အခန်း (၂)
Vol. 1 Ch. 2
ထိုလူနှစ်ယောက်နောက်တွင် ရှိသော ဖေရန်လို့ ခေါ်သောလူသည် "မင်းတို့နှစ်ကောင် အချိန်ဆွဲမနေကြနဲ့ ၊ တော်ကြာတစ်ယောက်ယောက်လာရင် ဒီလိုသုညကောင်အတွက်နဲ့ အပြစ်ပေးခံနေရအုံးမယ် " လို့ စိတ်မရှည်သော လေသံဖြင့် ဆိုလိုက်သည်။
ထိုအခါ ဖီးရှန်းသည် ပြုံးပြုံးဖြင့် ကျစ်ယန်အား "သုညကောင်.......မင်းကိုယ်တိုင် အေးဆေး ထုတ်ပေးမလား ၊ ငါတို့မင်းရှိက အတင်းအဓမ္မ လုယူရမလား " လို့ မေးလိုက်၏။ ကျစ်ယန်သည် ဘဝအသစ်တစ်ခုကို ရရန် အခွင့်အရေးအား လွဲမချော်ချင်ပေ။
ထို့ကြောင့် သစ်ပင်အား ဆွဲကိုင်ကာ ထော့နဲ့ထော့နဲ့ ဖြင့် ထွက်ပြေးဖို့ လုပ်လေ၏။ ဖီးရှန်းသည် ဒေါသထွက်သွားပြီး "သုညကောင်.......မင်းက သေချင်နေတာပဲ " လို့ ပြောကာ သူ့စွမ်းအားများကို လက်သီးတွင် စုစည်းလိုက်ပြီး ကျစ်ယန်အား တိုက်ခိုက်လိုက်သည်။
ကျစ်ယန်သည် ထော့နဲ့စွာ လမ်းလျှောက်ရင်း နောက်လှည့်ကြည့်လိုက်တဲ့အခါ အပြာရောင်လက်သီးစွမ်းအင်ကို မြင်လိုက်ရပြီး ခြေထောက်နာနေတာကို တောင့်ခံကာ အမြန်သွားဖို့ ကြိုးစားလိုက်၏။
သို့သော် အပြာရောင်လက်သီးစွမ်းအင်ကြီးသည် ကျစ်ယန်နောက်ကျောသို့ ကျရောက်သွားခဲ့တဲ့အခါ ကျစ်ယန်သည် မြေကြီးပေါ်သို့ တရွတ်တိုက်လျောကျ သွားလေသည်။
ကျစ်ယန်သည် လက်နှစ်ဖက်ကို အားစိုက်ကာ ကုန်းထတော့မည့် ချိန်တွင် ဝေကျန်းသည် ကျစ်ယန်၏ ကျောပေါ်သို့ ခြေထောက်ဖြင့် ဖိချလိုက်ပြီး "မင်းလို သုညကောင်က ငါတို့လက်ထဲက လွတ်မြောက်နိုင်မယ် ထင်နေတာလား " လို့ ပြောကာ အားဖြင့် ဖိချလိုက်၏။
ကျစ်ယန်သည် သေလောက်အောင် နာကျင်ခံစားနေရပင်ဖြင့် ရင်ဘတ်အင်္ကျီအတွင်းတွင် လက်တစ်ဖက်ဖြင့် ဆေးသေတ္တာဘူးလေးအား ဆုပ်ကိုင်၍ ထားလေသည်။ ဖီးရှန်းသည် ရင်ဘတ် အင်္ကျီထဲသို့ ရောက်နေသော ကျစ်ယန်ရဲ့ လက်တစ်ဖက်ကို မြင်သွားခဲ့၏။
ဖီးရှန်းသည် အပြင်ဘက်တွင် ရှိနေသော ကျစ်ယန်၏ ကျန်လက်တစ်ဖက်အား ခြေထောက်ဖြင့် နင်းချလိုက်ပြီး ရင်ဘတ်အတွင်း၌ ရှိသော ဆေးသေတ္တဘူးလား အတင်းလုယူလိုက်လေသည်။ ဖီးရှန်းသည် သူ့လက်ထဲသို့ ဆေးသေတ္တာဘူး ရောက်လာတဲ့အခါ ဖေရန်ကို ပစ်ပေးလိုက်၏။
ဖေရန်သည် ဆေးသေတ္တာဘူးကို ဖွင့်ကြည့်လိုက်ပြီး "ရပြီ......ငါတို့သွားကြရအောင် " လို့ ပြောကာ ထွက်ခွာဖို့ ဟန်ပြင်လိုက်ကြသည်။ ဖီးရှန်းနဲ့ ဝေကျန်းသည် ဖေရန်ကနောက်ကို လိုက်ဖို့ လုပ်ချိန်မှာ ကျစ်ယန်သည် ဖီးရှန်း၏ ခြေထောက်အား လှမ်းဆွဲလိုက်ပြီး
"မင်းတို့ ထွက်သွားလို့ မရဘူး "လို့ ပါးစပ်က သွေးများပင် ထွက်ကာ ပြောလိုက်၏။
