← Chapters

အစားအသောက် အမှိုက်ပုံကြီး

Vol. 88 Ch. 1231

အစားအသောက် အမှိုက်ပုံကြီး

Vol. 88 Ch. 1231

ညဘက်တွင် အသည်းကွဲတောင်ကြားမှ မည်သူမှ အနားယူသည့်သူ မရှိပေ။ အားလုံးသည် မနက်မိုးလင်းသည်အထိ စားကြသောက်ကြလေ သည်။

ရှီမာယူယူတွင် ဝိညာဉ်စွမ်းအင်မရှိတော့သဖြင့် သူမ ခန္ဓာကိုယ်သည် ပို၍ အားနည်းလာသည်။ သူမ ထိုနှစ်ရက်တွင် မနားရသေးသဖြင့် အလွန် ပင်ပန်းနေလေပြီ။

ထို့ကြောင့်ပင် အားလုံးထွက်သွားသည်အထိ စောင့်ပြီး အနားယူရန် သွားလိုက်သည်။

ရှီမာယူလင်း ထွက်မသွားခင်တွင် သူမ အဆက်မပြတ် သမ်းဝေနေ သည်ကို သတိထားမိလေသည်။ ထို့ကြောင့်ပင် သူမ မရှိချိန်တွင် တခြားသူ များကို မေးကြည့်လိုက်သည် “ယူယူ ထူးခြားနေတာ သတိထားမိလား”

“မတူတာတော့ ရှိတဲ့ပုံပဲ” ရှီမာယူမင် ပြောလိုက်သည် “သူမ သာမန် လူလိုဖြစ်နေသလိုပဲ”

“ယူယူ့ရဲ့ ဝိညာဉ်စွမ်းအင်က ချိပ်ပိတ်ခံထားရတယ် အဲတော့ အခုက သာမန်လူလိုပဲ” ဘေဂုံထန် ပြောလိုက်သည်။

“ဘာ” သူမ၏ အစ်ကိုများ အော်မိကြလေသည်။ “ဘယ်လိုလုပ်ဖြစ်သွား တာလဲ”

“အရမ်းကြီးစိတ်မပူပါနဲ့ ယူယူအဆင်ပြေမှာပါလို့ ရင်လင်းပြောတယ်တဲ့” ဖက်တီးကျူ ပြောလိုက်သည်။

“တကယ်လား” ရှီမာယူလင်းသည် သူ့ကိုမယုံသေးပေ။ သူမရဲ့ ဝိညာဉ် စွမ်းအင်မရှိတော့တာကို ဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲ။

“အဲဒါလည်း ယူယူပဲပြောတာလေ ကျွန်တော်တို့လည်း မယုံဘူးပဲ ဒါပေမဲ့ ရင်လင်းက တကယ်ပဲအဲလိုပြောခဲ့တယ်တဲ့” ဝေကျိရွှီ ပြောလိုက်သည်  “အစ်ကိုဖန်ကိုမေးကြည့်ပြီးပြီ ရင်လင်းက တကယ်ပဲအဲလိုပြောခဲ့တယ်တဲ့”

“ဒါဆိုလည်း အဆင်ပြေမှာပါ”

ရှီမာယူမင်နှင့် တခြားသူများသည် အခုမှပင် အသက်ရှုနိုင်တော့သည်။ သူတို့သည်လည်း ရင်လင်းကိုသိကြသည်။ သူက အဆင်ပြေတယ်ပြေမှတော့ ဘာမှမဖြစ်လောက်ပါဘူး။

ရှီမာယူယူသာ ထိုစကားများကို ကြားပါက စိတ်မကောင်းဖြစ်သွားနိုင် သည်။ သူတို့သည် သူမကို မယုံဘူးဟု အဓိပ္ပာယ်သက်ရောက်နေသည်လေ။ သူမ စကားတွေက အဲလောက်ယုံစရာမကောင်းဘူးလား။

“ဘာဖြစ်ခဲ့လဲဆိုတာ သိသေးလား” ရှီမာယူချီမေးလိုက်သည်။

“အင်း ယူယူ ပြောပြတယ်”

“ဒါဆို ငါတို့ကိုလည်း ပြောပြ”

“ကောင်းပြီလေ…”

ရှီမာယူယူသည် ညမိုးချုပ်သည်အထိ အိပ်လေသည်။ နောက်ဆုံးတော့ ဗိုက်ထဲမှ အသံထွက်လာမှပင် နိုးလာတော့သည်။

