အခန်း (၄)
Vol. 1 Ch. 4
ထိုလူသုံးယောက်ကတော့ ဖေရန်တို့အဖွဲ့ပင်ဖြစ်၏။ သုံးစားမရတဲ့သုညကောင်မှ သူတို့အား လိမ်ညာလှည့်စားရဲလိမ့်မည်လို ဖေရန်သည် မထင်ထားခဲ့ပေ။
ဖေရန်တို့ သုံးယောက်သည် ကျစ်ယန်အား အပြစ်ပေးရန် တောအုပ်ထဲတွင် ကြိုတင်စောင့်နေခြင်း ဖြစ်၏။ ဖေရန်တို့သုံးယောက်ရဲ့ မျက်နှာတွင် ဒေါသများသည် ကျစ်ယန်ကို တွေ့လျှင် သတ်ဖြတ်တော့မည့် အခြေအနေပင် ဖြစ်သည်။
ကျစ်ယန်သည် သူ့ဘေးနားရှိ ခဲလုံးအား ထိန်းချုပ်ကာ ဖေရန်သို့ အဖွဲ့ရှိသို့ ပစ်သွင်းလိုက်၏။ ဖေရန်တို့သည် ရုတ်တရက်ရောက်လာသော ခဲလုံးကြောင့် နောက်ဆုတ်ကာ ခဲလုံးအား ရှောင်းရှားလိုက်သည်။
ဖီးရှန်းသည် ခဲလုံးလာရာ လမ်းကြောင်းကို ကြည့်လိုက်ပြီး "ဘယ်သူလဲ.......သတ္တိရှိရင် ထွက်ခဲ့စမ်း " လို့ ကြိမ်ဝါးလိုက်၏။ ထိုချိန်မှာပဲ များစွာသော ခဲလုံးကြီးများသည် တစ်ပြိုင်နက်ရောက်ရှိလာခဲ့သည်။
ဖေရန်သည် ခဲလုံးကြီးများရှောင်ရှားနေရင်း အခြေအနေမဟန်မှန်း သိလိုက်ပြီး "ဖီးရှန်း ၊ ဝေကျန်း.......ငါတို့သုညကောင်ကို နောက်မှ စာရင်းလာရှင်းရင် ကောင်းမယ် ထင်တယ် " လို့ ပြောလိုက်၏။ ဖီးရှန်းနဲ့ ဝေကျန်းသည် ဖေရန်ကို ခေါင်းငြိမ့်ကာ သဘောတူ၍ ထိုနေရာဆုတ်ခွာဖို့ ဟန်ပြင်လိုက်ကြသည်။
သို့သော် ထိုချိန်မှာပဲ လျှပ်စီးခြေလှမ်းဖြင့် ကျစ်ယန်သည် သူတို့ နောက်ကျောသို့ လျှပ်တစ်ပြက်အတွင်း ပြေးလွှားလိုက်ပြီး နဂါးခေါင်းကျင့်စဥ်ဖြင့် ရိုက်ချလိုက်၏။
ဖေရန်တို့သည် အနီရောင်နဂါးခေါင်းကြီး၏ ပေါက်ကွဲဒဏ်ကြောင့် နာကျင်စွာ အော်ဟစ်လိုက်ကြရင ရှေ့သို့ ထိုးကျသွားတဲ့အပြင် ခဲလုံးများစွာရဲ့ အောက်မှာ ပြန်တောင်မထနိုင်ကြတော့ပဲ သတိလစ်သွားကြလေသည်။
ကျစ်ယန်သည် လျှပ်စီးခြေလှမ်းဖြင့် ထိုနေရာမှ ထွက်ခွာသွားရင်း "ငါ့ကို နာကျင်အောင်လုပ်တဲ့လူမှန်သမျှ ၊ ခုချိန်ကစပြီး တစ်ယောက်မှ မလွတ်မြောက်စေရဘူး" လို့ ကြိမ်းဝါးရေရွတ်လိုက်၏။ ကျစ်ယန်သည် တောအုပ်ရဲ့အတွင်းထဲသို့ ရောက်လာတဲ့အခါ ကြောက်စရာကောင်းသော မာန်ဖီဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။
ကျစ်ယန်သည် ပုံမှန်ဆို တောအုပ်အဝတွင်းသာ ထင်းခွေလေ့ရှိ၏။
ကြောက်စရာကောင်းသော အော်ဟစ်သံကြီးသည် တောအုပ်နက်အတွင်းမှ ထွက်ပေါ်လာသဖြင့် ကျစ်ယန်သည် ထိုနေရာသို့ လျှပ်စီးခြေလှမ်းဖြင့် ပြေးလွှားလိုက်သည်။
တောအုပ်အတွင်းတွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုသည် ဓားတစ်လက်အား ကိုင်ကာ အဆင့်နှစ်ခြင်္သေ့သားရဲမျိုးနွယ်နဲ့ ရင်ဆိုင်နေ၏။ ခြင်္သေ့ကြီးသည် ထပ်မံဟိန်းဟောက်လိုက်ပြီး ထိုမိန်းမပျိုရှိသို့ တရှိန်ထိုးပြေးကာ ခုန်အုပ်လိုက်သည်။
