← Chapters

လုပ်ကြံသတ်ဖြတ်သူ။

Vol. 17 Ch. 201

လုပ်ကြံသတ်ဖြတ်သူ။

Vol. 17 Ch. 201

ရှန်ရှင်းအဆင့် ဟူသည် အသားနှင့် ခြင်ဆီများအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ချီစွမ်းအင်များဖြင့် ပြည့်နှက်စေခြင်းဖြစ်၏။ ပြီးပြည့်စုံခြင်းဟုလည်း အဓိပ္ပါယ်ရသည်။

ဤအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ရေနှင့်မီးကို မကြောက်ကြဘဲ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပသော စွမ်းအင်များဖြင့် ပြည့်နေပေမည်။

မြေပြင်အထက် ပေရာနှင့်ချီသော လေထုကိုစီးနင်းလျက် ‌‌‌ရွေ့လျားသွားလာနိုင်၏။ ရန်သူများကို သတ်ရန် ဝိညာဉ်စွမ်းအင်နှင့် ကိုယ်ခံပညာ တွဲဖက်အသုံးချနိုင်မည်။

ထို့ကြောင့် မျက်ခုံးဖြူဘုရင်သည် ခရမ်းရောင် မိုးကြိုးတစ်ထောင် ဓားရေးကို အစွမ်းကုန် ထုတ်ဖော်လိုက်သောအခါ တုန်လှုပ်ဖွယ်ရာ ကောင်းချေ၏။

ရှန့်ကျိစုန်နှင့် ချန်ကျန့်တို့ကဲ့သို့သော အထွတ်အထိပ် မဟာသခင် ကျွမ်းကျင်သူပင် အသက်ရှူ မဝတော့ဘဲ ဦးရေပြားများ ယားယံလာကြသည်။

“ ဝှစ် ... ။ ”

သို့သော် စုရီကိုမူ ထိတ်လန့်အောင် မစွမ်းဆောင်နိုင်ချေ။ ရုတ်တရက် လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။

လက်သီး စွမ်းအားသည် ရှေးကျပြီး ပြည့်လျှံနေကာ မဟာတာအို၏ ကျက်သရေ အပြည့်အဝ ပါဝင်နေသည်။

“ ဝုန်း ... ။ ”

ခရမ်းရောင်ဓားချီသည် လက်သီးဖြင့် တိုက်မိကာ ပေါက်ကွဲကုန်သည်။ အကျိုးဆက် အနေဖြင့် ဓားချီသည် အလင်းတန်းသဖွယ် ပြန့်ကျဲသွားတော့၏။

မျက်ခုံးဖြူဘုရင် ခမျာ လက်မနှင့် လက်ညှိုးကြားရှိ အသားဆိုင်၌ ပြင်းစွာနာကျင် သွားပြီး လွတ်ကျလုမတတ် ဖြစ်လာသည်။

“ ဒါ ... ။ ”

သူ့ပြိုင်ဘက်သည် အသက် (၁၇)နှစ်သာ ရှိသေးသော မဟာသခင် တစ်ယောက် ပေပင်။ ဤမျှ မယုံနိုင်စရာ စွမ်းအားများ မည်သို့ ပိုင်ဆိုင်နေသည်ကို နားမလည်နိုင်။

ရှဟိုလင်းနှင့် အဖွဲ့သည်လည်း မောဟိုက်စွာဖြင့် အမူအရာများ ပြောင်းလဲကုန် ပြန်သည်။

“ မင်းမှာ အရည်အချင်း ရှိပေမယ့် ... ခန္ဓာကိုယ်က အိုမင်းနေတာမို့ ရှန်ရှင်းအဆင့်မှာ ရပ်တန့်သွားတယ် ... မင်းကို နည်းနည်းလောက် သက်တမ်းတိုးပေးရင်တောင် ...

... လူငယ်တစ်ယောက်ရဲ့ သတ္တိမျိုး မင်းမှာမရှိတော့ဘူး ... ဒီတစ်သက် မူလတာအို နယ်ပယ်ရောက်ဖို့ မမျှော်လင့်နဲ့ ...

