အမည်ခံ ဓားသန္ဓေသား။
Vol. 16 Ch. 189
“ ဒါ ... ဘယ်လို လုပ်လိုက်တာလဲ ... ။ ”
ဟွာလျူရီမှ အံ့သြသွား၏။ ကမ္ဘာပေါ်တွင် ကျော်ကြားသော မဟာသခင်တစ်ပါးအနေဖြင့် မရေမတွက်နိုင်သော မယုံနိုင်ဖွယ် မြင်ကွင်းများ သူမြင်တွေ့ဖူးသည်။
အံ့ဩနေသော ဟွာလျူရီ၏ အာမေဋိတ်သံကြောင့် စုရီက ပေါ့ပေါ့ပါးပါးဖြင့်၊
“ ဝင်္ကပါစွမ်းအင်ကို ... မင်းသုံးနိုင်ရင် ငါလည်း ဘာလို့မသုံးနိုင်ရမှာလဲ။ ”
-ဟု ပြောကြားလိုက်၏။
“ မဖြစ်နိုင်ဘူး ... ။ ”
ဟွာလျူရီမှ လက်မခံလိုချေ။ မျက်မှောင်ကြုတ်လျက်၊
“ ယဇ်ပလ္လင် (၁၀၈)လုံးနဲ့ ဖွဲ့စည်းထားတဲ့ တားမြစ်ဝင်္ကပါကို အသုံးပြုဖို့ နည်းလမ်းရှာတာ ငါ့အတွက် ဆယ်နှစ်ကုန်လွန်ခဲ့တယ် မင်းလို ...
.... ချီသန့်စင်ခြင်းအဆင့်က တစ်စုံတစ်ယောက်က မျက်စိတ်တမှိတ်အတွင်း ဒါကိုနားလည်နိုင်တာ အဓိပ္ပါယ်မရှိဘူး။ ”
“ ဟား ဟား ဟား ... ။ ”
စုရီက ရယ်သည်။ သူ့လက်ချောင်းကို ဗျက်စောင်းကြိုးခတ်ထုတ်သကဲ့သို့ လက်ဟန် ပြလိုက်၏။
လက်ချောင်းများ လှုပ်ရှားသွားတိုင်း ယဇ်ပလ္လင်များက ထူးဆန်းစွာ တုန်ခါလာကာ မထင်မရှား တိမ်တိုက်ပုံစံများ ပေါ်လာသည်။
“ ဒါ ... ။ ”
ထိုမြင်ကွင်းကြောင့် ဟွာလျူရီခမျာ မျက်ဝန်းများမှေးစင်းလျက် တစ်ခုခုမှားနေမှန်း နားလည်လိုက်တော့၏။
“ ရွှပ် ... ။ ”
လက်ထဲရှိ သစ်နက်ဓားကို (၁၀)ကြိမ်တိုင်အောင် လွှဲပြီး စုရီနှင့်အပြိုင် အစီရင်ပေါ် အသက်သွင်းလေသည်။
ရုတ်တရက် ဒုတိယမြောက် နတ်တောင်တစ်လုံး ကောင်းကင်နှင့် နေကို ဖုံးလွှမ်းလျက် ထွက်ပေါ်လာ၏။
“ ရွှပ် ... ။ ”
ထိုအချိန်တွင် စုရီကြောင့် ယဇ်ပလ္လင်များမှ ဓားအလင်းများ ဖြာထွက်လာပြီး ဓားရိပ်အသွင် ပေါင်းစပ်လာပြီ ဖြစ်သည်။
အဆုံးတွင် ထိုဓားက မြင့်မြတ်သော နတ်တောင်ကြီးကို ထိုးခွဲကာ မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် မုရှီအပေါ် ဖိနှိပ်ထားသည့် မြင့်မြတ်သော နတ်တောင်ထံ ဓားရိပ်က ဆက်၍တိုးဝင်ကာ ပြိုကျလျက် ပျောက်ကွယ်သွားစေတော့၏။
မုရှီတစ်ယောက် ပိတ်မိနေသော အခြေအနေမှ ချက်ချင်း လွတ်မြောက်သွားကာ နောက်ပြန်ဆုတ်လိုက်သည်။
“ ဒါ ... မင်းရဲ့ ကန့်သတ်ချက်လား။ ”
