တာအိုပိုးအိမ် ... ။
Vol. 16 Ch. 191
“ ဒါက ... အာကာသ အတက်အကျ လှိုင်းတွေလား။ ”
စုရီနောက်မှ လိုက်ဆင်းလာသော မုရှီနှင့်နင်စစ်ဟွာက အံ့ဩသွားတော့သည်။ ဤသည်မှာ အာကာသ လိုဏ်ခေါင်း သို့မဟုတ် လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်နိုင်၏။
“ ဝုန်း ... ။ ”
မြေအောက်ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်လျက် ထိုလှိုင်းပုတ်သံများသည်သာ တစ်ခုတည်းသော အသံအရင်းအမြစ်ပေပင်။
“ သွားရအောင် ... ။ ”
ထိုနောက် စုရီက အသံထွက်ပေါ်ရာထံ ဦးတည်လာခဲ့၏။ လမ်းတစ်လျှောက် လေထုအတွင်း သွေးမှုန်များနှင့် သံမှုန်များ ပြည့်နှက်နေခဲ့သည်။
“ တောင်တန်းဘုရင် မင်းလည်း အာကာသစွမ်းအား အတက်အကျလှိုင်းတွေ အကြောင်း သိပုံရတယ် ... ။ ”
နင်စစ်ဟွာက သတိရကာ မုရှီကို မှတ်ချက်ပေးလိုက်သည်။ မုရှီမှ ခေါင်းညိတ်ပြီး အနည်းငယ် ပြုံး၏။
“ မင်းနဲ့ သခင်လေးစုလည်း အတူတူပဲ မဟုတ်လား။ ”
နင်စစ်ဟွာက ခေါင်းခါလျက်၊
“ ငါက သခင်လေးစုနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ လရောင်အောက်က ပိုးစုန်းကြူး တစ်ကောင်လိုပါပဲ။ ”
-ဟု ညည်းတွားလိုက်၏။
မုရှီက အနည်းငယ် အံ့အားသင့်သွားပြီး ရှေ့မှသွားနေသော စုရီကျောပြင်ကို ကြည့်ကာ တိတ်ဆိတ်သွားတော့သည်။ အချိန်အတော် ကြာပြီးနောက်၊
“ ကျင့်ကြံမှုလမ်းက အဆုံးမရှိပါဘူး ... နောက်ဆုံးမှာ ဘယ်သူ ဝေးဝေးသွားနိုင်မလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်တော့၏။
“ မြင့်မားတဲ့ ရည်မှန်းချက်တွေ ... ထားရှိတာကောင်းပါတယ် အနာဂါတ်မှာ မင်း ဘယ်လောက်အထိ သွားနိုင်မလဲ ငါလည်း မြင်ချင်ပါတယ်။ ”
နင်စစ်ဟွာက မုရှီကို ကြည့်ကာ ပြောကြားလိုက်သည်။ ထို့ထက်ပို၍ စကား မဆိုတော့ချေ။ မုရှီမှ ပြုံးသည်။ ထိုအချိန်တွင် စုရီက ခြေလှမ်းများကို ရပ်လိုက်ကာ၊
“ ဟိုမှာကြည့် ... ။ ”
-ဟု လက်ညိုး ညွှန်ပြခဲ့၏။
လေထုအတွင်း အချင်းပေ တစ်ထောင်ခန့် ရှိသော သွေးနီတန်းတစ်ခု လွင့်မျောနေသည်ကို မြင်လိုက်ရသည်။
ယင်က ကောင်းကင်နှင့် မြေကြီးကြား အရာအားလုံးကို မျိုချချင်နေသော ပါးစပ်ကြီး နှင့်တူ၏။
“ အာကာသ ဆုံချက် ... ။ ”