... အရေးကြီးတာက အချိန်တွေ ကြာလာတာနဲ့အမျှ မင်းရဲ့တိုက်ပွဲဝင် ဆန္ဒတွေ ပျောက်ကွယ်သွားလိမ့်မယ်။ ”

စုရီမှ ခေါင်းခါပြီး မှတ်ချက်ပေးလိုက်၏။ ထိုစကားများက မျက်ခုံးဖြူဘုရင်အပေါ် များစွာ အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ထို့ကြောင့် အသက်ပြင်းပြင်းရှူကာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်၏။

“ ဘန်း ... ။ ”

လျှပ်စီးကြောင်းများ ရူးသွပ်စွာ လွင့်မျောလာပြီး မိုးခြိမ်းသံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် အပြင်ထန်ဆုံး ခရမ်းရောင် မိုးကြိုးများ နေရာအနှံ့ ဖုံးလွှမ်းသွား၏။

သို့သော် စုရီမှ ပျင်းရိလာသည်။ တစ်ဖက်လူသည် သူနှင့် အဆင့်တူ မဟုတ်ချေ။ ထို့ကြောင့် အချိန်ဖြုန်းရန် စိတ်မ၀င်စားသည်မှာ သဘာဝပေပင်။

“ ကလန် ... ။ ”

တိုးညှင်းသော ဓားဆွဲသံနှင့်အတူ တိုက်ပွဲမြင်ကွင်းတစ်ခုလုံး မှုန်ဝါးသွားသည်။ အဆုံးမဲ့ည ကျရောက်လာသကဲ့သို့ ခန်းမ အတွင်း အမှောင်ထု ဝင်ရောက်လာ၏။

ဤသည်မှာ အမှောင်နတ်ဓားမှ ထွက်ပေါ်လာသော ရောင်ဝါမျှသာ ဖြစ်သည်။ ထို့နောက်တွင် ရိုးရှင်းပြီး ရှောင်တိမ်းနိုင်စွမ်း မရှိသော ဓားဖျားက လေကိုခွင်းကာ ရောက်ရှိလာသည်။

“ ရွှပ် ... ။ ”

မျက်ခုံးဖြူဘုရင်ခမျာ အေးစက်မှုတစ်ခု ရရှိလာ၏။ ပြိုင်ဘက် ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားချီများဖြင့် ပြည့်နှက်နေသည်။

“ ခရစ် ... ။ ”

ခရမ်း‌ရောင် မိုးကြိုးတစ်ထောင်ဓားချီက အမှောင်နတ်ဓားချီနှင့် တိုက်မိပြီးနောက် စက္ကူစ ကဲ့သို့ စုပ်ပြဲလွင့်ပါးသွားသည်။

“ ထန် ... ။ ”

တစ်ဆက်တည်းမှာပင် အမှောင်နတ်ဓားသည် ကြီးမားသော ဓားပြား အပေါ် ကျရောက်သွားပြီး မျက်ခုံးဖြူဘုရင်၏ ဓားကို အပိုင်းအပိုင်း ကျိုးသွားစေသည်။

“ စွပ် ... ။ ”

၎င်းသည် သံတူဖြင့် ထုနှက်ခံရသော ဖန်ခွက်တစ်လုံးလိုပင်။ အဆုံးတွင် ထက်ရှသော ဓားဖျားသည် စန့်ကျန်းဟိုင် လည်ချောင်းကို ဖောက်ဝင်လာသည်။

သွေးများ ဖျန်းကျသွား၏။ မျက်လုံးများ ပြူးကျယ်လျက် နှုတ်ခမ်းများ တလှုပ်လှုပ်ဖြင့် စကားပြောရန် ကြိုးစားလေသည်။

