ရှစ်ခုမြောက်အသံ
Vol. 81-85 Ch. 1243
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အံ့ဩသွားကြသည်။ ယဲ့ဘုရင်ကို ရန်စရဲသည်အထိ မည်သူက အလွန်သတ္တိ ကောင်းနေသလဲ သူတို့ မတွေးတတ်တော့ချေ။
ပုဆိန်ကို ပစ်လိုက်သည့်လူအား မြင်လိုက်ရသောအခါ သူတို့ တစ်စုံတစ်ရာကို သတိပြုမိသွားပြီး အမူအရာ ပြောင်းလဲ သွားကြသည်။
“ကျိုးခန်းယွီ ဒါ ဘာသဘောလဲ”
လုံခွေ မျက်မှောင်ကြုတ်သွားပြီး မျက်နှာထား အလွန် ဆိုးရွားလာ၏။
“သူက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ တပည့် ပြီးတော့ တော်ဝင်မျိုးနွယ်ရဲ့ ဆွေမျိုးတစ်ယောက်ပါ၊ သူက ဒုတိယ မင်းသားနဲ့ ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိတယ်၊ အဲ့ဒါကြောင့် သတိထားပါ”
ထိုအခိုက်တွင် ခို့ကျန်းဟွိုက်က ယဲ့ဖန်၏ နားနားသို့ကပ်၍ တီးတိုးပြောပြလေသည်။
*လတ်စသက်တော့ တပည့်က သူ့ဆရာအတွက် ဒေါသဖြစ်ပြီး ထွက်ပေါက် ရှာနေတာကိုး*
တစ်ဖက်လူက ဒေါသမဖြေနိုင်ဘဲ သွေးစိမ်းရှင်ရှင် ယိုစီးအောင် လုပ်မိတော့မည်ကို တွေးမိပြီး ယဲ့ဖန် လှောင်ရယ် လိုက်မိသည်။
“ငါတို့ရဲ့ ဆရာအသစ်ကို ငါ နှုတ်ဆက်ရုံလေးပါ၊ ငါ နှုတ်ဆက်လို့ မရလို့လား”
ကျိုးခန်းယွီသည် ပွက်ပွက်ဆူနေသည့် ရေကို မကြောက်သော ဝက်တစ်ကောင်လိုပင်။ သူက ညစ်ကျယ်ကျယ်ပြုံး၍ ဆက်ပြောလာ၏။
“ဒါက နာမည်ကြီး ယဲ့ဘုရင် မဟုတ်လား၊ အသက်ငယ်ငယ်လေးနဲ့ ဒီနေရာ ရောက်လာတာပဲ၊ ပေါင်လုံ အဖွဲ့အစည်းရဲ့ ဆရာအဖြစ် ဝင်လာရတော့ မင်း အရမ်း စိတ်လှုပ်ရှားနေမှာပဲ ဟုတ်တယ်မလား၊ မင်း အဲ့နေရာမှာ ကြာကြာ မနေရဘူးဆိုတော့ စိတ်မကောင်းစရာပဲ”
“ကျိုးခန်းယွီ မင်း …”
လုံခွေတို့ သုံးယောက်လုံး ရှေ့တက်လာသည်။ သူတို့ ယဲ့ဖန် အဖွဲ့အစည်းအတွင်းသို့ ဝင်လာအောင် မနည်း လုပ်ခဲ့ရသည်။ သို့သော် ဤလူက မောင်းထုတ်ချင်နေသည်တဲ့လား။
စွန်းထောင်နှင့် ခို့ကျန်းဟွိုက်တို့သည် ယဲ့ဖန်၏ လေးနက်သော သိုင်းပညာ ဗဟုသုတကြောင့် ဆရာအဖြစ် လက်ခံ လေးစားခဲ့ကြသည်။ ယခု ယဲ့ဖန်ကို နတ်ဘုရားသဖွယ် သတ်မှတ်ထားချိန်တွင် တစ်စုံတစ်ယောက်က ယဲ့ဖန်အား မောင်းထုတ်ချင်နေသည်ကို သူတို့ ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
“နောက်တာပါကွာ၊ တကယ်တမ်းဆိုရင် ဆရာဆိုတဲ့ မင်းကို ငါ့စိတ်ထဲမှာ လေးစားပြီးသားပါ၊ ပြီးတော့ မင်းလို သေတွင်းတူးနေတဲ့ လူကို တွေ့ဖို့ဆိုတာက ရှားတယ်လေ”
ကျိုးခန်းယွီ ရယ်မောလိုက်သည်။ သူ့စကား၌ ပုတ်ခတ်စော်ကားမှုများနှင့် ပြည့်နှက်နေသည်။
