လူသတ်ခြင်းကို ပြသခြင်း
Vol. 89 Ch. 1241
ရှောင်ဟုန်သည် စကားတိတ်သွားသည်။ သူမသည် သာမန်ကာလျှံကာ ပြောလိုက်ခြင်းသာ ဖြစ်သည်။ ဘယ်လိုလုပ် လမ်းကြောင်းလွဲသွားတာလဲ။
“ရှောင်ဟုန်က သောက်တဲ့နေရာမှာသာ ပွင့်လင်းတာ အဲလိုပြောဖို့ကျ ဝန်လေးတယ် ယူယူကမှ လက်ဖက်ရည်အရသာမြည်းတဲ့နေရာမှာ ဆရာကြီးပါ” သူမသည် ရှီမာယူယူဆီသို့ ဘောလုံးပုတ်ထုတ်လေသည်။
“အိုး…” ကျွင်းဝေသည် ရှီမာယူယူဆီသို့ အကြည့်ရောက်သွားသည် “မိန်းကလေးရှီမာယူယူက လက်ဖက်ရည်မြည်းတတ်တာလား”
“နည်းနည်းပါးပါးပါ”
“ဒါဆိုလည်း ကြိုးစားကြည့်ပါဦး”
ရှီမာယူယူသည် မိုယွိပေးလာသော လက်ဖက်ရည်ကို ညင်သာစွာ အနံ့ရှုကြည့်လိုက်သည်။ အစတွင် သူမ တစ်စုံတရာကိုပြောမည်လုပ်လိုက် သော်လည်း အဆုံးသတ်တွင် အရင်ကကြားဖူးသော ကဗျာတစ်ပုဒ်ထွက်လာ သည်။
“ဆီးနှင်းများဖုံးလွှမ်းနေတဲ့ တွန့်ကောက်နေတဲ့ သံမဏိရောင် ခါးပတ်၊ လျှာအမြစ်က ရိုးသားမှုကို အရသာမခံနိုင်ပေမဲ့ နှာခေါင်းကတော့ သန့်စင်တဲ့ အနံ့ကို ရနိုင်တယ်”
ရှောင်ဟုန်နှင့် ကျွင်းမိသားစုခေါင်းဆောင်သည် ရှီမာယူယူ၏ စကားလုံး များကို နားမလည်သော်လည်း မိုယွိသဘောပေါက်သည်။
သူမသည် ဗဟုသုတကြွယ်ဝသော သူတစ်ယောက် ဖြစ်နေသည်။
“ထိုင်ကွမ်ရင်က လုပ်ရတာရိုးရှင်းတဲ့ လက်ဖက်ရည်ပါ၊ ဒီလက်ဖက်ရည် အရသာက နှစ်လိုဖွယ်ကောင်းပြီး ချိုမြတယ် ဒါပေမဲ့ ရေအပူချိန်နဲ့ ကျိုချက်တဲ့ အချိန်က မလုံလောက်ဘူး၊ အဲဒါက လက်ဖက်ရည်အရသာကို သက်ရောက်ပြီး လက်ဖက်ခြောက်အရသာကို အပြည့်အဝ မဖော်ကျူးနိုင်ဘူး”
ကျွင်းဝေနှင့် မိုယွိတို့၏ မျက်နှာထားများ ပြောင်းသွားကြသည်။ ပိုသိသာ သည်မှာ မိုယွိပင်ဖြစ်သည်။ ယခုလက်ဖက်ရည်သည် သူ လူသားလောကတွင် တွေ့ထားသော အကောင်းဆုံးလက်ဖက်ရည်ဖြစ်တာ အရင်တစ်ခေါက်က သောက်ခဲ့သည့် လက်ဖက်ရည်များထက် ပိုကောင်းသေးသည်။ ထိုအနံ့ကို စွဲထင်ကျန်စေရန်အတွက် သူ လက်ဖက်တောင်သူများနှင့် တစ်နှစ်ကျော်အောင် အထူးတလည်နေခဲ့ကာ ကောင်းမွန်စွာ ကျိုချက်တတ်ပြီဟု ထင်မှပင် ထွက်ခဲ့ သည်။ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူးလို့ သူမ ပြောလိုက်တာလား။
“အဲတော့ မိန်းကလေးက လက်ဖက်ရည်ကျိုတတ်လား” မိုယွိ ရေရွတ် လိုက်သည်။ ကျွင်းမိသားစုခေါင်းဆောင်သည် ပျော်ရွှင်မှု ဒေါသထွက်မှုတို့ကို မပြသသော်လည်း သူ့နှလုံးသားကိုတော့ လှုပ်ခါသွားစေသည်။
