ဆေးပညာဖြစ်ရပ်ဆန်းကျယ်
Vol. 5 Ch. 62
“မယုံနိုင်စရာပဲ လုံးဝကို မယုံနိုင်စရာပဲ” ကောရှုကိုကုသပေးနေကျ ဆရာဝန်က ဆေးမှတ်တမ်းကို ကြည့်ပြီး
အလန့်တကြားဖြစ်သွားသည်။ ကောရှု၏ ကျောက်ကပ်က အကောင်းပကတိဖြစ်နေသည်။ သူ၏ ကြွက်သားတစ်ရှုးများက မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်နေသည်။ နှလုံးအားနည်းသည့် လက္ခဏာလည်း လုံးဝမရှိတော့ပေ။ သူ၏ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်သည်ထက်
ပိုမိုသာလွန်နေသည်။
မျက်လုံးကို လှည့်စားနိုင်သော်လည်း ဒေတာများကို မညာနိုင်ပေ။ သူတို့က ဆေးမှတ်တမ်းကို ထပ်ခါတလဲလဲ ပြန်စစ်ပြီးနောက်တွင် အဆုံးသတ်မှာ ကောရှု၏ ကျောက်ကပ်ရောဂါက လုံးဝသက်သာပြီဟုဆိုသော အချက်ကို လက်ခံလိုက်ကြသည်။
ထိုအရာသည် ဆေးပညာလောကမှာ ဖြစ်တောင့်ဖြစ်ခဲ အနေအထားတစ်ခုဖြစ် သည်။အထူးကုဆရာဝန်ကြီးများကတောင်မှ ဘယ်လောက်ပဲ စဉ်းစားပါစေ ဘာတွေဖြစ်နေလဲဆိုတာ သေသေချာချာ မရှင်းပြတတ်ပေ။
စမ်းသပ်စစ်ဆေးမှုတစ်ခုမှ ရှာဖွေ့တွေ့လိုက်ရသော အချက်တစ်ခုမှာ ကောရှု၏ သွေးထဲတွင် ဆေးမြစ်အစိတ်အပိုင်း ပမာဏများစွာရှိနေခြင်းဖြစ်သည်။
ဒီဆေးဖက်ဝင်အပင်တွေကြောင့် ကျောက်ကပ်ရောဂါသက်သာသွားတာလား!! ထိုအကြောင်းအရာကို တစ်ခါမှ မကြားဖူးပေ။
ကောရှုရရှိနေသော ဆေးဝါးကုသမှု နှစ်ခုတွင် ထိုဆေးဖက်ဝင်အပင်များ တစ်ခုမှမပါပေ။
များပြားလှစွာသော စမ်းသပ်မှုများကို ညနေအထိတိုင်အောင် ပြုလုပ်ကြသည်။ တကယ်တော့ အထူးကုဆရာဝန်ကြီးများက နောက်ထပ်စစ်ဆေးမှုများပြုလုပ်နိုင်ရန် ကောရှုကို ဆေးရုံမှာ ဒီ့ထပ်ပိုပြီးကြာကြာ နေစေလိုကြသည်။
သို့သော် ကောရှုက ဆေးရုံမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နောက်ထပ်ဆက်ပြီး ဆေးရုံမှာ မနေလိုတော့ပေ။ သူ့ကို စိတ်ရောလူရော မသက်မသာဖြစ်စေသည့်အတွက် ဆေးရုံမြန်မြန်ဆင်းချင်နေသည်။
ဖြစ်နိုင်မည်ဆို ဆေးရုံကို ဘယ်တော့မှပြန်မလာချင်တော့ပေ။
မိသားစုစီးပွါးရေးကျဆင်းသည့်အပြင် ကောရှုကို နှစ်ပေါင်းများစွာ ဆေးကုသပေးရသဖြင့် ကောရှင်းယွီတို့ပိုင်ဆိုင်သမျှ အိမ်နှင့်ကားကို ရောင်းလိုက်ရသည်။