သို့သော် အေးခနဲ ခံစားလိုက်ရပြီး ဦးခေါင်းတစ်ခုလုံး လေထဲ ပျံဝဲသွားလေသည်။ ခန္ဓာကိုယ်ကြီးသည်သာ တဆက်ဆက် တုန်ယင်လျက် လဲကျသွားခဲ့၏။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ငှက်ကလေးများပင် အော်မြည်သံများ ရပ်တန့် ကုန်သည်။

ဓားတစ်ချက်သည် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူ၏ အသက်ကို နှုတ်ယူသွားချေ၏။ ရှဟိုလင်းတစ်ယောက် လက်သီးများဆုပ်လျက် စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ရသည်။

ပေ့ဝမ်ရှန်းမှာ အဆိုးဆုံးဖြစ်သည်။ ကျောရိုးတစ်လျှောက် အေးစက်သော ချွေးများ စိုရွှဲလာခဲ့သည်။

ဒူးထောက်နေသော ယွီချင်းအတွက်မူ ခေါင်းငိုက်စိုက်ကျသွား၏။ ထိုမြင်ကွင်းကြောင့် မုရှီမှ မျက်ခုံးပင့်လိုက်မိသည်။

သူသည်လည်း ရှန်ရှင်းအဆင့် ကျွမ်းကျင်သူဖြစ်ပြီး မဟာကျိုး၏ အငယ်ဆုံး ဘုရင်ဖြစ်သည်။

ရှန်ရှင်းအဆင့်နှင့် မဟာသခင်အဆင့်ကြား ကွာဟချက်သည် တိမ်နှင့် ရွှံ့လို ကျယ်ပြောမှန်း သဘာဝကျကျ သိထား၏။

လူတိုင်း တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ ထိတ်လန့်တကြား နောက်ဆုတ် ကုန်သည်။ ဤခွန်အားအရ မီးဘုရင်ရှဟိုလင်း သာလျှင် စုရီ၏ ဘက်ဖြစ်နိုင်မည်။

ရှဟိုလင်းက မျက်ဝန်းများ မှေးစင်းလျက်၊

“ တတိယသခင်လေး ငါမင်းကို နောက်ဆုံး တစ်ကြိမ်မေးမယ်၊ မင်း ... ။”

“ ကလန် ... ။ ”

သို့သော် စုရီက စကားပြောခွင့် မပေးချေ။ အေးစက်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး ဓားဖြင့် ခုတ်ချလိုက်တော့သည်။

ရှဟိုလင်းခမျာ စကားဆုံးအောင် မပြောနိုင်တော့ဘဲ ချက်ချင်းရှောင်တိမ်းလိုက်ရ လေသည်။

“ ဘန်း ... ။ ”

အမှောင်နတ်ချီဓားက နံရံကို ထိမှန်ကာ အပိုင်းအစများအဖြစ် ပေါက်ကွဲသွားတော့သည်။

“ မင်းတို့ ဘယ်အချိန်ထိ ရပ်ကြည့်နေဦးမှာလဲ ... ။ ”

ရှဟိုလင်းမှ အော်ဟစ်လိုက်ပြီးနောက် နှင်းကဲ့သို့ တောက်နေသော ဓားတစ်လက်ကို ထုတ်ယူလိုက်တော့သည်။

ရှန်ရှင်းအဆင့် ရောင်ဝါသည်လည်း ပေါက်ကွဲလာ၏။ ထိုအချိန်တွင် သူရဲကောင်း နှစ်ယောက်၏ ဒုတပ်မှူးများသည်လည်း လိုက်ပါလှုပ်ရှားလာသည်။

၎င်းတို့အားလုံးသည် ပေ့ဝမ်ရှန်နှင့် ယွီချင်းတို့၏ လက်အောက်ခံ တပ်ရင်းများထံမှ အကောင်းဆုံးသော မဟာသခင်များဖြစ်၏။

“ ဝုန်း ... ။ ”

ထို့ကြောင့် အခန်းအတွင်း လေထုမှာ ဖရိုဖရဲဖြစ်လာကုန်သည်။ အဆုံးတွင် အခန်း၏ အကာအကွယ်ဝင်္ကပါသည် သည်းမခံနိုင်ဘဲ ပြိုကျလာခဲ့၏။

