အခန်း (၁၈)
Vol. 2 Ch. 18
ကျစ်ယန်နဲ့ ချင်းယွီတို့သည် မြို့စားမင်းစံအိမ်၏ ခြံဝန်းအတွင်းသို့ လှမ်းလာခဲ့ကြ၏။ အစောင့်များစွာသည် ခြံဝန်းပတ်လည်တွင် စောင့်ကြပ်ကြည့်ရှုနေသည်ကို ကျစ်ယန်သည် တွေ့လိုက်ရသည်။
ကျစ်ယန်နဲ့ချင်းယွီတို့ ခြံဝန်းတို့ ဝင်လာတဲ့အခါ လူအများအပြားသည် တီတိုးတီတိုးဖြင့် ပြောဆိုနေကြ၏။ မြို့စားမင်းစံအိမ်ကို ရောက်ရှိနေသော သူများမှာ အဆင်မြင့်အင်အားကြီးသော
ဂိုဏ်းများမှ လူများပင် ဖြစ်သည်။
ထိုလူတွေသည် ကျစ်ယန်ရဲ့ အဝတ်အစားကို တွေ့တဲ့အခါ လန်တုံဟောက် ရွေးချယ်ထားသည့် လက်ထောက်တစ်ယောက်မှန်း သိလိုက်ကြရ၏။
ချင်းယွီနဲ့ကျစ်ယန်ကို မြင်တဲ့အခါ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်သည်တော်သည် လက်နှစ်ဖက်ဆုပ်ကာ "ဒီကသခင်လေးနဲ့ သခင်မလေး......အကြီးအကဲတုံဟောက်က သူ့ဆီခေါ်လာဖို့ ကျွန်တော်ကို အမိန့်ပေးထားပါတယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ခေါင်းငြိမ့်လိုက်ပြီး "ကျေးဇူးပြုပြီး.....လမ်းပြပါအုံး" လို့ ပြောလိုက်၏။ ထိုအခါ စစ်သည်တော်သည် မြို့စားမင်းရဲ့ အိမ်တော်အတွင်းသို့ ခေါ်လာခဲ့သည်။ ခြံဝန်းထဲရှိ လူများသည် ကျစ်ယန်ကို အားကျနေကြ၏။
သာမာန်ပြည်သူမပြောနှင့် အင်အားကြီးသော ဂိုဏ်းသခင်လေးတစ်ချို့ပင် မြို့စားမင်းရဲ့ အိမ်တော်ကို ဝင်ဖို့ အလွန်တရာပင် ခက်ခဲသည်။ မြို့စားမင်းရဲ့ ခြံဝန်းထဲသို့ ရောက်ရှိလာသောလူများမှာ လက်ဆောင်ပဏ္ဍာများ ပေးအပ်၍ မြို့စားမင်းအိမ်တော်အတွင်းကို ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေကြသူများပင် ဖြစ်၏။
သို့သော် မြို့စားမင်းသည် ဂိုဏ်းအနည်းငယ်ကိုသာ လက်ခံခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် မြို့စားမင်းရဲ့ အိမ်တော်အတွင်းတွင် လူတစ်ယောက်သည် အားလုံးရဲ့ အလယ်တွင် ရှိနေခဲ့၏။ ထိုလူကတော့ တခြားလူမဟုတ်ဘဲ လန်တုံဟောက်ပင် ဖြစ်သည်။
