အနုပညာလောကတွေ့ဆုံပွဲ
Vol. 5 Ch. 64
ဖန့်ကြွယ်ယွီကို ကူညီပြီး ဝမ်ချုံး တည်ထောင်ပေးခဲ့သော ကုမ္ပဏီက အကြမ်းဖျဉ်းအားဖြင့် အခြေကျသွားပြီဖြစ်သည်။ အကြမ်းဖျဉ်းတည်းထောင်ပြီးတာမို့ ကုန်ကျစရိတ်မများပေ။ စာရွက်စာတမ်းကိစ္စများကလည်း ရက်ပိုင်းအတွင်းအပြီးသတ်နိုင်တော့မည်။
သူ၏ကုမ္ပဏီနှင့် မည်သည့်အနုပညာရှင်များက စာချုပ်ချုပ်ဆိုထားလဲဆိုတာ သူစိတ်မဝင်စားပေ။ ထိုကုမ္ပဏီကို တည်ထောင်ရခြင်း၏ တစ်ခုတည်းသောအကြောင်းအရင်းမှာ ကောရှင်းယွီအတွက် အနုပညာလမ်းကြောင်းတစ်ခု ဖောက်ပေးရန်ဖြစ်သည်။
အကျိုးအမြတ်ကိစ္စနှင့် ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အခုချိန်မှာ သူစိတ်မဝင်စားနေပေ။
ကျွမ်းရီက ကောရှင်းယွီတို့မိသားစု၏ အိမ်အပြောင်းအရွှေ့ကိစ္စရပ်များကို ကူညီပေးသည်။ အိမ်က၁၂၀ စတုရန်းမီတာအကျယ်ရှိသည်။ ထို့ကြောင့် အိမ်အနေအထားက အလွန်မကျယ်ဝန်းသော်လည်း သူမ၏ ကျောင်းနှင့် နီးသဖြင့် သူမ၏ မိသားစုအဖို့ သက်တောင့်သက်သာနေထိုင်နိုင်သည်။
ကုမ္ပဏီ၏ လုပ်ငန်းလိုင်စင်ကျသည်နှင့် စာချုပ်စာတမ်းကိစ္စများကို ဆောင်ရွက်တော့မည်။
ကောရှင်းယွီက လူသိများနေပြီဖြစ်သော်လည်း ဂီတနှင့် ပတ်သက်ပြီး မလေ့လာခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် သမားရိုးကျလေ့ကျင့်ပေးခြင်းက သူမ၏ဂီတအနုပညာစွမ်းရည်ကို မမြှင့်တင်ပေးနိုင်ပေ။ ထို့ကြောင့် သူမကို လေ့ကျင့်ပေးရန် နာမည်ကြီးအီတလီအဆိုတော်တစ်ဦးကို ငှါးရမ်းပေးမည်။
ထိုမှသာ ကောရှင်းယွီက လေ့ကျင့်ခြင်းကိုအာရုံစိုက်နိုင်မည်။
ဖန့်ကြွယ်ယွီမှာ အားလပ်ချိန်များစွာ ရလာသည်။ သူက သာမန်ကောလိပ်ကျောင်းသားတစ်ဦး၏ အားလပ်ရပ်ကုန်ဆုံးသည့် ပုံစံအတိုင်း ဂိမ်းဆော့လိုက် တီဗီကြည့်လိုက်နှင့် ဖြတ်သန်းရတော့မည်။
“ဖန့်….မင်းမှာအချိန်ရှိလား” ဝမ်ချုံးက ဖန့်ကြွယ်ယွီကို လှမ်းခေါ်သည်။
“ရတာပေါ့..ဘာကိစ္စလဲ။ အားလုံး အဆင်ပြေလား”
“အဲ့လောက် မလွယ်ဘူးကွ” ဝမ်ချုံးက ဆိုသည်။
ပိုက်ဆံက အရာရာကိုဖြေရှင်းနိုင်သော်လည်း အစိုးရထံမှ မြေယာပေါင်းများစွာရနိုင်ဖို့ ကြိုးစားခြင်းက ဌာနဆိုင်ရာကိစ္စများစွာပြုလုပ်ရသဖြင့် ခွင့်ပြုချက်ရရန် ခဲယဉ်းလှပေသည်။
“ဒါဆို ဘာလိုအပ်သေးတာလဲ”