“တော်တော့”
လုံခွေ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်လာသည်။ သို့သော် ယဲ့ဖန်က သူမကို တား၍ အပြုံးနှင့် ပြောလိုက်သည်။
“မင်း ငါ့ကို သဘောမကျဘူးဆိုရင်လည်း မကျဘူးလို့ ပြောလိုက်ပေါ့၊ ဘာလို့ ခွေးမလို ဟောင်နေတာလဲ၊ မင်းဆရာက မင်းကို ဒီလိုပဲ သင်ထားတာလား”
တစ်ဖက်လူက သူ့ဆရာအား စော်ကားလာသည့် စကားကိုကြားပြီး ကျိုးခန်းယွီ ချက်ချင်း ဒေါကန်လာ၏။
“မင်းက ဘာကောင်မို့လို့လဲ၊ မင်းမှာ ဘာအရည်အချင်းရှိလို့ ငါ့ဆရာကို စော်ကားတာလဲ”
ယဲ့ဖန်၏ မျက်နှာက သုန်မှုန်သွားပြီး မိုးခြိမ်းသောအသံကဲ့သို့ ကျယ်လောင်စွာ ပြန်ငေါက်လိုက်သည်။
“ဒါဆို မင်းကရော ဘာကောင်မို့လို့လဲ၊ မင်းက ဘာတွေ ထူးချွန်နေလို့ ငါ့ကို စော်ကားတာလဲ”
လူတိုင်း ခေါင်းကြိမ်းကာ မူးဝေသလို ခံစားလိုက်ရသည်။ ကျိုးခန်းယွိ ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရလေသည်။
သူ့တစ်ကိုယ်လုံး အေးစက်လာပြီး တိုက်ခိုက်ရန် ခွန်အားမဲ့သလို ခံစားသွားရသည်။ တစ်ခဏကြာသော် သူ့မျက်လုံး၌ မကျေနပ်စိတ်များ ပြည့်နှက်လာ၏။
“ယဲ့ဖန် ငါက မင်းပြိုင်ဘက် မဟုတ်တာကို ငါ ဝန်ခံတယ်၊ ဒါပေမဲ့ ငါ့ဆရာ ပြန်လာရင် သူ မင်းကို သေချာပေါက် သတ်ပစ်မှာ”
“ငါ့စီနီယာအစ်ကို သေရတာကို အချည်းနှီး အဖြစ်မခံနိုင်ဘူး”
ယဲ့ဖန်က အေးအေးလူလူ ပြုံး၍ တစ်ခွန်းချင်း ပြောလိုက်သည်။
“သူ လာရဲရင် ငါလည်း သူ့ကို မြေမြှုပ်ရဲတယ်”
လူတိုင်း မှင်တက်သွားကြသည်။
*ဒါ စစ်ကြေငြာတဲ့ သဘောလား*
*ယဲ့ဘုရင်နဲ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ တိုက်ပွဲလား*
ယခင်ကဆိုလျင် သူတို့ လှောင်ရယ်၍ ယဲ့ဖန်က သူ့ခွန်အားကို အထင်ကြီးနေသည်ဟု ပြောမိလောက်သည်။ သို့သော် ယဲ့ဖန်၏ ခွန်အားကို မြင်ပြီးနောက် သူတို့ တိုက်ပွဲဖြစ်လာရန်သာ မျှော်လင့်နေမိသည်။ နာမည်ကျော် နှစ်ယောက်၏ တိုက်ပွဲက သေချာပေါက် ထိတ်လန့်စရာကောင်းပေမည်။
“အဲ့စကားပြောတာ မင်း ပထမဆုံး မဟုတ်ဘူး၊ ဒီလို ပြောရဲတဲ့လူတိုင်း နောက်ဆုံး သေသွားကြတာပဲ”
ကျိုးခန်းယွီက လှောင်ရယ်လေသည်။
“မင်းလို သာမန်လူတစ်ယောက်က ငါ့ဆရာရဲ့ နတ်ဘုရားလို ခွန်အားကို ဘယ်လို နားလည်နိုင်မှာလဲ”
ကျိုးခန်းယွီ၏ မျက်နှာတွင် အလွန် လေးစားရိပ်များ ထွက်ပေါ်လာပြီး သူ့စိတ်ထဲတွင် ဆရာဖြစ်သူအား နတ်ဘုရားတစ်ပါးဟု မှတ်ယူထားလေသည်။ တကယ့် စစ်နတ်ဘုရားဟု သတ်မှတ်ထားသည်။
“သူ့ကို အာရုံထားမနေနဲ့၊ ငါ နင့်ကို ခေါင်းဆောင်ဆီ ခေါ်သွားမယ်”