လန်တုံဟောက်ရဲ့ရှေ့တွင် စားပွဲခုံတစ်ခုနဲ့ ဆေးမီးဖိုအိုးတစ်လုံးပင် ရှိနေခဲ့၏။ မီးနဂါးမြို့တော်ရဲ့ မြို့စားမင်း ဖြစ်သော အန်ဖိန်သည် လန်တုံဟောက်ကို ကာကွယ်ရန်အတွက် စစ်သည်တော်အပြည့်ကို စံအိမ်အပြင်နဲ့အတွင်းဘက်တွင် နေရာချထားပြီးပြီ ဖြစ်သည်။
အန်ဖိန်သည် လူကွယ်ရာ နေရာတစ်ခုမှ လန်တုံဟောက်ကို ကာကွယ်နိုင်ရန် သူကိုယ်တိုင်စောင့်ကြည့်နေခဲ့၏။ လန်တုံဟောက်သည်
မီးနဂါးမြို့တော်ကို ရောက်ရှိလာရခြင်းမှာ အကြောင်းအရင်း တစ်ချက်ပင် ရှိသည်။
ထိုအကြောင်းအရာကတော့ ရှားပါး၍ တန်းဖိုးကြီးသော ဆေးအမယ်တစ်ချို့ကို ရရှိနိုင်မည့် မျှော်လင့်ချက်ဖြင့် လာရောက်ခြင်းပင် ဖြစ်၏။ လန်တုံဟောက်သည် ပထမဆုံး အားလုံးရှေ့တွင် ဆေးဖော်စပ်ပြမည်ဖြစ်ပြီး ထိုဆေးလုံးကို ရှားပါးသော ဆေးအမယ်တစ်ချို့နဲ့ ရောင်းချမည့် ရည်ရွယ်ချက်ပင် ဖြစ်သည်။
ဂိုဏ်းပေါင်းစုံမှ လူများသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လန်တုံဟောက်ကို ကြည့်ရှုနေကြ၏။ ထိုချိန်မှာ လန်တုံဟောက်သည် လက်ဖောက်တီးခတ်လိုက်တဲ့အခါ မိုးပြာရောင်ဝတ်စုံဝတ်ဆင်ထားသော ကျစ်ယန်သည် အခန်းအတွင်းမှ လန်တုံဟောက်ရဲ့ ရှေ့ကို ရောက်ရှိလာပြီး "အကြီးအကဲတုံဟောက်......ကျွန်တော်ရောက်ရှိပါပြီ" လို့ ပြောလိုက်သည်။
ကျစ်ယန်ကို မြင်တွေ့လိုက်ရတဲ့ လူ၃ယောက် တစ်ပြိုင်နက်ထဲ အံ့အားသင့်စွာဖြင့် "သုညကောင်လား......." လို့ တီတိုးစွာ ပြောလိုက်မိ၏။ ထိုလူ၃ယောက်ကတော့ ချီချီ ၊ ယန်ရှုဟွာနဲ့ ယန်ရှုအာတို့ပင် ဖြစ်သည်။
သုညကောင်ဟု အသံကြားလိုက်ရတဲ့အခါ ယွင်ဟုန်သည် ချီချီတို့အား ကြည့်ကာ "အကြီးအကဲတို့က အဲ့ကောင်လေးကို သိနေတာလား " လို့ မေးလိုက်၏။ ချီချီသည် မသိချင်ယောင်ဆောင်၍ "မင်းဘာပြောလိုက်တာလဲ " လို့ ပြောလိုက်သည်။
ယွင်ဟုန်သည် ခေါင်းခါလိုက်ပြီး ရှေ့ကိုသာ ပြန်ကြည့်နေခဲ့၏။ ယွင်ဟုန်သည် ထိုညတွင် ကျစ်ယန်ကြောင့် သူဒဏ်ရာ ရရှိသွားသဖြင့် မကျေနပ်သေးပေ။ ကျစ်ယန်သည် လန်တုံဟောက်လို လူမျိုး၏ လက်ထောက်ဖြစ်သွားလိမ့်မည်လို့ ယန်ရှုဟွာနဲ့ယန်ရှုအာသည် မမျှော်လင့်ထားခဲ့ပေ။