မျက်နှာကျက်ကြီး ရုတ်တရက် ပြိုကျလာသဖြင့် လူတိုင်း၏ အသွင်များအပေါ် ဖုန်မှုန့်များဖြင့် ဝေဝါးသွားစေသည်။

“ တစ်ယောက်မှ မလွတ်စေနဲ့ ... ငါ့ကို စောင့်ကြည့်ပေးထား။ ”

“ ဝှစ် ... ။ ”

စုရီမှ အမိန့်ပေးသည်။ မုရှီ၊ ရှန့်ကျိစုန်နှင့် ချန်ကျန့်တို့က ချက်ချင်း အပေါက်ဝသို့ ရွေ့ကာ နေရာယူလိုက်တော့၏။

“ သတ် ... ။ ”

ရှဟိုလင်းမှ အော်ငေါက်လျက် နှင်းဖြူဓား နှင့်အတူ ပြေးဝင်လာသည်။ တာအိုအလင်းများ အတားအဆီးမရှိ စီးဆင်းလာ၏။

တစ်ချိန်တည်းမှာပင် ကျန်လူအုပ်ကြီး သည်လည်း စုရီကိုဗဟိုပြုလျက် စက်ဝိုင်းအသွင် နေရာယူလိုက်ကြ၏။

၎င်းတို့၏ ကြယ်ချီများက ခန်းမအတွင်း ဖုံးလွှမ်းနေသည်။ ခြင်တစ်‌ကောင်ပင် သူတို့ထံမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

“ ကလန် ... ။ ”

စုရီက လှောင်ပြုံး ပြုံး၏။ သူသည် ခြင်တစ်ကောင် မဟုတ်ချေ။ ခဏချင်းမှာပင် ဓားရည်ရွယ်ချက်များ တိုးလာသည်။ ယင်းသည် ကောင်းကင်ရှိ ကြယ်မြစ်တစ်စင်းနှင့် တူ၏။

“ အောင်နိုင်ခြင်း ဓားသုတ္တန် - ကြယ်တာရာဆွဲငင်ခြင်း။ ”

“ ရွှပ် ... ။ ”

တာအိုကျက်သရေသည် ဓားချီနှင့်အတူ အရပ်လေးမျက်နှာသို့ ပျံ့ကားသွားတော့သည်။ မဟာသခင် တစ်ဒါဇင်ကျော်နှင့် ရှန်ရှင်းအဆင့် ရှဟိုလင်း၏ တိုက်ခိုက်မှုများမှာ ချက်ချင်း ပြိုကျသွားခဲ့၏။

“ ရွှပ် ... ။ ”

စုရီက ထိုအခွင့်အရေးကို ဆုပ်ကိုင်ပြီး ခန်းမအတွင်း ရွေ့လျားခဲ့သည်။ ဓားတစ်ချက် ခေါင်းတစ်လုံးပေပင်။

“ အား ... ။ ”

မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာသခင်ကိုးပါးသည် ခေါင်းနှင့်ခန္ဓာ ကွဲထွက် ကုန်တော့သည်။

“ မင်း သေချင်နေတာပဲ။ ”

ဤမြင်ကွင်းက လူတိုင်းအပေါ် ထိတ်လန့်သွားစေရန် လုံလောက်၏။ ရှဟိုလင်း သာလျှင် ဒေါသထွက်လာပြီး စုရီလမ်းကို ဟန့်တားရန် ပြင်လေသည်။

“ ကလန် ... ။ ”

သို့သော် ချက်ချင်းပင် သတ္တုတိုက်မိသံ ထွက်ပေါ်လာကာ ရှဟိုလင်းခမျာ အဝေးသို့ လွင့်စဉ်သွားရသည်။

စုရီပြန်ပေါ်လာချိန်တိုင်း သွေးမိုးများ ရွာသည်။ အခန်းတစ်ခန်း၊ လူတစ်ယောက်၊ ဓားတစ်လက်၊ ဦးခေါင်းတစ်လုံး၊ နှစ်လုံး ... ၊ သုံးလုံး ... ၊ အဆုံးမရှိ ... ။