လုံခွေက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ သူမ ကျိုးခန်းယွီကို မမြင်ချင်ပါ။ သို့သော် တစ်ဖက်လူ၏ ဆရာက အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရား ဖြစ်နေသည့်အပြင် သူက တော်ဝင်မျိုးနွယ်လည်း ဖြစ်နေသေးသည်။ သူ၏ အရေးမပါသော စကားများအား သူမ သည်းခံရုံသာ တတ်နိုင်တော့သည်။
“နေဦး သူ သွားလို့မရသေးဘူး”
သို့သော် ကျိုးခန်းယွီက ရှေ့တိုးလာပြီး သူတို့ကို တားဆီးကာ မချိုမချဉ် ပြုံးလေသည်။
“ပုံမှန်ဆိုရင် အဖွဲ့ဝင်အသစ်တွေက စမ်းသပ်ချက်တွေကို အောင်မြင်မှရတာ၊ ဒါကို အောင်မှ သူတို့ကို ပေါင်လုံ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ ထိုက်တန်တယ်လို့ သတ်မှတ်တာလေ၊ သူက ဆရာဖြစ်နေတာပဲ ခြွင်းချက်ထားလို့ ဘယ်ရမလဲ ဟုတ်တယ်မလား”
“ကျိုးခန်းယွီ နင် ခေါင်းချောင်နေလား၊ ဆရာ့ခွန်အားကို လူတိုင်း မြင်ထားတာပဲ၊ သူ စမ်းသပ်ချက်ကို မအောင်ဘဲ နေမလား၊ မင်း ဒီလိုမျိုး အချိန်ဖြုန်းနေတာလား၊ စိတ်ဝင်စားစရာပဲ”
ခို့ကျန်းဟွိုက် အေးစက်စွာ ပြောလာသည်။
“သာမန် စမ်းသပ်ချက် ဘယ်ဟုတ်မလဲ၊ ငါတို့ဆီကနေ ငါတို့ဆရာအဖြစ် အသိအမှတ်ပြုတာ ခံချင်ရင် ငါတို့ သာမန် စမ်းသပ်ချက်စနစ်ရဲ့ ခက်ခဲမှုကို တိုးမှ ဖြစ်မှာပေါ့”
ကျိုးခန်းယွီ၏ အပြုံးက ပိုပို၍ အန္တရာယ် များလာ၏။
“နင် ဘာပြောချင်တာလဲ”
လုံခွေ စိတ်ပျက်လာ၏။
*ဒီခွေးမသားက လာဖင်ကျယ်နေပြန်ပြီ”
“ရှင်းပါတယ်၊ သူ့ကို စမ်းသပ်ချက်မှာ ဝင်ပြိုင်ခိုင်းပေါ့”
ကျိုးခန်းယွီက ယဲ့ဖန်အား မထီမဲ့မြင် မျက်လုံးများဖြင့် ကြည့်သေနည်။
“အရင်က ထူလုံနံရံကို အသံခုနစ်သံ ထွက်လာအောင် ငါ့ဆရာ လုပ်ခဲ့တယ်၊ သူက ငါတို့ဆရာ ဖြစ်ချင်တယ်ဆိုရင် အဲ့လို လုပ်ရမှာပေါ့”
“ဘာ”
သူ့စကားအဆုံး၌ လုံခွေ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ကျိုးခန်းယွီအား အရှက်မဲ့လွန်းသည့်အတွက် ငေါက်ငမ်းချင်လာသည်။ ၎င်းသည် သိုင်းပညာရှင်တစ်ယောက်အတွက် ခက်ခဲသော အရာ ဖြစ်ပေသည်။
ထူလုံနံရံသည် ပေါင်လုံအဖွဲ့အစည်း၏ ခွန်အားကို တိုင်းတာသည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ယနေ့ခေတ် ပေါင်လုံအဖွဲ့အစည်း၏ အဖွဲ့ဝင်များသည် အသံသုံးသံ ထွက်အောင်သာ ထိုးနှက်နိုင်ပြီး လေးခုမြောက် အသံ ထွက်လာအောင် လုပ်နိုင်သူက ရှားလှသည်။
