ငါ့အတွက် စာတစ်စောင် ရေးပါ ... ။
Vol. 17 Ch. 202
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ရှန်ရှင်းအဆင့်ကျွမ်းကျင်သူကို ထိုးဖောက်နိုင်သော ဤဓားသည် စုရီနှလုံးသား အပေါ်သို့ မဖောက်နိုင် ဖြစ်နေခဲ့ချေ၏။
ထပ်မံ အားစိုက်လိုက်သော်လည်း ကျောက်ဆောင်ကြီး တစ်ခုလို နည်းနည်းမျှ ဆက်မတိုးနိုင်တော့ချေ။ ဓားတစ်လက်ကို ရုပ်ခန္ဓာသက်သက်ဖြင့် ခံယူခြင်းမည်၏။
“ ဖြန်း ... ။ ”
သတိဝင်လာချိန်၌ နောက်ဆုတ်ရန် အချိန်မရှိတော့ချေ။ လက်ဖဝါးတစ်ဖက်သည် သူ့ပါးပြင်ပေါ် ထိမှန်သွားသည်။
“ ဒူးထောက် ... ။ ”
ပေ့ဝမ်ရှန်တစ်ယောက် ချက်ချင်း ပုံကျသွား၏။ လုပ်ကြံသတ်ဖြတ်သူ တစ်ဦး အနေဖြင့် ရန်သူကို မသတ်နိုင်သော် သေခြင်း သည်သာ အဆုံးသတ်ဖြစ်သည်။
ပါးရိုက်ချက်ကြောင့် အရိုးများကျိုးလျက် အရွတ်အကြောများ ပြတ်တောက် ကုန်ခဲ့သည်။ အံကြိတ်လျက် အခြေအနေကို လက်ခံလိုက် ရတော့၏။
“ သတ် ... ။ ”
ထိုစဉ် ရှဟိုလင်းမှာ ဒေါသထွက်လာပြီး စုရီထံပြေးဝင်လေသည်။ သူ့မျက်ဝန်းများတွင် လျှပ်စီးများ တဟုန်းဟုန်း လောင်မြိုက်နေ၏။
အဆုံးတွင် ယနေ့အကျိုးဆက်အတွက် စုရီကိုသတ်ကာ မိသားစု ခေါင်းဆောင်ထံပါးမှ အပြစ်ခံယူရန် ဆုံးဖြတ်လိုက်သည်။
မဟုတ်သော် မီးဘုရင်ဟူသော သူ့ဘွဲ့ထူးသည် မဟာကျိုးတွင် ရယ်မောစရာ အဖြစ် ကျန်ရစ်ပေတော့မည်။
“ သစ်ပင်ကိုလှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ။ ”
“ ဝုန်း ... ။ ”
စုရီက မျက်နှာချင်းဆိုင်ကာ ဓားဖြင့် ပြန်လှန်ခုတ်ပိုင်းချလိုက်သည်။ ရှဟိုလင်းခမျာ နောက်တစ်ကြိမ် လွင့်စဉ်သွားပြန်၏။
“ ..... ။ ”
တစ်ကိုယ်လုံး တဆက်ဆက် တုန်လျက် သွေးနှင့်ချီသည် ဝရုန်းသုန်းကား ဖြစ်သွားသည်။ ဤတစ်ကြိမ်တွင် စုရီက အလွတ်မပေးဘဲ ဆက်လိုက်လာ၏။
“ မင်းလည်း ဒူးထောက်ပါ။ ”
အဆုံးတွင် စုရီက ပါးရိုက်ချလိုက်၏။ ရှဟိုလင်းခမျာ ရှောင်ရန် အချိန်မရှိတော့သဖြင့် သွေးနှင့်ချီကို ခန္ဓာကိုယ်အတွင်း ပြည့်စေ လိုက်သည်။
ကောင်းကင်နဂါးကြီး ဟောက်သံကဲ့သို့ လေနှင့်လျှပ်စီးသံများ တဝုန်းဝုန်းမြည်ဟည်းပြီး ကြယ်ချီအလွှာတစ်ခု ပေါ်လာ၏။
