တာအိုကြယ်ချီ သန့်စင်ခြင်း။
Vol. 17 Ch. 194
ဤတိုက်ခိုက်မှုသည် တစ်ဖက်လူ၏ ဝိညာဉ်ကိုပိတ်လှောင်ရန် စကြာဝဠာဖန်တီးခြင်း သုတ္တန် အသုံးပြုထားခြင်းဖြစ်သည်။
သတိမထားမိဘဲ ချန်ကျန့်ခန္ဓာကိုယ် သိမ်းပိုက်ထားသည့် ဝိညာဉ်အပေါ် ချက်ချင်း သက်ရောက်မှု ရှိသွားချေပြီ။
ချန်ကျန့်အသိစိတ် ပင်လယ်အတွင်းမှ ဝိညာဉ်ခမျာ ထိတ်လန့်တကြား အော်ဟစ်လျက် ရုန်းကန်ထွက်ပြေးရန် ကြိုးစားတော့၏။
“ ဟမ့် ... ဒီလူရဲ့ဝိညာဉ်ကို ငါဖျက်ဆီးမှာကို မင်းမကြောက်ဘူးလား။ ”
စုရီက လျစ်လျူရှုလျက် တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။ အဆုံးတွင် အခြားကမ္ဘာမှ လာသော ဝိညာဉ်သည် လုံးလုံးလျားလျား ခုခံနိုင်စွမ်း ဆုံးရှုံးသွားခဲ့၏။
စုရီသည်လည်း ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း နည်းလမ်းကိုသုံးရန် ခက်ခဲလှ၏။
ချန်ကျန့်သည် အခြားဝိညာဉ်တစ်ခု၏ လွှမ်းမိုးလုနီးပါး အခြေအနေသို့ ကျရောက်နေပြီ ဖြစ်သောကြောင့်သာ အသုံးပြုရခြင်းပေပင်။
များမကြာခင် ကမ္ဘာခြားဝိညာဉ်ကို ချန်ကျန့်အသိစိတ် ပင်လယ်အတွင်း၌ အကျဉ်းချ နိုင်လိုက်၏။
ချန်ကျန့်တစ်ယောက် ပြန်လည် သတိရလာပါက ထိုဝိညာဉ်ကို သူ့အတွက် ပြန်၍ သန့်စင်နိုင်ပေတော့မည်။
ဤနည်းဖြင့် ချန်ကျန့်တစ်ယောက် စိတ်ဝိညာဉ် သန်မာလာရုံမျှသာမက ကမ္ဘာခြား ဝိညာဉ်၏ အမှတ်တရများနှင့် ကျင့်ကြံမှု အတွေ့အကြုံများကို ရရှိနိုင်၏။
“ ဝှစ် ... ။ ”
ယင်းသည် သဘာဝအတိုင်း ကောင်းချီးတစ်ခုပေပင်။ ထို့နောက် ချန်ကျန့်၏ သတိလစ်နေသော ခန္ဓာကိုယ်ကြီးကိုပစ်ချကာ သွေးနီအလင်းတန်းထံ ပြန်ကြည့်လိုက်မိ၏။
“ တာအိုမိတ်ဆွေ ချန်ကျန့်အဆင်ပြေလား။ ”
နင်စစ်ဟွာနှင့် မုရှီက အနားရောက်လာပြီး မေးသည်။
“ အဆင်ပြေပါတယ် မကြာခင် နိုးလာလိမ့်မယ်။ ”
“ အဲဒီကောင် ဘယ်ကလာတာလဲ ... အခု သေသွားပြီလား။ ”
မုရှီမှ သိချင်သွားသည်။
“ မသေသေးဘူး ... ဒါပေမယ့် မကြာတော့ပါဘူး။ ”
စုရီက ပြန်ဖြေ၏။ သူနှင့် အခြားကမ္ဘာမှ ဝိညာဉ်တို့ စကားဝိုင်းကို မုရှီ ကြားထားခဲ့သည်။ ထို့ကြောင့် တိတ်ဆိတ်သွားတော့၏။
ကျင့်ကြံမှုလမ်းခရီးတွင် သာလွန်မှုကို အောင်မြင်မှုများဖြင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ မည်မျှ ဝေးဝေးသွားနိုင်မည်ကိုသာ ကြည့်၏။
သို့တိုင် လက်ရှိ အချိန်၌ပင် စုရီနှင့် သူ ကွာဟချက်ကြီးမားမှန်း သိရှိလာကာ စိတ်ပျက် သွားတော့သည်။
“ ငါ့ကိုယ်ငါ မဟာကျိုးမှာ ... ပါရမီရှင် တစ်ယောက်လို ပြုမူမိခဲ့တယ် ... ဒါပေမယ့် အခု ငါ့အမြင်က ဘယ်လောက်တောင် ...
