← Chapters

မြေအောက်ကမ္ဘာ ... ။

Vol. 16 Ch. 190

မြေအောက်ကမ္ဘာ ... ။

Vol. 16 Ch. 190

“ အမည်ခံ ဓားသန္ဓေသားလား။ ”

အမည်ခံ ဓားသန္ဓေသား တစ်လက်သည် အသွင်ပြောင်းခဲ့မည်ဆိုသော် ၎င်းစွမ်းအားသည် မည်မျှ ကြောက်စရာ ကောင်းလှကြောင်း ပြောနိုင်၏။

“ မိစ္ဆာအိုကြီး ဟွာလျူရီက ... ဒီလို ရတနာမျိုးတွေကို သန့်စင်နိုင်တာ တကယ့်ကို အံ့သြစရာပါပဲ။ ”

မုရှီက ညည်းညူလိုက်သည်။ စုရီမှ ခေါင်းယမ်းလျက်၊

“ သူ့အရည်အချင်းနဲ့ ... ဒီလို နတ်လက်နက်ကို ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ ငါ့ခန့်မှန်းချက်သာ မှန်ခဲ့ရင် ... ဒီအမည်ခံ ဓားသန္ဓေသားပိုင်ရှင်က ယဇ်ပလ္လင် (၁၀၈)လုံးကို စီစဉ်ပေးခဲ့တဲ့ လူပဲ။ ”

လူတိုင်း အံ့သြသွားကြသည်။ သို့သော် ဤသည်မှာ ကျိုးကြောင်းဆီလျော်လှကြောင်း သိရှိလိုက်၏။

“ ဒါဆို ... ဒီဝင်္ကပါကို တည်ဆောက်ထားတဲ့ လူအကြောင်း မင်းသိနိုင်မလား။ ”

နင်စစ်ဟွာမှ မေးသည်။ စုရီက ခဏမျှ စဉ်းစားပြီး၊

“ ဒီတားမြစ်ဝင်္ကပါအစီရင်က ဝိညာဉ်တာအိုကျင့်ကြံသူကို သတ်ပစ်နိုင်တယ် ဒါကြောင့် တည်ထောင်တဲ့သူဟာ အနိမ့်ဆုံး ဝိညာဉ်တာအိုနယ်ပယ် အဆင့်ရှိရမယ်။ ”

နင်စစ်ဟွာနှင့် မုရှီ၏ မျက်ဝန်းများ မှေးစင်းသွားတော့၏။ ရှန့်ကျိစုန်သည်လည်း အသက်ပြင်းပြင်း ရှုရှိုက်လိုက်မိသည်။

လမ်းတွင် စုရီနှင့် နင်စစ်ဟွာ၏ စကားများအရ ဝိညာဉ်တာအိုနယ်ပယ်ဟူသော တည်ရှိမှုသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ သိထား၏။

ပုရီ၊ ကျန့်တန်းယွင်နှင့် လုချန်ဖန်တို့သည် ထိုအဆင့်ကျွမ်းကျင်သူအကြောင်း မသိကြချေ။ အလွန် စိတ်ရှုပ်ထွေးသွားကြသည်။

မုရှီတို့၏ ပြောင်းလဲသွားကုန်သော မျက်နှာအမူအရာများအရ ဝင်္ကပါတည်ထောင် သူသည် မယုံနိုင်လောက်အောင် အစွမ်းထက်သူ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏။

သို့သော် တစ်ဖက်တွင် စုရီကဲ့သို့ လူငယ်တစ်ယောက်သည် ဤအရာအားလုံးကို မြင်နိုင်သည်မှာ ယုံနိုင်စရာ မရှိချေ။

“ ဝှစ် ... ။ ”

စုရီက ဆက်မရှင်းပြတော့ဘဲ ယဇ်ပလ္လင်များတစ်ခုနှင့် တစ်ခုကြား ချက်ချင်း ရွေ့လျား ခုန်ပေါက်နေတော့၏။

သူ ပြန်လာသောအခါ လက်ထဲ၌ သွေးရောင်အလံငယ်ကိုးလက် ပါလာ၏။ ၎င်းတို့ အားလုံးသည် လက်ဝါးအရွယ် ဝါးအလံများ ဖြစ်သည်။

အလောင်းထိန်းချုပ်သူ အသုံးပြုခဲ့သော ကိုးနန်းတော်ဝိညာဉ်ပိတ်လှောင်ခြင်း ဝင်္ကပါကို ဤသွေးအလံကိုးခုဖြင့် ဖွဲ့စည်းထားခြင်းပေပင်။