နင်စစ်ဟွာမှ အံ့သြသွားသည်။ စုရီက ခေါင်းညိတ်ပြီး၊
“ ဖြစ်သင့်တယ်။”
-ဟု တုန့်ပြန်လိုက်၏။
အာကာသဆုံမှတ်ဟူသည် အပြိုင် ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးသော ဆုံချက်မျိုး ဖြစ်ချေပြီ။ ၎င်းပေါ်လာတိုင်း တစ်ဖက်တွင် ကမ္ဘာကြီးတစ်ခုရှိသည်ဟု အဓိပ္ပါယ်ရ၏။
ထို့ကြောင့် လွင့်မျောနေသော သွေးရောင် အလင်းတန်းသည် အခြားကမ္ဘာသို့ ဦးတည်သွား နိုင်သည့် တံခါးတစ်ချပ်ပေပင်။
“ ဘယ်သူလဲ ... ။ ”
ရုတ်တရက် အေးစက်သော အသံတစ်သံသည် သွေးနီရောင်အလင်းတန်း အနားမှ ထွက်ပေါ်လာသည်။
စုရီက ပြန်ဖြေခြင်း မပြုဘဲ လက်နောက်ပို့လျက် ထိုအသံထွက်ပေါ်လာရာ အရပ်ထံ လျှောက်လှမ်းသွားတော့၏။
နီးကပ်လာသည်နှင့်အမျှ မြင်ကွင်းများ ပို၍ရှင်းလင်းလာကာ ပေတစ်ထောင်ရှည်သော သွေးနီရောင်အလင်းတန်းအတွင်း ကျယ်ပြော ပြန့်ပြူးသော ဧရိယာကို မြင်လာရသည်။
သွေးနီအလင်း အလယ်ဗဟိုတွင် ယဇ်ပလ္လင်တစ်လုံးတည်ရှိပြီး ၎င်းအထက်တွင် အနက်ရောင် အခိုးအငွေ့များ စုဖွဲ့နေ၏။
ယဇ်ပလ္လင်ရှေ့တွင် လူနှစ်ယောက် ရပ်နေကာ တစ်ဦးသည် အလောင်းထိန်းချုပ်သူ ကျန်းယိုဖြစ်ပြီး ကျန်တစ်ဦးသည် အမျိုးသမီးတစ်ဦးဖြစ်၏။
သူမ ပုံသဏ္ဍာန်သည် သေးသွယ်ပြီး ချောမောလှပသည်။ မျက်နှာကို ထူးဆန်းသော ပုံစံများဖြင့် ထွင်းထုထားသည့် ကြေးဝါသရဲ မျက်နှာဖုံး တပ်ဆင်ထားသည်။
ညာဘက်လက်တွင် အဖြူရောင် ကြာမီးပုံးတစ်လုံးကို ကိုင်ဆောင်ကာ သူမရှေ့၌ ခွေးနက်ကြီးတစ်ကောင် ထိုင်နေ၏။
ခွေးနက်ကြီးသည် ဦးခေါင်းသုံးလုံး ပါရှိပြီး ရိုင်းစိုင်းကြမ်းကြုတ်သော အငွေ့အသက်များကို ထုတ်ဖော်ထားသည်။
“ သန့်ရှင်းသော သမီးတော် ... ၊ ဒီကောင်လေးက ဒုဂိုဏ်းချုပ်နဲ့ တခြားသူတွေကို သတ်ခဲ့တဲ့ လူယုတ်မာလေးပါ။ ”
စုရီကို မြင်သောအခါ အလောင်း ထိန်းချုပ်သူက ကြောက်ရွံ့စွာဖြင့် အမျိုးသမီးထံ သတင်းပို့လိုက်သည်။
“ သန့်ရှင်းသော သမီးတော် ... ။ ”
ထိုခေါင်းစဉ်သည် နင်စစ်ဟွာနှင့် မုရှီကို မျက်မှောင်ကြုတ်မိစေ၏။ မရဏတံခါးဂိုဏ်း၌ သန့်ရှင်းသော သမီးတော်ဟူသော ဘွဲ့သည် များစွာအရေးပါသည်။
“ ထွက်သွားပါ၊ ဒီနေရာက မင်းအတွက် မဟုတ်ဘူး။ ”