လုံခွေတောင်မှ အသံငါးသံသာ ထွက်အောင် လုပ်နိုင်ခဲ့သည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အသံခုနစ်သံ ထွက်အောင်လုပ်၍ သမိုင်းရေးထိုးခဲ့သည်။ တစ်နိုင်ငံလုံး၌ ရှစ်ခုမြောက်အသံ ထွက်အောင် လုပ်နိုင်သည့်သူ သမိုင်းထဲတွင် မရှိသေးပေ။
“ကျိုးခန်းယွီ နင့်ဆရာ အသံခုနစ်သံ ထွက်လာအောင် လုပ်နိုင်ခဲ့တာက ကောင်းကင်အဆင့် ဓားရဲ့အကူအညီနဲ့လေ၊ အခု နင်က ယဲ့ဖန်ကို လက်ချည်းဗလာနဲ့ အသံခုနစ်သံ ထွက်အောင် လုပ်ခိုင်းနေတာလား၊ ဒါ သိုင်းပညာရှင် တစ်ယောက် အတွက် ခက်ခဲလွန်းတယ်”
လုံခွေ ခွန်းတုံ့မခံ ပြန်ပြောလိုက်သည်။
“ဒီကောင်က ငါ့ဆရာကို သတ်နိုင်တယ်လို့ ပြောနေမှတော့ သူ့ခွန်အားက ငါ့ဆရာထက် မြင့်မှာပဲ၊ အဲ့တော့ သူက ဘာလက်နက်များ လိုသေးလို့လဲ”
ကျိုးခန်းယွီ ခနဲ့လိုက်ပြီးနောက် သူ၏ အပြုံးက ပိုပို ပီပြင်လာသည်။
“သူ့ကိုယ်သူ ယဲ့ဖန်က အမှိုက်ကောင်ပါ၊ ငါ့ဆရာရဲ့ ဖိနပ်ကို သယ်ဖို့လောက်ပဲ တတ်နိုင်တာပါလို့ ဝန်ခံမယ်ဆိုရင် ဒီစမ်းသပ်ချက်ကို မရှိသလို သတ်မှတ်လိုက်မယ်”
“နင်”
လုံခွေ ဒေါသကြောင့် တုန်ယင်လာသည်။ သို့သော် သူမ ဝင်တိုက်တော့မည့်အချိန်က ယဲ့ဖန်က သူမကို တားဆီး လိုက်ပြီး ကျိုးခန်းယွီကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။
“မင်း ပြောတာ မှန်တယ်၊ မင်းဆရာ အမှိုက်နဲ့ ယှဉ်ရင် ငါ ဘာအပြင်ခွန်အားမှ မလိုဘူး”
ယဲ့ဖန်၏ အသံအဆုံး၌ ပေါင်လုံအဖွဲ့ဝင်များအားလုံး မျက်နှာထား ပြောင်းလဲသွားကြသည်။
*မောက်မာတာ*
*တော်တော် မောက်မာတာပဲ*
ယဲ့ဖန်၏ စကားများက အတင့်ရဲလွန်းသည်ဟု ပြောရပေမည်။
*သူက ထူလုံနံရံကို လက်သက်သက်နဲ့ ထိုးနှက်ဖို့ ကြံစည်နေတာလား*
*အသံခုနစ်သံ ထွက်လာအောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ*
*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင် မလုပ်နိုင်တာ*
“ဟားဟားဟား မင်း ကြားတယ်နော်၊ ဒါ သူပြောတဲ့ စကားပဲ၊ ငါ့ကို လာအပြစ်မတင်နဲ့”
ယဲ့ဖန်က သူ့ထောင်ချောက်ထဲ တန်းတန်းမတ်မတ် ဝင်လာသည်ကိုကြည့်ပြီး ကျိုးခန်းယွီ အပြုံးကြီး ပြုံးနေသည်။
“မင်း မလုပ်နိုင်ဘူးဆိုရင်တော့ မင်းကို ငါ ဒုက္ခများအောင် လုပ်ခဲ့မိတာပဲ၊ မင်းလာခဲ့တဲ့ နေရာကိုပဲ ပြန်သွား လိုက်တော့”
“ပြီးရင် လိမ်လိမ်မာမာနဲ့ သေမယ့်နေရာရှာပြီး ငါ့ဆရာ မင်းကို လာသတ်မယ့် အချိန်ကို စောင့်နေလိုက်”
လူတိုင်း စိတ်ပျက်စွာ ခေါင်းခါလာ၏။ အစ၌ သူတို့သည် ယဲ့ဖန်အား ရဲရင့်သော ယောက်ျားတစ်ယောက် ဖြစ်ပြီး ရှားပါး ဘုရင်တစ်ပါးဟု ထင်မှတ်ကာ လေးစားခဲ့ကြသည်။ မထင်မှတ်ဘဲ သူက အလွန် စိတ်မြန်လက်မြန် ရှိကာ သည်းမခံနိုင်သော စရိုက်မျိုး ရှိနေသည်။