ဖီးရှန်းသည် သူ့ခြေထောက်ဆွဲထားသော ကျစ်ယန်အား ကြည့်လိုက်ပြီး "သုညကောင်.......မင်းက ငါရဲ့ ဒေါသကို တမင်လာဆွနေတာပဲ " လို့ ပြောလိုက်သည်။ ထို့နောက် ဖီးရှန်းရဲ့ မျက်နှာသည် ပြုံးရွင်သော မျက်နှာအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွား၏။
ဖီးရှန်းသည် မကြာသေးခင်ကမှ တက်မြောက်ထားသော နှစ်ဆပြင်းအားကန်ချက်ကျင့်စဥ်အား ကျစ်ယန်ကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဖီးရှန်းသည် သူ့စွမ်းအားများကို ညာခြေထောက်သို့ ပို့လွှတ်လိုက်ပြီး " နှစ်ဆပြင်းအားကန်ချက် ကျင့်စဥ် " လို့ အော်ဟစ်ကာ ကျစ်ယန်အား ကန်ချလိုက်၏။
ဖီးရှန်းရဲ့ ကန်ချက်ကြောင့် ကျစ်ယန်သည် လွင့်ပြန်ကာ သစ်ပင်တစ်ခုနဲ့ သွားဆောင့်ကာ မြေပြင်ပေါ်သို့ တလှိမ့်လှိမ့် ပြန်ပြုတ်ကျလာခဲ့သည်။ ကျစ်ယန်သည် ပါးစပ်မှ သွေးများ အဆက်မပြတ် ထွက်နေခဲ့ပြီး အသက်ရှုဖို့ ပင် ခက်ခဲသွားခဲ့၏။
ဝေကျန်းသည် မြေပြင်ပေါ်တွင် လဲကျနေသော ကျစ်ယန်ကို ကြည့်ကာ ပြုံးလိုက်ပြီး မြေကြီးကို ဆောင့်ချကာ လေပေါ်သို့ တချက်ခုန်တက်လိုက်၍ "ငါရဲ့ သိန်းဌက်လက်ဝါးကျင့်စဥ်ကိုလဲ မင်းကို မြည်းစမ်းကြည့်ရတာပေါ့ " လို့ ပြောရင်း လက်ဝါးစွမ်းအင်ဖြင့် ကျစ်ယန်အား ရိုက်ချလိုက်သည်။
ကျစ်ယန်သည် ရင်ဘတ်တည့်တည့်သို့ ထပ်မံကျလာသော လက်ဝါးစွမ်းအင်ကြောင့် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရ၏။ ဖေရန်သည်
"ဘယ်သူမှ မရှိခင် ငါတို့ဒီနေရာက အမြန်ဆုံး ထွက်ခွာသွားသင့်တယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် နာကျင်မှုဒဏ်ကို အာရုံမထားပေ။ သူ့စိတ်ထဲတွင် သူ့အား အနိုင်ကျင့်သွားသော ဖေရန်ကို အဖွဲ့ကို ကလဲ့စားချေချင်စိတ်သာ ရှိနေခဲ့၏။ ကျစ်ယန်သည် မြေကြီးအား လက်ထောက်ကာ
မနည်း ထိုင်လိုက်ရပြီး သစ်ပင်ရှိသော အနားသို့ တရွေ့ရွေ့သွားကာ
မှီလိုက်ပြီး အမောဖြေနေခဲ့သည်။
ကျစ်ယန်သည် သူ့နှုတ်ခမ်းမှ သွေးများကို လက်မဖြင့် သုတ်လိုက်ပြီး "ငါသာ ပြန်ကျင့်ကြံလို့ ရခဲ့ရင် မင်းတို့ရှိက တရားမျှတမှုကို ပြန်လည်ရယူပစ်မယ် " လို့ အားတင်းကာ ကြိမ်းဝါးပြောဆိုလိုက်၏။
ကျစ်ယန်သည် သူ့အင်္ကျီအိတ်လေးအတွင်းမှ အညိုရောင်ဆေးလုံးလေး တစ်လုံးကို ထုတ်၍ ကြည့်လိုက်ပြီး ပြုံးနေခဲ့သည်။ ကျစ်ယန်သည် အရာရာကို သတိထားပါးနပ်သူ တစ်ယောက်ဖြစ်၏။ သူသည် ဆေးသေတ္တာဘူးအတွင်းတွင် သာမန်ဒဏ်ရာများကိုသာ ပျောက်ကင်းစေနိုင်သော အညိုရောင်ဆေးလုံးနဲ့ ဒန်တျန်ပြန်လည်ကောင်းမွန်စေနိုင်သော ဆေးလုံးအား လဲထားခြင်းသာ ဖြစ်သည်။