မိန်းမပျိုသည် သူ့ဓားအား ပွတ်ဆွဲလိုက်ပြီး ပြေးဝင်လာသော ခြင်္သေ့ကို ထိုးချလိုက်၏။ မိန်းမပျိုလေး လက်ထဲရှိ ဓားသည် ခြင်္သေ့သားရဲ၏ အသားကို မထိုးဖောက်နိုင်ပဲ တစ်စစီ ကျိုးပဲ့၍ သွားလေသည်။
ခြင်္သေ့သားရဲကြီးရဲ့ ခြေထောက်မှ ထွက်လာသော တိုက်ခိုက်ရေးစွမ်းအားကြောင့် မိန်းမပျိုလေးသည် ပစ်လဲကျသွား၏။ မိန်းမပျိုလေး ပစ်လဲကျသွားတဲ့အခါ ခြင်္သေ့သားရဲသည် နောက်တစ်ကြိမ်ခုန်အုပ်ဖို့ လှုပ်ရှားလိုက်လေသည်။
မိန်းမပျိုလေးသည် ကျိုးသွားသော သူ့ဓားကို မြေကြီးကို ထောက်လိုက်ပြီး နောက်ဆုံးအနေနဲ့ ရင်ဆိုင်ဖို့ ဟန်ပြင်လိုက်၏။အဆင့်၂ ခြင်္သေ့သားရဲသည် လူသားကျင့်ကြံရေးအရ ချီအခြေခံစုစည်းခြင်းအဆင့်၆ကို ရောက်ရှိနေသော သားရဲတစ်ကောင်ပင်ဖြစ်သည်။
မိန်းမပျိုလေးသည်လည်း ချီအခြေခံစုစည်းခြင်းအဆင့်၆ကို ရောက်ရှိနေသော်လည်း ခြင်္သေ့သားရဲကြီးရဲ့ အင်အားကိုတော့ မယှဥ်နိုငမခဲ့ပေ။
မိန်းမပျိုလေးသည် သူ့အသက်ဆုံးရှုံးရမည်ကို ကြိုသိနေ၍ " အဖေ ........သမီးကို ခွင့်လွှတ်ပါ ၊ သမီးအဖေကို မကယ်နိုင်တော့ဘူး " မျက်ရည်ကျကာ တစ်ယောက်ထဲရေရွတ်ရင်း အနားတွင် မရှိသော သူမအဖေအားတောင်းပန်နေခဲ့၏။
သို့သော် ခြင်္သေ့သားရဲကြီးသည် သူ့နားကို မရောက်ခင်မှာပဲ ဘေးသို့ လွင့်ပြန်ထွက်သွားတဲ့ မိန်းမပျိုလေးသည် ကြောင်အ၍ သွားပြီး ဝမ်းသာ၍ သွားလေသည်။ ကျစ်ယန်သည် သူ့ရဲ့ နဂါးခေါင်းကျင့်စဥ်မှာ ခုလောက်ထိ အားကောင်းမယ်လို့ မထင်ထားခဲ့ပေ။
ချီအခြေခံစုစည်းခြင်းအဆင့်၆ သားရဲတစ်ကောင်တောင် သူ့ရဲ့ တိုက်ခိုက်မှုအောက်တွင် ပြန်တောင်မထနိုင်တော့တဲ့အတွက် သူ့ရဲ့စွမ်းအားသည် သူ့ထင်ထားတာထက်ပင် သာလွန်နေခဲ့၏။
ရှောင်ဟွာဟု ခေါ်သော မိန်းမပျိုလေးသည် ကျိုးပဲ့နေသော ဓားဖြင့် အဆင့်၂ ခြင်္သေ့သားရဲကောင်အား လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သတ်ပစ်လိုက်သည်။ ထို့နောက် မိန်းမပျိုလေးသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သော်လည်း လူအရိပ်အယောင် လုံးဝ တွေ့မနေခဲ့ပေ။
ရှောင်ဟွာသည် သူ့အား တိတ်တဆိတ်ကယ်ပေးခဲ့သော လူသည် သူတော်စင်ဂိုဏ်းခွဲ၏ အကြီးအကဲ တစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်လိုက်၏။
ထို့နောက်ရှောင်ဟွာသည် အဆင့်၂ခြင်္သေ့၏ သည်းခြေကို ထုတ်ကာ သေတ္တာလေးထဲသို့ ထည့်လိုက်ပြီး တောအုပ်အတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။ ရှောင်ဟွာသည် ထင်းများခွဲနေသော ကျစ်ယန်ကို တွေ့တဲ့အခါ ခေါ်ပြောချင်သော်လည်း လူအများခေါ်သော သုညကောင် အမည်ကို မခေါ်ချင်ခဲ့ပေ။
