လမ်းကြုံလိုက်လို့ရမလား
Vol. 5 Ch. 66
တာယင်းအကြောင်းပြောလျှင် သိသောသူနည်းပါလိမ့်မည်။ သို့သော် သူ၏ သူဌေးအကြောင်းပြောပြပါက မသိတဲ့သူရှိလိမ့်မည်မဟုတ်ပေ။ သူ၏ နာမည်အရင်းမှာ ကျန်းဝေ့ယင်းဖြစ်သည်။ သူမသည် နာမည်ကြီးအဆိုတော် ဆုလွင်၏ မန်နေဂျာတစ်ဦးဖြစ်သည်။ ဆုလွင်၏ ပရိတ်သက်များအဖို့ သူမကို မသိသူမရှိပေ။
ဆုလွင်သည်လည်း အနုပညာရပ်ဝန်းတွေ့ဆုံပွဲတက်ရောက်ရန် ဖိတ်ကြားခံရသည်။ သူက ကျန်းနန်မြို့မှာ ကြော်ငြာရိုက်ကွင်းများ ရိုက်နေသည်။ သူ၏ သီချင်းသစ်များလည်း မရှိသဖြင့် ဤအခမ်းအနားကိုတက်ရောက်ဖို့ မလိုပေ။ သူ၏ တမူထူးခြားလှသော အရည်အချင်းအပြင် သူ၏ပရိတ်သက်အပေါ်ချစ်ခင်မြတ်နိုးမှုကလည်း သူ့ကို နာမည်ကြီးတစ်ဦးဖြစ်စေသည့် အရည်အချင်းတစ်ခုဖြစ်သည်။
ဒီကနေ့ ကိုးနာရီလေယာဉ်ဖြင့် ဆန်ယာမြို့ကိုသွားရောက်ရန် စီစဉ်ထားခဲ့သည်။ သို့သော် မမျှော်လင့်သော အရေးပေါ်အခြေအနေတစ်ခုကြောင့် လေယာဉ်က အချိန်မီမထွက်နိုင်ပေ။ ယာယီလေယာဉ်တစ်စီးကလည်း နေ့လည်ခင်း လေးနာရီမှ ရှိသဖြင့် နောက်ကျပေတော့မည်။ ထိုအတိုင်းသာဆို ဆုလွင်က ပွဲကိုတက်ရောက်နိုင်မည် မဟုတ်တော့ပေ။
သူကနာမည်ကြီးဖြစ်သော်လည်း ပွဲခင်းထဲကိုအချိန်မီရောက်စေရန် အထူးအခွင့်အာဏာတစ်ခု သူ့မှာမရှိနေပေ။ ကံကောင်းထောက်မစွာဖြင့် လေယာဉ်ဝန်ထမ်းတစ်ဦးက အနီးအနားရှိ ကိုယ်ပိုင်လေယာဉ်ကွင်းတစ်ခုတွင် ဆန်ယာကို ယနေ့ထွက်ခွါမည့် လေယာဉ်ရှိသည်ဟု ပြောပြသည်။
ထို့ကြောင့် အကူအညီရလိုရငြား အခုလိုရောက်လာရခြင်းဖြစ်သည်။
“ရှင်က ကျွန်မကိုသိတာလား” ကျန်းဝေ့ယင်းက တအံ့တဩဖြစ်ရသည်။ ကိစ္စများအားလုံးအဆင်ပြေတော့မည်ဟုလည်း တွေးမိသည်။
ဤလေယာဉ်၏ ပိုင်ရှင်ဖြစ်သူကို အသက်ကြီးကြီး သူဌေးတစ်ဦးဟု သူမ ထင်မိခဲ့သည်။ ထို့ကြောင့် ပြောရဆိုရလည်း ခက်လိမ့်မည်ဟု ကြိုတွေးထားမိသည်။ ပိုင်ရှင်ကို ဤမျှလောက်ငယ်ရွယ်လိမ့်မည်ဟု သူမမတွေးဖူးချေ။
ယနေ့ခေတ်မှာ ဂီတကိုဝါသနာပါသည့် လူငယ်ထဲတွင် ဆုလွင်၏ပရိတ်သက်မဟုတ်သူ မည်မျှ ရှိနိုင်မည်နည်း။
“ခင်ဗျားကိုသိလားဆိုတော့ ဒါပေါ့။ သိတာပေါ့ဗျာ။ ခင်ဗျားက ဆုလွင်ရဲ့ မန်နေဂျာမလား” ဖန့်ကြွယ်ယွီက သူမ၏အနောက်တွင် ဆုလွင် ပါလိုပါငြားရှာနေမိသည်။
“ဆုလွင် ရောပါလား။ သူ ဘယ်မှာလဲ။ သူ့လက်မှတ်လေးများရနိုင်မလား”
“ဟမ်” ကျန်းဝေ့ယင်းက တခဏကြာ အံ့အားသင့်မိသည်။ ဆုလွင်၏ ပရိတ်သက်ထဲမှာ ဤမျှချမ်းသာသောလူရှိလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။
