ဒါဆိုလုံလောက်ပြီ။
Vol. 17 Ch. 196
သည်မျှ ကြီးမားသော လက်ဆောင်ကို ပေးခဲ့သော်မှ ငြင်းပယ်ခံလိုက်ရသဖြင့် ပုရီခမျာ ကူကယ်ရာမဲ့သွားချေပြီ။
“ အရင်က ငါပြောဖူးပါတယ် ... သခင်လေးစုရဲ့မာနက အရိုးထိအောင် နက်ရှိုင်း နေတယ် ... ရတနာတွေလောက်နဲ့ မင်းသူ့အနား ရောက်ဖို့မစဉ်းစားတာ အကောင်းဆုံးပဲ။ ”
မုရှီစကားကြောင့် ပုရီက ခဏမျှ တိတ်ဆိတ်သွားကာ၊
“ ဘုရင်ငယ် ပြောတာမှန်ပါတယ် ... ငါအရမ်း အလျင်လိုသွားတယ်။ ”
“ ကောင်းပြီ ဒီအကြောင်း မပြောရအောင်။ ”
သို့တိုင် တစ်ဖက်တွင် မုရှီနှလုံးသားမှာ ရှုပ်ထွေးနေဆဲဖြစ်သည်။ သူဟူသည် တစ်ချိန်က လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရ၏။
ယခုမူ စုရီက ထိုနေရာကို ယူသွားသည်။ အနှောက်အယှက် အဖြစ်ဆုံးမှာ သူကိုယ်တိုင် စုရီကို လက်ဆောင်ပေးရန် စဉ်းစားနေမိခြင်း ဖြစ်သည်။
ဤသဘောထားသည် တစ်ဖက်လူနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ်ထူထောင် လိုကြောင်း မြင်သာနေ၏။
“ ဘုန်း ... ။ ”
ထိုစဉ် ယဇ်ပလ္လင် (၁၀၈)လုံးတို့သည် တဟုန်ထိုးမြည်ဟည်းလျက် တောက်ပနေသော သင်္ကေတများ ထွက်ပေါ်လာ၏။
လူတိုင်း ထိတ်လန့်စွာ ပြန်ကြည့်မိစဉ် မြေပြင်ရှိ အက်ကွဲကြောင်းကြီးမှာ တရွေ့ရွေ့ ပြန်ပိတ်လာတော့သည်။
အဆုံးတွင် မူလမြေပြင်အတိုင်း ကျန်ရစ်ခဲ့ချေ၏။ ကောင်းကင်မှ ငုံ့ကြည့်သော် ယဇ်ပလ္လင် (၁၀၈)လုံးသည် လေးထောင့်ပုံစံ အဖြစ် ပြောင်းလဲသွားချေပြီ။
“ ဝုန်း ... ။ ”
ထို့နောက် စုရီက သူ့လက်ကို ဝှေ့ယမ်းပစ်လိုက်ရာ ယဇ်ပလ္လင် (၁၀၈)လုံးပင် မြေကြီးထဲ နစ်မြုပ်ပျောက်ကွယ်သွားခဲ့၏။
“ တာအိုမိတ်ဆွေ ... ဒါဘာလုပ်တာလဲ။ ”
နင်စစ်ဟွာက ရှေ့တိုးလာပြီး မေးသည်။
“ ဝင်္ကပါကို ပြင်ပေးလိုက်တာ ... ငါးနှစ်အတွင်း မြေအောက်ကမ္ဘာရဲ့ အာကာသ အတားအဆီးကို အခြားကမ္ဘာရဲ့ ကျင့်ကြံသူတွေ ဖြတ်ကျော်လာနိုင်တော့မှာ မဟုတ်ဘူး။ ”