ကောရှင်းယွီ၏ မိခင်ကလည်း အချိန်ပြည့်အိမ်မှုကိစ္စပြုလုပ်နေရသဖြင့် မိသားစုတစ်ခုလုံးအတွက် ကောရှင်းယွီတစ်ဦးတည်း ရုန်းကန်ရှာဖွေနေရသည်။ ကောရှင်းယွီရှာနိုင်သော ဝင်ငွေအနည်းအကျဉ်းအပေါ် တစ်မိသားစုလုံး မှီခိုနေရသည်။
သူတို့က ဆေးရုံအနားမှာ မီတာလေးဆယ်ပတ်လည်မကျယ်သော အိမ်တစ်အိမ်ငှါးသည်။ ကောရှင်းယွီမှ လွဲ၍ တစ်မိသားစုလုံး ထိုအိမ်လေးမှာနေကြသည်။ ကောရှင်းယွီက ကျောင်းမှာနေသည်။
ဖန့်ကြွယ်ယွီ၏ ပြိုင်ကားက လူနှစ်ဦးသာ ဝင်ဆံ့သည်။ ထိုအချိန်တွင် သူ၏ ဝူလင်းဟုန်ကွမ်းကားက အသုံးဝင်လာသည်။
ဆေးရုံမှာ နှစ်ပေါင်းများစွာနေခဲ့ရသဖြင့် အထုပ်ပေါင်းများစွာပါလာသည်။ သူ၏ ဝူလင်းဟုန်ကွမ်းကားကြီးကို အသုံးချနိုင်မည့် နေ့ကို ဒီလောက်မြန်မြန်ကြီးရောက်လာလိမ့်မည်ဟု မတွေးထားပေ။
အိမ်က သေးသော်လည်း ယောင်ရီဖန့်က သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ထားရှိသည်။
“အားနာလိုက်တာ ရှောင်ဖန့်ရယ်။ ရှင်းယွီကလည်း အန်တီတို့ အိမ်အခြေအနေကို ပြောပြထားပြီးဖြစ်မှာပါ။ ရိုးရှင်းတဲ့ အစားအစာလောက်ပဲ ကျွေးနိုင်မှာဆိုတော့ အားနာရပါတယ်”
“အန်တီရယ် အဲ့အတွက်မပူပါနဲ့။ ကျွန်တော်က ဂျေးမများပါဘူး။ တကယ်တော့လေ အားလုံးအတူတူ စုစုစည်းစည်း နေနိုင်တဲ့ အိမ်လေးရှိတာ ကောင်းပါတယ်။” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။
ထိုအရာသည် ယဉ်ယဉ်ကျေးကျေးတုံ့ပြန်မှုတစ်ခုဖြစ်ရုံသာမက သူ၏ စိတ်ရင်းအမှန်လည်းဖြစ်သည်။
သူ၏ မိဘများနှင့် ကမ္ဘာချင်းခြားနားနေပြီး အိမ်အကျယ်ကြီးမှာ သူတစ်ဦးထဲနေရသဖြင့် မိသားစုဟူသော နွေးထွေးမှုမရဘဲ အထီးကျန်လှသည်။
ဤနေရာက ကျဉ်းသော်လည်း ပစ္စည်းစုံစုံလင်လင်နှင့် နေချင်စဖွယ်ကောင်းပေသည်။
“အရင်ဆုံးထိုင်ပါဦး။ အန်တီဟင်းချက်နေတုန်း ရှင်းယွီနဲ့ စကားပြောနေကြဦးနော်” မနက်တုန်းက စျေးသွားပြီး ဟင်းချက်ဖို့ ပြင်ဆင်ထားခဲ့သည်။
