← Chapters

ခေါင်းငှားခြင်း ... ။

Vol. 17 Ch. 203

ခေါင်းငှားခြင်း ... ။

Vol. 17 Ch. 203

ယွီချင်းက ကလောင်တံ ကောက်ယူ လိုက်ပြီးနောက် စာရွက်ကို ဖြန့်ခင်းလိုက်သည်။ မှင်အိုး မရှိသဖြင့် ခဏမျှ တုံ့ဆိုင်းနေရာမှ သွေးထွက်နေသော ဒဏ်ရာပေါ် စုတ်တံကို နှစ်ချလိုက်၏။

“ ဧပြီလ လေးရက်နေ့မှာ ... အင်ပါယာမြို့ကနေ ကျောက်စိမ်းမြို့တော်ကို ငါခရီးထွက်မယ် ... မေလ လေးရက်နေ့ မတိုင်မီ စုမိသားစုအတွက် တစ်လတိတိ အချိန်ယူပါ ...

... ဒီတစ်လအတွင်း ငါ့ကို ကိုင်တွယ်ဖို့ မင်းရဲ့ခွန်အားတွေ အကုန်သုံးနိုင်တယ် စုဟုန်လီ မေလ လေးရက်နေ့မှာ စုမိသားစုကို လာပြီး ငါ့အမေအတွက် တရားမျှတမှုယူမယ်။ ”

ယွီချင်းတစ်ယောက် အသက်ပြင်းပြင်း ရှူလျက် ရေးသားလိုက်သည်။ ထို့နောက် စုရီက စာရွက်ကောက်ကိုင်ကာ ဖတ်ကြည့်လျက် ရှန့်ကျိစုန်ထံ ကမ်းပေးတော့၏။

“ ကျေးဇူးပြုပြီး စုမိသားဆီ ပို့ပေးပါဦး။ ”

ပြီးနောက် ယွီချင်းထံ ပြန်ကြည့်ကာ၊

“ မနေ့က မင်းရဲ့ ဖျော်ဖြေမှုက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ် အဲဒီပုံစံမျိုး အခုချိန်မှာ သရုပ်ဆောင်ပြရင် အသက်ရှင်ဖို့ အခွင့်အရေး ငါပေးမယ် ဘယ်လိုလဲ။ ”

-ဟု မေးမြန်းလိုက်တော့သည်။

ယွီချင်းတစ်ယောက် ရှက်ဒေါသများဖြင့် အံကြိတ်လေသည်။

“ တတိယသခင်လေး၊ မင်းငါ့ကို သတ်ရုံနဲ့ မလုံလောက်ဘူးလား ငါ့ကို ဘာလို့ ဒီလိုအရှက်ခွဲ နေရတာလဲ။ ”

“ ဟမ့် ... တပါးသူကို အရှက်ခွဲဝံ့ရင် ကိုယ်တိုင်လည်း အရှက်ခွဲခံတတ်တယ်ဆိုတာ မင်းသိသင့်တယ် ... ။ ”

ယွီချင်းတစ်ယောက် မျက်နှာ မည်းမှောင်သွားလေသည်။ စုရီမှ ခေါင်းခါလျက်၊

“ ကောင်းပြီ ... ငါပျင်းလာပြီ။ ”

-ဟု ဆိုကာ မရဏအစွယ်ကို လွှဲခုတ် လိုက်တော့သည်။

“ ရွှပ် ... ။ ”

မျက်ဝန်း၌ အရှက်တရားနှင့် ဒေါသများ ပြည့်နှက်နေသော ဦးခေါင်းတစ်လုံး မြေပြင်ပေါ် ပြုတ်ကျလာတော့သည်။

“ မင်းတို့မှာရော ပြောစရာရှိသေးလား။ ”