“ ဟမ့် ... ငါးနှစ်ပဲလား။ ”
“ ငါ ... မပြင်ရင် သုံးနှစ်အတွင်းမှာ အာကာသအတားအဆီးတံဆိပ် ပျက်ပြယ်သွား လိမ့်မယ်။ ”
ထိုစကားကြောင့် လူတိုင်း မျက်နှာ ပြောင်းလဲသွားတော့သည်။ ဆိုလိုသည်မှာ ဤဘေးဆိုးကြီးကို နောက်ထပ် နှစ်နှစ်ကြာ ရွေ့ဆိုင်းပေးလိုက်ခြင်းမည်ချေ၏။
“ တာအိုမိတ်ဆွေ သူတို့က ဘာလို့ လာချင်နေကြတာလဲ။ ”
“ ဒါတော့ပြောဖို့ခက်တယ်၊ ဒါပေမယ့် သေချာတာကတော့ ... ဒီမိုးပြာတိုက်ကြီးဟာ မရိုးရှင်းဘူးဆိုတာပဲ ... ။ ”
စုရီအတွက်မူ စိတ်ထဲ၌ အချို့အရာများကို မှန်းဆထားပြီးဖြစ်၏။ သို့သော် ဤအဖြေများမှာ မရေရာသော ကောက်ချက်များသာ ဖြစ်သောကြောင့် ထုတ်မပြောလိုချေ။
နေဝင်ရီတရောအချိန်တွင် လူတိုင်း သွေးနတ်ဆိုးတောင်တန်းမှ ထွက်ခွာလာခဲ့ ကြသည်။ အပြာရောင် သံချပ်ကာ တပ်ရင်းသို့ ပြန်ရောက်ပြီးနောက် ချန်ကျန့်မှ ဧည့်ခံပွဲ တစ်ခုကို ပြုလုပ်ပေးခဲ့၏။
နောက်နေ့မနက်တွင် မုရှီ၊ ပုရီ၊ ကျန့်တန်းယွင်နှင့် လုချန်ဖန်တို့က နှုတ်ဆက် ထုတ်ခွာသွားကြသည်။
စုရီက ချန်ကျန့်နှင့်အတူ ပန်းပဲရုံအတွင်း ရောက်ရှိလာ၏။ နှစ်ယောက်သား ကြီးမားသော ကြေးမီးဖိုကြီး တစ်ခုရှေ့တွင် ရပ်နေကြသည်။
“ ဒါက ဝိညာဉ်လက်နက်တွေကို သန့်စင်ဖို့အတွက် အသုံးပြုနိုင်တဲ့ ... မြေမိစ္ဆာ ယန်မီးတောက် မီးဖိုပဲ။ ”
မီးဖိုအတွင်း၌ အနက်ရောင် မြေမီးတောက်တစ်စ လောင်ကျွမ်းနေခဲ့ကာ မီးညွှန့်များ တဖျပ်ဖျပ်ခတ်နေ၏။
“ ကောင်းတယ် ... ငါ့ကို ဘယ်သူ့ကိုမှ မနှောင့်ယှက်ပါစေနဲ့။ ”
“ နားလည်ပါပြီ ... ။ ”
ချန်ကျန့်က နာခံမှုရှိစွာဖြင့် ထွက်ခွာသွားတော့၏။ စုရီတစ်ယောက်တည်း ကျန်ရှိသည့်အချိန်တွင် လက်ဝှေ့ယမ်းပြီး ပစ္စည်းများကို ထုတ်ယူလိုက်သည်။
၎င်းတို့အတွင်း အဖိုးတန်ဆုံးပစ္စည်းမှာ ဥက္ကာသံခေါ် ကြယ်သံတစ်စဖြစ်ပြီး ပဉ္စမတန်း ဝိညာဉ်ရေးပစ္စည်းပေပင်။
