← Chapters

တောင်တန်းဘုရင် ... ။

Vol. 16 Ch. 185

တောင်တန်းဘုရင် ... ။

Vol. 16 Ch. 185

နင်စစ်ဟွာက စုရီထံ ပြန်ကြည့်သည်။ ဤလူငယ်သည် ရက်စက်ပြီး လူထူးလူဆန်း တစ်ဦးဖြစ်နေချေပြီ။

ထို့နောက် ရွှေနှုတ်သီးများအပေါ် သုံးစုခွဲလိုက်ကာ နင်စစ်ဟွာနှင့် ရှန့်ကျိစုန်ကို ယူစေလိုက်သည်။

“ ငါတို့ အတူတူလာတာ ဒါကို ယူလိုက်ပါ။ ”

နှစ်ယောက်သား ငြင်းဆန်လိုသော်လည်း လက်ခံလိုက်ရ၏။ ဤလူငယ်သည် ဆုံးဖြတ်ပြီး ပါက ပြင်မည်မဟုတ်ချေ။

ထို့ပြင် ဤအစိတ်အပိုင်းများသည် အမှန် တန်ကြေးရှိချေပြီ။ သူတို့ကဲ့သို့ မဟာသခင်များ အတွက်ပင် လျစ်လျူရှုခြင်းငှာ မတတ်နိုင်ချေ။ စုရီက အဝေးသို့မျှော်ကြည့်ကာ၊

“ နောက်ထပ် အဋ္ဌမနဲ့ နဝမအဆင့် ဝိညာဉ်သားရဲတွေကို ထပ်တွေ့နိုင်မယ်လို့ ငါ မျှော်လင့်မိပါတယ်။ ”

-ဟု ညည်းတွားလိုက်တော့သည်။

***

“ ဟိတ် ... ။ ”

သွေးကဲ့သို့ ရဲရဲနီနေသော ကောင်းကင်ကို နောက်ခံပြုလျက် စုရီမှ လေထဲခုန်တက်လျက် လက်နှစ်ချောင်းဖြင့် ခုတ်ပိုင်းချလိုက်သည်။

ပေတစ်ရာကျော် မြင့်မားလှသော ဧရာမမျောက်ဝံဖြူ၏ ဦးခေါင်းသည် လေထဲသို့ ပျံတက်သွားတော့၏။

စုရီက မြေပြင်ပေါ် တည်ငြိမ်စွာ ပြန်လည် ဆင်းသက်လာသည်။ သူ့ပတ်ဝန်းကျင် အနား၌ တာအိုကြယ်ချီများ တဖြည်းဖြည်း ပါးလျသွားတော့၏။

ဤသည်မှာ ပဉ္စမအဆင့် မဟာသခင်နှင့်အတူ ညီမျှသော အဆင့်ကိုး ဝိညာဉ်သားရဲ နတ်ဆိုးမျောက်ဝံဖြစ်သည်။

အလွန်သန်မာပြီး ၎င်းသည် လေကို ထိန်းချုပ်နိုင်သောကြောင့် ဝိညာဉ် သားရဲများ ကြားတွင် ဘုရင်ဖြစ်၏။

သို့သော် အသက် သုံးရှိုက်စာအတွင်း ကြီးစိုးနေသော ဤအဆင့်ကိုး ဝိညာဉ်သားရဲ ခမျာ ခေါင်းဖြတ်ခံလိုက်ရသည်။

သုံးယောက်သာ ‌ရှေ့ဆက်လာခဲ့သည်မှာ ဆယ်နာရီကျော်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတော အတွင်း အဆင့်ကိုး ဝိညာဉ်သားရဲများသည် စုရီ၏ လေ့ကျင့်ဖော်များ ဖြစ်လာခဲ့၏။

စုရီက မျောက်ဝံအလောင်း အတွင်းမှ လက်သီးအရွယ် အမြုတေကို နှိုက်ယူလိုက်ပြီး၊

“ မဆိုးဘူး၊ အဆင့်လေး ဝိညာဉ်ဆေးနဲ့ အာနိသင်ညီမျှတယ် ... မင်းတို့နှစ်ယောက် သူ့ရဲ့ အစိတ်အပိုင်းတွေကို ယူနိုင်တယ် ငါ့အတွက် အစွယ်နှစ်ချောင်းပဲ လိုတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

ထို့နောက် ကျောက်‌ဆောင်ပေါ် ခုန်တက်လျက် နတ်ဆိုးအမြုတေကို သန့်စင်၏။ သားရဲအမြုတေအတွင်းမှ သွေးအနှစ်သာရများ ဝမ်းဗိုက်အတွင်း ပျော်ဝင်ကာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားချေပြီ။