“အနုပညာလောကတွေ့ဆုံပွဲရှိတယ်။ မင်းစိတ်ဝင်စားလား” ဟု ဝမ်ချုံးက မေးသည်။
“ငါ မင်းကို ပြောဖူးခဲ့တဲ့ မင်းသားတွေနဲ့ အဆက်အသွယ်ရပြီ။ အားလုံးရဲ့ ရှုတင်ရိုက်ရက်တွေကလည်း ပြည့်နေကြတာ။ ဒါပေမဲ့ အဲ့ပွဲမှာတော့ရှိနေကြမှာ။ ညစာစားပွဲပြီးတာနဲ့ သူတို့နဲ့ စကားစမြည်ပြောလို့ရတယ်”
“ဟုတ်ပြီလေ” သူက ပိုက်ဆံချမ်းသာသော်လည်း အနုပညာရှင်များနှင့် တစ်ခါမှ လူချင်းမဆုံဖူးပေ။ ဝမ်ချုံးပြောပုံအရဆို ရုပ်ရှင်နှင့် ဂီတလောကမှ နာမည်ကြီးများစွာတက်ရောက်မှာဖြစ်သည်။ ထို့အပြင် အနုပညာလောက၏ ဒိတ်ဒိတ်ကြဲ အနုပညာရှင်ပေါင်းများစွာလည်း တက်ရောက်ကြလိမ့်မည်။
ဘမ်ဘူးချန်နယ်၏ ဥက္ကဌဖြစ်သူ ဝမ်ချုံးကိုလည်း ဖိတ်ခေါ်ထားသည်။ ဝမ်ချုံးသည်လည်း အနုပညာလောက၏ သူဌေးများနှင့် မရင်းနှီးပေ။ ထို့ကြောင့် သူက ဖန့်ကြွယ်ယွီကိုပါ အပါခေါ်နေခြင်းဖြစ်သည်။
“ဟုတ်ပါပြီ။ အာ့ဆိုအဆင်ပြေပြီ။ တွေ့ဆုံပွဲက ဆန်းယာမြို့က အက်ဒီဆင်ဟိုတယ်မှာ လာမဲ့ စနေနေ့ ညနေခြောက်နာရီခွဲစမှာမို့လို့ နောက်မကျစေနဲ့နော်”
“စိတ်မပူပါနဲ့။ ငါက ကိုယ်ပိုင်လေယာဉ်နဲ့ လာမှာမို့ နောက်မကျပါဘူး” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။
“ဪ…” သူက ဖန့်ကြွယ်ယွီနှင့် စကားပြောတိုင်းစိတ်မသက်မသာ ဖြစ်ရသည်။ သူ့မှာ ကိုယ်ပိုင်လေယာဉ်မရှိသေးပေ။
“ဒါဆို ပွဲရောက်မှ ဆုံကြမယ်။ သေသေချာချာလေး ဝတ်စားလာခဲ့ဦး။ ဟိုးတစ်ခါကလို ဘောင်းဘီနဲ့ ခြေညှပ်ဖိနပ်နဲ့ မလာခဲ့နဲ့ဦး။ ငါ မျက်နှာပျက်ရလိမ့်မယ်”
“စိတ်ချပါ။ သေချာပြင်ဆင်လာမယ်။ ဟုတ်ပြီလား” ဝမ်ချုံးလည်း အရှက်မကွဲချင်သလို သူလည်း အရှက်မကွဲလိုပေ။
သူ၏ ချမ်းသာမှုအရဆို နာမည်ကြီးအနုပညာရှင်များက သူနှင့် ရင်းနှီးကျွမ်းဝင်ချင်ကြလိမ့်မည်။ ထိုသူများကို TV နှင့် အင်တာနက်မှတစ်ဆင့် မြင်ဖူးတာမို့ သူ့အတွက် အစိမ်းသက်သက်ဖြစ်နေသည်။
ဖန့်ကြွယ်ယွီ၏ ကိုယ်ပိုင်လေယာဉ်သည် ကျန်းနန်မြို့၏ အရှေ့ဘက်လေယာဉ်ကွင်းတွင် အမြဲလိုလို အဆင်သင့်အနေအထားဖြင့် စောင့်နေသည်။ ထိုလေယာဉ်များကို အမြဲလိုလိုပုံမှန် စစ်ဆေးနေရပြီး လေယာဉ်မှူးများမှာလည်း ထိပ်သီးအဆင့်ဝန်ထမ်းများဖြစ်ကြသည်။
