ငါ့ရှေ့မှာ စကားပြော ဆင်ခြင်ပါ။
Vol. 17 Ch. 193
“ ခွင့်လွှတ်ပါ ... သခင်လေး ခွင့်လွှတ်ပါ။ ”
အလောင်းထိန်းချုပ်သူက ချက်ချင်း မြေပြင်ပေါ် ဒူးထောက်ချတော့၏။ တုန်လှုပ် ချောက်ချားပြီး အားကိုးရာမဲ့သွားသည်။
စုရီက တာအိုပိုးအိမ်အနား လျှောက်လှမ်းသွားကာ စစ်ဆေးပြီးနောက်၊
“ သိမ်းပိုက်မှု စတင်နေပြီလား။”
-ဟု မေးမြန်းလိုက်၏။
“ ဟုတ်ပါတယ် ... ။ ”
“ ဘယ်သူလဲ ... ။ ”
“ ဝိညာဉ်သိုင်းသမား ချန်ကျန့်ပါ ... ။ ”
အလောင်းထိန်းချုပ်သူမှ ပြန်ဖြေသည်။ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်မိ၏။ ချန်ကျန့် ခြောက်ရက်ကြာပြီးသည့်တိုင် ပြန်မလာနိုင်သေး သည်မှာ အံ့သြစရာ မရှိတော့ချေ။ ကြီးမားသော ဘေးဆိုးကြီးကို ကြုံတွေ့နေရခြင်း ဖြစ်၏။
“ ငါမင်းကို ရွေးချယ်ခွင့် ထပ်ပေးမယ်။ ”
စုရီက သွေးနီရောင် အလင်းတန်းထံ မော့ကြည့်ကာ၊
“ မင်းကိုယ်တိုင် ခုန်ဝင်မလား ... ဒါမှမဟုတ် သေမလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဝှစ် ... ။ ”
အလောင်းထိန်းချုပ်သူမှ စိတ်ပျက် အားငယ်သွားပြီး အဆုံးတွင် အံကြိတ်လျက် သွေးနီးရောင်အလင်းတန်းထဲ ပျံသန်းသွား တော့သည်။
သို့သော် လမ်းတစ်ဝက်အရောက်တွင် ထွက်ပေါက်ဆီသို့ ပြန်လှည့်ပြေး၏။ သို့သော် စုရီမှ ဂရုမစိုက်ခဲ့ချေ။ ယင်းအစား။
“ မင်းသေချင်နေတာပဲ။ ”
“ ရွှပ် ... ။ ”
“ ဖောက် ... ။ ”
မုရှီက အေးစက်စွာ ဟစ်အော်လျက် ရွှေလှံကို ဝှေ့ယမ်းကာ လှမ်းပစ်ချလိုက်သည်။ ရင်ဘတ်မှ ထုတ်ချင်းဖောက် ဖြတ်ဝင်သွားကာ မြေပြင်ပေါ် ပြုတ်ကျလာတော့၏။
ထိုအချင်းအရာကို စုရီမှ ကြည့်ဖို့ပင် စိတ်မ၀င်စားဘဲ မျက်နှာဖုံးစွပ် အမျိုးသမီးထံ လှမ်းကြည့်ကာ၊
“ မင်းကိုလည်း အခွင့်အရေး ပေးမယ် ... မင်းသိထားသလောက် ပြောပြရင် ချက်ချင်း သေခွင့်ပေးမယ်။ ”
-ဟု ပြောကြားလိုက်၏။
ကြေးဝါမျက်နှာဖုံးရှင် အမျိုးသမီးမှ ခဏမျှတိတ်ဆိတ်သွားပြီးနောက်၊
“ ငါတို့မျိုးနွယ်ရဲ့ နတ်ဘုရား ပြန်လာတဲ့ အချိန်မှာ ... မင်းရဲ့အပြစ်တွေကို ပြန်ပေးဆပ်ရ လိမ့်မယ်။ ”
-ဟု ပြောကြားလာတော့သည်။
“ ဝှစ် ... ။ ”