များမကြာမီ စုရီပတ်ပတ်လည်၌ ထွန်းလင်းတောက်ပနေသော အလင်းရောင် စက်ကွင်းကြီး ပေါ်လာသည်။ ဤသည်မှာ တာအိုကြယ်ချီဖြစ်၏။

နင်စစ်ဟွာနှင့် ရှန့်ကျိစုန်မှ မျောက်ဝံအလောင်းရှိ အစိတ်အပိုင်းအချို့ကို လှီးဖြတ် သိမ်းဆည်းနေခဲ့သည်။

အရေခွံ၊ လက်သည်း၊ အရွတ်၊ အရိုး၊ အစွယ်များနှင့်အသားတို့သည် ဆေးဝါးများ လက်နက်များ ပြုလုပ်နိုင်သည်။ ရတနာကဲ့သို့ တန်ဖိုးရှိ၏။

ဆိုလိုသည်မှာ ဤမျောက်ဝံသည် မဟာသခင်များအတွက်ပင် ရတနာသိုက်ကြီး ဖြစ်နေချေပြီ။

“ နန်းတော်သခင် ... ဆရာစုက အဆင့်(၈) ဝိညာဉ်သားရဲ (၅)ကောင်နဲ့ ... အဆင့်(၉)ဝိညာဉ် သားရဲ(၉)ကောင်ရဲ့ အစိတ်အပိုင်းတွေကို ငါတို့ဆီ ဝေမျှပေးနေတယ် ... ဒါက အဆင် မပြေဘူးမဟုတ်လား။ ”

“ တာအိုမိတ်ဆွေလိုလူမျိုးကို ... ကျေးဇူးတရားနဲ့ တုပ်နှောင်ဖို့ ဘယ်တော့မှ အခွင့်အရေးရှိမှာ မဟုတ်ဘူး ... မင်းအချိန်ယူပြီး သူ့ကိုတဖြည်းဖြည်း ပြန်ဆပ်ပါ ...

... ဒါ မင်းအတွက် ရှားပါးတဲ့ ... အခွင့်အရေးတစ်ခုပဲ ကံကောင်းရင် မူလတာအို နယ်ပယ်အတွင်း ဝင်ခွင့်ရလိမ့်မယ်။ ”

နင်စစ်ဟွာ စကားကြောင့် ရှန့်ကျိစုန်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့်၊

“ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင် ငါ နားလည်ပါပြီ။ ”

-ဟု ဆိုကာ စုရီထံ လှည့်ကြည့် လိုက်တော့၏။

ဤခရီးသည် စစ်မှန်‌သော ကျင့်ကြံသူ တစ်ယောက်၏ အဓိပ္ပါယ်ကို ၎င်းမှသင်ပေး၏။ အဆင့်အတန်းနှင့် အခွင့်အာဏာသည် တာအို ရှာဖွေသူများ အမြင်တွင် ရယ်စရာပေပင်။

ထိုအသိက သူ့ကို မူလတာအိုနယ်ပယ်သို့ ဝင်ရောက်လိုစိတ်များ ဝင်ရောက်လာစေသည်။ မည်မျှ လွတ်လပ်ပေါ့ပါးပြီး အထိန်းအကွပ်မဲ့စွာ သွားလာနိုင်မည်နည်း။

“ သွားကြရအောင်။ ”

တစ်နာရီကျော်ကုန်လွန်ပြီးနောက် စုရီမှ ပြန်လည်နိုးထလာကာ မတ်တပ်ရပ်လိုက်သည်။ သွေးနတ်ဆိုးတောင်သို့ ရောက်ရှိလာသည်မှာ တစ်ရက်သာ ရှိသေးသော်လည်း သူ့တာအို ကြယ်ချီမှာ များစွာတိုးတက်လာ၏။

လက်ရှိအချိန်၌ လေးဆယ်ရာခိုင်နှုန်းခန့် သန့်စင်ထားနိုင်ပြီး ကျန်ခြောက်ဆယ်ရာခိုင်နှုန်း သည်သာ သန့်စင်ပြီးပါက ချီစုစည်းခြင်း အထွတ်အထိပ် ရောက်ရှိပေမည်။

ဤလမ်းတစ်လျှောက်တွင် အဆင့်ရှစ် ဝိညာဉ်သားရဲ နှစ်ကောင်ဖြင့်သာ ကြုံတွေ့လာ ရသည်။ သွေးမြူများက လက်တစ်ကမ်းသို့ နိမ့်ဆင်းလာသည်အထိ ထူထပ်လာ၏။

“ ဟမ့် ... ။ ”