ထို့နောက် ရှဟိုလင်းနှင့် ပေ့ဝမ်ရှန်ထံ အကြည့်ကိုရွေ့လိုက်၏။

“ တတိယ သခင်လေး ... မင်းကို မိသားစုခေါင်းဆောင် သတ်မဲ့နေ့ကို မြင်ခွင့်ရရင် အရမ်းကောင်းမယ်။ ”

“ ဒါဆို ... မင်းဆန္ဒကို ငါ မဖြည်းဆည်းပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။ ”

စုရီက သက်ပြင်းချလိုက်သည်။ ထို့နောက်ဓားဖျားက ရှဟိုလင်းလည်ပင်းကို ထိုဖောက်သွား၏။ ဤမြင်ကွင်းသည် ပေ့ဝမ်းရှန်ကို ထိတ်လန့်သွားစေသည်။

သူ သိထားခဲ့သော မိသားစု၏ အနှိမ်ခံ တတိယသခင်လေးသည် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ထက်ပင် ရက်စက်လွန်းချေ၏။

“ တတိယ သခင်လေး၊ ငါမသေခင်မှာ တစ်ခုတော့ ပြောခဲ့ချင်ပါတယ် ... စုမိသားစုရဲ့ ရန်သူဖြစ်ရတာ မဟာကျိုးရဲ့ရန်သူဖြစ်တာနဲ့ အတူတူပါပဲ ... ဒီအကျိုးဆက်တွေကို မင်းတွေးကြည့်ပြီးပြီလား။ ”

“ စိတ်မပူနဲ့ ... ငါစုရီက ... မဟာကျိုး မပြောနဲ့ ... မိုးပြာတိုက်ကြီးတစ်ခုလုံးရဲ့ ရန်သူ ဖြစ်ရင်တောင် ဂရုစိုက်မှာ မဟုတ်ဘူး။ ”

“ ရွှပ် ... ။ ”

စကားဆုံးသည်နှင့် ပေ့ဝမ်းရှန်၏ ဦးခေါင်းသည်လည်း လှိမ့်ဆင်းသွားတော့၏။ စုမိသားစု၏ ဘုရင်တစ်ပါးနှင့် သူရဲကောင်း နှစ်ယောက် ကျဆုံးသွားချေပြီ။

ထိုနောက် ဝမ်အဘွားအိုထံ လျှောက်လှမ်းသွားပြီး၊

“ အခုတော့ အဆင်ပြေသွားပြီ၊ ဒါကိုမှ မင်းကြောက်နေသေးရင် ... ကောင်းကင်မူလ အကယ်ဒမီမှာ ခဏနေလို့ရတယ် ...

... မေ(၅)ရက်နေ့မှာ မင်းအိမ်ကို ပြန်လို့ရတယ် ဘယ်သူမှ နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး။ ”

စုရီတစ်ယောက် ယနေ့ စကားများစွာ ပြောနေမိခဲ့သည်။ ထို့ကြောင့် ဝမ်အဘွားအိုကို လျစ်လျူရှူလျက်၊

“ ဒီအရှုပ်အထွေးတွေကို ရှင်းဖို့ ... ငါမင်းတို့ကို ဒုက္ခပေးရတော့မယ်။ ”

-ဟုဆိုကာ ကြိမ်ကုလားထိုင်ကို ပြန်သိမ်းလျက် လက်နှစ်ဖက် နောက်ပို့ကာ ထွက်ခွာသွားတော့သည်။

“ ငါတကယ် အမှားလုပ်မိသွားပြီ။ ”

စုရီအရိပ် ပျောက်ကွယ်သွားချိန်၌ ဖူရှန်းတစ်ယောက် ခါးသီးစွာ ညည်းညူလျက် တခဏချင်း အသက်ကြီးသွားတော့၏။

“ စုမိသားစုက တကယ့်ကို အစွမ်းထက်ပါတယ် ... ဒါပေမယ့် အခုလို ဆရာစုကို ဖျောင်းဖြတဲ့ လုပ်ရပ်မျိုးက သစ္စာဖောက်တာနဲ့ ကွာခြားမှု မရှိပါဘူး။ ”