ငွေရောင်ကဲ့သို့ တောက်ပကာ ရေခဲကဲ့သို့အေးစက်ပြီး အလွန်သိပ်သည်းသော ကြယ်အနှစ်သာရများ ပါရှိ၏။ အခြားသော ဝိညာဉ်ရေး ပစ္စည်းများမှာ တတိယတန်းနှင့် စတုတ္ထတန်းအဆင့် ဖြစ်သည်။
“ ဓားတစ်လက် သန့်စင်တာထက်၊ ဒီတစ်ကြိမ်အမည်ခံဓားသန္ဓေသားရဲ့ စွမ်းအားကို တံဆိပ်ခတ်တာ ပိုကောင်းမယ် ... ။ ”
အတွေးတစ်ခုရလာပြီး လုပ်ငန်းစဉ်ကို ပြောင်းလဲလိုက်သည်။ ဤအရာများ ယှဉ်သော် အမှောင်နတ်သစ်သားသည် များစွာ တန်ဖိုးရှိချေ၏။
၎င်းသည် ပြီးပြည့်စုံသော ဝိညာဉ်ရေးလက်နက်မျိုး မဟုတ်သော်လည်း အရည်အသွေးသည် သာမန်ဝိညာဉ်ရေး လက်နက်များထက် သာလွန်သည်။
မူလတာအိုကျွမ်းကျင်သူများ၏ အထွတ်အထိပ်ခွန်အားသည်ပင် ဤဓားထက် နိမ့်ကျပေလိမ့်မည်။
ထို့ကြောင့် လက်ရှိအင်အားဖြင့် ဤအမည်ခံဓားသန္ဓေသားကို သူ အသုံးပြုသော် ဆယ့်ငါးမိနစ်ခန့်သာ ကိုင်ဆွဲနိုင်မည်။
အကြောင်းရင်းမှာ ဤဓား၏စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်ရန် ခွန်အားအပေါ် အလွန်အမင်း သုံးစွဲရချေပြီ။
အခြားသော မဟာသခင်များဆိုသော် ဓားပင် ကိုင်နိုင်မည် မဟုတ်ချေ။
“ ကောင်းပြီ ... အရင်ဆုံး ကြယ်သံကို အရည်ကျိုကြရအောင် ဒါရှားပါးတဲ့ ဝိညာဉ်ရေး ပစ္စည်းတစ်ခုပဲ ...
... အရည်ကျိုပြီးရင် ဓားသန္ဓေသားနဲ့ ပေါင်းစပ်ရမယ် ... ဒါမှ ဓားကိုယ်ထည်ပေါ်မှာ ဝိညာဉ်ဝါးမျိုခြင်း အမိန့်ကိုရေးထိုးနိုင်မယ်။ ”
ဤနည်းဖြင့် ဓားသန္ဓေသားသည် ဝိညာဉ်စွမ်းအင်များကို ကိုယ်တိုင်စုပ်ယူကာ အားဖြည့်နိုင်မည်ဖြစ်၏။
***
“ မာရှန်းဝေ၊ မင်းနှလုံးသားထဲမှာ လက်စားချေမယ့် အတွေးကို စွန့်လွှတ်ဖို့ ငါ အကြံပေးချင်တယ်။ ”
ထိုအချိန်တွင် ချန်ကျန့်က ဒုတပ်မှူး မာရှန်းဝေနှင့် စကားစမြည်ပြောကြားနေ၏။ သူ့စကားကြောင့် မာရှန်းဝေက အံ့အားသင့် တိတ်ဆိတ်သွားသည်။
“ ဒါပေမယ့် အရေးမကြီးပါဘူး၊ မင်းရဲ့အစွမ်းအစနဲ့ လက်စားချေဖို့ ဘယ်တော့မှ အခွင့်အရေး ရှိလာမှာ မဟုတ်ဘူးဆိုတာ ...