“ဪ ဟုတ်သားပဲ.. ဘာများ အကူအညီလိုလို့လဲ”
“ဟုတ်ကဲ့။ ဆုလွင်က ဆန်းယာမှာဒီနေ့ကျင်းပမဲ့ ပွဲကိုတက်ဖို့ရှိတာပါ။ ဒါပေမဲ့ လေယာဉ်မှာ အရေးပေါ်အခြေအနေတချို့ရှိနေတာမို့ အနည်းဆုံးလေးနာရီလောက် နောက်ကျပါ့မယ်။ ပွဲက ခြောက်နာရီခွဲစမှာပါ။ ကျန်းနန်မြို့ကနေ ဆန်းယာကိုသွားဖို့ လေးနာရီကြာပါတယ်။ ဒီလေယာဉ်ကလည်း ဆန်းယာကိုသွားမယ်ဆိုပြီးကြားမိလို့ လမ်းကြုံလေးများလိုက်လို့ရမလားဆိုပြီး သိချင်လို့ပါ”
“ခင်ဗျားတို့ကလည်း ဆန်းယာကိုသွားမှာဟုတ်လား။ မိုက်တာပေါ့” ဖန့်ကြွယ်ယွီက ထခုန်မတတ် ပျော်သွားမိသည်။
“လူအများကြီးမဟုတ်ဘူးဆိုရင်တော့ လိုက်လို့ရပါတယ်”
“သုံးယောက်ထဲပါ။ ဆုလွင်ရယ်။ ကျွန်မရယ်။ သူ့တေးရေးဆရာ ကျန်းလောရှန် သုံးယောက်တည်းပါ။ ကျန်တဲ့ဝန်ထမ်းတွေက နောက်ကလေယာဉ်နဲ့လိုက်လာကြမှာပါ။ ပြသနာမရှိပါဘူး”
ကျန်းဝေ့ယင်းက အလကားစီးရမည်ဟူသော စကားကိုကြားပြီး သဘောကျနေမိသည်။ ကြည့်ရတာ သူတို့အားလုံး ကံကောင်းနေသည် မဟုတ်ပါလော။
“ကပ္ပတိန် ဖူတိုလီယာ..နောက်ထပ်သုံးယောက်ထပ်လိုက်ရင် အဆင်ပြေလား” ဟု ဖန့်ကြွယ်ယွီက လှမ်းမေးသည်။
“ရပါတယ်။လေယာဉ်ပေါ်မှာလည်းအစားအစာ အလျှံအပယ်ပါပါတယ်။ စိတ်ချပါ ကျွန်တော်တို့က လူနှစ်ဆယ်စာလောက် စားနိုင်တဲ့ထိပြင်ထားတာပါ”
“ဟုတ်ပြီ။ဒါဆိုလည်း မြန်မြန်သွားကြမယ်လေ” ဖန့်ကြွယ်ယွီက ဆုလွင်ကို တွေ့ဖို့ စိတ်အားထက်သန်နေသည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင်” ကျန်းဝေ့ယင်းက ချက်ချင်းဆိုသလို ဆုလွင်တို့ကိုလှမ်းခေါ်သည်။ သိပ်မကြာ ခင်မှာ လူငယ်နှစ်ဦး လေယာဉ်ပေါ်သို့တက်လာသည်။
ဆုလွင် နှင့် ကျန်းလောရှန်တို့သည် သူငယ်ချင်းအရင်းကြီးဖြစ်ကြသည်။ သူတို့နှစ်ဦးလုံးက နိုင်ငံကျော် အဆိုတော်နှင့် တေးရေးဆရာများဖြစ်သော်လည်း အသက်သုံးဆယ်စွန်းစွန်းပဲ ရှိကြသေးသည်။
သူတို့၏ နာမည်ကြီးမှုနှင့်အတူ ကြွယ်ဝချမ်းသာလာကြသည်။ ဆုလွင်၏ ကားဂိုဒေါင်ထဲတွင် ဒေါ်လာသန်းပေါင်းများစွာတန်သော ပြိုင်ကားမျိုးစုံရှိသည်။ သူ့မှာကိုယ်ပိုင်ဂျက်လေယာဉ်ရှိသော်ငြား ယခုလေယာဉ်နှင့်ယှဉ်ပါက မိုးနှင့်မြေလို ကွာခြားသည်။
သူတို့က မျက်မှန်နှင့် ဂျာကင်အကျီကိုချွတ်လိုက်ကြသည်။ သူတို့ကိုမြင်ရသောအခါ တဖွားဖွားပေါ်လာသော ထအော်ချင်စိတ်များ ကို ဖန့်ကြွယ်ယွီ ချုပ်တည်းနေရသည်။