ထိုစဉ် စိတ်ဝိညာဉ်ကို နာကျင်စေသော တုန်ခါလှိုင်းများ ထွက်ပေါ်လာပြန်တော့သည်။ စုရီမှ ရပ်တန့်လိုက်၏။

နင်စစ်ဟွာနှင့် ရှန့်ကျိစုန်က သူတို့၏ အာရုံငါးပါးကို ချက်ချင်း ပိတ်ဆို့ပစ်လိုက်သည်။ သို့တိုင် ရှန့်ကျိစုန်ခမျာ နာကျင်ကိုက်ခဲနေခဲ့၏။ သူ့နဖူး၌ ချွေးစက်များ သီးနေချေပြီ။

စုရီအတွက်မူ ခံနိုင်ရည်ရှိနေဆဲပေပင်။ သူ့စိတ်ဝိညာဉ်ပင်လယ်ကို ကာကွယ်ရန် ငရဲဘုံ ကိုးပါး​​ဓားရှိကာ စကြာဝဠာ ဖန်တီးခြင်း ဓားသုတ္တန်လည်းရှိ၏။

လှိုင်းအလျားကို တွက်ဆလျက် လက်ရှိနေရာနှင့် တားမြစ်ဝင်္ကပါအစီရင်ထံ ရောက်ရှိရန် နေ့ဝက်မျှသာလိုကြောင်း မှန်းဆနိုင်သည်။

“ ..... ။ ”

တစ်ချိန်တည်းမှာပင် အဝေးမှ ထွက်ပေါ်လာသော ပြင်းထန်သော တိုက်ပွဲဝင် သံများကို ကြားလိုက်ရ၏။

“ မင်းတို့နှစ်ယောက် လိုက်နိုင်ပါဦးမလား။ ”

စုရီမှ လှည့်ကြည်ကာ မေးမြန်းလိုက်၏။ နင်စစ်ဟွာနှင့် ရှန့်ကျိစုန်က ခေါင်းညိတ်ပြသည်။ ဆယ်မိနစ်အကြာတွင် တောင်ကြားလွင်ပြင် တစ်ခုကို မြင်လိုက်ရ၏။

လွင်ပြင်အတွင်း၌ ယင်ချီများ သိုင်းခြုံထားသော အလောင်းကောင်များက လူနှစ်ယောက်ကို ဝိုင်းရံ တိုက်ခိုက်နေသည်။

“ ဒါတွေက ... မရဏတံခါးရဲ့ အလောင်းတစ်ရာစစ်တပ်ပဲ သူတို့က တစ္ဆေ ကပ်ပါးကောင်တွေကြောင့် လူသားကနေ ကြောက်စရာအသွင် ပြောင်းလဲလာတာ။ ”

နင်စစ်ဟွာမှ သတိပေးလိုက်သည်။ မဟာသခင်ဝိညာဉ်များကို အလောင်းများတွင် ချိပ်ပိတ်ခြင်းဖြင့် အလောင်းကောင် စစ်တပ်ကို ဖန်တီးထားခြင်းဖြစ်၏။

“ ငါဒီအကြောင်းကို ကြားဖူးတယ် လွန်ခဲ့တဲ့နှစ်တစ်ရာက မရဏတံခါး ဂိုဏ်းကြီးရဲ့ စက်ဆုပ်ဖွယ် နည်းလမ်းမျိုးတွေ မဟုတ်လား။ ”

ရှန့်ကျိစုန်မှ ရွံ့ရှာစွာ ပြောကြားလိုက်သည်။

“ မှန်တယ် ဒီလောင်းကောင်တိုင်း ... မဟာသခင်အဆင့်ခွန်အားရှိပြီး ခန္ဓာကိုယ်မှာ အဆိပ်တွေ အပြည့်ရှိနေတယ် ... ။ ”

အလောင်းတစ်ရာ စစ်တပ်သည် စုရီအမြင်တွင် အနိမ့်ဆုံးအဆင့် ရုပ်သေးရုပ် များသာဖြစ်၏။

အရိုင်းမြေကိုးပါးတွင် ၎င်းတို့ကဲ့သို့ ကျင့်ကြံသူများအပေါ် အထင်အမြင်သေးကြ၏။ စုရီက အလောင်းကောင်များ ဝိုင်းထားသော လူနှစ်ယောက်ထံ အာရုံရောက်သွားသည်။

“ သူတို့က ဘယ်သူတွေလဲ။ ”

“ အလင်းအကယ်ဒမီရဲ့ ဌာနမှူး ကျန့်တန်ယွင်နဲ့ ... သူတို့ရဲ့ ဒုတိယအကြီးအကဲ လုကျန်းဖန်။ ”

