဘာလို့ မတ်တပ်ရပ်နေတာလဲ။ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရဘူးလို့ ဆရာဝန်က မှာထားတယ်လေ” ကောရှင်းယွီက အိမ်သာမှထွက်လာချိန်တွင် ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး စိုးရိမ်တကြီးပြောမိသည်။
“ရှင်းယွီ အဖေဘာမှမဖြစ်ဘူး” ကောရှုက လမ်းလျှောက်ပြသည်။ “တွေ့လား။ အဖေဘာမှ မဖြစ်တော့ဘူး။ ဒီလိုမျိုးမခံစားရတာ ကြာလှရှိနေပြီ”
“ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ” ကောရှင်းယွီအံ့ဩသွားသည်။ ကောရှုက အိပ်ရာထဲလဲနေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဆရာဝန်ပြောပုံအရဆို သူ၏ ခြေထောက်ကြွက်သားများက အနည်းငယ် အားလျော့လာမည်။ အခုတော့ သူ့ကိုကြည့်ရတာ သက်လတ်ပိုင်း အားကစားလိုက်စားသူတစ်ဦးကဲ့သို့ တက်တက်ကြွကြွဖြစ်နေသည်။
ကျောက်ကပ်ရောဂါသည် အသေးစားဖျားနားမှုတစ်ခုမဟုတ်ပေ။ မနေ့ကပင် သူသည် အရေးပေါ်ခန်းထဲ ဝင်ခဲ့ရသည်။
နေ့ချင်းညချင်း ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားရသနည်း။
ခေတ်ပေါ်ဆေးပညာက ကျောက်ကပ်အစားထိုးမှသာ ကျောက်ကပ်ရောဂါ ပျောက်ကင်းနိုင်မည်ဟု ဆိုသည်။
သူမ၏ အကြည့်က ဖန့်ကြွယ်ယွီထံသို့ရောက်သွားသည်။ သူ၏ဓာတ်ခွဲခန်းက ကျောက်ကပ်ရောဂါနှင့် ပတ်သက်သည့် အထူးသီးသန့်ဆေးတစ်မျိုး တီထွင်ထားသည်ဟု မနေ့ညက ပြောခဲ့သည်။
ဒါကြောင့်များလား!
သို့သော် ထိုဆေးဝါးက ကုသနိုင်လျှင်တောင်မှ လူနာတစ်ဦးက နေ့ချင်းညချင်း လူကောင်းတစ်ဦးသဖွယ် ဘယ်လိုလုပ်ပြီး ပြောင်းလဲနိုင်မည်နည်း။
ရုတ်တရက်ဆိုသလို ဖန့်ကြွယ်ယွီက တဖြည်းဖြည်း ပိုပိုပြီး ထူးဆန်းလာသလို ခံစားရသည်။