စစ်မှန်သော ဝိညာဉ် နတ်သွေး ကျောက်စိမ်းဆွဲသီး။
Vol. 16 Ch. 187
ခေါင်းဆောင်သည် အစိမ်းရင့်ရောင် ၀တ်စုံနှင့်ခေါင်းပေါ် သရဖူဆောင်းထားသည့် အမျိုးသားတစ်ဦးဖြစ်သည်။
အသားအရေမှာ ဖြူဖျော့နေပြီး မျက်လုံးများချိုင့်ဝင်လျက် အနက်ရောင်စက္ကူ မီးပုံးကို ကိုင်ဆောင်ထား၏။ ဤသည်မှာ အလောင်းထိန်းချုပ်သူ စုန့်ယိုဖြစ်သည်။
သူ့ဘေးတွင် အနက်ရောင် အငွေ့အသက်များ ရစ်သိုင်းနေသည့် အမျိုးသား နှင့် အမျိုးသမီးတို့ရပ်နေသည်။
သူတို့နောက်တွင် ငရဲမှထွက်လာသကဲ့သို့ မှိုင်းညို့နေသော မျက်လုံးများဖြင့် ဖုတ်ကောင် တစ်အုပ်ရှိ၏။
“ အဘိုးကြီး၊ မင်းက ဒီမှာ တစ်ယောက်တည်းနဲ့ ငါတို့ကို တားချင် နေတာလား ... ။ ”
မုရှီက ပြုံးလျက်မေး၏။
“ ဟမ့် ... ငါတစ်ယောက်တည်းနဲ့ လုံလောက်ပါပြီ။ ”
“ ဟားဟားဟား ... ကောင်းပြီ၊ ဒါဆိုမင်းဘယ်လောက် အရည်အချင်းရှိလဲ ငါ ကြည့်ချင်မိတယ်။ ”
မုရှီက ရွှေလှံကို ထုတ်ကိုင်ကာ ရောင်ဝါများဖွင့်ထုတ်လျက် ရယ်မောတော့၏။ ထက်ရှသော ရောင်ဝါတစ်ခု တောင်နှင့် မြစ်များအပေါ် လွှမ်းခြုံသွားသည်။
“ ဟမ့် ... ။ ”
စုန့်ယိုက အေးစက်စွာ နှာခေါင်းရှုံ့လျက် လိပ်ခွံနှင့်တူသော ကြေးဒိုင်းငယ်တစ်ခု ထုတ်ယူ လိုက်သည်။
“ ..... ။ ”
တစ်ဆက်တည်းမှာပင် ယဇ်ပလ္လင် (၁၀၈)လုံးသည် အိပ်စက်ရာမှ နိုးထလာသကဲ့သို့ တုန်ခါလျက် လွင့်မျောနေသော သွေးကြာပန်း ကိုးပွင့်က ရုတ်တရက် အသံများ မြည်လာ၏။
ဤတစ်ကြိမ် ထွက်ပေါ်လာသော အသံများသည် အလွန်ကြောက်စရာ ကောင်းနေ ချေပြီ။
“ မကောင်းတော့ဘူး။ ”
ပုရီ၊ ကျန့်တန်းယွင်၊ လုချန်ဖန်နှင့် ရှန်ကျိစုန်တို့ခမျာ မိုးကြိုးပစ် ခံလိုက်ရသကဲ့သို့ စိတ်ဝိညာဉ်တစ်ခုလုံး တုန်ခါလာ၏။
ဝိညာဉ်များ ကွဲကြေမတတ် နာကျင်ကာ သည်းမခံနိုင်သော ဝေဒနာအရိပ်အယောင်များ ပေါ်လာသည်။
နင်စစ်ဟွာပင် မထိန်းနိုင်တော့ဘဲ တိုးတိုးတိတ်တိတ် ညည်းညူသံ ပြုလိုက်သည်။ လူတိုင်းမူးဝေကုန်ကာ သက်ရောက်မှုကြောင့် ယိမ်းထိုသွားတော့၏။
“ ဟား ဟား ဟား ... ဒါ ကိုးနန်းတော် ကြာပန်းဝင်္ကပါပဲ မြေကြီးအဆင့် ကျွမ်းကျင်သူ ပေါ်လာရင်တောင် ခုခံနိုင်မှာ မဟုတ်ဘူး။ ”