ဒီတစ်ကြိမ်မှာတော့ ကျွမ်းရီက သူနှင့် အတူတူလိုက်ပါလာမည်။ သူ၏ဘဝမှာ ကျန်းဟဲမြို့၏ ဝေးရာကို သိပ်မသွားဖူးပေ။ စန်းယာမြို့ကို ပထမဆုံးလာဖူးခြင်းဖြစ်သည်။ ထိုနေရာကို သူ့အနေဖြင့် နှံ့နှံ့စပ်စပ် မသွားတတ်ပေ။ ထို့ကြောင့် သူတစ်ဦးထဲသွားပါက အလွယ်တကူ လမ်းပျောက်မှာ အသေအချာပင်ဖြစ်သည်။
သူ၏ Sun God ကားကို လေယာဉ်ကွင်းဆီကို ဦးတည်ပြီး အရှိန်ခပ်ပြင်းပြင်းမောင်းနှင်သည်။ သူ၏ ဘဝမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် တစ်ခါမှခရီးမသွားဖူးပေ။
ဒူဘိုင်းသူဌေးများ၏ ကိုယ်ပိုင်ဂျက်လေယာဉ်များက အဆင့်မြင့် ကြယ်ငါးပွင့်ဟိုတယ်ကဲ့သို့ခမ်းနားလှသည်ကို သတင်းထဲတွင် မြင်ဖူးသည်။ သူ၏ ဂျက်လေယာဉ်လည်း ထိုအနေအထားလောက်တော့ရှိနိုင်သည်။
“ရှောင်းရီ..အားလုံးစီစဉ်ပြီးပြီလား” ဟု ဖန့်ကြွယ်ယွီက မေးသည်။
“လွန်ခဲ့တဲ့ရက်ထဲက အားလုံးစီစဉ်ထားပါတယ်။ ဆန်းယာလေဆိပ်မှာလည်း
ပြင်ဆင်ထားပါတယ်။ ပိုင်ရှင် ပိုင်ဆိုင်တဲ့ အက်ဒီစင် ဟိုတယ်မှာလည်း ပိုင်ရှင်အတွက် အခန်းတစ်ခန်းနဲ့ အစည်းအဝေးခန်းတစ်ခန်း စီစဉ်ထားပေးပါတယ်”
“ငါ ပိုင်တဲ့ နောက်ထပ်ဟာတစ်ခုပေါ်လာပြန်ပြီ” သူပိုင်သည့်ကုမ္ပဏီမဟုတ်ဘူးဟု ပြောလျှင်တောင်မှ သူအတော်လေးအံ့ဩမိတော့မည်။
သူက ကိုယ်ပိုင်လေယာဉ်တစ်စီးဝယ်ထားသူမို့ လေယာဉ်ကွင်းတွင် သူ့အတွက် ဗီအိုင်ပီနေရာတစ်နေရာစီစဉ်ထားပေးသည်။
“ဒါက မြို့အရှေ့ဘက် လေဆိပ်လား။ ဘာလို့ ပုံထဲကနဲ့ မတူနေတာလဲ။” ဖန့်ကြွယ်ယွီ၏ အတန်းဖော်များက ကျန်းဟဲ မြို့ခံများမဟုတ်ပေ။ သူတို့က အားလပ်ရက် အိမ်ပြန်သောအခါ မြို့အရှေ့ဘက်လေဆိပ်မှတစ်ဆင့် အိမ်ပြန်ကြသည်။သူတို့လိုင်းပေါ်မှာတင်သော လေဆိပ်၏ ပုံရိပ်များနှင့် မတူပေ။
ထိုလေဆိပ်သည် ဘေးတစ်ဖက်တစ်ချက်စီတွင် မြက်ခင်းပြင်များရှိသော သာမန်လေယာဉ်ကွင်းတစ်ခုနှင့်တူသည်။
“သခင်လေး ..ဒါက သခင်လေးရဲ့ ကိုယ်ပိုင်လေဆိပ်ပါ။ ဒီမှာရှိတဲ့လေယာဉ်တွေက သခင်လေးသွားဖို့လာဖို့ အတွက် အသုံးပြုဖို့ပါ။ မြို့အရှေ့ဘက်လေဆိပ်ကို စပြီးတည်ဆောက်တုန်းက သခင်လေးရဲ့ ဖခင် ဖန့်ဟွိုက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုက တည်ဆောက်ပေးခဲ့တာမို့ ဒီနေရာကို သခင်လေးအတွက် သီးသန့်ဖယ်ပေးခဲ့တာပါ”
“ဘုရားရေ ငါ့အဖေက မိုက်လိုက်တာ” ဟု ဖန့်ကြွယ်ယွီက ရေရွတ်သည်။ ကိုယ်ပိုင်လေယာဉ်အပြင် သူ့မှာ ကိုယ်ပိုင်လေဆိပ်တောင်ရှိနေသည်။