“နည်းနည်းပါးပါးပါ” ရှီမာယူယူ ပြန်ဖြေလေသည်။
“အဲလိုဆိုရင် ဒီကလူတွေအတွက် လက်ဖက်ရည်ကျိုပေးရင်ရော ဘယ်လိုလဲ”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားလိုက်သည်။ “ကောင်းပါြပီ”
မိုယွိသည် သူမအား လက်ဖက်ရည်အိုးအစုံလိုက်ကို ပေးသော်လည်း သူမ ငြင်းဆန်လိုက်သည်။
“ကိုယ့် လက်ဖက်ရည်အိုးနဲ့ပဲ ပိုအဆင်ပြေပါတယ်”
သူမ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် လက်ဖက်ရည်အိုး တစ်စုံလုံးသည် စားပွဲပေါ်တွင် ပေါ်လာသည်။ ထို့နောက်တွင် သူမ စတင်ကျိုချက်တော့သည်။
သူမ၏ လက်ဖက်ရည်အိုးအစုံသည် သူ့ပစ္စည်းလောက် ကောင်းသည်ကို မိုယွိတွေ့ရသည်။ သူမသည် လက်ဖက်ရည်နှစ်သက်သူဖြစ်ကြောင်းကို သူ သိ လိုက်ရသည်။ သူမ အပေါ်ထင်မြင်ချက်သည် များစွာတိုးလာလေပြီ။
သို့သော် ရှီမာယူယူသည် ပထမအစတွင် လက်ဖက်ရည်ကို ထိုမျှလောက် မကြိုက်ခဲ့သည်ကိုတော့ သူ မသိပေ။ ဝူလင်းယူသည် လက်ဖက်ရည်နှစ်သက် သောကြောင့် သူ့အတွက် တစ်ခါတစ်ခါဖျော်ပေးရင်း နည်းလမ်းများစွာသိလာ ခြင်းဖြစ်သည်။ သည်လိုနှင့် သူမသည် တဖြည်းဖြည်း နှစ်သက်လာရသည်။
သူမသည် သေရည်သောက်သုံးခြင်းကိုသာ နှစ်သက်သူဖြစ်ခဲ့သည်။
ရေဆူသည်နှင့် လက်ဖက်ခြောက်များကိုယူပြီး ခွက်ကိုသုတ်ကာ နောက် ဆုံးတွင် စတင်ကျိုချက်တော့သည်။ သူမ ၁၀ စက္ကန့်မျှစောင့်ပြီး ခွက်သေးတစ် ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက်တွင် သူမသည် ဇာဂနာငယ်နှင့် ညှပ်ကာ အားလုံးကိုပြလိုက်သည်။
“ကျေးဇူးပြုပြီး”
သူမသည် သူမအတွက် ခွက်ကိုကောက်ယူလိုက်သည်။ သူမ အနံ့ရှုရှိုက် လိုက်ပီးနောက် ကျေနပ်စွာ ပြုံးလိုက်သည်။
မိုယွိ၏ လေးယောက်အဖွဲ့သည် ထိုကျိုချက်သည့် နည်းလမ်းကို အရင်က တစ်ခါမှမမြင်ဖူးပေ။ သူတို့သည် သိချင်စိတ်ဖြင့် လက်ဖက်ရည်ခွက်ငယ်ကို ကောက်ယူလိုက်သည်။
မိုယွိသည် အနံ့ကို အသာအယာရှုသွင်းပြီး မှတ်ချက်ပေးလေသည် “ရွှေမျက်လုံးက ပယင်းလိုတောက်ပပါပေတယ်… အနံ့ကတော့ သဘာဝကျပြီး မွှေးတယ် ဒါပေမဲ့ အရသာကတော့ ဘယ်လိုနေမလဲမသိဘူး”
“အနံ့ရှုရုံတင်တော့ ဘယ်သိနိုင်မလဲ… ကျွန်မလက်ဖက်ရည်နဲ့ ရှင့်လက် ဖက်ရည်နဲ့ ဘာကွာလဲဆိုတာကြည့်လိုက်ပါ” ရှီမာယူယူသည် သူမ လက်ဖက် ရည်ကို ခံစားချက်ကောင်းကောင်းဖြင့် သောက်လိုက်သည်။
“မင်းရဲ့ လက်ဖက်ရည်ဖျော်တဲ့ နည်းပညာကဘာလဲ”