ကြီးမားသော ကြာနန်တော်ကိုးလုံးသည် မြေပြင်ရှိ ယဇ်ပလ္လင်(၁၀၈)လုံးနှင့် ချိတ်ဆက်ပြီး ပတ်ဝန်းကျင်မှ စွမ်းအင်များကို စုပ်ယူကာ အဆက်မပြတ် မြည်သံပြုပေးနေ၏။
“ အားလုံးပဲ ကျေးဇူးပြုပြီး ... ခဏလောက် သည်းခံလိုက်ပါ ... ငါဒီလူကို သတ်ပေးမယ်။ ”
မုရှီက လူတိုင်းကို နှစ်သိမ့်လျက် လျှပ်စီးကဲ့သို့ အလောင်းထိန်းချုပ်သူထံ ပြေးဝင် သွားခဲ့လေသည်။
အဝတ်အစားများ လေထဲ တဖျပ်ဖျပ်ခတ်လျက် ရွှေလှံတစ်စင်း ကိုင်ဆောင် ထားကာ သတ်ဖြတ်လိုသော ဆန္ဒများ ထုတ်ဖော်ထား၏။
“ ဟမ့် ... မင်းသေချင်နေတာပဲ။ ”
အလောင်း ထိန်းချုပ်သူမှ လှောင်ပြောင် ရယ်မောနေစဉ် ဆံပင်နီနီနှင့် လူသန်ကြီးတစ်ဦး သူ့တို့လမ်းသို့ လှမ်းတက်လာသည်။
ဤသည်မှာ စုန့်ဟို အနောက်နားတွင် ရပ်နေသော အမျိုးသားဖြစ်သည်။ ကာကွယ်သူ ကိုးဦးအနက်မှ တစ်ဦးဖြစ်ကာ သားသတ်သမား တုဟောင်အဖြစ် ကျော်ကြား၏။
“ ဝှီး ... ဝှီး ... ။ ”
၎င်းမှလက်ထဲရှိ ပေါင်တူနှစ်လက်ကို တဝှီးဝှီးလွှဲကာ မုရှီထံ ထုနှက်လာတော့သည်။ တောင်ကြီးနှစ်လုံး လွင့်ထွက်လာသကဲ့သို့ အဟုန်ပြင်းချေ၏။
“ ထွက်သွားစမ်း ... ။ ”
မုရှီက အေးစက်စွာ အော်ဟစ်လျက် ရွှေလှံဖြင့် ပြန်လည် ထိုးနှက်ပစ်လိုက်သည်။
“ ဝုန်း ... ။ ”
မြေကြီးတုန်ခါသွားသည့် တိုက်မိမှုမျိုး ဖြစ်ပေါ်လာကာ တုဟောင်တစ်ယောက် ပြန်၍ ဆုတ်ခွာလိုက်ရ၏။ မုရှီမှ မနှောင့်နှေးဘဲ အလောင်းထိန်းချုပ်သူထံ ဆက်ပြေးသည်။
“ ဝှစ် ... ။ ”
အလောင်း ထိန်းချုပ်သူ လက်ထဲရှိ လိပ်ခွံဒိုင်းငယ်ထံမှ ထူးဆန်းသော မြည်သံများ ထွက်ပေါ်လာ၏။
သို့သော် အနက်၀တ် အမျိုးသမီးက လှမ်းတက်လာပြီး မုရှီကို ဟန့်တားလေသည်။
“ ဝှစ် ... ။ ”
ဓါးအလင်းများက ကောင်းကင်အနှံ့ ပြန့်ကျဲသွား၏။ မုရှီတစ်ယောက် မျက်ဝန်းများ ကျဉ်းမြောင်းလာပြီး အသက်ပြင်းပြင်းရှူလျက် ရွှေလှံဖြင့် လှမ်းထိုးတော့၏။
“ ဝုန်း ... ။ ”
ကမ္ဘာဖျက် မိုးကြိုးကဲ့သို့ လျှပ်စီးများ ဝုန်းဒိုင်းကျဲလာပြီး လေထဲရှိ သွေးဓားရိပ်များ အပိုင်းပိုင်းကွဲလျက် ပေါက်ကွဲကုန်သည်။