ချန်ကျန့်က မုရှီကို အေးစက်စွာ စိုက်ကြည့်လျက် မှတ်ချက်ပေးလိုက်သည်။ ထို့နောက်၊

“ ဒါပေမယ့် ဆရာစုက မင်းကို စိတ်မ၀င်စားတော့တဲ့အတွက် ငါမင်းကို အရှက် မခွဲတော့ပါဘူး ... ထွက်သွား။ ”

-ဟု မောင်းထုတ် လိုက်တော့၏။

ဖူရှန်းခမျာ စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။ ကွမ်လင်မြို့တွင် သူနှင့် စုရီသည် အချိန်များစွာ တွဲလုပ်ခဲ့ဖူးသည်။

“ အချိန်တစ်လလောက်လေးနဲ့ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူကို သတ်နိုင်တဲ့ စွမ်းရည်မျိုး ရှိလာလိမ့်မယ်လို့ ဘယ်သူများ ထင်မိမှာလဲ။ ”

ယခုမူ သူတို့ကြား ထိုဆက်ဆံရေးသည် လုံးဝပြိုပျက်သွားပြီဖြစ်၏။ ဤဘဝတွင် စုရီနှင့် ပြန်လည်ရင်းနှီးခွင့် လုံးဝ မရှိတော့ချေ။

အဆုံးတွင် ဟွမ်အဘိုးအိုနှင့် နင်ပိုင်ဟွာ တို့ကို ဦးဆောင်လျက် ဖူရှန်းတစ်ယောက် ခေါင်း ငိုက်စိုက်ချကာ ထွက်ခွာသွား‌တော့သည်။

ယနေ့အဖြစ်အပျက်အတွင်း ပါဝင် ပါတ်သတ်သူတိုင်းသည် ကြီးစွာသော အန္တရာယ် အချို့ ကြုံရနိုင်၏။ ကံမကောင်းသော် သူတို့၏ မိသားစုများပင် အသက်ဆုံးရှုံးနိုင်မည်။

သို့သော် စုရီ မသေသရွေ့ သေချာပေါက် ပြန်လည် ကူညီပေးလိမ့်မည်။

“ ဧပြီလ လေးရက်နေ့မှာ ကျောက်စိမ်းမြို့တော်ကို သွားမဲ့အကြောင်း ဆရာစုက ဘာလို့ အသိပေးရတာလဲ။ ”

ကျန့်တန်ယွင်က တွေးဆဆဖြင့် ‌ရေရွတ်လိုက်သည်။ ချန်ကျန့်မှ ပြုံးလိုက်ကာ၊

“ ငါသာ မမှားရင် ... ဆရာစုက စုမိသားစုရဲ့အင်အားကို ကျောက်စိမ်းမြို့တော် ကနေ ဆွဲထုတ်ဖို့ ကြိုးစားနေတာပဲ။ ”

-ဟု ရှင်းပြလိုက်သည်။

“ ဒါက ပိုအန္တရာယ်များတယ် မဟုတ်ဘူးလား သူ့ဂုဏ်သိက္ခာအရ စုဟုန်လီ ကိုယ်တိုင် မလာရင်တောင်မှ အစွမ်းထက်တဲ့ သူ့လက်အောက်ခံတွေကို လွှတ်နိုင်ပါ သေးတယ်။ ”

လူတိုင်း တိတ်ဆိတ်သွား၏။ ထို့နောက် အားလုံးက စုရီ၏ အရှုပ်အထွေးကို ရှင်းလင်းရန် လုပ်ဆောင်လိုက်ကြတော့သည်။

***

ကောင်းကင်မူလ အကယ်ဒမီ တိမ်ထင်းရှူးနန်းတော် အတွင်းခန်းဆောင်၌ နင်စစ်ဟွာတစ်ယောက် ထိုင်နေသည်။

