← Chapters

ကံဆိုးသော လူငယ်လေး ... ။

Vol. 17 Ch. 197

ကံဆိုးသော လူငယ်လေး ... ။

Vol. 17 Ch. 197

“ ဒါပေမယ့် ... ဒီကိစ္စအပေါ် ငါတို့တွေ ... ပေါ့ပေါ့တန်တန် ကိုင်တွယ်လို့မရဘူး ဆရာစု စုမိသားစုက မင်းနဲ့ဆက်နွှယ်နေတဲ့ လူတွေကို အရေးယူနေပြီလို့ ငါသံသယရှိတယ်။ ”

ရှန့်ကျိစုန်၏ အလေးအနက် သတိပေးလိုက်တော့သည်။ ထိုစကားကြောင့် စုရီ အကြည့်များ အေးစက်သွားပြီး၊

“ ဒါဆို သူတို့ဆီက တန်ကြေးတစ်ခု ငါပြန်ယူမယ်။ ”

-ဟု တုန့်ပြန်ပြောကြားလာ၏။

သူ့လေသံသည် တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးရှိသော်လည်း လူသတ်လိုသော ခံစားချက်များ ပါရှိကြောင်း လူတိုင်း သတိပြုမိလိုက်လေသည်။

“ သွားရအောင် ... ။ ”

“ ကျီး ... ။ ”

ထို့နောက် လေးယောက်သား လင်းယုန်စိမ်းကို စီးနင်းလျက် အင်ပါယာမြို့သို့ ချက်ချင်း ပြန်လာခဲ့ကြ၏။

“ ဝှစ် ... ။ ”

အင်ပါယာမြို့တော်၏ လမ်းများပေါ်တွင် လူအသွားအလာများ အမြဲစည်ကားနေသည်။ တိမ်ပင်လယ်စံအိမ်သို့ ပြန်ရောက်သောအခါ စုရီက ဦးစွာ ခုန်ချလိုက်သည်။

ထို့နောက် ကြာရေကန်ဘေးတွင် တင်ပျဉ်ခွေထိုင်လျက် ငါးမျှားနေသော လူငယ် တစ်ဦးထံ လှမ်းကြည့်လိုက်တော့၏။

ထိုလူငယ်က စုရီနှင့်အဖွဲ့ ရောက်ရှိလာသည်ကို သိရှိနေဟန်ဖြင့် လှည့်ကြည့်ကာ ပြုံးပြသည်။

“ တတိယသခင်လေး နောက်ဆုံးတော့ မင်းရောက်လာပြီ။ ”

“ ဟမ့် ... ကောင်းကင်ဘုံကြီးစိုးခြင်း သူရဲကောင်း ယွီချင်း ... မင်းဒီမှာ ဘာလုပ် နေတာလဲ။ ”

ရှန့်ကျိစုန်မှ အနည်းငယ် အံ့ဩသွားသည်။ တစ်ဖက်လူသည် ဒေါသကြီးပြီး လွှမ်းမိုးချုပ်ကိုင် လိုသူတစ်ဦးဖြစ်၏။

စုဟုန်လီမှတပါး မည်သူ့အမိန့်ကိုမျှ မနာခံတတ်ချေ။ ငယ်ရွယ်ပြီး ပါးနပ်လှသော စတုတ္ထအဆင့် မဟာသခင်ဖြစ်သည်။

သူရဲကောင်းများကြားတွင် ၎င်း၏ အရိုးခွဲဆေဘာဓားရေးသည် အင်ပါယာတခွင် ကျော်ကြားချေ၏။

“ မနှောက်ယှက်နဲ့၊ ငါတို့ရဲ့ တတိယ သခင်လေးနဲ့ စကားပြောနေတယ်။ ”

ယွီချင်းမှ ပြန်မဖြေဘဲ ရှန့်ကျိစုန်ကို တုန့်ပြန်သတိပေးသည်။ စုရီက လက်ကာပြ လိုက်ကာ၊

“ မင်းကို ဘယ်သူ ဝင်ခွင့်ပြုလိုက်တာလဲ။ ”

-ဟု တိုက်ရိုက်မေးလိုက်၏။

ယွီချင်းမှ လှောင်ပြုံးဖြင့် စာရွက်တစ်ရွက် ထုတ်ယူပြီး ပစ်ပေးလာသည်။

“ ဒီအိမ်ကို ငါဝယ်လိုက်ပြီ ... တတိယသခင်လေး ... ။ ”

နင်စစ်ဟွာ၊ ရှန့်ကျိစုန်နှင့် ချန်ကျန့်တို့က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက် ကြသည်။

“ ငါပိုင်ရှင်ကို ငှားရမ်းခ တစ်နှစ်စာ ပေးထားတယ်။ ”