ထိုအသွင်သည် ရွှေမှုန်များအတွင်း ရပ်နေသော ဗုဒ္ဓသားတော်တစ်ပါးနှင့်တူသည်။ သန့်ရှင်းပြီး ပြိုင်ဘက်ကင်း၏။ နှောင်းပိုင်း ရှန်ရှင်း ရောင်ဝါ ပေပင်။
ရှန်ရှင်းအဆင့်တွင် ခန္ဓာကိုယ်ကို ကျောက်စိမ်းတုံးကဲ့သို့ သန့်စင်ခြင်းဖြစ်သည်။ အညစ်အကြေး ကင်းစင်လှ၏။
ဗုဒ္ဓဘာသာဝင်များက ထိုအဆင့်ကို ရွှေမိုးကြိုးခန္ဓာကိုယ်အဖြစ် ရည်ညွှန်းဖော်ပြ ကြသည်။
နတ်ဆိုးဂိုဏ်းများတွင် အတုမဲ့မူလ နတ်ဆိုးခန္ဓာကိုယ်-ဟု ခေါ်ကြ၏။ ထို့ကြောင့် ရှဟိုလင်း ပတ်ဝန်းကျင်တွင် ရွှေရောင်နှင်းဆီ ပွင့်ချပ်များ လွင့်ပျံနေတော့သည်။
“ ဟမ့် ... သနားစရာပဲ။ ”
စုရီက စိုးရိမ်ခြင်း မရှိချေ။ လက်ဖဝါး၌ ကျောက်စိမ်းရောင် အလင်းများ ရုတ်တရက် တောက်ပလာသည်။
ဒဏ္ဍာရီလာ တာအိုကြယ်ချီကြောင့် တာအိုကျက်သရေများဖြင့် လွှမ်းခြုံထားသော ချီစွမ်းအင်ပေါ်လာခြင်းဖြစ်၏။
၎င်းကို စွမ်းအင်လမ်း (၁၀၈)ခုနှင့် ပံ့ပိုးပေးထားသည်။ ထို့ကြောင့် ရှဟိုလင်း အတွက် သာမန် မဖြစ်ခဲ့ချေ။
“ ဖပ် ... ။ ”
လူတိုင်း၏ အကြည့်များအောက်တွင် လက်ဖဝါးက ရွှေမှုန်အလင်းလွှာကို ဖြတ်ကာ ဖြည်းညှင်းစွာထိမှန်သွား၏။
ပေါ့ပါးလွန်းသဖြင့် ရှဟိုလင်းတစ်ယောက် တည်ငြိမ်စွာရပ်နေနိုင်ခဲ့သည်။ ထိခိုက်ပုံမပြချေ။ ဤမြင်ကွင်းကြောင့် မုရှီနှင့် အခြားသူများက စိတ်ရှုပ်ထွေးကုန်သည်။
“ သူ တားလိုက်နိုင်တာလား။ ”
ရွှေမှုန်အလင်းလွှာသည် ကျောက်စိမ်းလက်ဖဝါးကို ဟန့်တားနိုင်လိုက် သည်လော။ လူတိုင်း အသက်အောင့်လျက် ရှဟိုလင်းထံ စိုက်ကြည့်နေမိသည်။
“ ဟမ့် ... ။ ”
တစ်ဖက်တွင် ရှဟိုလင်းက ပြုံးလျက် လှောင်ပြောင်ရန် ပြင်နေရာမှ အံ့အားသင့်ဟန် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်သည်။
“ ခရစ် ... ။ ”
ဤသည်မှာ မည်သို့သော စွမ်းအားပင်နည်း။ အရိုးကွဲအက်သံများ ကြားလိုက်ရပြီး အရေပြား မျက်နှာပြင်ပေါ်တွင် ပင့်ကူမျှင်များကဲ့သို့ သွေးကြောမျှင်များ ပေါက်ပြဲလာ၏။
“ ဝုန်း ... ။ ”
အဆုံးတွင် မြေပြင်ပေါ် လဲကျသွားသည်။ သို့မှသာ စုရီ၏လက်ဖဝါးကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း လူတိုင်းသိလိုက်၏။