... ငါပြောရဲတယ် မင်းယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒါမင်းရဲ့ရွေးချယ်မှုပဲ ငါတို့ ခင်မင်မှုအရ မင်းကို သတိပေးပြီးပြီ။ ”
“ ဒါ ... ။ ”
မာရှန်းဝေတစ်ယောက် တုန်ယင် သွားတော့သည်။ ချန်ကျန့်မှ သက်ပြင်းချကာ၊
“ နင်းယင်ကို မင်းဖမ်းထားတယ် မဟုတ်လား သွားသတ်လိုက်ပါ ငါ့နယ်မြေမှာ မိန်းမတစ်ယောက်ကြောင့် နောက်ထပ် ပြဿနာတွေ မလိုချင်ဘူး။ ”
“ နားလည်ပါပြီ။ ”
အဆုံးတွင် မာရှန်းဝေတစ်ယောက် ထွက်ခွာသွားတော့သည်။ များမကြာခင်မှာပင် ကျန်းရီရန် ရောက်ရှိလာ၏။
“ ဆရာ ... မီးဘုရင် ရှဟိုလင်းဆီက စာလာပါတယ်။ ”
“ မီးဘုရင်လား ... ။ ”
ချန်ကျန့်ခမျာ အံ့အားသင့်သွားသည်။ သူတို့နှစ်ဦးသည် ငယ်စဉ်က ခင်မင်ရင်းနှီးဖူး၏။ သွေးသောက် အဆင့်မျိုး မဟုတ်သော်လည်း ဆက်ဆံရေးကောင်း ရှိသည်။
စာဖတ်ပြီးနောက် ချန်ကျန့်မျက်နှာတွင် ရှုပ်ထွေးမှုဖြစ်ပေါ်လာတော့၏၊ အကြောင်းရာ များသည် အလွန်ရိုးရှင်းချေပြီ။ စုရီနှင့်သူ၏ ဆက်ဆံရေးကို ဖြတ်တောက်ရန် အကြံပြုထားခြင်းဖြစ်၏။
ရှဟိုလင်းသည် စုမိသားစုမှ ဆင်းသက်လာသော ဘုရင်တစ်ပါးဖြစ်သည်။ စုဟုန်လီ၏ လမ်းပြမှုဖြင့် ဤအဆင့်သို့ ရောက်ရှိလာခြင်းပေပင်။
“ သူရဲကောင်းရှန့်နဲ့ သွားတွေ့ကြရအောင်။ ”
အဆုံးတွင် မေးမြန်းရန်အတွက် မတ်တပ်ထရပ်ပြီး ကျန်းရီရန်နှင့်အတူ ထွက်ခွာ လာခဲ့သည်။ ရှန့်ကျိစုန်က သူ့တည်းခိုအိမ်တွင် တစ်ယောက်တည်း အရက်သောက်နေ၏။
ချန်ကျန့်နှင့် ကျန်းရီရန်ကို မြင်သောအခါ ထရပ်ကာ ကြိုဆိုလေသည်။ အကြောင်းရင်းကို သိရှိပြီးနောက် ရှန့်ကျိစုန်မျက်ဝန်းများ မှေးစင်းသွားကာ၊
“ ဟမ့် ... တကယ်ပဲ စုမိသားစုက ဆရာစုအပေါ် အရေးယူဖို့ စီစဉ်နေတာလား။ ”
-ဟု ညည်းတွားလိုက်တော့၏။
“ အစ်ကိုရှန့်၊ ဘာတွေဖြစ်နေတာလဲ။ ”
ချန်ကျန့်မှ သိချင်စိတ် ပြင်းပြလာသည်။ ရှန့်ကျိစုန်က အနောက်တောင်ထိပ် လူသတ်ပွဲ အကြောင်း ပြန်လည်ဝေမျှလိုက်၏။
သို့မှသာ ချန်ကျန့်တစ်ယောက် ဖြစ်ပျက်နေသည့် အရာများကို နားလည်သွားပြီး တိတ်ဆိတ်သွားတော့သည်။
“ အစ်ကိုချန်၊ မင်းလိုလူကိုတောင် စုမိသားစုက သတိပေး ခြိမ်းခြောက်ဝံ့တယ် ... ဒါဆို ဆရာစုနဲ့ပတ်သက်တဲ့ တခြားလူတွေ အပေါ်လည်း ပစ်မှတ်ထားခံရမှာ ကြောက်မိပါတယ်။ ”
ရှန့်ကျိစုန်မှ တွေးဆဆဖြင့် ပြောသည်။