“ ဟား ဟား ဟား ... တတိယသခင်လေး၊ ချန်ကျင်းလုံအကြောင်း မင်းပြောချင်တာလား ... တစ်ယောက်ယောက် ငါ့ဆီ ခေါ်လာစမ်း။ ”

သန်မာသော လူနှစ်ယောက်က ချန်ကျင်းလုံကို ရေကန်ဘေးသို့ ဆွဲခေါ်လာပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

ချန်ကျင်းလုံမှ ဆံပင်များ ရှုပ်ပွလျက် ထိတ်လန့်ကြောက်ရွံ့စွာဖြင့်၊

“ ငါ့ကိုမသတ်ပါနဲ့ ... ငါ့ကိုမသတ်ပါနဲ့ မင်းတို့ပြောခဲ့တဲ့အတိုင်း အိမ်ကိုရောင်းသရွေ့ ငါ့အသက်ကို ချမ်းသာပေးရမယ်။ ”

-ဟု ချက်ချင်း တောင်းပန်တော့သည်။

“ စိတ်အေးအေးထားပါ။ ”

ယွီချင်းကပြုံးပြီး ခေါင်းငုံ့ထားသော ချန်ကျင်းလုံ၏ မေးရိုးကို မတင်လိုက်သည်။

“ ငါမင်းကို မေးချင်တယ် ဒီစံအိမ်ကို ဘယ်သူပိုင်လဲ။ ”

“ မင်းတို့ ပိုင်တယ် ... မင်းတို့ပိုင်ပါတယ်။ ”

“ ဒါဆို နောက်ဆုံး မေးခွင့်ပြုပါဦး ... တစ်ယောက်ယောက် ဒီအိမ်ကို ငှားထားတယ် ဆိုရင် ... မင်းဘာဆက်လုပ်မလဲ။ ”

“ ပြန်အမ်းလိုက်ပါမယ် ... အမ်းလိုက်ပါ့မယ့်။ ”

ချန်ကျင်းလုံမှ ချက်ချင်း ပြန်ဖြေသည်။ ယွီချင်းကပြုံးလျက် ခါးဆန့်လိုက်ကာ စုရီထံ ပြန်မော့ကြည့်တော့၏။

“ တတိယသခင်လေး၊ မင်းကြားလား ဒီအိမ်ကို မင်းငှားထားပေမယ့် အိမ်ငှားခကို ငါ ပြန်ပေးနိုင်တယ်။ ”

ထို့နောက် ရွှေစအချို့ ထုတ်ယူပြီး၊

“ ဒါက မင်းရဲ့ တစ်နှစ်စာ ငှားရမ်းခနှစ်ဆလျော်ကြေးငွေပဲ ... ဘယ်လိုလဲ အဆင်ပြေမလား။ ”

-ဟု ပြောကြားလာသည်။

သို့မှသာ ချန်ကျင်းလုံက စုရီကို သတိထားမိသွားပြီး ထိတ်လန့်တကြားဖြင့်၊

“ အစ်ကိုစု၊ ဒါအတင်းအကျပ် ခိုင်းစေခံခဲ့ရတာပါ ... ငါငြင်းရင် သတ်ပစ်မယ်လို့ ငါ့ကိုပြောပါတယ်။ ”

-ဟု ငိုကြွေး လာတော့သည်။

“ ဒါတော့ မကောင်းဘူး ... မင်းလို မဟာကျိုးရဲ့ သူရဲကောင်းတစ်ယောက်က ဒီလို အရှက်မဲ့သလား။ ”

စုရီအေးစက်စွာဖြင့် ယွီချင်းထံ တိုက်ရိုက်ပြောသည်။ ယွီချင်းမှ သူ့နှာခေါင်းကို ပွတ်သပ်လျက်၊

“ ဘာဖြစ်လဲ ... ငါမင်းနဲ့ အမြန်ဆုံး တွေ့ချင်တယ် ဒီမှာစောင့်ဖို့ကလွဲလို့ ရွေးစရာ နည်းလမ်း မရှိတော့ဘူး၊ ဒီနေရာကို အရင် မဝယ်ဘဲ ငါစောင့်နေခဲ့မယ်ဆိုရင် ငါ့မှာ အပြစ်ရှိတယ် မဟုတ်လား။ ”

-ဟု တုန့်ပြန်လာ၏။

စုရီက စကားမဆိုတော့‌ချေ။

“ တတိယသခင်လေး ... မင်း မသိသေးပေမယ့် ... မင်းရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆွေအချို့က မင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ထားကြပါတယ် ...

... မနက်ဖြန် ပြည်နယ်သခင်စံအိမ်ကို သွားပြီးရင် မင်းရဲ့အခြေအနေအပေါ် ဒီထက် နားလည်လာလိမ့်မယ်လို့ ငါယုံကြည့်တယ် ...