“ ဟမ့် ... ။ ”
အနက်၀တ်အမျိုးသမီးက သူမရှေ့တွင် သွေးနီရောင် မုန်တိုင်းတစ်စင်းကို ဖန်တီးကာ ကောင်းကင်ပေါ် ခုန်တက်သွား၏။
မုရှီတစ်ယောက် မုန်တိုင်းအတွင်း လှိုင်းပုတ်နေသော လှေငယ်ကဲ့သို့ ယိမ်းယိုင် သွားချေပြီ။ ဤသည်မှာ အလွန် အန္တရာယ် များသော အခြေအနေမျိုး ပေပင်။
“ ချိုးဖြတ်စမ်း ... ။ ”
သို့သော် ချွန်ထက်သော ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေလှံက မုန်တိုင်းကို ဖြတ်ကျော်၏။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးနီရောင် မုန်တိုင်းများ အဝေးသို့ ပျံကျဲသွား လေသည်။
“ အား ... ။ ”
အနက်ဝတ် အမျိုးသမီးခမျာ ညည်းတွားလျက် ယိမ်းယိုင်သွားပြီး အံ့အားသင့် လာ၏။
( ဒီဘုရင်က အရမ်းသန်မာတယ်။ )
အတွေးဖြင့် မုရှီထံ ပြန်ကြည့်မိ၏။ မူရှီမှာ အလင်းတန်းကဲ့သို့ ရွှေလှံကိုင်လျက် ရောက်ရှိ လာပြီဖြစ်သည်။
“ ချွင် ... ချွင် ... ချွင် ... ။ ”
အနက်ဝတ် အမျိုးသမီးခမျာ မတွန့်ဆုတ်ဝံ့တော့ဘဲ သွေးခေါင်းလောင်းကို ထုတ်ယူကာ လှုပ်ခါလိုက်ရ၏။ ငရဲတံခါးပွင့်လာ သကဲ့သို့ အနက်ရောင် မြူခိုးများ မုရှီထံ ပြေးဝင်သွားလေသည်။ ဤသည်မှာ ယိုဝိညာဉ်များဖြစ်ချေပြီ။
တစ်ချိန်တည်းမှာပင် လူသန်ကြီး တုဟောင်သည်လည်း ပြေးဝင်လာပြန်၏။ မုရှီမှ မျက်မှောင်ကြုတ်ကာ၊
“ မင်း သေချင်နေတာပဲ။ ”
-ဟု ပြန်လည် အော်ငေါက်လိုက်သည်။
ထို့နောက် အနီရောင် ကျောက်စိမ်းဆွဲသီး တစ်လုံး သူ့လက်ဖဝါး၌ပေါ်လာ၏။ ရောင်ဝါအရ ယခင်ထက် နှစ်ဆ ပိုမိုအားကောင်းသည်။
“ ဟမ့် ... ။ ”
စုရီက စိတ်ဝင်တစား လှည့်ကြည့်၏။ ဤသည်မှာ စစ်မှန်သောဝိညာဉ်တော်နတ်သွေး ဖြစ်သည်။
အရိုင်းမြေကိုးပါးတွင်ပင် ရှားပါးပြီး ဧကရာဇ်အဆင့် တန်ခိုးရှင်များအတွက် လောဘ ဖြစ်စေနိုင်၏။
သို့သော် စုရီအတွက်မူ လောဘထက် ထိုကျောက်စိမ်းဆွဲသီးကို မည်သည့်အရပ်ထံမှ ရရှိခဲ့သည်ကိုသာ ပို၍ သိချင်နေမိသည်။
အဆုံးတွင် ဤသည်မှာ သေမျိုးများ နေထိုင်ရာဒေသဖြစ်၏။ စစ်မှန်သော ဝိညာဉ် သားရဲတစ်ကောင်ကို မွေးဖွားရန် မဖြစ်နိုင်ချေ။