“ငါပိုင်တဲ့ ကျွန်းတွေဘာတွေရော ရှိသေးလား”
“ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ သခင်လေးပိုင်တဲ့ ကျွန်း ၁၈၄ ခုရှိပါတယ်”
ဖန့်ကြွယ်ယွီတစ်ယောက် ဘာစကားမှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားသည်။
သူ့ရှေ့မှာရှိနေသော ကိုယ်ပိုင်လေယာဉ်ကို သူပိုပြီး စိတ်ဝင်စားနေသည်။
“ဒါက ဘိုးရင်း ၇၄၇လား”
“အတိအကျ ပြောရမယ်ဆို မစ္စတာဖန့်ဟွိုက်ဝယ်ခဲ့တဲ့ ဘိုးရင်း ၇၄၇-၈ ကိုယ်ပိုင်လေယာဉ်ပါ။ ကျွန်မလည်း သေချာမရှင်းပြတတ်ဘူး။ လေယာဉ်မှူးနဲ့ မိတ်ဆက်ပေးမယ်လေ။ သူကတော့ သေချာရှင်းပြနိုင်လောက်ပါတယ်”
သူတို့ဆီ လျှောက်လှမ်းလာသော လူအုပ်စုကို ကျွမ်းရီက ညွှန်ပြသည်။
ထိုအုပ်စုတွင် အမျိုးသား ၆ ဦး၊ နှင့် အမျိုးသမီး ၂ ဦး စုစုပေါင်းရှစ်ဦးပါဝင်သည်။ သူတို့ပုံကြည့်ရတာ ဟွာရှားက ဖြစ်ပုံမရပေ။ အမျိုးသားများက အရပ်မြင့်ပြီး သန်မာထွားကျိုင်းသလို အမျိုးသမီးများကလည်း ဆွဲဆောင်မှုရှိကြသည်။
“သူတို့က ဘယ်သူတွေလဲ”
“သူတို့က ဒီခရီးစဉ်အတွက် တာဝန်ယူပေးမဲ့ လေယာဉ်မှူး တွဲဖက်လေယာဉ်မှူးနဲ့ လေယာဉ်မယ် ၆ဦးပါ။ လေယာဉ်မှူးနှစ်ဦးက ရုရှားလေတပ်မှာ တာဝန်ထမ်းဖူးတာမို့ တစ်ခုခုကြုံလာရင်အကောင်းဆုံးဖြေရှင်းနိုင်မှာပါ”
“လေယာဉ်မယ်တွေကတော့ မယ်ကမ္ဘာယှဉ်ပြိုင်ဖူးသူတွေနဲ့ ထိပ်တန်းမော်ဒယ်တွေပါ”
ထို့နောက် ကျွမ်းရီက သူ့အနားကိုကပ်ပြီး “သခင်လေးစိတ်ကြိုက် အထူးဝန်ဆောင်မှုပေးကြတာမို့ အားမနာစတမ်းတောင်းဆိုနိုင်ပါတယ်။သခင်လေး စိတ်ကြိုက်ဖြည့်ဆည်းပေးနိုင်လျှင် သူတို့လည်း ပျော်ကြမှာပါ”
ထိုစကားကိုကြားပြီး သူ့မျက်နှာ နီရဲတက်လာသည်။ သူသည် ထိုကဲ့သို့ စနောက်မှုမျိုးကို အသားမကျသေးသော အတွေ့အကြုံမရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။
အခန်း (၆၅)- ကိုယ်ပိုင်လေယာဉ်
“ကပ္ပတိန် ဖူတိုလီယာ..မတွေ့ရတာကြာပြီနော်” ကျွမ်းရီက ရုပ်ခပ်ဖြောင့်ဖြောင့်ရုရှားတစ်ဦးကို လက်ဆွဲနှုတ်ဆက်သည်။
“ပြီးတော့ တွဲဖက်လေယာဉ်မှူး နိုဗစ်ချ်..ဟွာရှားမှာနေရတာ ဘယ်လိုတုန်း အဆင်ပြေလား”
“အို..မစ္စကျွမ်းရီရေ..မင်းတို့ရဲ့ တိုင်းပြည်က အရမ်းကို လှတာပဲ။” ဟု ကပ္ပတိန် ဖူတိုလီယာ ဆိုသည်။ သူတို့၏ အလုပ်သည် လုံးဝ ဇိမ်ကျသည်။ ရံဖန်ရံခါ တက်ရသော စွမ်းဆောင်ရည်မြှင့် သင်တန်းများရှိသည်။ သူတို့၏ အချိန်အများစုကို အားလပ်ချိန်အတွက်သာ ကုန်ဆုံးနေပြီး မက်မောဖွယ်ရာ လစာများကို ရရှိခံစားနေသည်။
