ချိပ်ပိတ်ထားသော စွမ်းအား။
Vol. 16 Ch. 181
လက်ရှိအချိန်တွင် တာအိုကြယ်ချီကို (၁၀%)ခန့်သာ သန့်စင်နိုင်သေး၏။ ထို့ကြောင့် ဤခရီးတွင် ပြီးမြောက်ရန် စုရီတစ်ယောက် မျှော်လင့်နေမိသည်။
တာအိုကြယ်ချီကို သန့်စင်နိုင်ပါက မဟာသခင်အဆင့်သို့ လွယ်လွယ်တက်လှမ်း နိုင်ပေလိမ့်မည်။
မဟာသခင်အဆင့်တွင် စိတ်ဝိညာဉ်ကို သန့်စင်ရန်လည်း လိုအပ်သည်။ သို့မှသာ ဆုံးရှုံး သွားသော စွမ်းအင်များကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်မည်။
ယင်းသည် တိုက်ပွဲဝင်စွမ်းအားကို များစွာအထောက်အကူပြု၏။ နောက်နေ့မနက် ရောင်နီအလင်း မရောက်နိုင်မီ စုရီနှင့်အဖွဲ့မှာ ထွက်ခွာလာခဲ့သည်။
သွေးနတ်ဆိုး တောင်တန်းကြီးသည် မိုင်ထောင်ပေါင်းများစွာ ရှည်လျားပြီး အလွန် အန္တရာယ်များသော အရပ်ဖြစ်၏။
တစ်နှစ်ပတ်လုံး အဆိပ်မြူများ ရစ်သိုင်းလျက် မရေမတွက်နိုင်သော ဝိညာဉ် သားရဲများ ရှင်သန်ရာအရပ် ဖြစ်သည်။
ဆယ်နှစ်တစ်ကြိမ် သားရဲဒီရေတက်ချိန် နီကပ်လာပြီဖြစ်ရာ ထူးဆန်းသောဖြစ်စဉ်အချို့ မကြာမကြာ ပေါ်လာတတ်၏။
လေထုအတွင်း သန်မာလွန်းသော နတ်ဆိုးတစ်ကောင်၏ ရနံ့များ ပါရှိနေသကဲ့သို့ လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေသည်။
“ ဝိညာဉ်သိုင်းသမား ချန်ကျန့်က ဒီလမ်းကနေ ဝင်ခဲ့တာဖြစ်မယ်။ ”
ရှန့်ကျိစုန်က မဝေးလှသော ချောက်ကမ်းပါးတစ်ခုဆီသို့ ညွှန်ပြလိုက်သည်။ ချောက်ကမ်းပါးနှစ်ဘက်သည် မတ်စောက်ပြီး မြက်ပင်များပင် ပေါက်ရောက်ခြင်းမရှိချေ။
“ ဘာကြောင့်လဲတော့ မသိဘူး ... ဒီတစ်ကြိမ်မှာ အခွင့်ရေးတစ်ခု ကြုံရနိုင်တယ် ဆိုတဲ့ ခံစားချက်မျိုး ငါရနေတယ်။ ”
နင်စစ်ဟွာက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ ပြောကြားလိုက်သည်။ သူမသည် သပ်ရပ်သော ကိုယ်ကြပ်ဝတ်စုံကို ၀တ်ဆင် ထားပြီး ဆံပင်ရှည်များ ကျစ်ဆံမြည်း ကျစ်ထား၏။
လက်ထဲ၌ အပြာရောင်မီးတောက် လခြမ်းအသွား ပုစိန်ဓား လှံတံကိုကိုင်လျက် သူရဲကောင်းဆန်နေသည်။
“ သွားကြရအောင် ... ။ ”
စုရီက လမ်းကို ဦးဆောင်လိုက်၏။ လမ်းတစ်လျှောက် ကြမ်းရှအေးစက်နေသော လေထုနှင့် ကောင်းကင်ကြီးမှာ သွေးကဲ့သို့ နီရဲနေခဲ့သည်။
ခဏအကြာတွင် သားရဲအုပ်စုနှင့် ပက်ပင်းတိုး၏။ ၎င်းတို့အားလုံးသည် အဆင့် (၁)နှင့် အဆင့် (၂)သာ ဖြစ်သည်။
ရှန့်ကျိစုန်မှ အလွယ်တကူ ဖြေရှင်း လိုက်သည်။ သို့သော် ၎င်းတို့သည် မကြာမကြာ ထွက်ပေါ်လာတတ်ပြီး ခရီးစဉ်ကို နှောက်နှေးစေ၏။
“ ဒီသားရဲတွေဟာ လေထုထဲက သွေးမြူတွေကြောင့် ကြောက်ရွံ့မှုမရှိဘဲ ရူးသွပ် ကုန်ကြတာ ထင်ရှားပါတယ် ... ။ ”