“ ဒီလူမှာ လျှို့ဝှက်ချက်တွေ ရှိနေပုံပဲ။ ”
စုရီမှ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုအချိန်တွင် ကျောက်စိမ်းဆွဲသီး စွမ်းအားကို အသက်သွင်းပြီးနောက် မုရှီသည် နတ်ဘုရား ကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့သည်။
“ ဝုန်း ... ။ ”
မျက်စိတစ်မှိတ်အတွင်း ဝတ်ရုံနက် အမျိုးသမီးနှင့် တုဟောင်တို့၏ ကြားဖြတ် ဟန့်တားမှုအပေါ် ဖြိုခွဲပစ်လိုက်၏။
“ အဟွတ် အဟွတ် ... ။ ”
အနက်ဝတ် အမျိုးသမီးခမျာ သွေးချောင်းဆိုးလျက်ဒဏ်ရာများ ရရှိသွားပြီး ဆံပင်များ ပျံ့ကျဲကုန်သည်။
တစ်ဖက်ရှိ တုဟောင် ရင်ဘတ်တွင်လည်း ရှည်လျားကျဉ်းမြောင်းသော လှံအသွားရာတစ်ခု ပေါ်လာသည်။
နှစ်ယောက်သား ထိတ်လန့်သွားတော့၏။ မုရှီသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားချေ။ မုရှီက လှံကိုဝှေ့ယမ်းပြီး ထပ်မံဝင်ရောက်ရန် ပြင်နေစဉ်၊
“ တကယ်ပဲ ... တောင်တန်းဘုရင် ဖြစ်ထိုက်ပါပေတယ် နောက်ထပ်သာ ဆယ်နှစ် အချိန်ပေးခဲ့ရင် မဟာကျိုးရဲ့ ဒုတိယဟုန်ရှန့်ရှန် ဖြစ်လာမှာ ကြောက်မိတယ်။ ”
-ဟူသော သက်ပြင်းချသံနှင့်အတူ ရိုးရှင်းသော အဝတ်အစားဖြင့် လူတစ်ယောက် ရုတ်ချည်းပေါ်လာတော့၏။
၎င်း၏ဆံပင်နှင့် မုတ်ဆိတ်များသည် မီးခိုးရောင်များဖြစ်ကာ ညာဖက်လက်ဖဝါးကို ညင်သာစွာ ဝှေ့ယမ်းပစ်လိုက်၏။
“ ဂျိန်း ... ။ ”
လေနှင့် မိုးခြိမ်းသံများ တဟုန်းဟုန်း မြည်လျက် မိုးတိမ်များလူးလိမ့်ကုန်တော့သည်။ တိမ်ပင်လယ်အတွင်း ကြီးမားလှသော လက်ဖဝါးတစ်ဖက် ပေါ်လာ၏။
လက်ချောင်း တစ်ချောင်းစီသည် ကျောက်တိုင်ကြီးကဲ့သို့ ထူထဲပြီး ပြိုးပြက် လင်းလက်နေသည်။
“ သွေးနတ်ဆိုး လက်ဖဝါး။ ”
လေဟာနယ် ပေါက်ကွဲသံများ မြည်ဟည်းလျက် မုရှီခမျာ ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်လိုက်ရ၏။
“ ဒုဂိုဏ်းချုပ် ဟွာလျူရီ ... ။ ”
၎င်းက အနည်းငယ် ပြုံးလိုက်ကာ၊
“ အိုး ... တောင်တန်း ဘုရင် မုရှီ ... မင်းလည်း ငါ့နာမည်ကို အခုလို သိနေမယ်လို့ မမျှော်လင့်ထားမိဘူး။ ”
-ဟု အံ့သြဟန် လုပ်ပြလာတော့၏။
***