စုရီက မျက်ခုံးပင့်လျက် တစ်စုံတစ်ရာကို ရိပ်မိသွားကာ အမျိုးသမီးအနားသို့ လျှပ်တပြက် ရွေ့လျားလိုက်၏။ သို့သော် အမျိုးသမီးသည် ပြာအဖြစ် ပြောင်းလဲလွင့်ပါးသွားချေပြီ။
ထူးခြားသော အမှတ်အသားများဖြင့် ရေးထွင်းထားသည့် ကြေးဝါမျက်နှာဖုံးသာလျှင် ပြုတ်ကျကျန်ရစ်ခဲ့၏။
စုရီက ကောက်ကိုင်စစ်ဆေးကြည့်သည်။ ဤသည်မှာ စိတ်ဝိညာဉ်ကို ထိန်းသိမ်းနိုင်သော မျက်နှာဖုံး ဖြစ်သည်။
ငရဲကမ္ဘာ၏ ဝိညာဉ်မျက်ရည်သံဖြင့် ပြုလုပ်ထား၏။ မျက်နှာဖုံးတပ်ရုံဖြင့် ထိုသူသည် မည်သူပင်ဖြစ်စေ မျက်နှာဖုံးအတွင်းမှ ဝိညာဉ်၏ ထိန်းချုပ်ခံရမည် ဖြစ်သည်။
ဆိုလိုသည်မှာ သန့်ရှင်းသော သမီးတော်ဟူသည် အတင်းအကြပ် သိမ်းပိုက်ခံ ထားရသော အမျိုးသမီးမျှသာ ဖြစ်၏။
အစစ်အမှန်မှာ ဤမျက်နှာဖုံးရှိ ဝိညာဉ် တစ်ကောင်ပေပင်။ ထိုဝိညာဉ်သည် အမျိုးသမီး ဆန္ဒကြိုးမျှင်ကို ထိန်းချုပ်ထားခြင်းဖြစ်၏။
ထိုသို့ ဆန္ဒကြိုးမျှင်ကို ထိန်းချုပ်နိုင်သည့် တစ်စုံတစ်ယောက်သည် ဝိညာဉ်ပြောင်းလဲခြင်း အဆင့်၌ ရှိနိုင်ပေမည်။
မူလတာအို နယ်ပယ်အထက်တွင် ဝိညာဉ်တာအိုနယ်ပယ်ရှိသည်။ ၎င်းနယ်ပယ်၌ ဝိညာဉ် ထင်ရှားခြင်း၊ ဝိညာဉ် ပေါင်းစည်းခြင်း နှင့် ဝိညာဉ်ပြောင်းလဲခြင်းစသည့် အဆင့် သုံးဆင့် သတ်မှတ်ထား၏။
ဝိညာဉ်ပြောင်းလဲခြင်း အဆင့်သည် ဧကရာဇ်နယ်ပယ်မှ ကျွမ်းကျင်သူများနောက်၌ ဒုတိယအသန်မာဆုံးဖြစ်သည်။
ဤအဆင့်ရှိ ကျွမ်းကျင်သူများသာ အမှတ်အသားကို ချန်ထားနိုင်မည်။ သို့သော် မဟာကျိုးတွင် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူများ မရှိချေ။
ဆိုလိုသည်မှာ ဤကြေးဝါမျက်နှာဖုံးသည် အာကာသအတားအဆီး တစ်ဖက်ခြမ်းရှိ ကမ္ဘာမှ ဆင်းသက်ခြင်းဖြစ်နိုင်၏။
အာကာသဆုံမှတ်ကို ဖြတ်သန်းကာ အထူးနည်းလမ်း တစ်မျိုးမျိုးဖြင့် အရာဝတ္ထုများ ပေးပို့နိုင်သည်။ ဥပမာအားဖြင့် ယဇ်ပူဇော်ခြင်း နည်းလမ်းမျိုးဖြစ်၏။
တစ္ဆေမြို့တော်သခင် ရေဘုရင်သည် ခေါင်းကိုးလုံးငှက်ထံမှ လက်ဆောင်များနှင့် လမ်းညွှန်မှုကို ဤနည်းဖြင့် ရယူခဲ့သည်။
စုရီက ကြေးဝါမျက်နှာဖုံး သိမ်းဆည်းကာ တာအိုပိုးအိမ်ထံသို့ ဆက်လျှောက်သွားခဲ့သည်။
“ တာအိုမိတ်ဆွေ ... ငါတို့ ချန်ကျန့်ကို ပြန်ခေါ်လာနိုင်ရင်တောင် ... ဒါက သူကိုယ်တိုင် ဖြစ်နိုင်တော့မှာမဟုတ်ဘူး ထင်တယ်။ ”