၎င်းကို ယဇ်ပလ္လင် (၁၀၈)လုံးဖြင့် ပေါင်းစပ်ကာ ကောင်းကင်၌ လွင့်မျောနေသော ကြာပန်းကိုးပွင့် ထွက်ပေါ်လာစေခြင်းဖြစ်၏။

သေမျိုးကမ္ဘာတွင် ဤကဲ့သို့ကြီးမားသော ဝင်္ကပါတစ်ခု တည်ဆောက်ရန် မလွယ်လှချေ။ အလံငယ်ကို ပြုလုပ်ထားသာ ဤဝါးသည်ပင် စတုတ္ထတန်း ဝိညာဉ်ရေး ပစ္စည်းဖြစ်၏။

ဝင်္ကပါကို အနည်းငယ် ပြင်ဆင်လိုက်ရုံဖြင့် ပေတစ်သောင်းပတ်လည်အတွင်း ရှန်ရှင်းအဆင့် ကျွမ်းကျင်သူအပေါ်ပင် ဖမ်းဆီးနိုင်သည်။

သို့သော် တန်ဖိုးအရှိဆုံးသည် အမည်ခံ ဓားသန္ဓေသားအဆင့်ရှိ သစ်နက်ဓား ဖြစ်သည်။ အလျား သုံးပေနှင့်လေးလက်မရှိပြီး အနံသည် သုံးလက်ဖြစ်၏။

ဓားဖျားသည် ထူထဲနေကာ မှင်ကဲ့သို့ နက်မှောင်ပြီး အမှောင်နတ်သစ်သားဖြင့် ပြုလုပ် ထားခြင်း ဖြစ်သည်။

အမှောင်နတ်သစ်ပင်သည် ငရဲကိုးထပ်ကမ္ဘာတွင် ပေါက်ဖွားပြီး မြေအောက် ကမ္ဘာသို့ သွားရာလမ်း၌ ပြိုင်ဘက်ကင်း နတ်ပစ္စည်းတစ်မျိုးပေပင်။

နှစ်တစ်ထောင် ပြည့်သော် အမှောင် နတ်သစ်ပင်ကို အမှောင်ငရဲလျှပ်စီးကပ်ဘေး ကျရောက်ပေမည်။

ထိုကပ်ဘေးဒဏ်မှ လွတ်မြောက်သော အမှောင်နတ်သစ်ပင်သာလျှင် သဘာဝတာအို ပိုင်ဆိုင်ပေမည်။

အနှစ်တစ်သောင်း ပြည့်ချိန်၌ အတုမဲ့ငရဲမီးလျှံဖြင့် သန့်စင်ခံရကာ အဋ္ဌမတန်း မွေးရာပါ သစ်သားဝိညာဉ်ကို ရရှိနိုင်၏။

ထိုအချိန်တွင် အမှောင်နတ်သစ်ပင်သည် ဧကရာဇ်တစ်ပါးကိုပင် ဆွဲဆောင်နိုင်ပေမည်။ ကံမကောင်းစွာဖြင့် ဤအမှောင် နတ်သစ်ပင်၏ သက်တမ်းသည် အနှစ်တစ်သောင်း မရှိချေ။

သို့တိုင် ဤသည်ပင် စုရီအတွက် ဓားကောင်းတစ်လက် ပြန်လည် သွန်းလုပ်ရန် လုံလောက်သည်။ သေမျိုးကမ္ဘာတွင် ရှားပါးရတနာဖြစ်ချေပြီ။

ထိုအချိန်တွင် မုရှီက တုံ့ဆိုင်းစွာဖြင့်၊

“ သခင်လေးစု၊ ဒီယဇ်ပလ္လင် (၁၀၈)လုံးရဲ့ တန်ခိုးနဲ့ အက်ကြောင်းအတွင်းက အရာတွေကို ရှာတွေ့ဖို့ နည်းလမ်းရှိလား။ ”

-ဟု မေးမြန်းလိုက်၏။

လူတိုင်းသည် အခွင့်အလမ်းအတွက် သွေးနတ်ဆိုးတောင်တန်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အမည်မသိ လျှို့ဝှက်ဆန်းကြယ်မှုသည် ဤအက်ကွဲကြောင်းအတွင်း၌ ရှိနိုင်​ကြောင်း မည်သူမဆို ပြောနိုင်၏။