ကြေးဝါသရဲ မျက်နှာဖုံးရှင် အမျိုးသမီးက စုရီထံလှမ်းကြည့်ပြီး ပြတ်သားစွာ ပြောကြား လာ၏။
သူမ မျက်လုံးများအတွင်း နက်နဲပြီး ထူးခြားသော ခရမ်းရောင်အငွေ့များ ရစ်သိုင်း နေချေပြီ။
စုရီက လျစ်လျူရှုလျက် ယဇ်ပလ္လင် အထက်တွင် လွင့်မျောနေသော အနက်ရောင် စက်လုံးထံ လှမ်းကြည့်ကာ၊
“ ဒါက တာအိုပိုးအိမ် မဟုတ်လား၊ တစ်ဖက်ကမ္ဘာကနေ လာချင် လူတွေအတွက် စိတ်ဝိညာဉ်ကို ပြန်လည် မွေးဖွားပေးနိုင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ဤသည်မှာ နယ်နိမိတ်ဖြတ်ကျော်ရန် ကြားခံအဖြစ် အသုံးပြုသော အာကာသဆုံမှတ် ဖြစ်သည်။
သို့သော် တာအိုပိုးအိမ်များသည် လှိုင်းအတက်အကျ ကြမ်းလွန်းသဖြင့် ၎င်းမှ ဖြတ်သန်းသော် ဧကရာဇ်တစ်ပါးသည်ပင် ခန္ဓာကိုယ်ပျက်စီးသွားနိုင်၏။
ဆိုလိုသည်မှာ အဓိကခန္ဓာ စုပ်ဖြဲခံရပြီး စိတ်ဝိညာဉ်သာလျှင် ဖြတ်သန်း ရောက်ရှိနိုင် ပေမည်။
ထို့ကြောင့် တစ်စုံတစ်ဦးသည် တာအိုပိုးအိမ်မှ ထွက်ပြီးသော် ကောင်းမွန်သော ခန္ဓာကိုယ်တစ်ခု ရရှိရန် အရေးတကြီး လိုအပ်ချေသည်။
ညံ့ဖျင်းသော အရည်အချင်းရှိ ခန္ဓာကိုယ်မျိုးသာရရှိပါက ကြာရှည်စွာ ရှင်သန်နိုင်မည် မဟုတ်ချေ။
ဤသည်မှာ အာကာပြင် အတားအဆီးများကို ဖြတ်ကျော်ရန် တာအို ပိုးအိမ်များ အသုံးပြုရခြင်း၏ အားနည်းချက် ဖြစ်သည်။
ဖြတ်သန်းနေစဉ် အလွန်ဒုက္ခများပြီး မမျှော်လင့်ထားသော အခြေအနေများဆီသို့ ဦးတည်သွားပေလိမ့်မည်။
“ အခု မင်းသိပြီဆိုတော့ ... ဒီမှာ ဆက်နေတာက ကောင်းချီးထက် ဘေးဥပဒ်သာ ရလိမ့်မယ်ဆိုတာ သိသင့်တယ်။ ”
ကြေးမျက်နှာဖုံးနှင့် အမျိုးသမီးက အေးစက်စွာဆို၏။ စုရီမှ ပြုံးသည်။ အမျိုးသမီးက မျက်မှောင်ကြုတ်လျက်၊
“ မသွားသေးဘူးလား ... တာအိုပိုးအိမ်ထဲ အိပ်ပျော်နေတဲ့ စီနီယာနိုးသွားရင် ထွက်သွားဖို့ နောက်ကျ သွားလိမ့်မယ်။ ”
-ဟု ထပ်မံ ခြိမ်းခြောက်၏။
“ ဟမ့် ... ဒါဆို ငါလည်း ... သူနဲ့ တွေ့ချင်ပါသေးတယ် ... မင်းတို့နှစ်ယောက် အဲဒီမှာနေခဲ့။ ”
နင်စစ်ဟွာနှင့် မုရှီထံလှည့်ကာ အမိန့်ပေးလိုက်ပြီးနောက် စုရီက ရှေ့ဆက် လျှောက်သွားသည်။ တည်ငြိမ်ပြီး ပန်းခြံထဲ လမ်းလျှောက်နေသလိုပင်။
“ မင်း ... ။ ”