ထိုအချိန်တွင် နင်စစ်ဟွာနှင့် မုရှီက အနားရောက်လာပြီး မေးမြန်းလိုက်တော့၏။ စုရီမှ ခေါင်းခါလိုက်သည်။
“ ပြောဖို့ခက်တယ် ... ခဏလောက် ဘေးဖယ်ပေး ... ။ ”
“ ရွှပ် ... ။ ”
ထို့နောက် စုရီမှ တာအိုပိုးအိမ်ထံ ဓားဖြင့် ခွဲပစ်လိုက်ရာ အသွင်အပြင်တစ်ခု ပေါ်လာပြီး စုရီထံလှမ်းကုပ်၏။
“ ကလန် ... ။ ”
စုရီမှ ဓားဖြင့် ချက်ချင်းကာလိုက်သည်။ ရလာဒ်အနေဖြင့် ယိမ်းယိုင်ကာ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရ၏။
ဤသည်မှာ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ကြေးနီရောင် အသားအရည် နှင့် ဝိညာဉ်သိုင်းသမားချန်ကျန့် ဖြစ်ချေပြီ။
သို့သော် သူ့မျက်ဝန်းများသည် လုံးဝ အေးစက်နေကာ သက်ရှိအရာများ အားလုံးကို ပုရွက်ဆိတ်ကဲ့သို့ ရှုမြင်နေ၏။
“ ငါနိုးလာတဲ့အခါ ... ဒီကမ္ဘာရဲ့ အားအနည်းဆုံး လူတစ်ယောက် ဖြစ်နေမယ်လို့ တကယ် မမျှော်လင့်ထားမိဘူး။ ”
ချန်ကျန့်မှ သက်ပြင်းချကာ ညည်းတွားသည်။ ထိုညည်းတွားသံကြောင့် စုရီမှ ပြုံးသည်။ တစ်စုံတစ်ဦးသည် သူ့ရှေ့၌ အမှန်ပင် မောက်မာဝံ့သည်လော။
“ အားနည်းတဲ့ခန္ဓာကိုယ်လား ... အဟက် မင်းရဲ့ခန္ဓာအစစ် ... ဒီကိုရောက်လာခဲ့ရင်တောင် ငါ့ရှေ့မှာ ဘာမှ မဟုတ်သေးပါဘူး ဟန်ဆောင်မှု မပြုလုပ်ဖို့ အကြံပေးချင်တယ်။ ”
ထိုစကားကြောင့် ချန်ကျန့်က အံ့အားသင့်စွာဖြင့် စုရီကို အထက်အောက် အပြန်ပြန် အလှန်လှန်ကြည့်၏။
“ ဟမ့် ... ချီစုစည်းခြင်းအဆင့်လား ... မင်းလိုလူက ဒီဘုရင်ကို အားနည်းသူအဖြစ် ဘယ်လိုပြောရဲလဲ။ ”
“ ငါပြောတာ မှားလို့လား ... မင်းသာ တကယ်သန်မာနေရင် တာအိုပိုးအိမ်ကိုဖြတ်ပြီး တပါးသူရဲ့ ခန္ဓာကိုယ်အပေါ် ... အခုလိုမျိုး သိမ်းပိုက်ပါ့မလား ... ။ ”
“ မင်းရဲ့ကျင့်ကြံမှုကို မမြင်ဘဲ ... လေသံကိုပဲနားထောင်ရင် ဧကရာဇ်တစ်ပါးလို့ ... ငါထင်မိမှာ အမှန်ပါပဲ။ ”
ချန်ကျန့်မှ လှောင်ပြောင်လိုက်သည်။
“ ဟား ဟား ဟား ... ဧကရာဇ်လား ... ။ ”
စုရီက ရယ်၏။
“ မင်း မျက်လုံးထဲမှာတော့ ... ဧကရာဇ်ဆိုတာ မြင့်မြတ်ပြီး မရောက်နိုင်တဲ့ အမြင့်ဖြစ်နေပုံရတယ် ... ဒါက ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။ ”