“ ဒီအက်ကွဲကြောင်း ​အောက်မှာ ဆန်းကြယ်ပြီး အမည်မသိ စွမ်းအားတစ်ခုကို တံဆိပ်ခတ်ထားတယ် ... ဒါ ကောင်းချီးလား၊ ကျိန်စာလား ငါ မခွဲ​ခြားနိုင်သေးဘူး။ ”

စုရီက မြေကြီးအက်ကြောင်းအတွင်း ငုံ့ကြည့်ကာ ပြန်ဖြေပေးသည်။

“ ဟမ့် ... ချိပ်ပိတ်ထားတဲ့ စွမ်းအားတစ်ခု ရှိနေတာလား။ ”

နှလုံးသားများ တဒိတ်ဒိတ် ခုန်လာကြသည်။ သွေးနတ်ဆိုးတောင်ရှိ ပြဿနာတိုင်းသည် ဤအက်ကြောင်း အတွင်းမှ လာကြောင်း နားလည်လိုက်ကြ၏။

“ ဒါဆို ဟွာလျူရီနဲ့ မရဏဂိုဏ်းက တံဆိပ်ကိုဖွင့်ပြီး ဒီစွမ်းအားတွေကို လွှတ်ပေးဖို့ ကြိုးစားနေကြတာလား။ ”

ထိုအတွေးဖြင့် လူတိုင်း မောဟိုက် သွားကြသည်။ ၎င်းသည် ကောင်းချီးတစ်ခုသာ ဖြစ်ပါက သဘာဝအတိုင်း ကြီးမြတ်သောအရာ ဖြစ်​​ပေမည်။

ကျိန်စာများဖြစ်သော် တံဆိပ်ကျိုးပါက မကောင်းဆိုးဝါး စွမ်းအင်များနှင့် ကပ်ဘေးသာ ကျရောက်ချေမည်။

“ ဒါဆို ကောင်းချီးတစ်ခုလား ... ကျိန်စာလားဆိုတာ သွားကြည့်ပြီးမှ သိမှာပဲ။ ”

မုရှီမျက်လုံးများ တောက်ပလျက် ရေရွတ်လိုက်၏။ စုရီမှ ခေါင်းရမ်းသည်။

“ ဒါ ... အရမ်းအန္တရာယ်များတယ် မင်းတို့ဒီမှာပဲ နေခဲ့ဖို့ ငါအကြံပေးချင်တယ်။ ”

မုရှီက ခေါင်းညိတ်လိုက်ပြီး ပုရီနှင့်အခြားသူများထံ လှည့်ကြည့်ကာ၊

“ ဒါဆို ဘယ်လိုလဲ ... မင်းတို့ ဒီမှာ စောင့်နေခဲ့ပါ ... သခင်လေးစုနဲ့ ငါလိုက်သွား ကြည့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ငါလည်း လိုက်မယ်။ ”

နင်စစ်ဟွာက ပြောသည်။ ကျန်သူများက စောင့်နေရစ်ရန် သဘောတူလိုက်ကြ၏။

“ ရှင်းအောင်ပြောပါရစေ မြေအောက်မှာ အန္တရာယ်တွေ ရှိကောင်း ရှိနိုင်ပါတယ် အတူတူ လိုက်ချင်ရင် ငါ့စကားကို နာခံရမယ်။ ”

“ စိတ်မပူပါနဲ့ ... ငါတို့ တာအိုမိတ်ဆွေကို ဝန်ထုပ်ဝန်ပိုး အဖြစ်မခံပါဘူး။ ”

နင်စစ်ဟွာမှ ယုံကြည်မှု အပြည့်ဖြင့် ပြောကြားလာ၏။ စုရီက ဆက်မပြောတော့ဘဲ လက်ညိုးညွှန်လိုက်သည်။

“ ရွှပ် ... ။ ”

စူးရှသော အလင်းတန်းတစ်ခု လွင့်ထွက်သွားပြီး ပေပေါင်းများစွာ အကွာရှိ ယဇ်ပလ္လင်တစ်လုံးထံ ထိမှန်သွားသည်။

“ ဝူး ... ။ ”

ရုတ်တရက် ကျယ်လောင်သော ဟောက်သံတစ်သံ ကြားလိုက်ရကာ မထင်မရှားလှိုင်းများ ယဇ်ပလ္လင် (၁၀၈) လုံးထံမှ ထွက်ပေါ်လာ၏။