ရှန့်ကျိစုန်မှ ချက်ချင်း ပြန်ဖြေ၏။ နှစ်ယောက်စလုံးသည် စတုတ္ထ မဟာသခင်များ ဖြစ်ပြီး ကျန့်တန်ယွင်မှ သဘာဝအတိုင်း ပိုသန်မာသည်။

မဟာကျိုးရှိ မဟာသခင်အဆင့် သတ်မှတ်ချက်စာရင်းတွင် အဆင့် (၄၇)ဖြစ်၏။ ပဉ္စမအဆင့် မဟာသခင်များပင် သူ့ပြိုင်ဘက် မဖြစ်နိုင်ချေ။

“ ဆရာစု ငါတို့ ကူညီသင့်လား။ ”

ရှန့်ကျိစုန်မှ မေးသည်။ ထိုလူများမှာ အခြေအနေ သိပ်မကောင်းချေ။ အရေပြားပေါ်၌ အညိုကွက်များ ဖြစ်ပေါ်နေကာ မျက်ဝန်းရှိ သွေးကြောများ ပေါက်ပြဲနေ၏။

“ အခုချိန်သွားရင် ... ဝင်္ကပါကြောင့် စိတ်ဝိညာဉ်ကို ပိတ်ဆို့ခံရပြီး အလောင်းကောင် တပ်အတွင်းမှာ ပိတ်မိသွားလိမ့်မယ်၊ စတုတ္ထ မဟာသခင်ဖြစ်ရင်တောင် မင်းသေမယ်။ ”

စုရီစကားကြောင့် ရှန့်ကျိစုန်တစ်ယောက် ထိတ်လန့်သွားသည်။

“ ကျန့်တန်ယွင်လို လူတစ်ယောက် ဒီလောက်အထိ အကျပ်အတည်းဖြစ်သွားတာ အံ့သြစရာ မရှိတော့ပါဘူး ...

... တစ်စုံတစ်ယောက်က သူ့ဝိညာဉ်ကို တိုက်ခိုက်ပြီး ခွန်အားအပြည့် မထုတ်နိုင်အောင် ကြံစည်နေတာပဲ ... စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ ”

နင်စစ်ဟွာမှ စုရီ၏ ဆိုလိုရင်းကို နားလည်သွား၏။ ထို့နောက် စိတ်ဝင်တစားဖြင့် ကူညီရန် ခြေလှမ်းပြင်လိုက်တော့သည်။

“ ခဏစောင့်ပါဦး ... ။ ”

စုရီက သူမကို ဟန့်တားလာ၏။ နင်စစ်ဟွာခမျာ အံ့အားသင့်သွားပြီး ချက်ချင်း ရပ်တန့်လိုက်လေသည်။

“ ဟမ့် ... မကြောက်ကြနဲ့ ... ဒီဘုရင်က မင်းတို့ကို သေခွင့်မပေးဘူး။ ”

များမကြာခင် နှင်းဖြူဝတ်စုံဖြင့် လူငယ်တစ်ယောက်သည် ကောင်းကင်ပေါ်မှ လျှောက်လှမ်းလာချေပြီ။

အနီရောင် အလင်းများ သူ့ဝန်းကျင်တွင် သမုဒ္ဒရာကြီးကဲ့သို့ ပျံ့နှံ့နေသည်။ ချောမောပြီး ရှည်လျားသော အရပ်အမောင်းရှိ၏။

“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”

ထို့နောက် ၎င်းက ရွှေလှံကို ထုတ်ယူပြီး လေထဲဝှေ့ရမ်းလျက် သွေးမြူတောင်ကြားသို့ ဆင်းသက်လိုက်၏။

လျှပ်စီးများ တဖျပ်ဖျပ်ခတ်လျက် လှံရည်ရွယ်ချက်များက ရွှေပိုက်ကွန်သဖွယ် ပေါင်းစပ်လာသည်။

“ ဘောင်း ... ဘောင်း ဘောင်း။ ”

အဆုံးတွင် အလောင်းများအပေါ် အုပ်မိုးကျသွားတော့၏။ အလောင်းကောင်များ ခမျာ ချက်ချင်း အပိုင်းအပိုင်းကွဲကုန်သည်။

“ တောင်တန်းဘုရင် ... ။ ”

ရှန့်ကျိစုန်တစ်ယောက် အံ့အားသင့် သွားသည်။ ဤသည်မှာ အင်ပါယာ တစ်ခွင်တွင် ကျော်ကြားသော အငယ်ဆုံးဘုရင်ဖြစ်၏။