ဒါက သူတို့အနေနှင့် ဟွာရှားမှာနေထိုင်သည်မှာ နှစ်နှစ်ရှိခဲ့ပြီဖြစ်သည်။ သူတို့၏ ခရီးသည်များသည် ဖန့်မိသားစုဝင်များသာဖြစ်ကြသည်။
ဒီနှစ်နှစ်အတွင်း သူတို့သည် မည်သည့်တာဝန်တစ်ခုကိုမှ မထမ်းဆောင်ဖူးခဲ့ပေ။ ထိုကဲ့သို့ သက်တောင့်သက်သာရှိလှသော အလုပ်ကြောင့် သူတို့၏ အပေါင်းအသင်းများက အားကျနေကြသည်။
“ခင်ဗျားက မစ္စတာဖန့်ပဲဖြစ်ရမယ်..ဟုတ်ပါသလား” ကပ္ပတိန် ဖူတိုလီယာက ဖန့်ကြွယ်ယွီနှင့် လက်ဆွဲနှုတ်ဆက်သည်။
“မစ္စတာဖန့်..ဒီခရီးစဉ်အတွက် ကျွန်တော်တို့အကောင်းဆုံး ဝန်ဆောင်မှုပေးပါရစေ။ အကောင်းမွန်ဆုံး လေကြောင်းပျံသန်းမှု အတွေ့အကြုံကို ရရှိခံစားစေရမယ်လို့ အာမခံပါတယ်”
“ခင်ဗျားတို့ပြောတာထက် ပိုပြီး ယုံကြည်ပါတယ်ဗျာ” ဟု ဖန့်ကြွယ်ယွီက သူ့ကိုပြန်ပြီး လက်ဆွဲနှုတ်ဆက်သည်။ သူက လေယာဉ်အမှုထမ်းများကို လက်ဆွဲနှုတ်ဆက်သောအခါ လေယာဉ်မယ်များက သူတို့၏ လက်ချောင်းများဖြင့် သူ၏လက်ဖဝါးကို အသာအယာပွတ်သပ်နေသည်ကို ခံစားမိသည်။ သူတို့၏ အကြည့်များမှာလည်း အဆုံးမသတ်နိုင်သော နွေးထွေးမှုများရှိနေသည်။
ထိုကဲ့သို့သော အမူအရာများက တစ်စုံတစ်ရာကို အရိပ်အမြွက်ပြောဆိုနေဟန်ရှိသည်ဟု လူအများစုပြောတာသူကြားဖူးသည်။
လေယာဉ်မယ်များသည် အမိုက်စားနာမည်ကြီးမော်ဒယ်များဖြစ်သော်လည်း သူတို့၏ ငယ်ရွယ်နုပျိုမှုကြောင့်သာ နေရာရနေခြင်းဖြစ်သည်ဆိုသောအချက်ကို ကောင်းမွန်စွာနားလည်ကြသည်။
သူတို့အသက်အရွယ်ရလာသည်နှင့် သူတို့၏ အနေအထားများလည်း မှေးမှိန်သွားရတော့မည်။
ထို့ကြောင့် ငယ်ရွယ်သည့်အချိန်တွင် ပိုက်ဆံများများစုခြင်း သို့တည်းမဟုတ် ဘီလီယံနာသူဌေးတစ်ဦးကို အပိုင်ကြံခြင်းက နောင်ရေးအတွက်ပိုမိုစိတ်အေးရသည်ဟု တွေးထင်ကြသည်။
ထိုလေယာဉ်မယ်ခြောက်ဦးသည် အိမ်ထောင်မရှိသော အပျိုများဖြစ်ကြသည်။ ထိုအချက်ကို လေယာဉ်မယ်များငှါးရမ်းခြင်းအတွက် အဓိက လိုအပ်ချက်တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆို သူတို့ထဲက မည်သူ့ကိုမဆို ဖန့်ကြွယ်ယွီအား အဖော်လုပ်ပေးရန် အဆင်သင့်ခေါ်ထားခြင်းဖြစ်သည်။