စုရီက နီးစပ်ရာ ယဇ်ပလ္လင်တစ်လုံးပေါ် ခုန်တက်ပြီး ဟွာလျူရီထံ ပြုံးရယ်လျက်မေးမြန်း လိုက်၏။
တစ်ဖက်တွင် ဟွာလျူရီမှ လက်မလျော့သေးဘဲ သူ့ဓားကို အကြိမ်ကြိမ် လွှဲနေခဲ့သည်။ သို့သော် ယဇ်ပလ္လင်များထံမှ တုန့်ပြန်မှု မပြချေ။
“ ဟမ့် ... တန်ခိုးကြီးပြီး ကြောက်စရာကောင်းတဲ့ ဟွာလျူရီဆိုတာ မျောက်တစ်ကောင်နဲ့ မခြားပါလား၊ ဟား ဟား ဟား ... ။ ”
ထို့မြင်ကွင်းကြောင့် မုရှီက ရယ်သည်။ ဟွာလျူရီခမျာ မျက်နှာဖြူဖျော့လျက် ချက်ချင်း လှည့်ပြေးတော့၏။
တစ်ချိန်လုံး စောင့်ကြည့်နေသော အလောင်းထိန်းချုပ်သူမှ ဤမြင်ကွင်းကြောင့် ပြေးရန်ပြင်သည်။ စုရီကပြုံးပြီး ခေါင်းယမ်းတော့၏။
“ မင်းတို့ မလွတ်မြောက်နိုင်ပါဘူး။ ”
ခြေချောင်းများကို ပုတ်လိုက်ရာ ယဇ်ပလ္လင်သည် ရုတ်တရက် မြည်သံပြုလျက် များမကြာမီ တောက်ပသော အနီရောင် အလင်းများ ထွက်ပေါ်လာသည်။
ထိုအလင်းအတွင်း နေမင်းကြီးကို လိုက်ဖမ်းနေသော သူတော်စင်များ၊ ထာဝရ နတ်ဆိုးများ၊ မျိုးနွယ်စုများကြား အငြင်းပွားမှု တိုက်ပွဲများ၊ လျှို့ဝှက်ဆန်းကြယ်သော တားမြစ်အမိန့်ပုံစံများ မျောပါနေ၏။
ဤမြင်ကွင်းသည် မုရှီကို အလွန် ထိတ်လန့်သွားစေသည်။ အစောပိုင်းက ဟွာလျူရီ အသုံးပြုခဲ့သော နတ်တောင်သည် ဤအရာနှင့်ယှဉ်သော် ရယ်စရာကောင်း၏။
ယင်းသည် တားမြစ်ဝင်္ကပါ၏ အစစ်အမှန် စွမ်းအားပင်လော။ ယုံနိုင်ဖွယ် မရှိချေ။ ခမ်းနား လွန်းလှသည်။
“ သွား ... ။ ”
စုရီကလက်ကို ဆန့်တန်းပြီး လေထဲ ညွှန်ပြလိုက်၏။ မရေမတွက်နိုင်သော တားမြစ် အမိန့်စာများက ဓားအဖြစ် ဖွဲ့တည်လာကာ အရှိန်အပြည့် ရွေ့လျားသွားသည်။
အကွာအဝေးတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သော ဟွာလျူရီခမျာ တောက်ပလွန်းသည့် ဓားအလင်းတစ်လက် ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။
“ မဟုတ်ဘူး ... ။ ”
ထိတ်လန့်စွာဖြင့် သစ်နက်ဓားကို ရှေ့တွင်ကာရန် ကြိုးစားလိုက်သည်။ သို့သော် ဓားအလင်းများက ချက်ချင်း သူ့အပေါ် ဖုံးလွှမ်းသွားကာ ခန္ဓာနှင့်ဝိညာဉ်ကို ပြာအဖြစ် ပြောင်းလဲ လိုက်တော့၏။
