ဒုဂိုဏ်းချုပ် ဟွာလျူရီ ... ။
Vol. 16 Ch. 188
“ ဟမ့် ... ဒါဆို မင်းက ငါတို့အားလုံးကို လှည့်စားခဲ့တာပဲ။ ”
ဟွာလျူရီသည် ဟုန်ရှန့်ရှန်နှင့် အပြိုင် ကျော်ကြားလှသော မိစ္ဆာကျင့်ကြံသူ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်က ၎င်းတို့တိုက်ပွဲတွင် ဟုန်ရှန့်ရှန်မှ အနိုင်ရခဲ့၏။
အဆုံးတွင် ဟုန်ရှန့်ရှန်သည် ဟွာလျူရီကို ဓားနှင့်ထိုးပြီး တန်လန်မြစ်ထဲ ကန်ချပစ်ခဲ့သည်။ ယင်းသည် လှည့်စားမှုတစ်ခုသာ ဖြစ်ကြောင်း မုရှီမှ နားလည်လိုက်တော့၏။
“ တောင်တန်းဘုရင် မုရှီ ... ငါက အရည်အချင်းတွေကို အမြဲတန်ဖိုးထားတဲ့ လူပါ မင်းသာ ငါ့ဂိုဏ်းထဲဝင်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီနေ့ကိစ္စကို လွှတ်ထားနိုင်မယ်။ ”
ထို့နောက် ပြုံးလျက်၊
“ ဒုဂိုဏ်းချုပ်ရာထူးကို စွန့်လွှတ်ဖို့လည်း စိတ်ဝင်စားပါတယ်။ ”
-ဟု ထပ်မံ ဖြည့်စွက်ပြောကြားတော့၏။
“ ဟမ့် ... အဘိုးကြီး၊ မင်း အိပ်မက်မက်နေတာပဲ။ ”
မုရှီမှ သူ့လက်ထဲရှိ ရွှေလှံကို မြှောက်လိုက်ပြီး ဟွာလျူရီထံ ညွှန်ပြလျက်၊
“ ဧကရာဇ်ဥသျှောင်က ... မင်းကို မသတ်နိုင်တာနဲ့ပဲ ... ငါမုရှီမင်းခေါင်းကို မဖြတ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ”
-ဟုဆိုကာ လူသတ်ရန် ရည်ရွယ်ချက်များနှင့် ပြေးဝင်သွား၏။
“ ချွင် ... ။ ”
ဟွာလျူရီက အနက်ရောင် သစ်သားဓားတစ်လက် ဆွဲထုတ်လိုက်ကာ လေထဲ လွှဲရမ်းလျက် တံဆိပ်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော ယဇ်ပလ္လင်ငယ်ပေါင်း တစ်ရာ့ရှစ်လုံးထံ၌ အမိန့်စာများ ထွက်ပေါ်လာ၏။
“ ဟမ့် ... ။ ”
မြင့်မားသော တောင်ကြီးတစ်လုံး ရုတ်တရက် ပေါ်လာသဖြင့် မုရှီတစ်ယောက် သမုဒ္ဒရာအတွင်းမှ ရေတစ်စက်အလား သေးငယ်သွားချေပြီ။
“ ခရစ် ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခုကျဆင်းလာကာ ကြွက်သားနှင့် အရိုးများ ကျိုးကျေကုန်၏။
“ ဟမ့် ... ။ ”
အဆုံးတွင် အံကြိတ်လျက် အနီရောင် ကျောက်စိမ်းဆွဲသီးကို အသက်သွင်းလိုက်ရာ ရောင်ဝါများ မြှင့်တက်လာတော့သည်။
ကျယ်လောင်သော ဟောက်သံများ အောက်တွင် မူရှီသည် နတ်တောင်၏ ဖိနှိပ်မှုကို အမှန်တကယ် ခံနိုင်ရည် ရှိသွားခဲ့၏။
လူတစ်ယောက်နှင့် တောင်တစ်လုံးသည် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်သွားလေသည်။ ထိုမြင်ကွင်းကြောင့် မုရှီ ဘယ်ဘက်လက်ရှိ အနီရောင်ကျောက်စိမ်းဆွဲသီးထံ ကြည့်ကာ ဟွာလျူရီမှ စိတ်လှုပ်ရှားသွား၏။
“ ဟမ့် ... ဒါတောင်တန်းဘုရင်အတွက် ကမ္ဘာကြီးကို စိုးမိုးနိုင်စေတဲ့ ထူးခြားတဲ့ ရတနာ တစ်ပါးပဲ မဟုတ်လား။ ”