နင်စစ်ဟွာတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်မိ၏။ နှစ်နာရီမျှ ကုန်လွန်သွား သည့်တိုင် မိုင်တစ်ရာသာ ခရီးပေါက်ချေပြီ။
“ ငါတို့ မိုင်တစ်ရာအတွင်း အဆင့်ငါး ဝိညာဉ်သားရဲတစ်ကောင်ကို ကြုံတွေ့လာရပြီ ... ဒီထက်အစွမ်းထက်တဲ့ သားရဲအချို့ ပေါ်လာဖို့ မျှော်လင့်ရတာပဲ အဆင့်ရှစ် ဒါမှမဟုတ် အဆင့်ကိုးဆိုရင် ပိုကောင်းမယ်။ ”
စုရီမှ ကွဲပြားသော မှတ်ချက်ပေးသည်။ ဤသို့ပြောပြီးသည်နှင့် ရုတ်တရက် ငြီးတွားသံ ထွက်ပေါ်လာ၏။
နင်စစ်ဟွာ အပြုံးများ အေးခဲသွားပြီး စိတ်ဝိညာဉ်အတွင်း နာကျင်မှုအချို့ ခံစားလိုက် ရလေသည်။
“ ဘာသံလဲ ... ။ ”
ရှန့်ကျိစုန်သည်လည်း ဓားတစ်လက်မှ ဝိညာဉ်ကို လှည့်ပတ်နေသကဲ့သို့ တုန်လှုပ်ဖွယ် ခံစားချက်များ ရရှိလာတော့၏။
***
တစ်ချိန်တည်းမှာပင် သွေးနတ်ဆိုး တောင်တန်း တစ်နေရာတွင် မုရှီက သက်ပြင်းချ လိုက်သည်။
ထူးဆန်းသော အသံသည် မမြင်နိုင်သော ဓားတစ်လက်ကဲ့သို့ ကြောက်စရာကောင်းသည့် စွမ်းအားဖြင့် ဝိညာဉ်ကို နာကျင်စေ၏။
ထို့ကြောင့် အာရုံငါးပါးကို ပိတ်လျက် စိတ်ဝိညာဉ်အပေါ် ကာကွယ်လိုက်ရလေသည်။ သို့တိုင် မလုံလောက်သဖြင့် ကျောက်စိမ်းဆွဲသီး တစ်လုံးကိုထုတ်ကာ လက်ဖဝါးတွင် ဆုပ်ကိုင်ထားလိုက်ရသည်။
နွေးထွေးသော စီးကြောင်းတစ်ခုက ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကာ မသက်မသာ ဖြစ်မှုများ ပျောက်ကွယ်သွား၏။
ချီလင်ကျောက်စိမ်းဆွဲသီးသာ မရှိသော် ရှေ့ဆက်နိုင်တော့မည် မဟုတ်ချေ။ ထို့နောက် ဘေးသို့ ငဲ့ကြည့်ကာ၊
“ အဆင်ပြေလား ... ။ ”
-ဟု မေးမြန်းလိုက်၏။
“ သည်းခံနိုင်သေးတယ် ... ။ ”
လူလတ်ပိုင်းအရွယ်အမျိုးသားက ပြန်ဖြေသည်။ သူ့တွင် မုတ်ဆိတ်ရှည်ရှည်များ ရှိနေပြီး အနက်ရောင်၀တ်စုံ ၀တ်ဆင်ထား၏။ မျက်နှာပေါ်၌ နာကျင်မှုကို အထင်းသား မြင်နေရသည်။
ဤအနက်ရောင် ၀တ် အမျိုးသားသည် ကြယ်တာရာအကယ်ဒမီ၏ ဒုနန်းတော်သခင်ပုရီ ပေပင်။
“ အဟား ... ကြယ်တာရာ အကယ်ဒမီရဲ့ ဒုနန်းတော်သခင် ပုရီတစ်ယောက် ဝမ်းချုပ်နေ သလိုမျိုး နာကျင်ရှုံ့မဲ့နေတာကိုသာ မြင်ရင် တပည့်တွေက ဘယ်လောက် ဝမ်းနည်းကြလိမ့်မလဲ ... ။ ”
ပုရီသည် စတုတ္ထအဆင့် အထွတ်အထိပ် မဟာသခင်ဖြစ်ပြီး ဤကဲ့သို့ လှောင်ပြောင်နေခံ သော်မှ စိတ်မဆိုးနိုင်ဖြစ်နေ၏။
အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် မဟာကျိုးဘုရင်ကိုးပါးအနက် တစ်ပါးဖြစ်သော တောင်တန်းဘုရင်မုရှီ ဖြစ်သည်။
အသက်(၂၀)ဖြင့် မဟာသခင်ဖြစ်လာပြီး အသက်(၂၃)နှစ်တွင် ရှန်ရှင်းအဆင့်သို့ ရောက်ရှိ ခဲ့၏။ ဘုရင်ကိုးပါးအနက် အသက် အငယ်ဆုံးပေပင်။