အသွင်အပြင်အရ တည်ငြိမ်လွန်းပြီး ရေနွေးကြမ်းခွက်ကို အရသာခံသောက်နေ၏။ ထို့ကြောင့် ဒု-နန်းတော်သခင် တကျန်းနှင့် မိုဟွာချုံးတို့မှာ မျက်လုံးပင့်လိုက်ကြသည်။

“ နန်းတော်သခင် ... ဒီမနက် မင်း ငါတို့နှစ်ယောက်ကို ဆင့်ခေါ်တာ အခုလို ရေနွေးကြမ်းသောက်ဖို့လား။ ”

အဆုံးတွင် ကြွယ်ဝခြင်း အကယ်ဒမီ၏ ဒုနန်းတော်သခင် တကျန်းက တစ်ဖက်လူသည် အချိန်အတော်ကြာ နှုတ်ဆိတ်နေသဖြင့် စိတ်မရှည်စွာ မေးမြန်းလိုက်မိ၏။

“ ဟမ့် ... ငါဒီမှာ မနေရင် ... မင်းတို့နှစ်ယောက် စိတ်မသက်မသာ ဖြစ်မှာကို ကြောက်မိပါတယ်။ ”

နင်စစ်ဟွာက ပြတင်းပေါက်မှတဆင့် မြင်နေရသော တိမ်ပင်လယ်ကြီးထံ ငေးကြည့် နေရာမှ ပြန်လှည့်ကြည့်ကာ ဖြေသည်။

“ ဒီမနက် စုမိသားစုရဲ့ တတိယ သခင်လေးက ... ပြည်နယ်သခင်စံအိမ်ကို သွားလိမ့်မယ် မင်း မစိုးရိမ်ဘူးလား။ ”

အတစ်ကြိမ်၌ နင်စစ်ဟွာက ပြန်မဖြေတော့ချေ။ တကျန်းတစ်ယောက် အနည်းငယ် အလိုမကျဖြစ်လာ၏။

“ ဟားဟားဟား ... အစ်ကိုတကျန်း ... နန်းတော်သခင်က စုမိသားစုရဲ့ အရှုပ်တော်ပုံမှာ ပါဝင်ဖို့ စိတ်ကူး မရှိတာကို ပြသနေတာပဲ ... ဒါက ပညာအရှိဆုံး ချဉ်းကပ်မှုဆိုတာ ...

... သံသယဖြစ်စရာ မရှိပါဘူး ... ငါဆိုရင်လည်း ဒီသားဆိုးစုရီနဲ့ ပြတ်သားတဲ့ မျဉ်းတစ်ကြောင်း ဆွဲမိမှာ သေချာပါတယ်။ ”

လရောင်ရေစင် အကယ်ဒမီ၏ ဒုနန်းတော်သခင် မိုဟွာချုံးမှ ရယ်မောလျက် ဝင်ရောက် ပြောကြားလာသည်။ ဤလူသည် ကြည့်ကောင်းသော အသွင်အပြင်နှင့် ငွေရောင်၀တ်စုံကို ၀တ်ဆင်ထား၏။

အသက်ငယ်ငယ်ဖြင့် လရောင်ရေစင် အကယ်ဒမီ၏ ဒုနန်းတော်သခင် ရာထူးမျိုး အပ်နှင်းခံထားရသည်မှာ သူ့အရည်အချင်းကို ပြသရာရောက်သည်။

သူ့မှတ်ချက်ကြောင့် နင်စစ်ဟွာက မိုဟွာချုံးထံ လှည့်ကြည့်၏။

“ ငါနဲ့ စုရီကြား ပြတ်သားတဲ့ မျဉ်းကြောင်းဆွဲချင်တာလို့ ဘယ်သူပြောလဲ။ ”

“ ဟမ့် ... မဟုတ်ဘူးလား ... ။ ”