အလောင်း ထိန်းချုပ်သူက ချက်ချင်း ထိတ်လန့်သွားကာ သူ့ဘေးရှိ အမျိုးသမီးထံ ပြန်ကြည့်လျက်၊
“ သန့်ရှင်းသော သမီးတော် ... ။ ”
-ဟု အလျင်စလို သတိပေးလိုက်၏။
“ ငါသိတယ် ... ။ ”
ကြေးဝါမျက်နှာဖုံးနှင့် အမျိုးသမီးက လက်ထဲရှိ ကြာမီးပုံးကို မြှောက်ပြလိုက်သည်။ အနက်ရောင် အခိုးအငွေ့များ ကြာမီးပုံးမှ ထွက်လာပြီး အရပ်ရပ်သို့ ပျံ့နှံ့သွား၏။
“ ဟူး ... ဟူး ... ။ ”
ဤသည်မှာ သရဲတစ္ဆေများ ဖြစ်ချေပြီ။ ငိုသံနှင့်အူသံများ ဆူညံလာပြီး တစ္ဆေကမ္ဘာကြီး အသက်ဝင်လာသကဲ့သို့ ထင်မြင်စေ၏။ အကောင်ရေ ထောင်သောင်းချီသည်။
အဝေးရှိ နင်စစ်ဟွာနှင့်မုရှီသည် ဦးရေပြားများ ယားယံလျက် မျက်နှာအသွင် ပြောင်းသွားတော့၏။
ဤတစ္ဆေများသည် အစွမ်းထက်ခြင်း မရှိသော်လည်း သမုဒ္ဒရာကဲ့သို့ အရေအတွက် များပြားလွန်းချေပြီ။ စိတ်ပျက် အားငယ်ဖွယ် ကောင်းလှ၏။
၎င်းတို့ထံမှ စူးစူးဝါးဝါး အော်သံနှင့် အပျက်သဘောဆောင်သော စွမ်းအင်များစွာ တိုးထွက်နေခဲ့သည်။
ထောင်ပေါင်းများစွာသော နတ်ဆိုးစစ်တပ်ကြီး ကျူးကျော်လာသကဲ့သို့ ရွံ့ရှာဖွယ်ကောင်းချေ၏။
ဤသည်မှာ သန့်ရှင်းသောသမီးတော် တစ်ပါး၏ စွမ်းအားပေပင်။ ကြောက်မက်ဖွယ် ကောင်းလှပြီး သေမျိုးကမ္ဘာရှိ မြို့တစ်မြို့ကို သုတ်သင်ရန် လုံလောက်၏။
“ တစ္ဆေတစ်ထောင် လမ်းပြခြင်း။ ”
စုရီ၏မျက်လုံးများ မှေးစင်းသွားကာ ကြာမီးပုံးကို စိုက်ကြည့်လိုက်သည်။ မသေချာ မရေရာမှု အရိပ်အယောင်များ ပေါ်လာ၏။
ဤသည်မှာ မြေအောက်ကမ္ဘာရှိ မြွေတစ္ဆေ မျိုးနွယ်မှသာလျှင် ကျွမ်းကျင်နိုင်သော မွေးရာပါ သဘာဝစွမ်းအား ဖြစ်သည်။
မီးအိမ်ပိုင်ရှင်များကို မီးအိမ်သံတမန်အဖြစ် သတ်မှတ်ကြ၏။ ၎င်းတို့၏ မျိုးဆက်သွေးသည် ယင်တစ္ဆေနှင့် ငရဲကမ္ဘာရှိ ဝိညာဉ်ဆိုးများကို ထိန်းချုပ်နိုင်သည်။
အရိုင်းမြေကိုးပါးတွင် မြွေတစ္ဆေ မျိုးရိုး သည်သာ ထိုသို့သော အစွမ်းမျိုးရှိပြီး ငရဲကမ္ဘာ တော်ဝင်မျိုးရိုးအတွင်း ဝင်နိုင်သည်။ မဟာ ကျိုး၌ ပေါ်လာနိုင်စရာ အကြောင်း မရှိချေ။
သို့သော် ကံမကောင်းစွာဖြင့် ကြာမီးအိမ် ကိုင်ထားသော အမျိုးသမီး၏ မျိုးဆက်သွေးမှာ ကျဲပါးလွန်းချေပြီ။