ဤတစ်ကြိမ်တွင် နင်စစ်ဟွာနှင့် မုရှီပင် မျက်ခုံးပင့်မိသွားသည်။ စုရီသည် အမှန်တကယ် ဝါကြွားလွန်းချေပြီ။
နင်စစ်ဟွာက ဧကရာဇ်များ မည်မျှ ကြောက်စရာ ကောင်းလွန်းသည်ကို သိရှိသည်။ မုရှီအတွက်မူ ထိုအဆင့် တန်ခိုးရှင်များကို မသိ သော်လည်း ဝိညာဉ်တာအိုအထက်၌ ရှိမည်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်၏။
ထို့ကြောင့် စုရီစကားသည် အမှန်ပင် မောက်မာဝင့်ကြွားလွန်းကြောင်း ပြောနိုင်ချေပြီ။ ပြိုင်ဘက်ကို ခြောက်လှန့်ရန် ကြွားလုံး ထုတ်ခြင်းလည်း မည်ပေ၏။
“ ဟမ် ... ဟား ဟား ဟား ... ။ ”
ချန်ကျန့်မှ ခေါင်းမော့ကာ ရယ်မောတော့၏။
“ ဧကရာဇ်ဆိုတာ သေမျိုးတွေအတွက် နေမင်းကြီးလိုတောက်ပတဲ့ တန်ခိုးရှင်တစ်ပါးပဲ မင်းအဝေးကနေပဲ ကြည့်နိုင်မယ်။ ”
စုရီက ခေါင်းယမ်းသည်။
“ မင်း မသိလို့ပါ ... ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူဆိုတာ နက်နဲတာအိုနယ်ပယ်ကို ဖြတ်ကျော်နိုင်တဲ့ ခရီးသွားတစ်ယောက်ပါပဲ ... လမ်းအဆုံးမှာ ဘယ်လိုနယ်ပယ်မျိုးရှိမလဲ ဘယ်သူသိမှာလဲ ...
... ကောင်းပြီ ငါဘာလို့ မင်းကို ဒီအကြောင်းတွေ ပြောပြနေရတာလဲ ... ဒါက ဆောင်းရာသီကို မသိတဲ့ ... ပုဇဉ်းရင်ကွဲလို ဖြစ်နေလိမ့်မယ်။ ”
ဤတစ်ကြိမ်၌ ချန်ကျန့်သည်ပင် စုရီကို မျက်ခုံးပင့် ကြည့်လိုက်မိလေသည်။ ထို့နောက် နှုတ်ခမ်း တွန့်ရုံပြုံးလျက်၊
“ ဒီဘုရင်က ... နှစ်ပေါင်း (၉၈၀၀) တိုင်အောင် ရှင်သန်ခဲ့ဖူးတယ် ဒါပေမယ့် မင်းလို မိုက်မဲပြီး မောက်မာတဲ့လူငယ်မျိုး တစ်ခါမျှ မမြင်ခဲ့ဖူးဘူး ...
... ဒါပေမယ့် အသက်ငယ်ငယ်နဲ့ ဝင်္ကပါအပေါ် မင်းထိန်းချုပ်နိုင်တာ အသိအမှတ် ပြုတယ် ... အထင်ကြီးစရာပါပဲ ကောင်းပြီ ငါမင်းကို ...
... အခွင့်အရေးတစ်ခုပေးမယ် ... ငါ့ကိုသစ္စာခံပါ ... ကြီးမြတ်သောတာအိုရှာဖို့ မင်းကို ငါဉာဏ်အလင်းပေးမယ်။ ”
ထို့နောက် ၎င်းက စကားခေတ္တရပ်ပြီး နင်စစ်ဟွာနှင့် မုရှီထံ လှည့်ကြည့်လိုက်ကာ၊
“ မင်းတို့နှစ်ယောက်လည်း အားနည်းတဲ့ ကျင့်ကြံမှုတွေရှိပေမယ့် ... ဖြစ်တည်မှုက အရမ်း ထူးခြားတယ် ...