“ ဟမ့် ... ဒါဆိုတကယ်ပဲ ကိစ္စက လေးနက်သွားပြီ။ ”
ချန်ကျန့်က မှတ်ချက်ပေးလိုက်တော့၏။ သုံးနာရီ ကုန်လွန်ပြီးနောက် ကြည်လင်သော ရေစီးသံကဲ့သို့ ဓားမြည်သံ ထွက်ပေါ်လာသည်။
ဤဓားသည် အလျားသုံးပေနှင့် နှစ်လက်မရှိကာ အကျယ် သုံးလက်မ ရှိ၏။ ဓားကိုယ်ထည်သည် မှင်ကဲ့သို့ နက်မှောင်ပြီး ပုစဉ်းရင်ကွဲ တောင်ပံအလား ပါးလွှာသည်။
စွမ်းအင်အနှစ်သာရများ လောင်းထည့်လိုက်ရာ ဓားနက်ကိုယ်ထည်မှ ရှုပ်ထွေးသော အစီရင်ပုံစံတစ်ခု အသက်ဝင် လာတော့၏။
ဤသည်မှာ ဝိညာဉ်ဝါးမျိုခြင်း တားမြစ်အမိန့်ဖြစ်သည်။ အရိုင်းမြေကိုးပါး၌ ကျော်ကြားလှသည့် မိစ္ဆာလမ်းစဉ်ဖြစ်သည်။
မဟာမိစ္ဆာဂိုဏ်း သုံးခု အနက်မှ တစ်ခုဖြစ်သော မရဏနတ်ဆိုးဂိုဏ်း၏ အမွေဖြစ်သည်။
၎င်းတွင် စုစုပေါင်း အမိန့်ကိုးခုကို မှတ်တမ်းတင်ခဲ့ပြီး ဂိုဏ်းတည်ထောင်သူသည် ကောင်းကင်မိစ္ဆာဧကရာဇ် ဖြစ်သည်။
လက်ရှိ ဓားသန္ဓေသားအပေါ်၌ ရေးထွင်းထားခဲ့သော ဝိညာဉ်မျိုခြင်းအမိန့်သည် အခြေခံအကျဆုံးတစ်ရပ် ဖြစ်၏။
အကျိုးဆက်အရ ပြီးပြည့်စုံသော ဝိညာဉ်ဝါးမျိုခြင်းအမိန့်စာထက် အဆများစွာ အားနည်းသည်။
အကယ်၍သာ မူလအတိုင်း အစွမ်းမျိုး ရရှိအောင် ထွင်းထုလိုက ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံမှုရှိနေရပေမည်။
“ ဒီဓားက ဝိညာဉ်အဆင့်မှာ ... မဟုတ်ပေမယ့် ပထမအဆင့် မဟာသခင်ရဲ့ စွမ်းအားကို ...
... အပြည့်အဝ ပြသနိုင်ပါပြီ ... လောလောဆယ်တော့ အမှောင်နတ်ဓားလို့ပဲ ခေါ်ရအောင်။ ”
စုရီက ဓားကိုသိမ်းဆည်းကာ ပန်းပဲရုံမှ ထွက်ခွာလာခဲ့သည်။
“ ဆရာစု တစ်ခုခုဖြစ်နေပြီ။ ”
နင်စစ်ဟွာ၊ ရှန့်ကျိစုန်နှင့် ချန်ကျန့်က ပန်းပဲရုံအပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေ ခဲ့၏။ ချန်ကျန့်က ရှေ့လှမ်းတက်ကာ မီးဘုရင် ထံမှ ခြိမ်းခြောက်စာ အကြောင်းကို ပြန်ပြောင်း ပြောပြလိုက်သည်။
ထိုစကားကြားသောအခါ စုရီမှ မျက်ခုံးပင့်လျက် နင်စစ်ဟွာထံ လှည့်ကြည့်ပြီး၊
“ စုမိသားစုရဲ့ စွမ်းအားက ... ကောင်းကင်မူလအကယ်ဒမီကို ခြိမ်းခြောက်ဖို့ လုံလောက်သလား။ ”
“ နည်းနည်းတော့ ... ပရမ်းပတာ ဖြစ်နိုင်ပေမယ့် ... မဟာအကြီးအကဲနဲ့အတူ လင်ရွယ်နဲ့ချာကျင် ဘေးကင်းပါလိမ့်မယ်။ ”
“ ဒါဆို အဆင်ပြေပြီ။ ”
စုရီမှ ခေါင်းညိတ်ကာ ပြန်လည် ငြိမ်သက်သွားတော့သည်။
***