“မဖြစ်ဘူး။ ငါ့အနေအထားကြီးနဲ့ တည်တည်ငြိမ်ငြိမ်လေးနေဦးမှ။ မရင့်ကျက်တဲ့ ကလေးလို ပြုမူနေလို့မရတော့ဘူး” ဟု ဖန့်ကြွယ်ယွီက သူ့ကိုယ်သူ သတိပေးနေသည်။
ဖန့်ကြွယ်ယွီက သူ၏ဖုန်းကို ကျွမ်းရီကိုပေးရင်း “အမရီ ကျွန်တော့်ကို snapပုံလေးတွေရိုက်ပေးပါ။ ရိုက်တဲ့အခါကျ ရုပ်လှအောင် filter လေးတွေသုံးပြီးရိုက်ပေးနော်”
“ဟဲလို ငါက ဆုလွင် ပါ။ သူက ကျန်းလောရှန် လို့ခေါ်ပါတယ်” ဆုလွင်က သူ၏လက်ကိုကမ်းပေးသည်။ သူက နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်ပြီး ပိုက်ဆံရှိသော်လည်း သူ၏ အနေအထားက တချို့လူများအတွက် သာမန်မျှသာဖြစ်လိမ့်မည်။
သူ့ရှေ့မှာရှိနေသော လူငယ်လေးသို့ သူ၏ဆွေမျိုးများက ပြောမပြတတ်လောက်အောင် ချမ်းသာလိမ့်မည်။
“အမ်..ကျွန်တော်က ဖန့်ကြွယ်ယွီပါ” ဖန့်ကြွယ်ယွီတစ်ယောက် နေရခက်နေသည်။
“ဖန့်ကြွယ်ယွီ ဆိုတော့ ခင်ဗျားက စိတ်ရောဂါအထူးကုဆေးရုံ ဥက္ကဌများလား”ဟု ဆုလွင်က မေးသည်။ ဆုလွင် သည် ဆိုရှယ်မီဒီယာကို နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲသူတစ်ဦးဖြစ်တာမို့ ထိုနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေသည်။
ထိုလူငယ်လေး၏ အကြောင်းက စိတ်ဝင်စားဖွယ်ကောင်းပေသည်။ သူ့ကို လူအများစုက ဟိုနေရာ ဒီနေရာမှာ တွေ့နေမြဲဖြစ်သည်။
သူ၏ စီးပွါးရေးလုပ်ငန်းများကို အတိအကျမသိကြသလို မည်မျှချမ်းသာလဲဆိုတာကိုလည်း မသိကြပေ။
နာမည်ကြီး သူဌေးသားတစ်ဦးဖြစ်သူ ဝမ်ချုံးကိုယ်တိုင်ချမ်းသာသည်ဟု တခုတ်တရ ထုတ်ပြောထားသူမို့ ထိုလူငယ်လေး၏ ကြွယ်ဝချမ်းသာမှုကို မှန်းဆမရနိုင်ပေ။
“အဲ့တာက ဒီတိုင်းအပျော်သဘောပေးထားတာပါ” ဟုဖန့်ကြွယ်ယွီက ရှက်ကိုးရှက်ကန်းပြန်ဖြေသည်။ သူ၏ idolရှေ့မှာတော့ အရှက်မကွဲလိုပေ
“ ဒါပေမဲ့ ဆေးရုံကတော့တကယ်ရှိတာပါ”
“ဟား .ညီလေးဖန့် မင်းကတကယ့်ကောင်ပဲ” ဖန့်ကြွယ်ယွီ၏ ရှက်ကိုးရှက်ကန်း ပုံစံကိုကြည့်ပြီး ဆုလွင်တို့နှစ်ဦး ရယ်မိသည်။
“မင်းလည်းပဲ ဒီနေ့ပွဲကို သွားမှာမဟုတ်လား”
ဖန့်ကြွယ်ယွီက သူတို့ကို သက်တောင့်သက်သာထိုင်ပါဟုပြောသည်။ လေယာဉ်မယ်များက ဝိုင်နှင့်စားစရာများကို ယူလာပြီး တည်ခင်းဧည့်ခံကြသည်။
“ဥက္ကဌဝမ်က အပေါင်းအသင်းတိုးစေဖို့ လာပါဆိုပြီး ငါ့ကိုဖိတ်ခဲ့တာပါ။ ဒီနေရာမှာ ခင်ဗျားတို့နဲ့ အရင်ဆုံး ဆုံရမယ်လို့ မတွေးဖူးဘူး”