သူမသည် ဗိုက်ကိုလက်ဖြင့် ပွတ်ရင်း သက်ပြင်းချလေသည် “ငါ့မှာ ဝိညာဉ်စွမ်းအင်မရှိတော့ သာမန်လူလိုပဲ အိပ်ချင်ပြီး ဗိုက်ကဆာပြန်ပြီ ဒါက ဆိုးတဲ့ခံစားချက်တော့မဟုတ်ပါဘူးလေ”

သူမသည် အိပ်ရာပေါ်တွင် အနည်းငယ်လူးလှိမ့်ပြီးနောက် အမှန် တကယ် ဗိုက်ဆာလာရာ မတတ်သာပဲ အစားအစာရှာရန် တွားသွားပြီးဆင်း လာရတော့သည်။

သူမ တံခါးဖွင့်လိုက်ချိန်တွင် ရှီမာယူလင်းနှင့် တခြားသူများသည် သူမ ခြံဝန်းတွင် စကားပြောနေသည်ကိုတွေ့လိုက်ရသည်။

“ဒီမှာ ဘာလုပ်နေကြတာလဲ” သူမသည် သံသယဖြင့် မေးလိုက်သည်။

“နင့်မှာ ဝိညာဉ်စွမ်းအင်မှမရှိတော့တာ ဘယ်ဟာကိုမှ အာရုံခံနိုင်တော့ မှာမဟုတ်ဘူး” ရှီမာယူချီသည် လျှောက်လာပြီး သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

“အာရုံခံနိုင်ပါတယ် ဒါပေမဲ့ ညီမကပျင်းနေတော့ ခြံဝန်းကိုပြန်လာတာနဲ့ ဘေးကိုဘာမှ အာရုံမခံတော့တာ” ကိစ္စများ ရိုးရှင်းသွားစေရန်အတွက် သူမ သည် ထိုစကားကိုသာ သာမန်ကာလျှံကာ ပြောလိုက်သည်။

“နင့် ခန္ဓာကိုယ် အဆင်ပြေရင် ကောင်းတာပဲ” ရှီမာယူချီသည် သူမ လက်ကောက်ဝတ်ကို လွှတ်လိုက်သည်။

ရှီမာယူူယူ လျှောက်လာလိုက်သည်။ သို့သော် ဘေဂုံထန်ကို မမြင်မိ ပေ။ “ဘေဂုံရော”

“နင်နိုးလာရင် ဗိုက်ဆာလောက်တယ်လို့ ပြောသွားတယ် အဲတော့ သူမ တစ်ခုခုသွားချက်နေတယ်” ဖက်တီးကျူ ပြောလိုက်သည်။

“ကောင်းတယ်” ရှီမာယူယူသည် ကျောက်စားပွဲရှေ့တွင်ထိုင်ပြီး ဘေဂုံထန် စားစရာတစ်ခုခုယူလာမည်ကို စောင့်နေလိုက်သည်။

တခြားသူများသည် သူမမျက်နှာတွင် တစ်ခုခုကပ်နေသကဲ့သို့ ကြည့်နေကြရာ မေးလိုက်သည် “ညီမမျက်နှာမှာ တစ်ခုခုပေနေလို့လား”

“ညီမလေး မစိုးရိမ်နဲ့ ရင်လင်းက အဆင်ပြေမှာလို့ပြောမှတော့ ဘာမှ မဖြစ်လောက်ပါဘူး” ရှီမာယူလီ ပြောလိုက်သည်။

“ဟင်” သူတို့ဘာကြောင့် ရုတ်တရက် ထိုကဲ့သို့ပြောသည်ကို ရှီမာယူယူ မသိပေ။ “ညီမ မစိုးရိမ်ပါဘူး”

“တကယ်လား”

“ဒါပေါ့” ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည် “ညီမ ဝိညာဉ်စွမ်းအင် မသုံးနိုင်ပေမဲ့ မကောင်းတာတော့ မဟုတ်ဘူးလေ”