“ ငါ့ကို မသတ်ပါနဲ့ ... ။ ”

“ ရွှပ် ... ။ ”

မဟာသခင်များသည် ထိုဓားအောက်၌ ကြက်များ-ဝက်များကဲ့သို့ လဲကျကုန်တော့၏။ ရက်စက်ကြမ်းကြုတ် အကြင်နာ ကင်းမဲ့လွန်း ချေပြီ။ မိစ္ဆာတစ်ပါး သေမျိုးကမ္ဘာသို့ ဆင်းသက်လာခြင်းဖြစ်၏။

“ မင်း ... သေလိုက်တော့။ ”

ရုတ်တရက် ကျောက်စိမ်းတောင် သူရဲကောင်း ပေ့ဝမ်းရှန်က အံကြိတ်လျက် စုရီ နောက်ကျောထံ ဓားဖြင့် လှမ်းခုတ်၏။

“ ရွှပ် ... ။ ”

သူ့ခွန်အားသည် စတုတ္ထအဆင့် မဟာသခင်ဖြစ်ကာ ရန်သူများအပေါ် လုပ်ကြံ သတ်ဖြတ်ရန် လေ့ကျင့်ထားသောကြောင့် ၎င်းဓားသည် မြန်ဆန်ပြီး တိကျ၏။

တစ်ချိန်က မဟာဝေအင်ပါယာ၏ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူများကို လုပ်ကြံကာ သူရဲကောင်းဘွဲ့ ရရှိလာသူဖြစ်သည်။ သူ့လက်မှ ဓားသည် မြွေပွေးနှင့် တူချေပြီ။

“ ဟမ့် ... ။ ”

သို့သော် ထိုဓားသည် လေကိုသာ ထိုးခွဲသွားသည်။ စုရီက အနာဂါတ်ကို ကြိုသိနေ သည့်အလား ဘေးသို့ တိမ်းရှောင်လျက် ပါးလှည့်ရိုက်တော့၏။

“ မကောင်းတော့ဘူး ... ။ ”

အဆုံးတွင် လုပ်ကြံသူများ၏ နည်းလမ်းအတိုင်း အနက်ရောင်အလင်းတန်း သဖွယ် ချက်ချင်း လှည့်ပြေးသည်။

စုရီက ခွင့်မပြုချေ။ သူ့နောက် ပြေးလိုက်လာသဖြင့် ပေ့ဝမ်ရှန်မှ ပြန်လှည့်ကာ ဓားမြှောင်နှင့် ထိုးသွင်းလိုက်ရ၏။

ဤသည်မှာ သူ့ဝှက်ဖဲနှင့် လှည့်ကွက် ဖြစ်သည်။ ဤဓားကို အသုံးပြုလိုက်သည်နှင့် သူ့စွမ်းအင်များအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ မောပန်းနွမ်းနယ်သွား၏။ လုပ်ကြံသတ်ဖြတ် သူတိုင်း၏ စစ်မှန်သော စွမ်းအားသည် နည်းပရိယာယ် ဖြစ်သည်။

“ စွပ် ... ။ ”

ရန်သူကို အငိုက်ဖမ်းကာ အဆုံးစွန်သော သတ်ဖြတ်နည်းများဖြင့် လုပ်ကြံခြင်းမျိုးပေပင်။ လေထုအက်ကွဲသံနှင့်အတူ ဓားနက်လေးက စုရီရင်ဘတ်အတွင်း ဖောက်ဝင်သွား၏။

“ ဒါ ... ။ ”

ပေ့ဝမ်ရှန်တစ်ယောက် ရွှင်မြူးသွား လေသည်။ သို့သော် ဓားမြှောင်က ဆက်မတိုး တော့သဖြင့် ချက်ချင်းပင် အမူအရာ ပြောင်းသွားတော့၏။

***

All Chapters