ယောင်ရီဖန့်က သူ့ယောကျာ်းရောဂါ ရုတ်တရက်သက်သာလာမည်ဟု မသိခဲ့ပေ။ သို့သော် ဖန့်ကြွယ်ယွီ စီစဉ်ထားပေးသော နိုင်ငံခြားဆရာဝန်အဖွဲ့ကို ကျေးဇူးဆပ်လိုသဖြင့် ဟင်းကောင်းချက်ကျွေးပြီး ကျေးဇူးဆပ်လိုသည်။
ကောရှုက သက်ပြင်းချသည်။ သူ၏ ရောဂါကသက်သာလာသော်လည်း ငယ်စဉ်တုန်းကလောက် မရှာဖွေနိုင်သေးပေ။ သူတို့မိသားစု၏ အကြွေးအတော်များများ ကြေပြီဖြစ်သော်လည်း အကြွေးတစ်ချို့တော့ ကျန်သေးသည်။ သူက ပိုက်ဆံရှာနိုင်ဖို့ မတတ်နိုင်သေးပေ။
ကောရှင်းယွီအပေါ် ဒုက္ခပေးမိတာ များနေပြီဟု ကောရှုခံစားရသည်။ သူ့သမီးသာ မလိမ္မာပါက သူတို့မိသားစု ဒုက္ခရောက်နေလိမ့်မည်။
“ရှင့်ကို အများကြီး ကျေးဇူးတင်ပါတယ်” ကောရှင်းယွီက ချိုချိုသာသာပြောသည်။
“ရှင့်ရဲ့ အထူးဆေးဝါးကြောင့် အဖေသက်သာလာတာမလား”
ဖန့်ကြွယ်ယွီက ခေါင်းညိမ့်ပြသည်။
“ဟုတ်တယ် ဒါပေမဲ့ ဘယ်သူ့မှ မပြောပါနဲ့။ ဒီဆေးကိုထုတ်ဖို့ အဆင့်သင့်မဖြစ်သေးဘူး။ ငါလုပ်နေတဲ့ သုတေသနကို အဟန့်အတားဖြစ်မှာမလိုချင်ဘူး”
“စိတ်ချပါ။ ဘယ်သူမှ မပြောဘူး”
ကောရှု၏ အမြင်တွင် သူတို့နှစ်ဦး၏ အနေအထားက မရိုးသားနေပေ။ ဒီမနက်ကပင် သူမမြင်သင့်သော မြင်ကွင်းကိုမြင်လိုက်ရသည်။
“ရှောင်ဖန့်..သား ရှင်းယွီနဲ့ တွဲနေတာလား” သူတို့နှစ်ဦး၏ ပုံစံကိုကြည့်ပြီး ထိုမေးခွန်းကို မမေးဘဲ မနေနိုင်တော့ပေ။
မီးဖိုချောင်တွင် ဟင်းသီးဟင်းရွက်များ ဆေးကြောနေသော ယောင်ရီဖန့်တောင်မှ ထိုမေးခွန်းကိုပြန်ဖြေမည့်အဖြေကို နားစွင့်နေမိသည်။
ကောရှင်းယွီ၏ မောင်လေးကလည်း ကောရှင်းယွီကို မျက်တောင်မခတ်ပဲ ကြည့်နေမိသည်။
“အဖေ ဘာတွေလျှောက်ပြောနေတာလဲ” မနက်က အဖြစ်အပျက်ကို ပြန်တွေးမိပြီး ကောရှင်းယွီက ရှက်သွေးဖြာသွားသည်။
“သမီးတို့ချင်း သိတာတောင် မကြာသေးဘူး”
“ဟုတ်လား နှမြောစရာပဲ” ဖန့်ကြွယ်ယွီက လူကောင်းသူကောင်းတစ်ဦးဖြစ်သည်။ သူ့သမီးသာ ဖန့်ကြွယ်ယွီနှင့် တွဲပါက သူစိတ်ချနိုင်သည်။
“အဖေ” ကောရှင်းယွီက နှုတ်ခမ်းဆူပြသည်။
“ ထပ်ပြောပြန်ပြီ။ အဖေထပ်ပြီး စ မယ်ဆို သမီးစိတ်ဆိုးမှာနော်”
“ဟား ဟုတ်ပါပြီ ထပ်မပြောတော့ဘူး” ကောရှုက ရယ်မောသည်။