... အခုတော့ ဒီအိမ်ကို မင်းအတွက် လက်ဆောင်အဖြစ် ငါပေးမယ် ... ကျေးဇူးပြုပြီး ရွှေစတွေကို ကောက်သိမ်းဖို့လည်း မမေ့ပါနဲ့ဦး ဟား ဟား ဟား ... ။ ”

ထို့နောက် သူ့လက်အောက်ငယ်သား နှစ်ယောက်နှင့်အတူ ရယ်မောလျက် ထွက်ခွာ သွားတော့သည်။

“ ရပ်စမ်း ... ။ ”

ချန်ကျန့်က အော်ဟစ် ဟန့်တားလိုက်၏။

“ ဟမ့် ... ဝိညာဉ်သိုင်းသမားချန်ကျန့် မင်းငါ့ကိုတိုက်ဖို့ စိတ်ကူးရှိနေတယ်လို့ မပြောနဲ့ ငါဒီကို သံတမန်အဖြစ်လာတာ ငါသာ ...

... ဒီမှာတစ်ခုခု ဖြစ်သွားခဲ့ရင် တတိယသခင်လေးနဲ့ အဆက်အသွယ်ရှိတဲ့ ... လူအနည်းငယ်အတွက် သေချာပေါက် ဒုက္ခ ရောက်ရလိမ့်မယ်လို့ ငါပြောရဲတယ်။ ”

ယွီချင်းမှ လှည့်မကြည့်ဘဲ ပြန်လည် ပြောကြားလာတော့သည်။ ဤအမူအရာနှင့် ဤလေသံသည် နင်စစ်ဟွာကိုပင် သတ်ဖြတ် လိုစိတ်များ ဖြစ်ပေါ်လာစေ၏။

သူမဘဝတွင် ဤမျှစက်ဆုပ်ရွံရှာဖွယ် ကောင်းသော တစ်စုံတစ်ဦးကို တစ်ကြိမ်မျှ မမြင်ဖူးသေးချေ။

“ သူ သွားပါစေ ... မနက်ဖြန်မနက် မိုးလင်းရင် ဒီနေ့အတွက် သူ ပြန်ပေးဆပ်ရ လိမ့်မယ်။ ”

စုရီက နင်စစ်ဟွာကို တားဆီးလိုက်၏။

“ ဟား ဟား ဟား ... ကောင်းပြီ ... မင်းငါ့ကိုဘယ်လို သင်ပေးမလဲဆိုတာ တကယ် စောင့်မျှော်နေပါတယ် တတိယသခင်လေး။ ”

ယွီချင်းက လှောင်ပြုံးဖြင့် စုရီထံ ပြန်လှည့်ကြည့်ကာ ဦးညွှတ်လိုက်တော့သည်။ ထို့နောက် ၎င်းအမူအရာအတိုင်း နောက်ပြန် ဆုတ်ကာ ထွက်ခွာသွားတော့၏။

“ တာအိုမိတ်ဆွေ ... ဒီကိစ္စကို ဘယ်လိုမြင်လဲ ... ။ ”

ရှန့်ကျန်စုန်နှင့် ချန်ကျန့်သည်လည်း စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်တော့သည်။ စုရီသည်သာ ယခင်အတိုင်း တည်ငြိမ်နေ၏။

“ စုမိသားစုက ... ငါ့ကိုချုပ်ကိုင်ဖို့ တခြားလူတွေရဲ့ဘဝကို အသုံးချင်ရင် ... ဒါက တန်ဖိုးကြီးလိမ့်မယ်။ ”

သူ့အကြည့်များသည် အေးစက် မောက်မာလွန်းချေပြီ။ ကြိမ်ကုလားထိုင်ကို ကြာကန်ဘေးတွင် နေရာချလျက်၊

“ ဒါပေမယ့် သူတို့ သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ အခု အရေးမကြီးတော့ဘူး ဒီအတွက် အကျိုးဆက်ကို ပေးဆောင် ရလိမ့်မယ်။ ”

-ဟု ကြေငြာလိုက်တော့၏။

ထို့နောက် နင်စစ်ဟွာထံ လှည့်ကြည့်လိုက်ပြီး၊

“ နန်းတော်သခင် မင်းပြန်သင့်ပြီ။ ”

-ဟု မောင်းထုတ်လေသည်။

နင်စစ်ဟွာက ခေါင်းညိတ်ပြီး ‘မှန်တယ် ငါပြန်သင့်ပြီ’- ဟုဆိုကာ ချက်ချင်း ထွက်ခွာသွား တော့၏။ တစ်ဆက်တည်းမှာပင် ရှန့်ကျိစုန်ကို သတိပေးလိုက်သည်။