အက်ကွဲကြောင်း အတွင်းမှ ကြောက်မက်ဖွယ် စွမ်အားတစ်ခု နှင့်အတူ မကောင်းဆိုးဝါးစွမ်းအင်များ သာမန်မျက်စိဖြင့် မြင်သာအောင် တိုးထွက်လာတော့သည်။

“ သွားကြရအောင် ... ။ ”

စကားဆုံးသည်နှင့် စုရီက အက်ကြောင်းအတွင်း ဦးစွာခုန်ဆင်းသွား၏။ နင်စစ်ဟွာနှင့် မုရှီတို့မှ ကပ်၍ လိုက်သွားသည်။

များမကြာခင်မှာပင် လူသုံးယောက်၏ ရုပ်ပုံသည် အက်ကြောင်းအတွင်း ဝိုးဝင်ကာ ပျောက်ကွယ်သွားတော့၏။

“ အားလုံး ဒီမှာပဲ စောင့်ကြရအောင်။ ”

ရှန့်ကျိစုန်မှ အခြားသူများကို ဦးဆောင်ကာ ယဇ်ပလ္လင်တစ်လုံးပေါ်ခုန်တက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။

“ သူရဲကောင်းရှန့်၊ မင်း ငါတို့ကို သခင်လေးစုအကြောင်း ပြောဖို့ ဆန္ဒရှိမလား။ ”

ကျန့်တန်ယွင်က အနည်းငယ် တုံ့ဆိုင်းနေရာမှ ရှေ့လှမ်းတက်ကာ ဦးညွှတ် မေးမြန်းလေသည်။

ထိုအချိန်တွင် ပုရီနှင့် လုချန်ဖန်သည်လည်း စိတ်ဝင်တစား ရှေ့တိုးလာ၏။ မောက်မာသော ဤလူကြီးများ၏ နှိမ့်ချသည့် သဘောထားကို မြင်ပြီး ရှန့်ကျိစုန်မှ ကျေနပ်သွားသည်။

ထို့နောက် ရှန့်ကျိစုန်သည် စုရီနှင့် ပတ်သက်သည့် ဇာတ်လမ်းအချို့ကို ပြန်ပြောင်း ပြောပြတော့၏။

ကျန့်တန်ယွင်နှင့် အဖွဲ့မှာ တအံ့တသြ ဖြစ်ကုန်သည်။ အထူးသဖြင့် မဟာသခင်အဆင့် သတ်မှတ်ချက် (၂၇)ရှိ ချင်းချန်ရှန့်ကို စုရီမှ သတ်လိုက်ကြောင်း သိသွားသောအခါ လူတိုင်း ခါးသီးသွားတော့၏။

ပို၍ မယုံနိုင်စရာ ကောင်းသည်မှာ စုရီ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များသည် စုမိသားစုထံမှ အမွေဆက်ခံထားခြင်း ဖြစ်ပုံမရချေ။

ရှန့်ကျိစုန်က စုမိသားစုနှင့် ပတ်သက်၍မူ စကားတစ်ခွန်းမျှ မပြောခဲ့ဘဲ ပါးစပ်ပိတ်ထား ချေပြီ။

ထို့ကြောင့် လူတိုင်းမှ သိချင်စိတ်များ ပွက်ပွက်ဆူလာ သော်လည်း ခိုကိုးရာမဲ့ဖြစ်ကာ ရှိုက်ကြီးတငင် ပြုံးရုံသာ ပြုံးလိုက်ကြ၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ချောက်ကမ်းပါး နံရံကို အကြိမ်များစွာ ပုတ်ပြီးနောက် ပေသုံးထောင် အနက် မြေပြင်ပေါ်သို့ စုရီတစ်ယောက် ဦးစွာ ဆင်းသက်လိုက်သည်။

မြေအောက်မြင်ကွင်းသည် ထူးထူးခြားခြားဖြစ်ကာ နီမြန်းနေသော ကမ္ဘာကြီး ဖြစ်၏။

နေရာအနှံ ကျောက်တုံးများနှင့် သစ်ပင်များသာရှိနေပြီး သွေးမြူများက လေထု အတွင်း ပြည့်နှက်နေသည်။

“ ဝုန်း ... ။ ”

ထိုစဉ် အဝေးတစ်နေရာဆီမှ မြေအောက်မြစ်ကြီးတစ်စင်း စီးဆင်းနေသကဲ့သို့ လှိုင်းပုတ်သံများ ပဲ့တင်ထပ်လာသဖြင့် စုရီခမျာ ချက်ချင်း မျက်နှာပြောင်း သွားတော့၏။

***

All Chapters