“ရှောင်းဖန့်..သားက ကျောင်းသားပဲမလား။ ဦးလေးကြားတာတော့ ဆေးရုံမှာဦးလေးကို ကုပေးတဲ့ အထူးကုဆရာဝန်အဖွဲ့နဲ့ ဆေးရုံခန်းကို သားစီစဉ်ပေးတာဆို။ သားမိဘတွေကရော ဒီအကြောင်းတွေသိကြလား”
ကောရှုက ဖန့်ကြွယ်ယွီ၏ မိသားစုအကြောင်းကို သိချင်သည်။ ဖန့်ကြွယ်ယွီ၏ ပုံကို အကဲခတ်ရသလောက်ဆို သူဌေးသားတစ်ဦးဖြစ်ရမည်။
ကောရှင်းယွီက ဖန့်ကြွယ်ယွီအပေါ်ခံစားချက်ရှိတာသေချာသည်။ ဖခင်တစ်ဦးအနေနှင့် ဖန့်ကြွယ်ယွီအကြောင်းကို ပိုသိချင်လာသည်။
“ဒီနွေရာသီပိတ်ရက်ပြီးရင် နောက်ဆုံးနှစ်ရောက်ပါပြီ။ ကျွန်တော့်မိသားစုကတော့”
မိသားစုနှင့် ပတ်သက်ပြီး ဘယ်လိုရှင်းပြရမည်ဆိုတာ မသိပေ။
သူ၏ ဖခင်နှင့် မိခင်ကို စိတ်ထဲမှတောင်းပန်လိုက်သည်။
“မိဘတွေက မရှိတော့ပါဘူး“
ကောရှု၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်ကို မြင်လိုက်ရသည်။ ဖန့်ကြွယ်ယွီမှာထိုကဲ့သို့ အနေအထားကြုံတွေ့နေရမှန်း သူမထင်ထားခဲ့ပေ။
“မိဘတွေက ကျွန်တော့်ကို ပြည့်ပြည့်စုံစုံထားပေးခဲ့တာမို့ စာသင်ရင်းတစ်ဖက်ကလည်း စီးပွါးရေးလုပ်နေပါတယ်။ အားလုံးကိုအဆင်ပြေပြေစီစဉ်နေနိုင်တာမို့ ကျွန်တော်အဆင်မပြေတာ ဘာမှမရှိနေပါဘူး”
“တောင်းပန်ပါတယ် မမေးသင့်တဲ့အရာကို မေးမိသွားတယ်”
“ရပါတယ်ခင်ဗျ။ အဆင်ပြေပါတယ်”
ဖန့်ကြွယ်ယွီက စကားပြောနေသည့် အကြောင်းအရာကို ခေါင်းစဉ်ပြောင်းလိုက်သည်။
“ဦးလေး နောက်ပိုင်းမှာဘာတွေလုပ်ဖို့စီစဉ်ထားလဲတွေးထားတာရှိလား”
ဖန့်ကြွယ်ယွီ၏ မေးခွန်းကြောင့် သူတွေဝေသွားသည်။
သူက ခပ်မဲ့မဲ့ပြုံးပြရင်း ခေါင်းခါပြသည်။ သူ့မှာ အဆက်အသွယ်ရှိနေသေးသော်လည်း အကြွေးလည်း တင်နေသည့်အပြင် ပရောဂျက်များလုပ်ရန် ငွေကြေးအရင်းအနှီးမရှိပေ။ ဤအိမ်တွင် သူတစ်ဦး ပိုလာသောအခါ အိမ်က ပိုကျဉ်းလာသလိုဖြစ်နေသည်။ ယခုအချိန်မှာစဉ်းစားရမည့် ကိစ္စများစွာရှိနေသည်။
“ဪ ဒါနဲ့ ရှင်းယွီ..မင်းအတွက် ပြင်ပေးထားတဲ့ ကုမ္ပဏီနေရာအဆင့်သင့်ဖြစ်ပြီမို့ ပြောင်းလို့ရပြီ။ အန်တီတို့ကိုပါခေါ်ပြီး ပြောင်းလို့ရတယ်”
“ဟမ်”
ကောရှင်းယွီက အံ့အားသင့်ပြန်သည်။ ဒီတစ်ကြိမ်မှာရော ဖန့်ကြွယ်ယွီက ဘာတွေစီစဉ်နေပြန်ပြီလဲ!