ဖန့်ကြွယ်ယွီက သူ၏ လက်ကိုချက်ချင်းပြန်ရုပ်သိမ်းသည်။ အကြောင်းရင်းမှာ ထိုလေယာဉ်မယ်ခြောက်ဦးက ဆွဲဆောင်မှုမရှိခြင်းကြောင့်မဟုတ်ပေ။ သူကိုယ်တိုင်က လူရှုပ်လူပွေ တစ်ဦး မဖြစ်လိုပေ။ သူခန့်မှန်းရမည်ဆိုလျှင် ဤအရာသည် သူ၏ဖခင်ဖြစ်သူ ဖန့်ဟွိုက်၏ သူ့အတွက် ကြိုတင်ကြံစည်ထားပေးခဲ့သော ခပ်ကြောင်ကြောင် အစီအစဉ်တစ်ခု ဖြစ်ပေလိမ့်မည်။
“ဖူတိုလီယာ..ဒီလေယာဉ်နဲ့ပတ်သက်ပြီး ခင်ဗျား ကျွမ်းကျင်မှာပါ။ ကျွန်တော်သိရအောင် တစ်ချက်လောက်ရှင်းပြပါဦး” ဖန့်ကြွယ်ယွီက အလျင်စလို မထွက်ခွါလိုပေ။ လေယာဉ်က ဆီဖြည့်ခြင်းနှင့် ကြံ့ခိုင်မှုစစ်ဆေးခြင်းကို လုပ်ဆောင်နေဆဲဖြစ်သည်။
“ကောင်းပါပြီ။ မစ္စတာဖန့် နောက်ကလိုက်ခဲ့ပါ”
ဖူတိုလီယာက ရှေ့မှဦးဆောင်ပြီး လေယာဉ်အတွင်းပိုင်းသို့ ခေါ်သွားသည်။
“ဒါက…တကယ့်လေယာဉ်လိုပဲ” ဖန့်ကြွယ်ယွီက ဟန်မဆောင်နိုင်ဘဲ လွှတ်ခနဲ ထွက်သွားမိသည်။
နန်းတော်တမျှ ကြီးမားသော ထိုလေယာဉ်၏ အနေအထားကို “ခမ်းနားလှသည်” ဟူသော စကားအပြင် ကျန်သည့်စကားလုံးများကို မစဉ်းစားတတ်တော့ပေ။
ထိုလေယာဉ်၏ မူလပုံစံကို လုံးဝပြောင်းလဲပစ်လိုက်သည်။ လေယာဉ်ကို ကျယ်ကျယ်ဝန်းဝန်းနှင့် တောက်ပသောအခန်းများစွာဖြင့် ပြန်လည်ဖွဲ့စည်းထားသည်။
သူပထမဆုံး မြင်လိုက်ရသည်မှာ ဆိုဖာ၊ ကော်ဖီစားပွဲနှင့် တီဗီတို့ရှိသော ဧည့်ခန်းဖြစ်သည်။
“ဒီမှာရှိတဲ့ ပရိဘောဂတွေမှာသုံးထားတဲ့ သစ်သားတွေကို ကျွန်း၊ ပျဉ်းကတိုးနဲ့ လုပ်ထားတာပါ။ ဒါ့အပြင် မစ္စတာဖန့်ဟွိုက်ရဲ့ တောင်းဆိုချက်အရ အခန်းအတွင်းပိုင်းကို ဗိသုကာပညာရှင် မစ္စတာဘိုလ်မန်က ဒီဇိုင်းရေးဆွဲထားပေးတာမို့ မျက်စိပဒေသာ ရှိတာပါ”ဟု ဖူတိုလီယာက သေချာရှင်းပြပေးသည်။
“ဒါက ဘာအနံ့လဲ” အခန်းတွင်းဝင်လိုက်သည်နှင့် ဆီးကြိုနေသော ရနံ့သင်းလေးကို သိလိုသဖြင့် ဖန့်ကြွယ်ယွီက မေးသည်။
“ဒါက ဝေလငါးရဲ့ အဆီတစ်မျိုးပါ။ တစ်ဂရမ်လောက်ကိုတောင် ဒေါ်လာသောင်းနဲ့ချီပါတယ်။ ခရီးစဉ်အတွင်းမှာ စိတ်ပင်ပန်းနွမ်းနယ်လာရင် ဒီအနံ့လေးကြောင့် စိတ်အေးချမ်းသာရှိပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်”
ထိုခန်းမဆောင်ကိုဖြတ်လာသောအခါ လေယာဉ်၏ စားဖိုဆောင်ကို ရောက်ရှိလာသည်။ ရွှေရောင်ကျွန်းသစ်ဖြင့်ပြုလုပ်ထားသော ထမင်းစားပွဲနှင့်အတူ ဥရောပစတိုင် ကုလားထိုင်နှစ်လုံးလည်းပါရှိသဖြင့် ဟိုတယ်ခန်းတစ်ခုနှင့် ဆင်တူသည်။