“ တိမ်လွှာသူရဲကောင်း ... စုမိသားစုက မင်းအပေါ် ခြိမ်းခြောက်ဖို့ ... နည်းလမ်းမျိုးစုံကို သုံးလာကြလိမ့်မယ် ပြင်ဆင်ထားပါ။ ”

ရှန့်ကျိစုန်ခမျာ အမူအရာ အနည်းငယ် ပြောင်းသွားသည်။ အဆုံးတွင် အသက်ပြင်းပြင်း ရှူလျက်၊

“ ဆရာစု ... စိတ်ချပါ၊ ငါရှန့်ကျိစုန် သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ”

-ဟု ကတိပေးလေသည်။

စုရီမှ ခေါင်းခါလိုက်၏။

“ မင်းခြိမ်းခြောက်ခံရတဲ့အခါ ... မင်းမှာ ရွေးချယ်စရာ နည်းနည်းပဲ ... ရှိတတ်ပါတယ် ပါဝင်ပတ်သက်သူတွေ ထိခိုက်မှု မရှိသရွေ့တော့ ဒါကိုသစ္စာဖောက်မှုလို့ ငါ မယူဆပါဘူး။ ”

ထို့နောက်၊

“ မင်းကို ဒုက္ခပေးစရာ ရှိသေးတယ် ... အပြင်ထွက်ပြီး ညစာဝိုင်နဲ့ အသားကင်အချို့ ဝယ်ပေးဖို့ ကူညီပါဦး။ ”

ထိုသို့သော စုရီ၏ တည်ငြိမ်လွန်းသော အမူအရာက သူ့ထံကူးစက်လာသဖြင့် ရှန့်ကျိစုန် တစ်ယောက် သက်တောင့်သက်သာ ဖြစ်ကာ ပြုံးရယ်လိုက်တော့သည်။

“ ဟားဟားဟား ... ခေတ္တစောင့်ပါ ဆရာစု၊ ငါချက်ချင်း ပြန်လာခဲ့မယ်။ ”

၎င်းထွက်ခွာသွားသည်နှင့် ချန်ကျန့်မှ ချန်ကျင်းလုံထံ ငုံ့ကြည့်ကာ၊

“ သူ့ကို ဘယ်လိုလုပ်ချင်လဲ ဆရာစု။ ”

-ဟု မေးမြန်းလာသည်။

ချန်ကျင်းလုံခမျာ ကြောက်လန့်သွားပြီး မြေပြင်ပေါ် ညွှတ်ကျသွားတော့၏။

“ အစ်ကိုစု၊ ငါ ... ငါ ... ။ ”

“ ရှင်းပြနေစရာ မလိုပါဘူး။ ”

စုရီက လက်တစ်ဖက် မြှောက်ပြလိုက်ပြီး၊

“ မင်းတကယ် ကံမကောင်းတာပဲ ... ငါတို့တွေ့တိုင်း မင်းဟာ အမြဲထိတ်လန့်နေခဲ့ ရတယ် ... ။ ”

-ဟု အသိအမှတ်ပြုလေသည်။

ထိုစကားကြောင့် ချန်ကျင်းလုံခမျာ စုရီနှင့်တွေ့ဆုံခဲ့ဖူးသည့် သုံးကြိမ်လုံးကို ပြန်၍ မြင်ယောင်လာတော့၏။ ယင်းက နှလုံးသားကို များစွာ နာကျင်စေသည်။ အမှန်တကယ်ပင် ကံဆိုးချေ၏။

“ အစ်ကိုစု၊ ငါတကယ် ကျေးဇူးတင်ပါတယ်။ ”

အဆုံးတွင် မျက်ရည်များ မထိန်းနိုင်တော့ဘဲ သွန်ချလိုက်တော့သည်။

“ လုံလောက်ပြီ ... မင်းဒီမြို့ကနေ အမြန်ဆုံးထွက်သွားဖို့ ငါအကြံပေးချင်ပါတယ် နောင်မှာ ငါနဲ့မင်း သိတယ်လို့ ... ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။ ”

ချန်ကျင်းလုံခမျာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်း ထွက်ခွာသွား လေ၏။

စုရီက ထိုမြင်ကွင်းမျှော်ကြည့်နေကာ သက်ပြင်းချလိုက်သည်။ ဤလူငယ်လေးသည် အမှန်တကယ်ပင် ကံဆိုးချေပြီ။ စာနာမိ၏။

ထို့နောက် ပျင်းရိစွာဖြင့် ကောင်းကင်ပေါ် မော့ကြည့်လိုက်ကာ ကုလားထိုင်တွင် ကျောမှီချ လိုက်သည်။ သက်တောင့်သက်သာ ရှိချေ၏။ ယနေ့ည ချာကျင်ပြန်လာသော် အကောင်းဆုံးပေပင်။

***

All Chapters