အရာအားလုံး ငြိမ်သက်သွားသော အခါ၌ မြေပြင်ပေါ်တွင် ပေတစ်ထောင်ခန့်ကျယ်သည့် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
မုရှီခမျာ ချွေးများ စီးကျလာ၏။ အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုများ ရှိနေခဲ့သည်။
ဤသည်မှာ ချီစုစည်းခြင်း နယ်ပယ်မှ လူငယ်တစ်ဦး ပိုင်ဆိုင်နိုင်သော စွမ်းအားမျိုး မဟုတ်ချေ။
“ ကျေးဇူးပြုပြီး ... သစ်နက်ဓားကို သွားယူပေးပါ။ ”
“ ဟမ့် ... ငါလား ... ။ ”
မုရှီခမျာ မှင်တတ်နေရာမှ အံ့အားသင့်သွားပြီး သူ့ကိုယ်သူ လက်ညှိုး ထိုးပြလေသည်။ စုရီက ခေါင်းညိတ်လျက်၊
“ မင်းကလွဲရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။ ”
-ဟု ပြန်ဖြေ၏။
မုရှီတစ်ယောက် မျက်နှာ ပြောင်းသွား တော့သည်။ သူဟူသည် လူများအပေါ် အမိန့် ပေးလျက် ကြီးပြင်းခဲ့သူဖြစ်၏။
(၁၇) နှစ်အရွယ် လူငယ်တစ်ယောက်၏ စေခိုင်းခြင်းခံရလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သို့သော် သည်းခံလျက် သစ်နက်ဓားထံ ဦးတည်သွားမိသည်။
စုရီက သူ့ခံစားချက်များကို ဂရစိုက်မစိုက်ခဲ့ဘဲ အလောင်းထိန်းချုပ်သူထံ လှည့်ကြည့်လိုက်၏။
စတုတ္ထအဆင့် မဟာသခင်ခမျာ ထိတ်လန့်သွားပြီး ချွေးများစီးကျလျက် တုန်ယင်သွားသည်။ အကြည့်တစ်ချက်ဖြင့် ဒူးထောက် လုနီးပါးပေပင်။
“ ငါမင်းကို ရွေးချယ်ခွင့် ပေးမယ်။ ”
စုရီက မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းထံ လက်ညှိုးထိုးပြကာ၊
“ ခုန်ချမလား ... သေမလား။ ”
-ဟု မေးမြန်းလိုက်၏။
အက်ကွဲကြောင်းအတွင်းမှ နားမလည်နိုင်သော သွေးရောင်မြူများနှင့် သတ်ဖြတ်လိုသည့်ဆန္ဒများ အဆက်မပြတ် တိုးထွက်နေသည်။
သွေးနတ်ဆိုးတောင်၏ သားရဲဒီရေကိုဖြစ်စေသော အရင်းအမြစ်သည် ဤအက်ကွဲကြောင်းအတွင်းမှ လာခြင်းဖြစ်၏။
“ ဝှစ် ... ။ ”
အလောင်းထိန်းချုပ်သူခမျာ စုရီ စကားကြောင့် မျက်နှာ ပြောင်းလဲသွားချေပြီ။ သို့တိုင် အံကြိတ်လျက် အက်ကွဲကြောင်းအတွင်း ခုန်ဆင်းရန် ရွေးချယ်သွားခဲ့သည်။
ဤအချိန်တွင် ကိုးနန်းတော် ဝိညာဉ်ပိတ်လှောင်ခြင်း အစီရင်သည် အသံလှိုင်း ထုတ်လွှင့်မှု ရပ်ဆိုင်းသွားခဲ့သည်။
“ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ”