... ရယ်စရာ ကောင်းလိုက်လဲ ... ဒီကမ္ဘာကြီးမှာ လူမသိ သူမသိနဲ့ ထူးထူးခြားခြား ပါရမီရှင်တွေ အများကြီး ရှိနေတာကိုး။ ”
မုရှီက တစ်ကိုယ်တည်း ရေရွတ်ကာ သက်ပြင်းချလိုက်၏။ သူ့အမြင်များကို စုရီသည် အကြိမ်ကြိမ်အခါခါ ပြောင်းပြန်လှန်သွားသည်။
သူသည် ကျော်ကြားပြီး အထွတ်အထိပ် စတုတ္ထအဆင့် မဟာသခင်တစ်ဦး ဖြစ်စေကာမူ ၎င်းနှင့် မယှဉ်နိုင်ခဲ့ချေ။
မုရှီ၏ ရှုပ်ထွေးသော ခံစားချက်ကို နင်စစ်ဟွာမှ နားလည်နိုင်၏။ သူမသည်ပင် စုရီနှင့် တွေ့ဆုံပြီးနောက် အသိဥာဏ်များ ထပ်ခါထပ်ခါ ပြောင်းသွားခဲ့ဖူးသည်။
ထိုအချိန်တွင် အမှောင်ထုအတွင်း ကျယ်လောင်သော မိုးခြိမ်းသံများ မြည်လျက် ချန်ကျန့်တစ်ယောက် နိုးထလာ၏။
အိပ်မက်ရှည်ကြီးမှ နိုးထလာသကဲ့သို့၊
“ ငါ … မသေဘူးလား။ ”
-ဟု ရေရွတ်လိုက်သည်။
သူ့နှလုံးခုန်သံများကို တဒိတ်ဒိတ် ပြန်ကြားနေရပြီး ရှုပ်ထွေးစွာ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်၏။
“ သူရဲကောင်းချန် ... စိတ်မပူပါနဲ့ တာအိုမိတ်ဆွေ အကူအညီကြောင့် ... မင်း မသေတော့ပါဘူး။ ”
နင်စစ်ဟွာမှ ပြန်ဖြေပေးသည်။ ချန်ကျန်တစ်ယောက် ခဏမျှ ထိတ်လန့်သွားပြီး မုရှီထံ လှည့်ကြည့်ကာ၊
“ ဒါဆို ငါတကယ် အသက်ရှင် နေသေးတာပေါ့ ... ။ ”
-ဟု ညည်းတွားတော့၏။
ထိုအပြုအမူကြောင့် မုရှီမှ ရယ်လျက်၊
“ ဟား ဟား ဟား ... ဒါဆို ငါတို့ကို တစ္ဆေတွေလို့ မင်းထင်နေတာတော့ မဟုတ်ဘူး မဟုတ်လား သူရဲကောင်းချန်။ ”
-ဟု တုန့်ပြန်လေသည်။
ထိုအချိန်တွင် စုရီက ချန်ကျန့်ထံ ပြန်လှည့်ကြည့်ကာ၊
“ ဘယ်လို ခံစားရလဲ။ ”
-ဟု မေးမြန်း၏။
“ ငါ့စိတ်ထဲမှာ အပိုပစ္စည်းတစ်ခု ရှိနေသလိုပဲ။ ”
“ အဲဒါက ချိပ်ပိတ်ထားတဲ့ ဝိညာဉ်ပဲ ... မင်းရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ကမ္ဘာခြားက ကျင့်ကြံသူတစ်ယောက်။ ”
စုရီစကားကြောင့် မည်မျှ သေဘေးနှင့် နီးခဲ့သည်မှန်း နားလည်လာကာ အေးစက်သော ချွေးများ စီးကျလာခဲ့၏။
ထို့နောက် ချက်ချင်း ဦးညွှတ်လျက်၊
“ ကျေးဇူးတင်ပါတယ် ဆရာစု ... မင်းရဲ့အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ငါအမြဲ အမှတ်ရနေမှာပါ။ ”
-ဟု ကတိပေးတော့သည်။
“ ငါတို့ကြားမှာ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး ... ပြန်ရောက်တဲ့ အခါ မင်းရဲ့ ...