ထိုအစား လက်ဖဝါးချက်ကြောင့် အရိုး၊အရွတ်နှင့် သွေးကြောမျှင်များ ပေါက်ပြဲ ကုန်တော့သည်။
သက်ရောက်မှုသည် နေရာတိုင်း၌ တပြိုင်နက်တည်း ဖြစ်ပေါ်လာခြင်းမျိုးပေပင်။ ယင်းသည် ပန်းအိုတစ်လုံး အက်ကြောင်းများ ထင်လာခြင်းနှင့်တူနေ၏။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ကုန်သည်။ ရပ်လျက် ကျန်ရစ်ခဲ့သော မဟာသခင် ခုနစ်ပါး ခမျာ အသက်မဲ့ကုန်၏။ ထို့နောက်၊
“ ပြေး ... ။ ”
-ဟု အော်ဟစ်ကာ ချက်ချင်း လှည့်ပြေးတော့သည်။ စုရီက လှည့်ကြည့်ပြီး လက်နှစ်ချောင်းဖြင့် ခုတ်ပိုင်း၏။
“ ရွှပ် ... ။ ”
“ ဒုန်း ... ။ ”
“ ဂလုန်း ... ။ ”
တာအိုကြယ်ချီနှင့် ဓားကြိုးမျှင်ကြောင့် စွမ်းအင်အလင်းများစွာ ဖွေးခနဲ လက်သွားခဲ့ပြီး ဦးခေါင်းများ တလှိမ့်လှိမ့် ဖြစ်ကုန်သည်။ သနားစရာ ကောင်းချေ၏။
“ ဝှစ် ... ။ ”
သူတို့ထဲမှ အချို့သည် အခန်းဝသို့ ရောက်ရှိလာသော်လည်း မုရှီနှင့် ချန်ကျန့်တို့၏ ဟန့်တားမှုကြောင့် တုန့်ဆိုင်းစွာဖြင့် အသတ်ခံလိုက်ရတော့သည်။
ခန်းမတစ်ခုလုံး အလောင်းများဖြင့် ပျံ့ကျဲသွားခဲ့၏။ ၎င်းတို့အလယ်၌ စုမိသားစု၏ သူရဲကောင်းနှစ်ယောက်နှင့် ဘုရင်တစ်ပါးသာ ဒူးထောက်ကျန်ရစ်သည်။
အခန်းအတွင်း စောင့်ကြည့်နေသော မိသားစုခေါင်းဆောင် လေးပါးနှင့် အစောင့်တပ် များပင် မကျန်ချေ။
“ ဂျစ် ... ဂျစ် ... ။ ”
စုရီက ကြမ်းပြင်ရှိ မရဏအစွယ်ကို ကောက်ယူလိုက်ပြီး ရှလင်ဟိုတို့ သုံးဦးရှေ့သို့ ကြိမ်ကုလားထိုင်ကြီး တဂျစ်ဂျစ်ဆွဲယူကာ ထိုင်ချလိုက်တော့သည်။
ထို့နောက် မျက်ဝန်းများ မှိတ်လျက် အနည်းငယ် အနားယူလိုက်သည်။ မည်သူမျှ အသံ မထွက်ဝံ့ချေ။ ပြီးနောက် မျက်ဝန်းများ ပြန်ဖွင့်ကာ၊
“ မင်းတို့ကို အခွင့်အရေးပေးမယ် ... ဖမ်းထားတဲ့ လူတိုင်းကို လွှတ်လိုက်ပါ။ ”
-ဟု ပြောကြားလိုက်၏။
“ အဲ့လိုလုပ်ရင် ငါတို့ကို လွှတ်ပေးမှာလား။ ”
ယွီချင်းမှ အရဲစွန့်ကာ ပြန်မေး၏။
“ မဟုတ်ဘူး ... မင်းတို့ခေါင်းတွေကို ငါ ခဏငှားချင်တယ် နောက်ထပ် ယင်ကောင်တွေ မလာအောင် ငါအကူအညီလိုနေတယ် ...