“ကွန်ဖူးလက်ဖက်ရည်ပါ”
သူ သောက်ပြီးသွားသည်နှင့် နောက်တစ်ခွက်တောင်းသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။
သူမသည် လှပကာ လှုပ်ရှားမှုများမှာလည်း တင့်တယ်သည်။ သူမနှင့် အတူ လက်ဖက်ရည်သောက်ရခြင်းအပြင် သူမ၏ စိတ်နေစိတ်ထားတို့သည် သူ့ကို ကြည်နူးစေသည်။
“ကွန်ဖူးလက်ဖက်ရည်….” သူသည် လက်ဖက်ရည်ခွက်ကို ကိုင်ပြီး ကြည့် လိုက်သည်။ သူ့အကြည့်များသည် သူမပေါ်ကျရောက်သွားသည် “ကျွန်တော့် ကို သင်ပေးလို့ရမလား”
“ကွန်ဖူးလက်ဖက်ရည်က မခက်ပါဘူး ကျွန်မလုပ်တဲ့ လုပ်ငန်းစဉ်ကို ကြည့်ပြီးရင် သိသွားလောက်မှာပါ” ရှီမာယူယူ ပြန်ဖြေလေသည်။
“ဒါပေမဲ့ အဓိကနေရာလုပ်တာ မမှန်ရင် လက်ဖက်ရည်တစ်ခွက်လုံးကို ဖျက်ဆီးလိုက်တာပဲလေ… အဆင့်တိုင်းကို အသေးစိတ်သိချင်ပါတယ်” မိုယွိ ပြောလေသည် “မိန်းကလေးယူယူ လက်ဖက်ရည်အခမ်းအနားမှာ မိန်းကလေး ကို ရှာလို့ရမလား”
ရှီမာယူယူ လန့်သွားသည်။ သူတို့အဲလောက် ရင်းနှီးလို့လား။
“တောင်းပန်ပါတယ် ကျွန်မ…” သူမ စကားမဆုံးခင်မှာပင် ရှောင်ဟုန်၏ အသနားခံနေသော အကြည့်များကို ခံစားမိသည်။ ထို့နောက် သူမ စကားပြင် လိုက်သည် “အဲလိုဆိုမှတော့ ယူယူလည်း သခင်လေးကျွင်းနဲ့ဆွေးနွေးချင်ပါ တယ်”
သူတို့သည် လက်ဖက်ရည်ဆိုင်တွင် အတန်ကြာအောင် နေကြလေသည်။ ဖက်တီးကျူတို့အဖွဲ့ ဆိုင်မှထွက်လာသည်ကို မြင်သည်နှင့် သူမ ပြောလိုက် သည် “ကျွင်းမိသားစုခေါင်းဆောင် ကျွန်မသူငယ်ချင်းတွေ ထွက်လာပါပြီ ကျွန်မတို့ကို သွားခွင့်ပြုပါဦး”
ရှောင်ဟုန်သည် မိုယွိကို လက်မှိုင်ကျကာ ကြည့်လိုက်သည် “ကျွင်းမိသားစုခေါင်းဆောင် သခင်လေးကျွင်း ကျွန်မတို့ကို သွားခွင့်ပြုပါဦး”
“မိန်းကလေးတို့ ဖြည်းဖြည်းသွားကြပါ”
ရှီမာယူယူသည် သူတို့ကိုထားပြီး သီးသန့်အခန်းမှ ထွက်ခဲ့သည်နှင့် သူမနှုတ်ခမ်းမှာ အပြုံးတို့ ပျောက်ကွယ်သွားလေပြီ။
ဘေဂုံထန်သည် သူမကို ကြည့်ရုံသာကြည့်ပြီး ဘာမှမပြောပေ။
“ရှောင်ဟုန် ငါတို့ ဈေးဝယ်ထွက်လာတာကြာပြီ ပြန်ရအောင်” ရှီမာယူယူ သည် လက်ဖက်ရည်ဆိုင်မှ ထွက်လာသည်နှင့် ပြောလိုက်သည်။
ရှောင်ဟုန်သည် သူမ မျက်နှာမကောင်းသည်ကို မြင်သည် “နင် စိတ်ဆိုး သွားတာလား”
“မဆိုးပါဘူး” ရှီမာယူယူ ပြန်ဖြေလေသည် “နင် သူ့ကို ပိုသိချင်တယ် ငါ နားလည်တယ် ငါ စိတ်မဆိုးပါဘူး ပင်ပန်းလို့ပါ”