ရှောင်ဟွာသည် ကျစ်ယန်နားသို့ သွားလိုက်ပြီး "နင်ဒီနားမှာ......ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ယောက်များ တွေ့မိသေးလား " လို့ မေးလိုက်၏။ ကျစ်ယန်သည် ခေါင်းခါလိုက်ပြီး သူ့ရဲ့ ထင်းကိုသာ ဆက်ခွဲနေခဲ့သည်။
ရှောင်ဟွာသည် ကျစ်ယန်မှာ သူ့ကို ကယ်တင်သောသူ ဖြစ်နေမလားလို့ တစ်ချက်တွေးမိသွားပြီး "မဖြစ်နိုင်တာ.......ငါဘာတွေတွေးမိနေတာလဲ " လို့ တစ်ယောက်ထဲ ရေရွတ်လိုက်ပြီး ကျစ်ယန်အနားမှ ထွက်ခွာသွားခဲ့၏။
ကျစ်ယန်သည် လူသူကင်းမဲ့သွားတဲ့အခါ သူ့ရဲ့ ထင်းခုတ်ဓားကြီးဖြင့် "ဓားတစ်သောင်းကျင့်စဥ်" လို့ ရေရွတ်လိုက်ရင်း သစ်ပင်ကြီးအား ခုတ်ချလိုက်သည်။အပြာရောင်အလင်းတန်းရှိသော ဓားချီအလင်းတန်းများစွာသည် ကျစ်ယန်၏ ထင်းခုတ်ဓားမှ တဆင့် သစ်ပင်ကြီးပေါ်သို့ ကျရောက်သွားခဲ့၏။
ကြီးမားသော သစ်ပင်ကြီးသည် ကျစ်ယန်၏ ဓားတစ်ချက်ထဲနဲ့ပင် လဲကျသွားပြီး အပိုင်းပိုင်းဖြစ်သွားလေသည်။ ကျစ်ယန်သည် ဓားတစ်သောင်းကျင့်စဥ်မှာ ခုလောက်ထိ အစွမ်းထက်လိမ့်မည်လို့ မထင်ထားပေ။
ကျစ်ယန်သည် သူ့ဓားအား ခါးမှာ ပြန်ထိုးလိုက်ပြီး နွယ်ကြိုးများဖြင့် သစ်ပိုင်းစတစ်ချို့ကို တုတ်ချည်လိုက်ပြီး "နောက်တစ်ခါဆို ငါဒီထင်းတွေကို ခုတ်စရာမလိုဘဲ အချိန်မရွေးလာသယ်လို့ ရပြီ " လို့ ပြောလိုက်ပြီး ပြုံးပျော်ရွင်စွာနဲ့ပဲ မန်လန်ရှိသော နေရာသို့ ပြန်လာခဲ့ပြန်၏။
ထင်းစည်းကြီးများ သယ်လာသော ကျစ်ယန်ကို ခဏအတွင်း ပြန်တွေ့လိုက်တဲ့အခါ "ကျစ်ယန်.......ဒီအချိန်တိုလေးအတွင်းမှာထင်းစည်းအများကြီးနဲ့ မင်းဘယ်လိုလုပ်ပြန်ရောက်လာတာလဲ "လို့ မေးမြန်းလိုက်သည်။
ကျစ်ယန်သည် ထင်းစည်ကြီးအား ပစ်ချလိုက်ပြီး "ဦးလေးမန်လန်.......ကျွန်တော်ခုတ်နေကြ သစ်ပင်ကြီးက တစ်စုံတစ်ယောက်ကြောင့် လဲကျပြီး အပိုင်းပိုင်းအစစဖြစ်နေတာထင်တယ် " လို့ အံ့ဩနေသလို ပြောလိုက်၏။
မန်လန်သည် "ဒါဆိုကောင်းတာပေါ့ ၊ မင်းအရင်ကလို ပင်ပင်ပန်းပန်း ခုတ်နေစရာမလိုတော့ဘူး " လို့ ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
ထိုချိန်မှာပဲ သူတော်စင်ဂိုဏ်းခွဲ၏ အပြင်စည်းအကြီးအကဲတစ်ယောက်ဖြစ်သောလူသည် မန်လန်ရှိသို့ ရောက်ရှိလာပြီး "မန်လန်.......မနက်ဖြန်ကြရင် အတွင်းစည်းအကြီးအကဲတွေက ငါတို့အပြင်စည်းအကြီးအကဲတွေရှိ လာလည်မှာဖြစ်တဲ့အတွက် စားကောင်းသောက်ဖွယ်ကောင်းကောင်းတွေကို မင်းကြိုတင်ပြင်ဆင်ထားပါ " လို့ ပြောလိုက်၏။