... ငါ့နောက်လိုက်ရင် သေမျိုးအဆင့်ကို ကျော်ဖြတ်ပြီး ကောင်းကင်က ကြယ်တာရာလို တောက်ပဖို့ ငါအာမခံတယ်။ ”
“ ဟား ဟား ဟား ... ။ ”
သူ့လေသံတွင် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ပါရှိ၏။ သို့သော် မုရှီနှင့် နင်စစ်ဟွာတို့က အချင်းချင်း ပြန်ကြည့်ကာ ပြုံးလေသည်။ ထို့နောက် မထိန်းနိုင်တော့ဘဲ ရယ်၏။
သူတို့၏ ရယ်မောသံကြောင့် ချန်ကျန့်မှ ဒေါသထွက်သွားလေသည်။ ဤအပြုအမူသည် သူ့ဂုဏ်သိက္ခာကို အကြီးအကျယ်ထိပါး၏။
“ အင်မော်တယ်တစ်ပါး ဖြစ်နိုင်တဲ့ ကံကြမ္မာက မင်းတို့ရှေ့မှာ ရှိနေတာတောင် ရူးမိုက်နေတုန်းပဲ ဘယ်လောက် ဉာဏ်နည်း လိုက်သလဲ။ ”
ချန်ကျန့်မှ သက်ပြင်းချလိုက်သည်။
“ အဟက် ... မင်းမှာ ဒီလိုအရည်အချင်း ရှိတယ်များ ထင်နေတာလား ... ငါစုရီရှေ့မှာ စကားပြောဆင်ခြင်ပါ ...
... ခြွင်းချက်အနေနဲ့ ... မင်းကို ငါ ဘဝသစ်တစ်ခုစဖို့ အခွင့်အရေး ပေးနိုင်တယ် ... ချန်ကျန့်ကိုထားခဲ့ ... မင်းကို ရှင်သန်ခွင့်ပေးမယ် ဘယ်လိုလဲ။ ”
“ ဟမ့် ... ။ ”
စုရီက ပြုံးပြီး ပြောလိုက်၏။ ချန်ကျန့်မှ နှာခေါင်းရှုံ့လျက် အေးစက်သော အသွင်မျိုးဖြင့် စုရီထံ ကုပ်ဆွဲပစ်လေသည်။
“ ဝှစ် ... ။ ”
အရာရာအပေါ် လွှမ်းမိုးချုပ်ကိုင်လိုသည့် နဂါးလက်သည်းသဏ္ဍာန်တစ်ခု လေဟာနယ်ကို ဖြတ်သန်းသွားချေ၏။
ယင်းသည် ကောင်းကင် ပိုက်ကွန်နှင့် တူသည်။ ကောင်းကင်အောက်ရှိ သက်ရှိတိုင်း လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ယင်းကို ကြည့်ခြင်းဖြင့် ချန်ကျန် ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ဝိညာဉ်သည် သာမန် မဟုတ်ကြောင်း ပြောနိုင်၏။ သို့သော် ကံမကောင်းစွာဖြင့် ၎င်းကို ချန်ကျန့်ခန္ဓာကိုယ်မှ ကန့်သတ်ထားခဲ့သည်။
“ မင်းက သေလမ်းကို ရွေးလိုက်တာလား။ ”
စုရီက ခေါင်းခါယမ်းကာ ချန်ကျန့်၏ နဂါးလက်သည်းထံ ဓားအလင်းတစ်လက်ဖြင့် တောက်ထုတ်ပစ်လိုက်၏။
“ ဝုန်း ... ။ ”
နဂါးလက်သည်းကြီးခမျာ ချက်ချင်း ကြေမွှသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် စုရီက ချန်ကန့်၏လည်ပင်းကို ဖမ်းကိုင် လိုက်တော့၏။
***