“ဟုတ်သားပဲ ဈေးဝယ်နေတာက ကြာနေပြီ ငါ နင့်ကိုပြန်လိုက်ပို့ပေးမယ်” ရှောင်ဟုန် အကြံပေးလိုက်သည်။
ရှီမာယူယူသည် ငြင်းချင်သော်လည်း ပုံမှန်မဟုတ်သည်ကို သံသယဝင် သွားမည်စိုးသဖြင့် သဘောတူလိုက်သည်။
သီးသန့်အခန်းထဲတွင် ကျွင်းဝေနှင့် မိုယွိတို့သည် လက်ဖက်ရည်ကို စမ်းသပ်နေကြသည်။
“သခင် သူမကို ဘာလို့မသတ်လိုက်တာလဲ တစ္ဆေမိဖုရားသိရင် သူမ ဒေါသထွက်မယ် မဟုတ်ဘူးလား” ကျွင်းဝေ မေးလိုက်သည်။
“သူမကို စုံစမ်းပေးမယ်လို့ပဲပြောခဲ့တာ သူမအတွက် လက်စားချေပေး မယ်လို့ ကတိမပေးခဲ့ဘူး” မိုယွိ ပြောလေသည် “ဒီလောက်တော်တဲ့လူတစ် ယောက်ကို သတ်လိုက်ဖို့က နှမြောဖို့ကောင်းတယ်လေ”
“သူမ ကျိုတဲ့လက်ဖက်ရည်က တကယ်ပဲ ထူးခြားတယ်” ကျွင်းဝေသည် ထိုအရာကိုတော့ သေချာနေသည်။
သူသည် မိုယွိကျိုထားသော လက်ဖက်ရည်မျာကးကို အရသာြမည်းပေး ရသဖြင့် သာမန်လက်ဖက်ရည်သည် သူ့ကို မဆွဲဆောင်နိုင်တော့ပေ။ ရှီမာယူယူ ၏ လက်ဖက်ရည်သည် အရိုးသားဆုံးပြောရလျှင် သူ့သခင်ကျိုသည့် လက်ဖက် ရည်ထက်ပင် အရသာကောင်းမွန်သည်။
“ဒီလောက်တော်တဲ့လူကို တွေ့ဖို့က မလွယ်ဘူး၊ အလုပ်မကြိုးစားရင် လူသားလောကကိုလာရတာ အလဟသမဖြစ်သွားဘူးလား”
“သခင်ကြီးပြောတာမှန်တယ်…”
ရှောင်ဟုန်သည် သူတို့ကို ခြံဝန်းသို့ ပြန်ပို့ပြီးနောက် ပြန်လာလိုက်သည်။ သူမ မိုယွိကို မကြာခဏတွေ့ရတော့မည်ကိုတွေးပြီး ပျော်ရွှင်စွာ ပြုံးလိုက် သည်။
ရှီမာယူယူသည် ရှောင်ဟုန် ဝေးသွားသည်အထိစောင့်ပြီးမှ ဘေဂုံထန်နှင့် အတူတံခါးကိုဝင်လိုက်သည်။ တစ်ဖွဲ့လုံး၏ မျက်နှာများသည် တည်ငြိမ်နေကြ သည်။
ဖက်တီးကျူနှင့်အဖွဲ့သည် ရှီမာယူယူ၏ မျက်နှာထားပြောင်းသွားသည်ကို မြင်လိုက်သည် “ဘာဖြစ်လို့လဲ”
“အဲဒီကျွင်းမိုက ပုံမှန်မဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည် “သူက တစ္ဆေမျိုးနွယ်က အဖွဲ့ဝင်ပဲ အရမ်းလည်း သန်မာတယ်၊ ငါ သီးသန့်အခန်းထဲမှာ ရှိတုန်းက ငါ့အပေါ်ရှိနေတဲ့ လူသတ်နိုင်တဲ့ရည်ရွယ်ချက်ကို ခံစားမိတယ်”
“တစ္ဆေမျိုးနွယ်ဟုတ်လား နင် ဘယ်လိုသိတာလဲ”
“ချင်ယိ ပြောတာ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သူက ငါ့ကို သိနေသလိုပဲ”
“အဲလိုလူကို ဘာလို့အိမ်တော်ကို လာခွင့်ပြုလိုက်တာလဲ”
“ငါ ငြင်းလိုက်ရင် သီးသန့်အခန်းထဲကတောင် ထွက်ရမှာမဟုတ်ဘူး…”
***