“ တောင်တန်းဘုရင် ... အခု သွေးနတ်ဆိုးတောင်တန်းကို ငါတို့ဘာလာလုပ် နေတာလဲဆိုတာ ... မင်းပြောပြသင့်ပြီ မဟုတ်လား။ ”
ပုရီမှ နာကျင်မှုများ သက်သာအောင် စကားပြောရန် ပြင်လေသည်။ မုရှီက ခဏမျှ စဉ်းစားပြီး၊
“ သွေးနတ်ဆိုးတောင်တန်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာအပျက်အစီး နယ်မြေတစ်ခု ရှိတယ်။ ”
“ အပျက်အစီးနယ်မြေလား။ ”
“ ဟုတ်တယ် ... ငါတို့အပြင် နေမင်းအကယ်ဒမီနဲ့ အလင်းအကယ်ဒမီလည်း ရောက်နေလောက်ပြီ။ ”
ထိုသတင်းကြောင့် ပုရီတစ်ယောက် အတွေးနက်သွားတော့သည်။ ခဏကြာတွင် ထူးဆန်းသော အသံလှိုင်းမှာ ပျောက်ကွယ် သွားသဖြင့် ခရီးဆက်လာခဲ့၏။
***
“ ငါ့ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ဒီအသံက အစီရင်တစ်ခုရဲ့ စွမ်းအားကြောင့် ထွက်ပေါ်လာတဲ့ အသံလှိုင်းပဲ။ ”
စုရီကအဝေးကို ကြည့်ကာ မှတ်ချက် ပေးလိုက်၏။ နင်စစ်ဟွာခမျာ မျက်ခုံးပင့်လျက်၊
“ ဒါက ... အစီရင်တစ်ခုရဲ့ အတက်အကျလှိုင်းလား ... ဘယ်အဆင့် ဖြစ်မယ်ထင်လဲ။ ”
စုရီက ခေါင်းခါလိုက်ပြီး၊
“ ပြောဖို့ခက်တယ် ဒါပေမယ့် ... သေချာတာက ဒီတားမြစ်အစီရင် တည်ဆောက် သူရဲ့ ကျင်ကြံမှုက ဝိညာဉ်တာအိုနယ်ပယ်ထက် မနိမ့်ဘူး။ ”
-ဟု ပြန်ဖြေ၏။ နင်စစ်ဟွာမှ အံ့သြသွားသည်။
ကျင့်ကြံမှုလမ်းတွင် သိုင်းနယ်ပယ်၊ မူလတာအိုနယ်ပယ်၊ ဝိညာဉ်တာအိုနယ်ပယ်နှင့် နက်နဲသောတာအိုနယ်ပယ်ဟူ၍ ပိုင်းခြားထား၏။
မူလတာအိုနယ်ပယ်သို့ ရောက်ရှိသော် အစာရှောင်နိုင်ကာ မြေကြီးအဆင့် ကျွမ်းကျင်သူ ဖြစ်လာနိုင်မည်။
ထို့ကြောင့် သာမန်လူများအမြင်တွင် မြေကြီးအဆင့် တန်ခိုးရှင်အဖြစ် သတ်မှတ်ခြင်း ဖြစ်လေသည်။
အဆိုပါအဆင့်ကျွမ်းကျင်သူများကို အကယ်ဒမီဆယ်ခု၊ တော်ဝင်မိသားစု၊ လျှို့ဝှက် ဓားဂိုဏ်းနှင့် ကျောက်စိမ်းမြို့တော်တို့၌သာ တွေ့မြင်နိုင်မည်။
ဝိညာဉ်တာအိုနယ်ပယ် အတွက်မူ ၎င်းတို့ထက်သာလွန်လှပြီး မဟာကျိုး မဆိုနှင့် မိုးပြာတိုက်ကြီး၌ပင် ရှိ-မရှိ မသိရချေ။
ရှန့်ကျိစုန်တစ်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် နင်စစ်ဟွာထံ လှည့်ကြည့် လိုက်၏။ သူ့အတွက် မူလတာအို နယ်ပယ် သည်ပင် တန်ခိုးရှင်ဖြစ်နေသည်။
ထို့ထက်ပိုသော ကျွမ်းကျင်သူများကို မမြင်ဖူးချေ။ နင်စစ်ဟွာသည် ယင်းကို သူ့ထက် ပို၍ သိထားပုံရသည်။
“ သွားကြရအောင် ... ။ ”
လမ်းတစ်လျှောက်တွင် ၎င်းတို့သည် ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုလှိုင်းများကို အခါအားလျော်စွာ ကြုံတွေ့ရသေးသည်။
သုံးနာရီမျှ ထပ်မံကုန်လွန်ပြီးနောက် ရှန့်ကျိစုန်မှာ ပင်ပန်းနွမ်းနယ်မှု လက္ခဏာများ ပြသနေပြီဖြစ်သည်။