အနီရောင် ကျောက်စိမ်းဆွဲသီးသည် မည်မျှမှော်ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော ရတနာ ဖြစ်မည်ကို ပြောနိုင်၏။
မုရှီက ဟွာလျူရီ၏ သစ်နက်ဓားထံ လှမ်းကြည့်ကာ၊
“ မင်းဓားလည်း မဆိုးပါဘူး ... ။ ”
-ဟု တုန့်ပြန်လိုက်တော့သည်။
သို့တိုင် ဖိအားများ တိုးလာသဖြင့် မုရှီတစ်ယောက် စိုးရိမ်မှုအပြည့် ရှိနေခဲ့၏။ တစ်ဖက်လူသည် ယုတ်မာလွန်းချေပြီ။
မျှော်လင့်ထားသကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ခြင်းမရှိဘဲ ဝင်္ကပါစွမ်းအား အသုံးပြုကာ အဝေးမှ နှိမ်နှင်းနေခဲ့၏။
ထို့ကြောင့် နောင်တရလာသည်။ နှောင်းပိုင်း မဟာသခင်အဆင့်သို့ တက်ရောက်ရန် မေ့လျော့ နေခဲ့သဖြင့် ယခုသွေးကျောက်စိမ်းဆွဲသီး၏ စွမ်းအားကို ထုတ်မပြနိုင်တော့ချေ။
မုရှီက စိုးရွံ့သွားသည်။ ထိုအချိန်တွင် ဝင်္ကပါအသက်ဝင်လာ၏။ အသံလှိုင်းများက ပုရီ၊ ရှန့်ကျိစုန်၊ ကျန်တန်းယွင်နှင့် လုချန်ဖန်တို့ကို ကြီးစွာသော ဝေဒနာ ခံစားရစေသည်။
လူတိုင်းအေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းကုန်ပြီး သွေးနှင့်ချီများ ကမောက်ကမ ဖြစ်လာတော့၏။ နင်စစ်ဟွာပင် အနည်းငယ် နာကျင်သွားသည်။
စုရီသာလျှင် လက်နှစ်ဖက် နောက်ပို့လျက် စိတ်ဝင်တစားဖြင့် ယဇ်ပလ္လင် (၁၀၈)လုံးထံသို့ ကြည့်နေခဲ့လေသည်။
“ ဟမ့် ... ။ ”
မုရှီသည် ထိုမြင်ကွင်းကို အဝေးမှ သတိပြုမိသောအခါ အနည်းငယ် စိတ်ရှုပ်ထွေး သွားတော့၏။ သို့သော် စုရီက သူ့အကြည့်ကို သတိထားမိပြီး ပြန်လှည့်ကြည့်ကာ၊
“ မင်း ဆက်ထိန်းထားနိုင်သေးလား။ ”
-ဟု မေးမြန်းလာသည်။
“ သေချာတာပေါ့ ... ။ ”
မုရှီမှ ချက်ချင်း ပြန်ဖြေလေသည်။ ထို့ကြောင့်စုရီက ခေါင်းညိတ်ကာ ယဇ်ပလ္လင် များထံ ပြန်လှည့်သွား၏။
ယဇ်ပလ္လင်ပေါ်တွင် ထူးခြားသော ဆန်းကြယ်မှုများ ရှိနေခဲ့သကဲ့သို့ ခဏချင်းပင် နစ်မျောသွားတော့သည်။
တစ်ဖက်လူသည် နင်စစ်ဟွာနှင့် ရှန့်ကျိစုန်တို့ကို ဦးဆောင်သဖြင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ရမည်ဟု မုရှီမှ ယူဆမိသည်။
ထို့ကြောင့် သူ့အတွက် အန္တရာယ် ကြုံရသောအချိန်၌ အကူအညီအနည်းငယ် ပေးရန် မျှော်လင့်မိသော်လည်း လျစ်လျူရှုခြင်း ခံလိုက်ရ၏။
တစ်ဖက်တွင် ကိုးနန်းတော် ဝိညာဉ်ပိတ်လှောင်ခြင်း ဝင်္ကပါ၏ တန်ခိုးသည် စုရီအပေါ် သက်ရောက်မှု မရှိသဖြင့် ဟွာလျူရီ တစ်ယောက် အနည်းငယ် စိတ်ဝင်စားသွား၏။
“ မင်းတို့ နှစ်ယောက် ... ဒီကောင်လေးကို သွားဖမ်းလာခဲ့ ... သူ့မှာ ဝင်္ကပါရဲ့ သက်ရောက်မှု အပေါ် ခုခံနိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခု ရှိတယ်လို့ ငါသံသယဖြစ်မိတယ်။ ”
သူ့အမိန့်ရသည်နှင့် အနက်ဝတ် အမျိုးသမီးနှင့် လူသန်ကြီးတုဟောင်တို့က ချက်ချင်း လှမ်းတက်လာသည်။