ထိုစားပွဲ၏ အပေါ်တွင် ခမ်းနားထည်ဝါသော မီးဆိုင်းတစ်ခုချိတ်ဆွဲထားသည်။
“မစ္စတာဖန့်..သယ်ယူနိုင်တဲ့ပမာဏက အကန့်အသတ်ရှိတာမို့ ပစ္စည်းအများကြီးသယ်လို့မရပါဘူး။ ဒါကြောင့်မို့ ခရီးမထွက်ခင်အချိန်လေးမှာ လူကြီးမင်းရဲ့ အကြိုက်တွေကို ကြိုတင်ပြီးပြောပေးထားရင်တော့ ပိုကောင်းမှာပါ။ အဲ့လိုဆို ကျွန်တော်တို့လည်း လိုအပ်တာကြိုတင်ပြင်ဆင်နိုင်မှာပါ”
“ဪ ဒါနဲ့ ဒီမှာ သောက်စရာအစုံရှိပါတယ်။ လူကြီးမင်းသောက်ချင်တာများရှိရင် ပြောပါ” ဝိုင်ပုလင်းများဖြင့် ပြည့်နေသော အအေးခန်းတစ်ခုကိုဖွင့်ပြသည်။
“ဒီဝိုင်တွေက လီယိုဗယ်လီရဲ့ ဂရန်းခရူးစပျစ်ခြံက ထွက်တဲ့ဝိုင်တွေပါ။ ဝိုင်တွေကို ၁၉၈၂ ခုနှစ်က ထုတ်လုပ်ခဲ့တာပါ။ “
နောက်ထပ်တွေ့ရသောအခန်းသည် စာအုပ်မျိုးစုံ၊ နာမည်ကြီး နိုင်ငံခြားပန်းချီဆရာမျိုးစုံ၏ ပန်းချီလက်ရာများဖြင့် ပြည့်နှက်နေသော သီးသန့်အခန်းတစ်ခုဖြစ်သည်။
ထိုအခန်း၏ ဘေးနားတွင် မီးဖိုချောင်၊ ဆေးခန်းနှင့် လေယာဉ်အမှုထမ်းများ၏ ရုံးခန်းရှိသည်။
“ဒီလေယာဉ်ရဲ့ အတွင်းပိုင်းအကျယ်က ၄၈၀၀စတုရန်းပေရှိပါတယ်။ အကြမ်းဖျဉ်းပြောရမယ်ဆို ၄၅၀ စတုရန်းမီတာရှိပါတယ်။ မစ္စတာဖန့်ဟွိုက်ဝယ်တုန်းက စျေးက ဒေါ်လာသန်း လေးရာလောက် ဖြစ်ပါတယ်” လေယာဉ်မှူးက လေယာဉ်အကြောင်းကို ချက်ချင်းလက်တန်း အသေးစိတ်ရှင်းပြနိုင်သည်။
“မိုက်တာပေါ့..ဒါက ကောင်းကင်ထက်မှာပျံနေတဲ့ တိုက်ခန်းတစ်ခုလိုပဲ” ဖန့်ကြွယ်ယွီက လုံးဝစိတ်တိုင်းကျ ကျေနပ်နေသည်။ သူ၏ဖခင်က အမြင်ကျယ်လှသည်ဟု တွေးမြင်မိသည်။
“ဪ မစ္စတာဖန့်ရဲ့ကားကိုလည်း လေယာဉ်ရဲ့ အတွင်းပိုင်း ပစ္စည်းထိန်းသိမ်းတဲ့နေရာမှာ ရပ်နားနိုင်ပါတယ်။ ဒီနေရာကို ကားဂိုဒေါင်အသေးစားလေးတစ်ခုလို ပြန်ပြီးပြင်ဆင်ထားတာပါ”
“တကယ်ကြီး” ဖန့်ကြွယ်ယွီက တကယ့်ကိုအံ့အားသင့်ရပြန်သည်။ ဒီလိုသာဆို သူဘယ်ကိုသွားသွား ကားတစ်စီးရှာဖို့မလိုပေ။
“ဟုတ်ပါတယ်။ လူကြီးမင်းရဲ့ကားကို တစ်ပါတည်း ယူသွားချင်ပါသလား”
“ယူလာခဲ့ပါ။ ဒါမျိုး အခုမှ ပထမဆုံးအကြိမ် ခရီးထွက်ဖူးတာ။ ယူသွားရမယ်” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