“ရှောင်ဖန့် ဒါက “ ပန်းကန်ဆေးနေသော ယောင်ရီဖန့်က ဘာတွေဖြစ်ပျက်နေလဲဆိုတာ မသိပေ။
“ဟမ်..အန်တီတို့ မသိသေးဘူးထင်တယ်။ ရှင်းယွီကကျွန်တော့်ကုမ္ပဏီထဲက တစ်ခုနဲ့ စာချုပ်ချုပ်ထားတာ။ သူက ကျွန်တော့်ကုမ္ပဏီလက်အောက်က အနုပညာရှင်ဖြစ်သွားတာမို့ ကုမ္ပဏီက သူ့အတွက် သီးသန့် အိမ်တစ်လုံး ပြင်ပေးထားတာမို့ ဒီအိမ်ကျဉ်းကျဉ်းလေးမှာ နေစရာမလိုတော့ဘူး”
“ရှင်းယွီ သမီး ဘာတွေလဲဟင်” ကောရှင်းယွီကို တိုက်ရိုက်ထုတ်လွှင့်သူအဖြစ်သာသိထားပြီး စာချုပ်ချုပ်သည့်ကိစ္စမသိထားပေ။
ကောရှင်းယွီကိုယ်တိုင်တောင်မှ နားမလည်ပေ။ သူမက စာချုပ်ချုပ်ရန် စီစဉ်ထားသော်လည်း သူတို့နှစ်ဦးသေသေချာချာ မဆွေးနွေးးသေးပေ။
“ဟုတ် အမေတို့ကိုပြောဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ပြောဖို့ အခွင့်မသာခဲ့လို့ပါ။ အမေတို့ သဘောမတူမှာဆိုးလို့ပါ”
“ကောင်မစုတ်လေး ဘာလို့ သဘောမတူရမှာလဲ”
“သမီးက တခြားကုမ္ပဏီနဲ့ စာချုပ်ချုပ်မယ်ဆို ကန့်ကွက်ဦးမယ်။ ရှောင်းဖန့်ကုမ္ပဏီဆိုတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး”
“ဒီလိုမျိုးဖြစ်လာမယ်ဆိုတော့ ကောင်းတာပေါ့ သမီးရဲ့” ကောရှင်းယွီက အဆိုတော်ဖြစ်ချင်သည်ဆိုတာ ကောရှုနားလည်သည်။ သို့သော် အနုပညာလောကက ရှုပ်ထွေးတာမို့ သူ့သမီးကို စိတ်ပူသည်။
ဖန့်ကြွယ်ယွီသာကူညီပါက ရှင်းယွီက နာမည်မကြီးဘူးဆိုလျှင်တောင်မှ နာမည်မပျက်နိုင်ပေ။ ဖန့်ကြွယ်ယွီ၏ အကြည့်မှတစ်ဆင့် ရိုးသားမှုကိုတွေ့နေရသည်။
“အမေတို့ သဘောတူတယ်ပေါ့”
“ဒါပေါ့ ဒါပေမဲ့ ကြိုးစားနော်။ ရှောင်းဖန့်ကအများကြီးကူညီထားတာ သူ့ မျက်နှာပျက်အောင်မလုပ်နဲ့နော်”
“ဟုတ်ကဲ့” ကောရှင်းယွီက စိတ်ပါလက်ပါခေါင်းညိမ့်ပြသည်။
ဖန့်ကြွယ်ယွီမျက်နှာမပျက်စေဖို့ သူမအကောင်းဆုံးကြိုးစားရမည်။