“ ဟား ဟား ဟား ... ကောင်လေး နာခံမှုရှိရှိ လိုက်ခဲ့စမ်း။ ”
တုဟောင်က ပေါ့ပေါ့ပါးပါးပင် ယုန်ငယ်ဖမ်းသော လင်းယုန်ငှက်ကဲ့သို့ စုရီကို ဖမ်းဆုပ်လေသည်။
“ ဝှစ် ... ။”
စုရီမှ လှည့်ကြည့်ကာ လှောင်ပြုံးဖြင့် ၎င်း၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး မြေပြင်ပေါ် ကိုင်ရိုက်ပစ်တော့၏။
“ ဝုန်း ... ။ ”
မြေပြင်တစ်ခုလုံး တုန်ခါလျက် ကျောက်တုံးများ လွင့်စဉ်ကုန်ကာ လူပုံသဏ္ဍာန် အပေါက်ကြီး ဖြစ်ပေါ်သွားချေပြီ။
အရိုးများကျိုးလျက် ဦးခေါင်းမှ သွေးများ စီးကျလာရာ ရပ်ကြည့်နေသူတိုင်း မှင်တတ်ကုန် ကြသည်။
“ ငါ့အသက် ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ် ဆိုပေမယ့် လူတွေ ငါ့ကိုကောင်လေးလို့ ခေါ်ရင် ငါမကြိုက်ဘူး။ ”
“ ဘုန်း ... ။ ”
စကားဆုံးသည်နှင့် စုရီက ကန်ထုတ် လိုက်သည်။ ဖရဲသီးတစ်လုံးလို ဦးနှောက်များ လွင့်စဉ်ကာ အနီနှင့် အဖြူရောင် အရည်များ ပျံ့ကျဲလာတော့၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် အနက်ဝတ် အမျိုးသမီး၏ သွေးနီရောင်ဓါးက ပြင်းစွာ ကျရောက်လာသည်။ စုရီက လက်ဝှေ့ယမ်းလိုက်၏။
“ ဝူး ... ။ ”
ကောင်းကင်တွင် လေပြင်များ ချက်ချင်း တိုက်ခတ်လာပြီး ထိုဓားအဟုန်ကို လျော့ချပေး တော့သည်။
“ ဖျပ် ... ဖျပ် ... ဖျပ် ... ။ ”
တစ်ဆက်တည်းမှာပင် စုရီက ရှေ့လှမ်းတက်ကာ ဝတ်ရုံနက်အမျိုးသမီး နဖူးပြင်ကို ညင်သာစွာပုတ်လိုက်၏။
နဖူးပြင် ပုတ်ခြင်းဟူသည် ချစ်ခင်ရင်းနှီးမှုကိုပြသသော အပြုအမူမျိုး ဖြစ်သည်။ သို့သော် စုရီ ပုတ်လိုက်သော အခါ စတုတ္ထအဆင့် မဟာသခင်ဖြစ်သည့် အနက်ဝတ် အမျိုးသမီး ဝိညာဉ်သည် ကွဲအက်လျက် မြေပြင်ပေါ် လဲကျသွားတော့၏။
“ ဒါ ... ။ ”
ဟွာလျူရီမှ ဒေါသတကြီး ဖြစ်လာကာ မျက်ဝန်းများ မှေးစင်းလျက် အဝတ်အစားများ တဖျပ်ဖျပ်ခတ်သွားပြီး သစ်နက်ဓားဖြင့် လှမ်းထိုးတော့၏။
ယဇ်ပလ္လင် (၁၀၈)လုံး အသက်ဝင်ကာ တောင်ကြီးတစ်လုံးအသွင် စုရီခေါင်းထက်၌ ဖွဲ့တည်လာသည်။
“ မြန်မြန် ... ပြေး။ ”
၎င်းမှ ထွက်လာသော ဖိအားသည် ကြောက်စရာ ကောင်းလွန်းလှသဖြင့် မုရှီက စိုးရိမ်တကြီး အော်ဟစ်သတိပေးလိုက်၏။
“ ရွှပ် ... ။ ”
စုရီမှ ထွက်မပြေးချေ။ နတ်တောင်ထံ မော့ကြည့်ပြီး လက်ချောင်းများ တောက်ထုတ် ပစ်လိုက်သည်။
“ ထန် ... ။ ”
ဓားတစ်လက်ကဲ့သို့ ထက်ရှသော စွမ်းအင်အလင်း ပြေးထွက်သွားကာ အဝေးရှိ ယဇ်ပလ္လင်တစ်လုံးထံ ထိမှန်သွား၏။
ယဇ်ပလ္လင်ပေါ်ရှိ ရှုပ်ထွေးသောပုံစံများ အသက်ဝင်လာပြီး များစွာသော လေစုပ်ဝဲများ ထွက်ပေါ်လာချေပြီ။
“ ဝုန်း ... ။ ”
ထို့နောက်တွင် စုရီဦးခေါင်းအထက်ရှိ နတ်တောင်သည် မီးရှူးမီးပန်းကြီးတစ်ခုကဲ့သို့ ပွင့်ထွက်ပြိုကျသွားတော့၏။
***