ဖေရန်တို့ယုံကြည်အောင် ကျစ်ယန်သည် အနာခံ၍ ဟန်ဆောင်ပြခဲ့ခြင်းပင် ဖြစ်၏။ ကျစ်ယန်သည် ဖေရန်တို့ ပြန်မလာခင်မှာ ဂိုဏ်းအား ပြန်နိုင်ဖို့ အတင်းထဖို့ လုပ်လိုက်သည်။ကျစ်ယန်သည် ရုတ်တရက် ရင်ဘတ်အတွင်းမှာ သေလောက်အောင် နာကျင်မှုကို ခံစားလိုက်ရတဲ့အခါ မြေပြင်ပေါ်သို့ လုံးဝပစ်လဲ ကျသွား၏။
ကျစ်ယန်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများသည် ပျက်စီး၍ သွားပြီး ကျစ်ယန်သည် လှုပ်ရှား၍ မရတော့ပေ။ ကျစ်ယန်သည် ကြောက်ရွံဖွယ်ကောင်းသော နာကျင်ခံစားမှုကို ခံစားနေရသော်လည်း ခန္ဓာကိုယ်ကြီးမှု လူသေတစ်ယောက်နဲ့ပင် တူသွားခဲ့ပြီဖြစ်၏။
ကျစ်ယန်သည် ပူဆွေးဝမ်းနည်းစွာဖြင့် "ငါသေရတော့မှာလား ၊ ငါက ဒီဘဝမှာ သူများအနိုင်ကျင့်တာကို ခံရဖို့သက်သက် မွေးဖွားလာတာလား ၊ ငါရဲ့မိဘတွေကရော ဘယ်သူတွေလဲ ၊ သူတို့က ငါ့ကို ပစ်သွားကျတာလဲ " လို့ တွေးတောနေရင် မေ့မြောသွားလေသည်။
ကျစ်ယန်သည် ရုတ်တရက် သတိပြန်ရလာတဲ့အခါ သူ့မြင်နေရသော မြင်ကွင်းသည် ထူးဆန်းနေသဖြင့် "ငါဘယ်ရောက်နေတာလဲ ၊ ငါကသေသွားပြီမလား.....ဒီနေရာက ဘယ်နေရာလဲ " လို့ ရေရွတ်လိုက်ပြီး ထကြည့်လိုက်၏။
ကျစ်ယန်သည် အလွန်ပင် အံ့အားသင့်နေခဲ့သည်။သူရောက်ရှိနေသော နေရာသည် အလွန်ကျယ်ပြန့်သော ပင်လယ်ရေပြင် တစ်ခုပေါ်ရှိ ဇရပ်လေးတစ်ခုပေါ်တွင် ရောက်ရှိနေခဲ့ခြင်းပင် ဖြစ်၏။
ကျစ်ယန်သည် ဇရပ်လေးပေါ်မှ ပင်လယ်ရေပြင်ပေါ်သို့ ခြေတချက်နင်းကြည့်လိုက်တဲ့ ရေထဲသို့ နစ်မြုပ်သွားခဲ့ခြင်း မရှိပေ။ ကျစ်ယန်သည် အံ့အားသင့်စွာနဲ့ လှည့်ပတ်ကြည့်နေခဲ့သည်။ ထိုချိန်မှာ ပင်လယ်ရေပြင်အောက်ခြေမှ ရွှေရောင်စာလုံးများစွာသည် ကျစ်ယန်ရဲ့ ရှေ့တွင် ပေါ်လာခဲ့၏။
ကျစ်ယန်သည် ထိုစာလုံးကို ကြည့်ကာ အံ့အားသင့်စွာဖြင့် "နဂါးခေါင်းကျင့်စဥ် ၊ လျှပ်စီးခြေလှမ်းကျင့်စဥ် ၊ ဓားတစ်သောင်းကျင့်စဥ် "လို့ လိုက်လံ ရေရွတ်လိုက်သည်။
ထိုစာလုံးများသည် ရုတ်တရက် ကျစ်ယန်၏ နဖူးတည့်တည့် ထိုးဖောက်ဝင်လာတဲ့အခါ ကျစ်ယန်သည် အနည်းငယ် နာကျင်မှုဒဏ်ကို ခံစားလိုက်ရ၏။
စက္ကန့်ပိုင်းအတွင်းမှာပဲ ကျစ်ယန်သည် ထိုကျင့်စဥ်သုံးခုရဲ့ သဘောတရားအား ချက်ချင်းနားလည်သွားသလို ခံစားလိုက်ရတဲ့အခါ ကျစ်ယန်သည် "ဒီလောက်အဆင့်မြင့်တဲ့ကျင့်စဥ် သုံးခုကို တကယ်ပဲ တက်မြောက်သွားတာလား " လို့ ကြောင်အစွာဖြင့် ရေရွတ်လိုက်သည်။