“မင်းက နောက်နေပြန်ပါပြီကွာ။ မင်းအနေအထားကြီးနဲ့ မတွေ့ဖူးတာဘာများရှိဦးမလဲ” ဖန့်ကြွယ်ယွီက နှိမ့်ချလွန်းသည်ဟု ဆုလွင်ထင်မြင်မိသည်။
“၈၂ ခုနှစ်ဝိုင်” ကျန်းလောရှန်က ဝိုင်နှင့်ပတ်သက်ပြီး စိတ်ဝင်စားသူတစ်ဦးဖြစ်သည်။ ၁၉၈၂ ခုနှစ်တုန်းက ရာသီဥတုအခြေအနေသည် စပျစ်ခြံများအတွက် စံတင်ရလောက်အောင် ကောင်းမွန်သောရာသီဥတုအခြေအနေဖြစ်သောကြောင့် ထိုခေတ်ကထွက်သောဝိုင်များက စျေးကြီးပြီး အရည်အသွေးလည်းမြင့်လှသည်။
၁၉၈၂ ခုနှစ်ထုတ်သာမန်ဝိုင်တစ်ပုလင်းတောင်မှ တစ်ပုလင်းကို သောင်းနှင့်ချီပြီး တန်ကြေးရှိသည်။ အထူးနေရာဖြစ်သော Chateau latour ဒေသထွက် ဝိုင်ပုလင်းဆို ရဖို့ခဲယဉ်းလှပေသည်။ ထိုဝိုင်တစ်ပုလင်းသည် ဒေါ်လာသောင်းနှင့်ချီပြီး တန်ကြေးရှိသည်။ ထိုကဲ့သို့စျေးကြီးပြီး အဖိုးတန်သော ဝိုင်ပုလင်းနှင့် သူတို့ကို ဧည့်ခံကတည်းက ဖန့်ကြွယ်ယွီ၏ ကြွယ်ဝမှုကို မှန်းဆနိုင်သည်။
“ဆုလွင် ငါတစ်ခုလောက် အကူအညီတောင်းလို့ရမလား” ဖန့်ကြွယ်ယွီက မေးရန် ချီတုံချတုံဖြစ်နေသည်။
“မေးပါ။ လေယာဉ်စီးခ အလကားတော့ဘယ်ရမလဲလေ။ဟုတ်တယ်မလား” ဆုလွင်က ရယ်မောသည်။
“နိုဝင်ဘာလမှာကျင်းပမဲ့ မင်းရဲ့ဖျော်ဖြေပွဲအတွက် လက်မှတ်နှစ်စောင်လောက်များရနိုင်မလား။ လက်မှတ်တွေရဖို့ ခဲယဉ်းလို့ပါ”
“ဟမ် ဒါပဲလား” သူ့ကို ဒီ့ထက်ပိုကြီးသောအရာတစ်ခုကိုတောင်းဆိုလိမ့်မည်ဟု တွေးထားမိသည်။
ပုံမှန်ဆို လူချမ်းသာများအဖို့ လက်မှတ်ကိုစျေးကြီးကြီးပေးဝယ်ရလည်း မမှုပေ။ သို့သော် ယနေ့ခေတ် သူဌေးများက ထူးဆန်းလှသည်။
ကိုယ်ပိုင်လေယာဉ်အတွက် မျက်တောင်တစ်ချက်မခတ်ဘဲနှင့် ဒေါ်လာသန်းပေါင်းများစွာ သုံးနိုင်သော်ငြား ရှိုးပွဲလက်မှတ်အတွက် ထောင်ဂဏန်းလောက်ပမာဏကို သုံးစွဲရန် တွန့်ဆုတ်နေကြသည်။
“ဆက်သွယ်လို့ရမဲ့နံပါတ်တွေလဲထားကြမယ်လေ။ အဲ့အချိန်ရောက်လာပြီဆို မင်းကို VIP နေရာခေါ်သွားပေးမဲ့ တစ်ယောက်ကို လွှတ်လိုက်ပါ့မယ်။ လူအယောက်နှစ်ဆယ်စာ စီစဉ်ပေးထားပါ့မယ်”
ဤအရာသည် မိတ်ဆွေတိုးပွါးလာမည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပေသည်။ VIP ထိုင်ခုံတချို့ကို ရင်းပြီး အလွန်ချမ်းသာသည့် လူနှင့် ခင်မင်ခွင့်ရလာသည့်အတွက် တန်လှပေသည်။
“ကောင်းတာပေါ့” ဖန့်ကြွယ်ယွီက အပျော်ကြီးပျော်သွားသည်။
“နောက်တစ်ခုရှိသေးတယ်”
သူက ပြောရင်းဆိုရင်း DSLR ကင်မရာကိုထုတ်သည်။
“ပုံတစ်ပုံလောက်ရိုက်လို့ရမလား”