“ဟုတ်ပါပြီ။ အဲ့တာဆို ကားယူလာဖို့ ချက်ချင်းစီစဉ်လိုက်ပါဦးမယ်။ နားနားနေနေ သက်တောင့်သက်သာနေပါ။ နောက်နာရီဝက်နေမှ လေယာဉ်စထွက်မှာပါ” ထိုသို့ပြောပြီး ဖူတိုလီယာက ပြန်ထွက်သွားသည်။
“ဒါဆို ထိုင်ပါဦး။ နေသာသလိုနေကြပါ။ ကျွန်တော်ရှိနေလို့ဆိုပြီး နေရမခက်ကြပါနဲ့။ ဒီလိုကြီး မတ်တပ်ရပ်နေရတာ ညောင်းမှာပေါ့” ဟု ဖန့်ကြွယ်ယွီက လေယာဉ်မယ်များကိုပြောသည်။
“မထိုင်တော့ပါဘူး။ မစ္စတာဖန့်။ ဒါက ကျွန်မတို့ရဲ့အလုပ်ပါ” လေယာဉ်မယ်များက သူတို့ပုံစံအတိုင်း ဆက်ပြီးရပ်နေကြသည်။
“ကျွန်မတို့က လစာအများကြီးရပြီး ဘာမှ များများစားစားလုပ်စရာမရှိတော့ လူကြီးမင်းခရီးထွက်မှပဲ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင်ထားကြပါတယ်”
“ကဲဗျာ အဲ့လိုဆိုတော့လည်း ခင်ဗျားတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုရတော့မှာပေါ့”
ဖန့်ကြွယ်ယွီက ကျွမ်းရီနားကိုကပ်ပြီး “အမရီ သူတို့လစာကအရမ်းများတာလား” ဟုတိုးတိုးလေး မေးသည်။
“ဟုတ်ပါတယ်။ လေယာဉ်မှူးက တစ်နှစ်ကို ဒေါ်လာ ငါးသန်းရပါတယ်။ တွဲဖက်လေယာဉ်မှူးက တစ်နှစ်ကို ဒေါ်လာသုံးသန်းနဲ့ လေယာဉ်မယ်တွေက တစ်နှစ်ကို ဒေါ်လာနှစ်သန်းရပါတယ်”
“အဲ့လောက်တောင်များတာလား”
ဟွာရှားရှိ လေယာဉ်မှူးတစ်ဦး၏ ပုံမှန်လစာနှင့် ယှဉ်ပါက ဆယ်ဆပိုများသည်။
“သခင်လေးက အကောင်းဆုံး သူဌေးပါ။ လေယာဉ်မှူးနဲ့ လေယာဉ်မယ်တွေရွေးတုန်းက လူတစ်သောင်းမှာ တစ်ယောက်လောက်ပဲရွေးတာပါ။ ပြန်စဉ်းစားကြည့်မယ်ဆို ဒီလိုခက်ခက်ခဲခဲရွေးချယ်ခံထားရသူတွေက ဒီလစာရတာ ထိုက်တန်ပါတယ်”
“ဟုတ်ပါတယ်။ သူတို့လစာက ငါ မိနစ်အနည်းငယ်အတွင်းရှာနိုင်တာရဲ့ အမှုန်အမွှားလေးလောက်တောင်မရှိပါဘူး” ထိုကဲ့သို့တွေးတောလိုက်မှ ဖန့်ကြွယ်ယွီ စိတ်အေးသွားတော့သည်။
“မစ္စတာဖန့်” ဖူတိုလီယာက အသက် သုံးဆယ်ကျော်လေးဆယ်ပတ်လည်ရှိပြီး မျက်မှန်ဝတ်ထားသော ခပ်ဝဝအမျိုးသမီးကြီးတစ်ဦးကိုခေါ်လာသည်။
“ဘာဖြစ်လို့လဲ။ ကပ္ပတိန် ဖူတိုလီယာ။ သွားဖို့ အဆင်သင့်ဖြစ်ပြီလား”
“ခဏလောက်စောင့်ပါဦးဗျ။ ဒီအမျိုးသမီးက လူကြီးမင်းကို အကူအညီတောင်းစရာရှိလို့ဆိုပြီး ပြောနေလို့ မန်နေဂျာက ဒီကိုခေါ်လာပေးတာပါ”
“သူက ဘယ်သူလဲ” ဖန့်ကြွယ်ယွီက ရှေ့ကိုထွက်ကြည့်သည်။ ထိုအမျိုးသမီးကို မြင်ရသောအခါ အံ့အားသင့်သွားသည်။
“မင်းက တာယင်း မဟုတ်လား”