... အသိစိတ်ပင်လယ်ထဲက ဝိညာဉ်ကို သန့်စင်နိုင်တဲ့ ... လျှို့ဝှက် နည်းစနစ်တစ်ခု ငါသင်ပေးမယ်။ ”
ထို့နောက် စုရီက လေထဲ လွင့်မျောနေခဲ့သော သွေးနီအလင်းတန်းကြီးထံ ပြန်ကြည့်ကာ၊
“ နန်းတော်သခင်၊ မင်းနဲ့ မုရှီက ... သူရဲကောင်းချန်ကို အရင်ခေါ်ထုတ်သွားပါ ... သုံးရက်အတွင်း ငါပြန်လာမယ်။ ”
-ဟု အကြံပြုလိုက်၏။
ချန်ကျန့်၊ မုရှီနှင့် နင်စစ်ဟွာက ခေါင်းညိတ်ပြပြီး ထွက်ပေါက်ဆီသို့ ပြန်၍ လျှောက်လှမ်း သွားလေသည်။
“ ဟိတ် ... ။ ”
စုရီက တစ်ဦးတည်း ကျန်ခဲ့ချိန်၌ အသက်ပြင်းပြင်းရှူလျက် သွေးနီအလင်းတန်း ထံသို့ ပျံသန်းလိုက်တော့သည်။
တားမြစ် စွမ်းအားတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာပြီး သူ့အပေါ် လာရောက်ရိုက်ခတ် လေသည်။
“ ထိုက်တန်တဲ့ ... ပြိုင်ဘက်ကောင်း မရှိမှတော့ ငါ့ကိုယ်ငါ နာကျင်စေမဲ့နည်းလမ်းမျိုး ကလွဲပြီး ... အခြားမရှိတော့ဘူး ... ။ ”
စုရီက သက်ပြင်းချကာ ညည်းတွား လိုက်တော့၏။ ဤသည်မှာ အာကာသလှိုင်းဖြင့် အရိုက်ခံကာ သွေးနှင့်ချီကိုအပြီးရန် ဖြစ်သည်။
“ ဘန်း ... ။ ”
သွေးနီအလင်းတန်းနှင့် နီးကပ်ချိန်တိုင်း ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအား တစ်ခုက သူ့အပေါ် ကြာပွတ်တစ်ချောင်းလို ရိုက်ခတ်ချေပြီ။
ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလျက် ထိုသက်ရောက်မှုအပေါ် တွန်းလှန်ရန် ကျင့်ကြံမှု စွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်ရ၏။
“ ဝှစ် ... ။ ”
ထို့နောက် အဖျက်စွမ်းအားလှိုင်းနှင့် လိုက်လျောညီထွေ ဖြစ်လာပြီး ဆက်လက် ရွေ့လျားသွားမိသည်။
“ ဝူး ... ။ ”
များမကြာခင် အာကာသစီးကြောင်းမှ သူ့ကိုဖမ်းမိသွားပြီး တဝုန်းဝုန်း ရိုက်ခတ်လာ၏။ ယင်းသည် မုန်တိုင်းအတွင်း လှိုင်းပုတ်နေသော လှေငယ်တစ်စင်းကဲ့သို့ ယိမ်းထိုးသွားစေသည်။
“ အား ... ။ ”
နာကျင်မှုမှာ အဆုံးမရှိဖြစ်လာ၏။ တိမ်ထင်းရှူး စွမ်းအင်ကျင့်ကြံမှု နည်းစနစ်ကို လှည့်ပတ်ကာ အာကာသစီးကြောင်းအတွင်း ကြံ့ကြံ့ခံကာ ရပ်နေလိုက်ရသည်။
“ ဝုန်း ... ။ ”
အဖျက်စွမ်းအားများက တဟုန်းဟုန်း တောက်နေသော ပင်လယ်လှိုင်းများ ကဲ့သို့ပင် အဆက်မပြတ်ရိုက်ခတ်လာ၏။
“ အား ... ။ ”
သက်ရောက်မှုတိုင်းသည် ပေါင်တူကြီး တစ်လက်နှင့် ထုနှက်နေသလိုပင်။ အရေပြား၊ အရိုး၊ သွေးနှင့် အတွင်းအင်္ဂါများ တဆက်ဆက် တုန်ယင်လျက် သွေးများဖြင့် လူးလှိမ့်နေ၏။