နင်စစ်ဟွာမှ စိတ်ပျက်သွားပြီး၊

“ ရေနွေးကြမ်း သောက်ပါ ... နောက်မှာ ငါတိုက်မဲ့ ရေနွေးကြမ်းကို မင်းတို့ မြည်းစမ်းဖို့ အခွင့်အရေး မရှိတော့ဘူး။ ”

-ဟု ဆိုကာ ရေနွေးကြမ်းတစ်ခွက်စီ ကိုယ်တိုင်ငှဲ့ပေးလိုက်၏။

“ ဒါက ဘာကိုဆိုလိုတာလဲ ... နန်းတော်သခင်။ ”

တကျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ နင်စစ်ဟွာမှ ရေနွေးအိုးကို ပြန်ချလိုက်ပြီး၊

“ မင်းတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို လူတိုင်းသိပါတယ် ငါ့အမြင်အရ ... ဒီအရေးမှာ စုမိသားစု ကျရှုံးနိုင်တယ်။ ”

-ဟု မှတ်ချက်ပေးတော့၏။

တကျန်းနှင့် မိုဟွာချုံး ခမျာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လျက် လှောင်ပြုံး ပြုံးလိုက်ကြ၏။

“ နန်းတော်သခင်၊ စုရီလို ကလေး တစ်ယောက်က စုမိသားစုကို အံတုနိုင်မယ်လို့ မင်းတကယ် ထင်နေတာလား။ ”

တကျန်းမှ မေးသည်။

“ ဒါက ... ငါတို့ မေးခွန်းထုတ်ရမဲ့ ကိစ္စမဟုတ်ဘူး နဂါးတစ်ကောင်မှာ ထိလို့မရတဲ့ အကြေးခွံတစ်ခု ရှိတယ် ... ထိဝံ့သူရှိရင် ချွင်းချက်မရှိ သေလိမ့်မယ် ...

... ဒီတစ်ကြိမ် စုမိသားစုက အပြစ်ကြီး တစ်ခုကို ကျူးလွန်ခဲ့တယ် ... ငါ မမှားရင် သူတို့ စေလွှတ်ထားတဲ့ လူတွေအားလုံး ဒီနေ့အသတ်ခံ ရလိမ့်မယ် မင်းတို့နှစ်ယောက်လည်း ဒီအတွက် တန်ဖိုးတစ်ခုပေးဆောင်ရလိမ့်မယ်။ ”

“ ဟား ဟား ဟား ... ။ ”

တကျန်းနှင့် မိုဟွာချုံက ရယ်မော လိုက်ကြသည်။ နင်စစ်ဟွာ စကားများအပေါ် ဂရုစိုက်ခြင်း မရှိချေ။

စုမိသားစု၏ ဒေါသကို ဤမဟာကျိုးတွင် မည်သူများ ခံနိုင်ရည် ရှိမည်နည်း။ နင်စစ်ဟွာက သူတို့နှစ်ယောက်ကို တစ်ချက်သာကြည့်ပြီး ရေနွေးကြမ်းဆက်သောက်နေ၏။

စကားမဆိုတော့ချေ။ များမကြာမီ မဟာအကြီးအကဲ ရှန့်ကျန်း ရောက်ရှိလာပြီး၊

“ နန်းတော်သခင်၊ သူရဲကောင်းယွီချင်းရဲ့ လက်အောက်ငယ်သား တစ်ယောက် ... ဝင်ခွင့် တောင်းနေပါတယ်။ ”

-ဟု သတင်းပို့လေသည်။

“ ဟား ဟား ဟား ... သတင်းကောင်းလာပြီ။ ”

မိုဟွာချုံးက ရွှင်မြူးသွား၏။

“ ဝင်ခွင့်ပြုလိုက်ပါ ... ။ ”

နင်စစ်ဟွာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သန်မာသော လူရွယ်တစ်ယောက် ခန်းမထဲ ဝင်ရောက်လာပြီး မိုဟွာချုံးနှင့် တကျန်းကို အရိုအသေပေးတော့၏။