“ မုရှီ ... ။ ”

နင်စစ်ဟွာက အံ့အားသင့်လာပြီး စုရီထံပြန်ကြည့်သည်။ ဤလူငယ်ရောက်ရှိလာ မည်ကို သိနှင့်နေပုံရ၏။

“ ငါတို့ ရောက်စတုန်းက တိုက်ပွဲကို သူအဝေးကနေကြည့်နေတာ မင်းသတိမထား မိလို့ပါ။ ”

စုရီက ပေါ့ပေါ့ပါးပါး ရှင်းပြသည်။ နင်စစ်ဟွာမှ တုန်လှုပ်သွား၏။ သူမ အနေဖြင့် သတိထားလျှင်ပင် မုရှီကို အာရုံမခံမိချေ။

“ အလောင်းကောင် ထိန်းချုပ်သူ ... မင်းထွက်လာပြီး ... ငါ့ကို ရင်ဆိုင်သင့်ပြီ မဟုတ်လား။ ”

မုရှီက ရွှေလှံကို ဝှေ့ရမ်းလျက် အော်ဟစ်လိုက်၏။ သူ့စကားဆုံးသည်နှင့် ကျောက်ဆောင်အကွယ်မှ ကလေးငယ် အလောင်းကောင် တစ်ယောက် ထွက်ပေါ်လာသည်။

၎င်းက အစွယ်နှစ်ဖက်ကို ဖြဲလျက်၊

“ တောင်တန်းဘုရင် ငါ့သတိပေးမယ် မင်းမပါဝင်တာ အကောင်းဆုံးဘဲ ... မဟုတ်ရင် သေရလိမ့်မယ်။ ”

-ဟု ပြန်လည် ခြိမ်းခြောက်လာ၏။

သူ့အသံသည် ကြားလိုက်ရသူတိုင်းကို အရေပြားပေါ်၌ ယားယံခြင်း ခံစားရစေသည်။

“ ဟမ့် ... မင်းတို့ရဲ့ ဂိုဏ်းချုပ် ပေါ်လာခဲ့ရင်တောင် ငါ့ရှေ့မှာ ဒီလိုရိုင်းပျဝံ့မှာ မဟုတ်ဘူး။ ”

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

မုရှီက အေးစက်စွာ ဟစ်အော်လျက် လှံဖြင့်လေထဲ လှမ်းထိုးလိုက်သည်။ ပေတစ်ရာ အကွာရှိ ကလေးအလောင်းကောင်မှာ ချက်ချင်း ကွဲထွက်သွား၏။ သို့တိုင် အေးစက်စက် ရယ်မောသံများ ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည်။

“ ဟားဟားဟား ... စိတ်မပူနဲ့ မင်းသေတဲ့အချိန် အလောင်းလာကောက်ပြီး အလောင်းကောင်အဖြစ် ငါသန့်စင်ပေးမယ်။ ”

မုရှီက ခေါင်းယမ်းလိုက်သည်။ ဤထွက်ပြေးမှုအပေါ် နည်းနည်းမျှပင် စိုးရိမ်ပုံ မပြချေ။ ထို့နောက် ရွှေလှံကို ဖယ်ရှားလိုက်ပြီး ကျောက်စိမ်းပုလင်း ပစ်ပေး၏။

“ ဒါ အလောင်းအဆိပ်အတွက် ဖြေဆေးပဲ ချက်ချင်း သောက်ပါ မဟုတ်ရင် အဆိပ်တွေက မင်းတို့နှလုံးဆီ ရောက်သွားမှာ စိုးမိတယ်။ ”

“ ကျေးဇူးတင်ပါတယ် တောင်တန်းဘုရင်။ ”

“ ဟားဟားဟား ... ယဉ်ကျေးမနေပါနဲ့၊ အဆိပ်ကို အရင် ဖြေရှင်းလိုက်ပါဦး။ ”

မုရှီမှ နွေးထွေးစွာ ရယ်မောလျက် စုရီတို့ထံ လှည့်ကြည့်ကာ၊

“ မိတ်ဆွေတို့ ... ဒီမှာ အန္တရာယ် မရှိတော့ပါဘူး ကျေးဇူးပြုပြီး ... ထွက်လာလို့ ရပါပြီ။ ”

-ဟု ဖိတ်ခေါ်လိုက်တော့သည်။

နင်စစ်ဟွာနှင့် ရှန့်ကျိစုန်မှ မျက်ခုံးပင့်လျက် စုရီကို လှည့်ကြည့်မိ၏။ စုရီက စကားမဆိုခဲ့ဘဲ လှမ်းထွက်သွားတော့သည်။

***

All Chapters