“ ဝုန်း ... ။ ”
သူ့အတွက် ရွေးချယ်စရာ မရှိချေ။ ထိုက်တန်သော ပြိုင်ဘက်မရှိသဖြင့် အထီးကျန် လှချေပြီ။ ထို့ကြောင့် တာအိုကြယ်ချီမျိုး ရရှိရန် အရက်စက်ဆုံး နည်းလမ်းကို ရွေးချယ်လိုက် ရခြင်းဖြစ်၏။
တစ်ဖက်တွင်လည်း အာကာသ စီးကြောင်းကို အန်တုနေရသည်။ သတိမထား ခဲ့သော် မျောပါ ပျောက်ကွယ်သွားနိုင်၏။ အသက်နှင့် သေခြင်း ပေပင်။
“ ဝှစ် ... ။ ”
နာရီဝက်ကုန်လွန်ပြီးနောက် ဆက်၍ သည်းမခံနိုင်တော့ဘဲ ချက်ချင်း ဆုတ်ခွာကာ မြေပြင်ပေါ်ဆင်းသက်လျက် ဆေးပြားတစ်ပြား သောက်သုံးလိုက်ရ၏။
မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေကာ အရေပြားများ စုတ်ပြဲလျက် ခြေလက်များ တုန်ယင်နေ၏။ စစ်မှန်သော စွမ်းအင်များ လုံးဝ ကုန်ဆုံးသွားခြင်း ဖြစ်ချေပြီ။
လက်ရှိအချိန်၌ ပုရွက်ဆိတ်တစ်ကောင် ကိုပင် သတ်မနိုင်လောက်အောင် အားအင်များ ကုန်ခမ်းနေ၏။
“ ကံကောင်းတဘ် ... ငါ သူတို့ကို ထွက်သွားခိုင်းလိုက်တာ မဟုတ်လို့ ... သူတို့ ရှိနေသေးရင် ရှက်စရာပဲ ... ။ ”
အတွေးဖြင့် ရှက်ရွံ့စွာ ပြုံးလိုက်မိ၏။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး ဆေးပြားကို သန့်စင်တော့သည်။
“ ဝှစ် ... ။ ”
သုံးနာရီ ကုန်လွန်သွားပြီးနောက် အထွတ်အထိပ်ခွန်အားများ ပြန်လည်ရရှိကာ သွေးနီအလင်းတန်းထံသို့ ခုန်ဝင်သွားမိ၏။
ဤတစ်ကြိမ်၌ အာကာသ စီးကြောင်းအတွင်း တိုက်ရိုက် ဦးတည်လိုက် တော့သည်။ မဟာတာအို၌ ဖြတ်လမ်းမရှိချေ။ တုနှိုင်းမဲ့ ကျွမ်းကျင်သူတစ်ဦး ဖြစ်လိုသော် ထက်သန်သောလုံးလ ရှိရပေမည်။
ဤနည်းဖြင့်သာ စုရွှမ်ကြွယ်ဘဝ၌ အရိုင်းမြေကိုးပါးကို ဓားတစ်လက်နှင့် ကြီးစိုး နိုင်ခဲ့ခြင်းဖြစ်၏။
လက်ရှိဘဝသို့ လူပြန်ဝင်စားခြင်းသည် ထို့ထက်ပို၍ ဝေးဝေး လျှောက်လှမ်းနိုင်စေရန် ပေပင်။ ဤနည်းဖြင့် နှစ်ရက်ကုန်လွန်သွား၏။
“ ဝှစ် ... ။ ”
ယိမ်းထိုးနေသော အသွင်အပြင်ဖြင့် စုရီတစ်ယောက် မြေပြင်ပေါ် ပြုတ်ကျသွားခဲ့ ပြန်သည်။ ခန္ဓာကိုယ်အနှံ ပြတ်ရှရာများမှ သွေးများစီးကျနေ၏။
သို့သော် လေကို အလောတကြီး ရှူရှိုက်နေသော သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ထင်ဟပ်နေခဲ့သည်။
“ အောင်မြင်ပြီ ... ။ ”
အဆုံးတွင် တာအိုကြယ်ချီကို အလုံးစုံ သန့်စင်နိုင်ပြီး ဖြစ်ချေ၏။ ပြီးပြည့်စုံသော ချီ စုစည်းခြင်း အဆင့် ပေပင်။
***