စုရီက အနည်းငယ် ခေါင်းခါလျက် လက်ဝှေ့ရမ်းကာ လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်တစ်ခု ရေးဆွဲလိုက်၏။
“ ဘရူး ... ။ ”
တံဆိပ်ပေါ်လာသည်နှင့် အက်ကြောင်း အပြင်ရှိ ယဇ်ပလ္လင် (၁၀၈)လုံးမှ အသံလှိုင်းများ ထုတ်လွှတ်ပြီး တုန်ခါသွားသည်။
များမကြာခင် ထိုတားမြစ်ဝင်္ကပါ၏ စွမ်းအားသည် အက်ကြောင်းအတွင်းသို့ တိုးဝင် သွားတော့၏။
ဤမြင်ကွင်းကြောင့် မြေပြင်ပေါ်တွင် စောင့်ကျန်ရစ်ခဲ့သော လူအုပ်ခမျာ စိတ်လှုပ်ရှား လာသည်။
ဆိုလိုသည်မှာ စုရီသည် အက်ကြောင်း အတွင်းရှိ ရန်သူနှင့် ရင်ဆိုင်ရန် ဝင်္ကပါအပေါ် အသက်သွင်း ဆင့်ခေါ်နေခြင်းဖြစ်၏။
“ သွား ... ။ ”
အက်ကြောင်းအတွင်းရှိ စုရီက လက်ချောင်းများထံ စီးဝင်လာသော စွမ်းအားကို ပုတ်ထုတ်လိုက်သည်။
“ ရွှပ် ... ။ ”
ပေတစ်ထောင်ရှည်သော ဓားအလင်းက ကောင်းကင်သို့ တက်သွားပြီး ပြိုးပြိုးပြက်ပြက် တောက်ပလာ၏။
မြေအောက် အမှောင်ကမ္ဘာတစ်ခုလုံး ထိုအလင်းကြောင့် နေ့ခင်းအလား ရုတ်တရက် လင်းထိန်သွားချေပြီ။
“ အူး ဝူး ဝူး ... ။ ”
တစ္ဆေများခမျာ ချောက်ချားကုန်ပြီး ကြောက်လန့်တကြား အော်ဟစ်လျက် ချက်ချင်း ပြာကျကုန်၏။ ရှောင်ရန် အချိန်မရှိတော့ချေ။
“ ဒါ ... ။ ”
သရဲတစ္ဆေများအားလုံး ဖျက်ဆီးခံလိုက် ရသဖြင့် အလောင်းထိန်းချုပ်သူမှ ထိတ်လန့်စွာ နောက်ဆုတ်လိုက်မိသည်။
ထိုဓားသည် ဒုဂိုဏ်းချုပ် ဟွာလျူယီကို သတ်ခဲ့သော ဓားဖြစ်၏။ ၎င်းကို မမေ့နိုင်ချေ။ ထို့ကြောင့် သူ့အပေါ် သတ်မည်ကို အရမ်း ကြောက်နေခဲ့သည်။
“ ဝှစ် ... ။ ”
ကြေးဝါသရဲမျက်နှာဖုံးနှင့် အမျိုးသမီးက ရုတ်တရက် လက်ဝှေ့ယမ်းကာ တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။
“ ဝှစ် ... ။ ”
ပေတစ်ထောင်ရှည်လျားသော သွေးနီ အလင်းတန်းမှ ကြောက်မက်ဖွယ် အတက်အကျ လှိုင်းများ ထုတ်လွှတ်လာ၏။
“ ဝုန်း ... ။ ”
အဆုံးတွင် သွေးရောင် အလင်းတန်းနှင့် ဓားအလင်းတို့ တိုက်မိပြီး ပေါက်ကွဲသံများ ညံကုန်တော့သည်။
မြေပြင်တုန်ခါလျက် ဓားအလင်းနှင့် သွေးအမှုန်များ မိုးအဖြစ် တဖွဲဖွဲ ပြိုကျလာခဲ့၏။ ဤသည်မှာ ဝင်္ကပါစွမ်းအင်နှင့် အာကာသ စွမ်းအင်တို့ ထိပ်တိုက် တွေ့ကြခြင်းပေပင်။
***