သုံးယောက်သား အနားယူရန် ဆုံးဖြတ်လိုက်၏။ ရှန့်ကျိစုန်က ဆေးတစ်လုံး ထုတ်ယူသောက်သုံးကာ ချက်ချင်း တရားထိုင်တော့သည်။
စုရီက ကျောက်ဆောင်တစ်ခုပေါ် ခုန်တက်ရပ်ကာ ပတ်ဝန်းကျင်ထံ လှည့်လည် ကြည့်ရှုလေသည်။
ကောင်းကင်၌ ထူထပ်သော သွေးမြူများ ဖုံးလွှမ်းနေ၏။ တောင်ကြောတဝိုက် အခိုးအငွေ့ များစွာ ရစ်သိုင်းနေသည်။
လမ်းတလျှောက် တွေ့ရှိခဲ့သော ဝိညာဉ်ဆေးဖက်ဝင် အပင်များစွာတို့သည် ဤသွေးမြူကြောင့် အာနိသင်များ ပျက်စီးယို့ယွင်းကုန်ချေပြီ။
“ ဝှစ် ... ။ ”
သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ကျောက်စိမ်းဆွဲသီးထံမှ ကြိမ်ကုလားထိုင်ကို ထုတ်ကာ အနားယူနေမိတော့သည်။
ထိုမြင်ကွင်းက နင်စစ်ဟွာကို ပြုံးမိ၏။ ဤလူငယ်သည် မည်သို့ လမ်းခရီးတွင် မည်သို့ အနားယူရမည်ကို ကောင်းကောင်းသိချေပြီ။ ကြိမ်ကုလားထိုင်ပင် ယူဆောင်လာခဲ့၏။
“ ..... ။ ”
အချိန်များ တရွေ့ရွေ့ ကုန်လွန်ပြီးနောက် တစ်နာရီအကြာ၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် သံများ ရုတ်တရက် ထွက်ပေါ်လာပြန်သည်။
“ ဝုန်း ”
မရေမတွက်နိုင်သော ကျောက်တုံးကြီးများ တောင်ပေါ်မှ လှိမ့်ဆင်းကျလာကာ သစ်ပင်များ ကျိုးပဲ့ကုန်၏။
ဤအခိုက်တွင် သွေးနတ်ဆိုး တောင်တန်းတစ်ခုလုံး တုန်ရင်လျက် တောင်နှင့် မြစ်များ ယိမ်းထိုးသွားသည်။
ထို့နောက် သားရဲဟောက်သံများ ကြောက်မက်ဖွယ်ကောင်းစွာ ဆူညံနေတော့ ပြန်သည်။ စုရီက ကြိမ်ကုလားထိုင်ပေါ်မှ ချက်ချင်းထရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
“ ဒီအသံက သွေးနတ်ဆိုးတောင်တန်း အောက်ခြေကနေလာတဲ့ အသံပဲ သူရဲကောင်း ချန်က ဒီအသံကိုသတိထားမိပြီး ... စုံစမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ် ...
... ကြည့်ရတာ သွေးနတ်ဆိုး တောင်တန်းအောက်မှာ ချိတ်ပိတ်နေတဲ့ စွမ်းအားတစ်ခုခု ရှိနေပုံရတယ်။ ”
ဆိုလိုသည်မှာ သွေးနတ်ဆိုး တောင်တန်းအတွင်း တားမြစ်အစီရင်သည် ထိုကြောက်မက်ဖွယ် စွမ်းအားကို ဖုံးကွယ်ရန် တည်ဆောက်ထားခြင်း ဖြစ်ချေမည်။
တစ်နည်းအားဖြင့် ဆိုရသော် ထိုစွမ်းအားသည် သွေးနတ်ဆိုးတောင်တန်းမှ ထွက်ခွာရန် ရုန်းကန်နေသဖြင့် တားမြစ် အစီရင်မှ ဟန့်တားနေခြင်းပေပင်။
စုရီစကားကြောင့် နင်စစ်ဟွာနှင့် ရှန့်ကျိစုန်တို့ နှစ်ယောက် စိတ်လှုပ်ရှားသွား ခဲ့ကြသည်။
စုရီသည် ဤကဲ့သို့ ထက်မြက်သော တွေးခေါ်သိမြင်နိုင်မှု ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ချေ။
ထို့ကြောင့် စုရီနှင့်အတူ ခရီးထွက်လာ မိသည်ကို ကျေးဇူးတင်သွားသည်။ မဟုတ်သော် များစွာ စုံစမ်းရပေဦးမည်။
***