“ဘာလို့အဲလိုပြောတာလဲ” ဖက်တီးကျူ၏ အတွေးသည် တခြားသူများ ထက် ခြေတစ်လှမ်းနောက်ကျသည်။

“ဒီနှစ်တွေမှာ နောက်တစ်ဆင့်တက်ဖို့ သန်မာလာဖို့နဲ့ အမြန်ကြီးပြေး လာခဲ့တယ်၊ ငါ မလုပ်နိုင်သေးတဲ့ ကိစ္စတွေအများကြီးကျန်သေးတယ်၊ ရိုးရိုးရှင်းရှင်းပြောရရင် အိပ်ချိန်တောင် မရခဲ့ဘူး” ရှီမာယူယူ ပြောလေသည် “အခု ငါ့လက်ရှိအားနဲ့ ဘာမှအားစိုက်စရာမလိုဘူး ဒီအခွင့်အရေးမှာ အရင်က ကိစ္စတွေကို ပြန်တွေးလို့ရတယ် ရှေ့ဆက်သွားမဲ့လမ်းကို အစီအစဉ်ဆွဲပြီး ငါ့ စိတ်ကိုတည်ငြိမ်အောင်လုပ်လို့ရမယ်”

“နင် အဲလိုတွေးတယ်ဆိုတော့ ကောင်းတာပေါ့” ယခင်က သူမ၏ ပေါ့ပါးသော သဘောထားသည် အပြင်ပန်းမျှသာဖြစ်မည်ကို ရှီမာယူလင်းနှင့် တခြားသူများစိုးရိမ်ခဲ့ကြသည်။ အခု သူမ ပြောသည်ကို ကြားလိုက်ရသော အခါ သူမ စိတ်မပူသည်မှာ အမှန်ဖြစ်နေသည်ကို သိလိုက်ရသည်။ ထိုအခြေ အနေတွင် သူတို့သည် သူမကိုစိုးရိမ်ရန်မလိုတော့ပေ။

သူမအတွက် နှစ်အနည်းငယ်နှောင့်နှေးသွားနိုင်သော်လည်း ကောင်းဖို့ အတွက်ဖြစ်လာခြင်းဖြစ်သည်။ ဒင်္ဂါးတွင် မျက်နှာစာနှစ်ဖက်ရှိတယ်လေ မဟုတ်ဘူးလား။

“ဘေဂုံက ဘာလို့မလာသေးတာလဲ ဗိုက်ဆာလွန်းလို့သေတော့မယ်” သူမသည် ဝမ်းဗိုက်လေးကို ပွတ်လိုက်သည်။

ဟူး… ဆာလောင်ခြင်းသည် ဘဝ၏ အခြေခံအစိတ်အပိုင်းသာဖြစ် သည်။ ဗိုက်ဆာတာက တကယ်ကို သက်တောင့်သက်သာမဖြစ်တာပဲ။

“ငါ အောက်ထပ်ကနေတောင်ကြားရတယ်” ဘေဂုံထန်သည် တောင် ပေါ်သို့တက်လာပြီး သူမ ခြံဝန်းတံခါးကိုတွန်းဖွင့်ရင်း ပြုံးလိုက်သည်။

ရှီမာယူယူသည် ဘေဂုံထန်အားမြင်သောအခါ မျက်လုံးများအရောင် တောက်လာသည်။

ဘေဂုံထန်သည် သူမအမူအရာကိုမြင်သောအခါ ပြုံးပြီး ခေါင်းခါမိလေ သည်။ သူမသည် စားပွဲဘေးလာကာ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် မတူ ညီသော ဟင်းလျာလေးမျိုးနှင့် ထမင်းတစ်လုံးသည် အားလုံးရှေ့တွင်ပေါ်လာ သည်။

ရှီမာယူယူသည် ပျော်ရွှင်စွာဖြင့် တူကိုကောက်ကိုင်ကာ မြစိမ်းရောင် အသီးအရွက်ကို ကောက်ယူပြီးစားလိုက်သည်။

“အင်း ဘေဂုံရဲ့လက်ရာက တကယ်တိုးတက်လာတယ် ဒီဟင်းက အရမ်းကောင်းတာပဲ”

“ငါ့လက်ရာတိုးတက်လာတာမဟုတ်ဘူး နင်က ဗိုက်ဆာနေလို့လေ” ဘေဂုံထန် ပြောလိုက်သည် “အရင်တုန်းကတော့ နင် မကြာခဏ ဒါမျိုးတွေ ချက်ကျွေးပေမဲ့ နင်ကတကယ်ဗိုက်ဆာတာမဟုတ်ဘူးလေ ဒီအတိုင်းပဲ စား နေခဲ့တာ အခုနဲ့မတူဘူးလေ”