... ဒါပေမယ့် စိတ်မပူနဲ့ မင်းတို့ပူးပေါင်း ဆောင်ရွက်ပေးသရွေ့ ... မင်းတို့မိသားစုတွေဆီ ငါ ဆက်မလိုက်တော့ပါဘူး။ ”
ထိုစကားကြောင့် သုံးယောက်သား မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အမြင်အာရုံများ ချက်ချင်း ပြာဝေကုန်တော့သည်။
အကယ်၍သာ တိုက်ပွဲမစမီ ဤသို့သောစကားမျိုးပြောခဲ့ပါက ဟာသအဖြစ် မှတ်ယူမိကြပေလိမ့်မည်။ ယခုမူ။
“ တတိယသခင်လေး၊ သူ့တို့ကို ငါလွှတ်ပေးနိုင်ပါတယ် ဒါပေမယ့် မင်းဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ ဆိုတာ နားမလည်သေးဘူး မျိုးနွယ်စုခေါင်းဆောင်က မင်းအဖေအရင်းပါ။ ”
ရှဟိုလင်းက ရှုပ်ထွေးမှုများစွာဖြင့် မေးမြန်းလိုက်သည်။
“ စုဟုန်လီက ငါ့အမေအပေါ် ဘယ်လို ဆက်ဆံခဲ့သလဲလို့ မင်းတို့ဘာလို့ မေးမကြည့် ရတာလဲ ... ။ ”
စုရီက သပ်ပြင်းချလိုက်ပြီး၊
“ လောလောဆယ် မင်းတို့သုံးယောက်ကို ငါသတ်နိုင်တာသိရဲ့နဲ့ ... ဘာလို့ ငါ့ကို ခေါင်းငုံ့ဖို့ တွန့်ဆုတ်နေရတာလဲ ...
... မင်းတို့ရဲ့မျက်လုံးထဲမှာ စုဟုန်လီ လုပ်သမျှဟာ မှန်နေပြီးတော့ ... ငါဘာလုပ်လုပ် မှားနေတယ်လို့ ယုံကြည်နေတယ် မဟုတ်လား။ ”
သုံးယောက်သား တိတ်ဆိတ်သွား၏။
“ ပျင်းဖို့ ကောင်းတယ် ... မြန်မြန်လုပ်ပါ အချိန်မဖြုန်းနဲ့။ ”
အဆုံးတွင် ရှဟိုလင်းက ပေ့ဝမ်ရှန်ကို ခေါင်းညိတ်ပြလိုက်၏။ ပေ့ဝမ်ရှန်မှ အင်္ကျီလက် အတွင်းမှ ဆလင်ဒါဗူးကို ထုတ်ယူပြီး ယန္တရား ကြိုးကို ဆွဲထုတ်လိုက်သည်။
“ ရွှီး ... ။ ”
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
မီးရှူးမီးပန်းများ ကောင်းကင်ပေါ် ထိုးတက်သွားပြီး ချက်ချင်းပေါက်ကွဲတော့၏။
“ ဒီနေရာနဲ့ ကောင်းကင်မူလ အကယ်ဒမီကတော့ အရမ်းဝေးတယ် သူတို့ မီးရှူးမီးပန်းတွေကို မြင်နိုင်မှာ မဟုတ်ဘူး တစ်ယောက်ယောက် လွှတ်မှရမယ်။ ”
“ ကောင်းပြီ ... မင်းတို့မှာ စာရွက်နဲ့ ကလောင်တံ ဘယ်သူပါလဲ။ ”
“ ဆရာစု ငါမှာရှိတယ်။ ”
ဘေးမှ ရပ်ကြည့်နေခဲ့သော ကျန့်တျန်းယွင်က ချက်ချင်း လှမ်းတက်လာပြီး စာရွက်နှင့်ကလောင်တံကို ထုတ်ပေး၏။
“ ဒီပစ္စည်းတွေကို မင်းနဲ့အတူ သယ်သွားနေတာလား။ ”
စုရီမှ အံ့သြသွားပြီး ကျန့်တျန်းယွင်ကို လှည့်ကြည့်၏။ ၎င်းက ရှက်ကိုးရှက်ကန်းနှင့် ခေါင်းညိတ်ကာ၊
“ ရိုးရိုးသားသား ပြောရရင် ငါစိတ်လှုပ်းလာတဲ့အခါ ပန်းချီဆွဲရတာကို ကြိုက်တယ်။ ”
“ အိုး ... ဒါက စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးတဲ့ နည်းလမ်းပဲ ... ငါလည်း ခံစားချက်ကောင်းတဲ့အခါ လက်ရေးလှ ရေးရတာကို ကြိုက်တယ်။ ”
စုရီက ခေါင်းညိတ် အသိအမှတ် ပြုလိုက်ပြီးနောက် ယွီချင်းရှေ့တွင် စာရွက်နှင့် ကလောင်တံကို ချကာ၊
“ ငါ့အစား စာတစ်စောင်ရေးပေးပါဦး။ ”
-ဟုပြောကြားလိုက်တော့၏။
***