မဖြစ်နိုင်သော ကိစ္စကို ကတိပေးပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲအောင် လုပ်နေသည်။ ထို့ကြောင့် လူတိုင်းက ယဲ့ဖန်ကို လူပြက်တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။
*လက်နဲ့ အသံခုနစ်သံ ထွက်လာအောင် လုပ်မယ်ပေါ့၊ ရူးလိုက်တဲ့ စိတ်ကူး*
“သူ့ကို အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ ယှဉ်တိုက်နိုင်တဲ့လူလို့ ငါ အစက ထင်နေခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးတော့ သူ့စရိုက်က မာန်တက်ပြီး မောက်မာတတ်တဲ့ စရိုက်ဖြစ်နေတယ်၊ တကယ် စိတ်ပျက်စရာ ကောင်းတယ်”
“သူ့ကို အပြစ်ပြောမနေနဲ့၊ တကယ်ဆို သူက အသက်နှစ်ဆယ်စွန်းစွန်းပဲ ရှိသေးတာလေ၊ သူ့အသက်ရယ် ထူးချွန်တဲ့ စွမ်းရည်ရယ်နဲ့ဆိုတော့ သူက လူငယ်ဂုဏ်မောက်ပြီး မာန်တက်နေတာပေါ့၊ သူ့လိုလူက အခက်အခဲ ကြုံတွေ့ရမှာပဲ အမြင့်ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်လာမှာ”
“သူ့မှာ အဲ့လို အခွင့်အရေးမျိုး မရှိမှာကိုတောင် ငါ စိုးရိမ်တယ်၊ သူက ဒီလောင်းကစားကို ရူးရူးမိုက်မိုက်နဲ့ သဘောတူလိုက်ပြီဆိုတော့ သူ ရှုံးရင် ပေါင်လုံအဖွဲ့အစည်းကနေ အထုတ်ခံရမှာလေ၊ ပေါင်လုံ အဖွဲ့အစည်းရဲ့ ကာကွယ်မှု မရှိရင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ ဓားအောက်မှာ သူ သေချာပေါက် သေရမှာပဲ”
“ရူးတယ်၊ တုံးအတယ်၊ ဒီလိုလူမျိုးက ဘာအရည်အချင်းရှိလို့ ငါတို့ဆရာအဖြစ် တာဝန်ယူမှာလဲ”
ထိုပါရမီရှင်များအားလုံး ထုတ်ပြောလာကြသည်။ သူတို့၏ ယဲ့ဖန်အပေါ် လေးစားစိတ်က ယဲ့ဖန်၏ မဆင်မခြင် ပြုမူမှုကြောင့် ပျောက်ပျယ်သွားလေသည်။
“နင် ရူးနေလား”
လုံခွေက ယဲ့ဖန်ကို ဘေးသို့ အလျင်အမြန်ဆွဲ၍ စောဒက တက်လိုက်သည်။ အကယ်၍ ယဲ့ဖန်သာ လောင်းကစားကို သဘောတူလိုက်ပါက သူတို့၏ ကြိုးစားမှုများအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
“ဆရာ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ ထူလုံနံရံက ဆရာ ထင်သလို မရိုးရှင်းဘူး”
ခို့ကျန်းဟွိုက် စိုးရိမ်တကြီး ပြောလာ၏။ စွန်းထောင်ကလည်း ခေါင်းညိတ်၍ ထောက်ခံလေသည်။
“ဟုတ်တယ် ထူလုံနံရံကို လက်နဲ့ ထိုးပြီး အသံခုနစ်သံ ထွက်အောင် လုပ်နိုင်တဲ့လူက သမိုင်းမှာ တစ်ဘောက်ပဲ ရှိတယ်၊ အဲ့အမျိုးသမီးက လုံးဝ လူ မဟုတ်ဘူး၊ ဆရာ သူနဲ့ ယှဉ်လို့မရနိုင်ဘူး”