ရှန့်ကျိစုန်နှင့် နင်စစ်ဟွာမှ ရှေ့သို့ လှမ်းတက်ကာ စုရီကို ပြောကြားလိုက်သည်။
“ မင်းတို့ အရင်အနားယူပါ။ ”
နှစ်ယောက်သား စုရီစကားကို ခေါင်းညိတ်ပြလိုက်ကြ၏။ ပုရီသည်လည်း အနား လျှောက်လှမ်းလာပြီး၊
“ သခင်လေးစုရဲ့ ကျေးဇူးကို တသက်လုံး သတိရနေမှာပါ။ ”
-ဟု လေးနက်စွာ ကတိပေးသည်။
“ အရင်က၊ ငါတို့ မျက်စိကန်းပြီး သခင်လေးကို လျှော့တွက်မိခဲ့တယ် သခင်လေး အနေနဲ့ ... အာဃာတတွေ မထားဘဲ အခုလို ကူညီပေးတဲ့အတွက် ရှက်မိပါတယ်။ ”
ကျန့်တန်ယွင်နှင့် လုချန်ဖန်းက အနည်းငယ်တုံ့ဆိုင်းနေရာမှ ကျေးဇူးတင်စကား ပြောကြားလာတော့၏။
နှစ်ယောက်စလုံး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လျက် စုရီကို မကြည့်ဝံ့ကြချေ။ သူတို့ အထင်သေးခဲ့သော လူငယ်ထသည် ဟွာလျူရီကို အလွယ်တကူ အနိုင်ယူခဲ့၏။
“ ဘာလို့ မင်းတို့ကို အပြစ်မြင်ရမှာလဲ။ ”
စုရီမှ ခေါင်းခါသည်။ အစကတည်းက ကျန့်တန်ယွင်နှင့် လုချန်ဖန်တို့၏ စကားများ အပေါ် နှလုံးသားထဲ မထားခဲ့ချေ။
သို့မှသာ စုရီ၏ ထိုသို့အေးစက်စက်နှင့် မာနကြီးသော သဘောထားသည် သူတို့အတွက် သက်ပြင်းချနိုင်တော့၏။
“ ဒီမှာ ... ။ ”
ထိုအချိန်တွင် မုရှီက သစ်နက်ဓားကို ကိုင်ဆောင်လျက် ပြန်ရောက်လာခဲ့ပြီး စုရီထံ ပေးအပ်လိုက်သည်။
“ ဒီဓားကို ဘယ်လိုထင်လဲ ... ။ ”
စုရီက ဓားလှမ်းယူလျက် မုရှီအမြင်ကို မေးမြန်းလိုက်သည်။ မုရှီမှ အံ့အားသင့်သွားပြီး၊
“ ဒီဓားဟာ ရှားပါးတဲ့ လျှို့ဝှက်ရတနာ ဖြစ်ရမယ်။ ”
-ဟုသာ ပြန်ဖြေလိုက်၏။
ဤမတိုင်မီ ဟွာလျူရီသည် သည်ဓားနှင့် ယဇ်ပလ္လင် (၁၀၈)လုံး၏ စွမ်းအားကို ငှားယူကာ နတ်တောင်ကြီး ဆင့်ခေါ်ခဲ့သည်။
စုရီမှ ဓားရောင်ဝါဖြင့် ဟွာလျူရီကို ပြာဖြစ်အောင် ပြုလုပ်ခဲ့သည့်တိုင် ဓားသည် နဂိုအတိုင်း ကျန်ရစ်သည်။
ဓားကို ကောက်ကိုင်လိုက်စဉ်တည်းကပင် အလွန်လေးလံသော ဓားတစ်လက် ဖြစ်ကြောင်း သိရှိပြီး ထိုထက်ပို၍ မမြင်နိုင်ခဲ့ချေ။
စုရီက သစ်နက်ဓားကို ခဏမျှ စစ်ဆေးကြည့်ပြီးနောက်၊
“ မင်း ... မမြင်နိုင်တာ ပုံမှန်ပါပဲ ဘာလို့လဲဆိုတော့ ... ဒီဓားက အမည်ခံ ဓားသန္ဓေသားအဆင့် ရောက်နေပြီ။ ”
-ဟု ပြောကြားလိုက်တော့၏။
***