“ အကြီးအကဲတို့ ... ​အကယ်ဒမီကနေ ပြန်ဆုတ်ခွာဖို့ ... အမိန့်ပါ ပါတယ်။ ”

“ ဟမ့် ... ဒါက ဘာအဓိပ္ပါယ်လဲ။ ”

မိုဟွာချုံးတစ်ယောက် နားမလည်နိုင် ဖြစ်လာမိသည်။ မျက်နှာပေါ်ရှိ အပြုံးများပင် အေးခဲသွားခဲ့၏။

“ တတိယသခင်လေးက လူတိုင်းကို သတ်ပစ်လိုက်ပါပြီ။ ”

“ ခွမ်း ... ။ ”

တကျန်းခမျာ ထိတ်လန့်တကြားဖြင့် ရေနွေးခွက် လွတ်ကျသွားချေပြီ။ ထို့နောက် ချက်ချင်း ထရပ်ကာ၊

“ သွားရအောင် ... ။ ”

-ဟု ဆိုပြီး တံခါးဝသို့ လျှောက်လှမ်းသွားတော့၏။

“ နေပါဦး ... မင်းတို့နှစ်ယောက်လည်း တန်ကြေးပေးရမယ်ဆိုတာ ငါပြောထားတယ် မဟုတ်လား။ ”

နင်စစ်ဟွာက ဟန့်တားလိုက်၏။

“ နန်းတော်သခင် ... မင်း ဘာလုပ်မလို့လဲ။ ”

မိုဟွာချုံးမှ လှည့်ကြည့်ကာ ပြန်မေးသည်။

“ မင်းတို့ရဲ့ခေါင်းကို ... ခဏလောက် ငှားချင်လို့ပါ။ ”

“ မင်း ... ငါတို့အကယ်ဒမီနှစ်ခုနဲ့ ရန်ငြိုးဖွဲ့မှာ သေချာလား။ ”

တကျန်းမှ မျက်ဝန်းများ မှေးစင်းလျက် မေးမြန်းလိုက်သည်။ ထို့‌နောက် မိုဟွာချုံးအနား ဆုတ်ခွာသွား‌တော့၏။

“ ငါမိတ်ဆွေက စုမိသားစုကိုတောင် စိန်ခေါ်နေတာ ငါက အကယ်ဒမီလေးနှစ်ခုကို ကြောက်နေရမှာလား ... ။ ”

“ ဒါ ... ။ ”

ဤတစ်ကြိမ်၌ တကျန်းနှင့် မိုဟွာချုံးက လက်နက်များ ဆွဲထုတ်ကာ ဤတာဝန်အပေါ် လက်ခံခဲ့မိသည်ကို နောင်တရသွား၏။

မဟာကျိုးရှိ အကယ်ဒမီသခင်များအနက် ဤမိန်းမ မည်မျှကြောက်စရာ ကောင်းကြောင်း ကြားဖူးထားချေပြီ။

“ ဒီနေ့ ငါ့အကယ်ဒမီကို လာပြီး ... ခြိမ်းခြောက်ဖို့ မင်းတို့ကို ဘယ်သူသတ္တိပေးခဲ့လဲ အကျိုးဆက်ကို တွေးကြည့်ခဲ့ရဲ့လား။ ”

နင်စစ်ဟွာက ပြုံးပြကာ ထရပ်ပြီး မေးမြန်းလိုက်သည်။ ထို့နောက် တိမ်ထင်းရှူး နန်းတော်မှ သူမ ထွက်လာချိန်၌ ရှန့်ကျန်းသည် သစ်သားဗန်းတစ်ခုကို ကိုင်ဆောင်ကာ လိုက်ပါလာခဲ့၏။

သစ်သားဗန်းပေါ်တွင် မျက်လုံးများ ပြူးကျယ်လျက် သွေးစွန်းနေသော ဦးခေါင်း နှစ်လုံး ပါရှိလာချေပြီ။

***

All Chapters