“ဘာလဲ မြင့်မြတ်တဲ့ ယဲ့ဘုရင်က လိမ်ချင်နေတာလား၊ ဒီလိုဆိုရင် မင်း ဒူးထောက်ပြီး ဒီသခင်လေးကို ဂါဝရပြုပေး၊ ဒါဆို ငါ ခွင့်လွှတ်ပေးမယ်၊ ဘယ်လိုလဲ”
ကျိုးခန်းယွီက ညစ်ကျယ်ကျယ် လှောင်ရယ်လာသည်။ လူတိုင်း ညစ်ကျယ်ကျယ် ပြုံးနေကြသည်။
“ငါက အမှိုက်ကောင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား မဟုတ်ဘူးလို့ ပြောခဲ့သားပဲ”
“ယဲ့ဖန်က အေးအေးလူလူ ပြောပြီး လုံခွေတို့ သုံးယောက်ကို လျစ်လျူရှုပြီး ထူလုံနံရံသို့ လျှောက်သွားလိုက်သည်။ ဤသည်ကိုမြင်ပြီး ကျိုးခန်းယွီနှင့် အခြားသူများက ယဲ့ဖန်ကို လှောင်သကဲ့သို့ မထီမဲ့မြင်ပြုံးလိုက်သည်။
ယဲ့ဖန်သည် ထူလုံနံရံရှေ့၌ ရပ်လိုက်ပြီးနောက် မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး အရှိန်ယူ အစပျိုးသကဲ့သို့ သက်ပြင်းချ လေသည်။
“မင်း တကယ် ဟန်ဆောင်ကောင်းတာပဲ”
ကျိုးခန်းယွီ အထင်သေးစွာ ပြုံးလိုက်သည်။ ယဲ့ဖန်၏ မျက်လုံးများက နဂါးငွေ့တန်းထဲမှ ကြယ်တာရာသဖွယ် လင်းလက် တောက်ပလာ၏။ ထို့နောက် သူ့ကိုယ်ထဲမှ စွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာသဖြင့် သူ့ခြေထောက် အောက်မှ ကြမ်းပြင်က အက်ကွဲလာပြီး ပြင်းထန်သော စွမ်းအင်များ ပျံ့လွင့်လာသည်။
လူတိုင်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူတို့၏ အရှေ့မှာ ကောင်းကင်တာအိုနှင့် တစ်သားတည်း ဖြစ်နေပုံရပြီး ဖန်ဆင်းရှင်တစ်ပါးသဖွယ် ဥပဒေသအားလုံးကို ဖျက်ဆီးနေသလိုပင်။
ထို့နောက် ယဲ့ဖန် နံရံကို လက်သီးဖြင့် အားမပါဟု ထင်ရသော လက်သီးသည် ထူလုံနံရံအား ပြင်းထန်စွာ ထိုးနှက် လာသည်။
“ဒုန်း”
ကျယ်လောင်သောအသံက နားကွဲမတတ် ထွက်ပေါ်လာ၏။
“ဂါး”
ချက်ချင်းဆိုသလိုပင် နဂါးအော်သံတစ်သံ ပျံ့လွင့်လာသည်။
တစ်သံ၊ နှစ်သံ၊ သုံးသံ၊ လေးသံ။
လူတိုင်း ထိတ်လန့်ကာ စိတ်ထဲမှ လိုက်ရေတွက်နေမိသည်။
ငါးသံ၊ ခြောက်သံ။
သူတို့၏ အမူအရာသည် တဖြည်းဖြည်း မျှော်လင့်စောင့်စားနေရမှာ ထိတ်လန့်ဟန်သို့ ပြောင်းလဲလာကြသည်။ တဖြည်းဖြည်း ထိတ်လန့်မှုက ပြင်းထန်လာ၏။
“ဂါး”
ခုနစ်သံ။ ခုနစ်ကြိမ်မြောက်အသံ ထွက်ပေါ်လာသောအခါ လူတိုင်း အသံပင် မထွက်နိုင်တော့ဘဲ ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လာ၏။
*ခုနစ်သံ သူ လုပ်နိုင်ခဲ့ပြီ*
*ဒီလူ လက်နဲ့ပဲ တကယ် အသံ ခုနစ်သံ ထွက်လာအောင် လုပ်နိုင်ခဲ့တာပဲ*
*မိစ္ဆာ*
*သူက မိစ္ဆာပဲ*
သို့သော် ထိုအချိန်၌ ရှစ်ခုမြောက်အသံက မိုးခြိမ်းသံသဖွယ် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
“ဂါး”