ရှီမာယူယူသည် ဟင်းရွက်ကိုဝါးရင်း သက်ပြင်းချလိုက်သည် “ဆာလောင်နေတဲ့ဗိုက်နဲ့ ဒီလို နတ်သုဒ္ဓါကို စားရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး အမှန်အတိုင်းပြောရရင် ကောင်းတဲ့ခံစားချက်တော့မဟုတ်ဘူး”

“ငါ အဒေါ်ယိနဲ့ တခြားသူတွေကို ပြောပြီးပြီ အခုကစပြီး နင် တစ်ရက်ကို သုံးနပ်စားရမယ် သူတို့က နင့်အတွက်ချက်ပေးလိမ့်မယ်” ဘေဂုံထန် ပြော လိုက်သည်။

“အဒေါ်ယိရဲ့ ဟင်းချက်လက်ရာလည်းမဆိုးပါဘူး” ရှီမာယူယူ ပြော လိုက်သည် “တခြားသူသာဆိုရင်တော့ ထားလိုက်တော့”

“နင့်အတွက် သူမကိုယ်တိုင် နေ့တိုင်းချက်ပေးမယ်လို့ အဒေါ်ယိပြော တယ် အဲတော့ လိမ်လိမ်မာမာနဲ့သာစား မလိုအပ်တာတွေ စိုးရိမ်မနေနဲ့”

“ဟူး…” ရှီမာယူယူသည် သက်ပြင်းချရင်းနှင့်ပင် ဟင်းလေးမျိုးလုံးနှင့် ထမင်းတစ်လုံးကို ပြောင်အောင်ရှင်းလိုက်တော့သည်။

“မဖြစ်နိုင်တာ ယူယူ တကယ်ပဲ အကုန်လုံးကိုစားလိုက်တာလား နင် အခု သုံးစရာဝိညာဉ်စွမ်းအင်လည်းမရှိဘူး သိရဲ့လား အစာမကြေမဖြစ်စေနဲ့” ဖက်တီးကျူ ပြောလိုက်သည်။

ရှီမာယူယူသည် ဗိုက်ကိုပွတ်ရင်း ပြောလိုက်သည်။ “ငါ အများကြီးစား တယ်လို့ မခံစားမိပါဘူး နောက်ထပ် ထမင်းနှစ်လုံးလောက်စားနိုင်သေးတယ်”

“ဘယ်တုန်းက အဲလောက်အစားကြီးသွားတာလဲ”

ရှီမာယူယူသည်လည်း အနည်းငယ်အံ့သြသွားသည်။ “ငါ ဝိညာဉ် စွမ်းအင်ရှိတုန်းက အစားအသောက်တွေစားခဲ့တယ်… ဝိညာဉ်စွမ်းအင်မရှိဘဲ နဲ့တောင် ဒီလောက်စားနိုင်တာ နည်းနည်းတော့ ထူးဆန်းတယ် ငါက အစားအသောက် အမှိုက်ပုံကြီးဖြစ်နေလို့လား”

“နင် အရင်က အဲလောက်အစားမကြီးပါဘူး” ရှီမာယူမင်သည် သူမကို ထုတ်ဖော်တော့သည် “နင် ပထမဆုံး စကျင့်ကြံတုန်းက အဲလောက်မစားခဲ့ ဘူးလေ”

“ခန္ဓာကိုယ် ပြောင်းလဲသွားလို့ဖြစ်မယ်” ရှီမာယူလင်း ပြောလိုက်သည် “နင့်ခန္ဓာကိုယ်က မပေါ်လွင်ပေမဲ့ အားက အထင်သေးလို့မရဘူးလေ စားနိုင် တဲ့စွမ်းရည်ကလည်း လိုက်တိုးတက်လာမှာပဲ အရင်က ဝိညာဉ်အရည်အချင်း တွေသုံးတော့ မသိသာဘူး အခု ဘာဝိညာဉ်စွမ်းအင်မှမရှိတော့ အစာနဲ့ပဲ ကိုယ့်ဘာသာ အားဖြည့်ရတော့မှာလေ”

အားလုံးစဉ်းစားကြည့်လိုက်ရာ ထိုဖြစ်နိုင်ချေကို သဘောတူလိုက်ကြ သည်။ သို့သော် သူမသည် ထိုသီအိုရီကိုမနှစ်သက်ပေ။

“အဲတော့ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းဖို့ အများကြီးစားပေး ရမယ်လို့ ပြောနေတာလား တစ်နေကုန် စားတာကလွဲပြီး ဘာမှမလုပ်ရတော့ ဘူးလား”

***

All Chapters