ထိုချိန်မှာပဲ လန်တုံဟောက်သည် မီးတောက်တစ်ခုဖြင့် ဆေးမီးဖိုအိုအား အပူပေးလိုက်ပြီး ကျစ်ယန်အား ဆေးအမယ် တစ်ခုချင်းစီတောင်း၍ ဆေးအမယ်များကို စတင်၍ သန့်စင်ပါတော့သည်။
လည်ပင်းတွင် အစိမ်းရောင်ပုတီးလုံးကြီးများပါသော ဆွဲကြိုးကို တပ်ဆင်ထားသော ကျွင်းလောင် ဆိုသော လူသည် လန်တုံဟောက်ရဲ့ ဆေးဖော်စပ်ပုံကို ကြည့်၍ စိတ်ပျက်သော အမူအယာဖြင့် ခေါင်းခါလိုက်၏။
အချိန်တစ်နာရီကြာပြီးနောက် ဆေးမီးဖိုအိုးအတွင်းမှ လိမ္မောင်ရောင် ဆေးလုံးလေးတစ်လုံးသည် ထွက်ပေါ်လာခဲ့သည်။ လန်တုံဟောက်သည် ထိုဆေးလုံးအား ထိန်းချုပ်လိုက်ပြီး ဆေးသေတ္တာဘူးလေးထဲသို့ ထည့်လိုက်၏။
ထိုချိန်မှာပဲ အနက်ရောင်တောင်ဝှေးတစ်ချောင်းသည် လန်တုံဟောက်ရဲ့ အနားကို ရောက်ရှိလာပြီး မြေပြင်ပေါ်သို့ စိုက်သွားသည်။ လန်တုံဟောက်သည် လူများကို လှည့်ပတ်ကြည့်ချိန်တွင် အလွန်ပင် လျင်မြန်သော အရှိန်ဖြင့် တောင်ဝှေးပိုင်ရှင်သည် ရောက်ရှိလာခဲ့၏။
ထိုလူကတော့ ကျွင်းလောင်ပင် ဖြစ်သည်။ အန်ဖိန်သည် သူ့လူတွေအား မလှုပ်ရှားခိုင်းသေးဘဲ အခြေအနေကို ဆက်မံကြည့်ထားဖို့ ညွန်ကြားလိုက်၏။လန်တုံဟောက်သည် ကျွင်းလောင်ကို ကြည့်ကာ "မင်းက ဘယ်သူလဲ......" လို့ အေးစက်စွာ မေးလိုက်သည်။
ထိုချိန်မှာပဲ သွေးမိုးကြိုးဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည်
ကျွင်းလောင်ရဲ့ ဘေးကို ရောက်ရှိလာပြီး လက်နှစ်ဖက်ဆုပ်ကာ "မင်္ဂလာပါ......အကြီးအကဲတုံဟောက် ၊ ဒီကအကြီးအကဲက ဟုန်တိုင်းပြည်ရဲ့ မြောက်ပိုင်းကုန်းမြေကနေ ရောက်ရှိလာတဲ့ အဂ္ဂိရတ်ပညာရှင်တစ်ပါးပါပဲ " လို့ ပြောလိုက်၏။
မီးနဂါးမြို့တော်ထဲသို့ နောက်ထပ်အဆင့်မြင့်အဂ္ဂိရတ်ပညာရှင်တစ်ဦး ရောက်ရှိလာတဲ့အတွက် အားလုံးသည် ဝမ်းသာသွားကြသည်။
သို့သော် ထိုအဂ္ဂိရတ်ပညာရှင်မှာ သွေးမိုးကြိုးဂိုဏ်းနဲ့ ဆက်နွယ်နေတဲ့အတွက် တစ်စုံတစ်ရာ ဖြစ်လာမည်ကို တွေးကာ ပူပန်သွားကြ၏။
ဟုန်တိုင်းပြည်ရဲ့ မြောက်ပိုင်း ဒေသတွင် သူထက်သာလွန်သော အဂ္ဂိရတ်ပညာရှင်များမှာ လက်ချိုးရေတွက်လို့ ရတဲ့အတွက် လန်တုံဟောက်သည် ကျွင်းလောင်ကို ကြည့်ကာ "မင်းနာမည် ဘယ်လိုခေါ်လဲ " လို့ မေးလိုက်သည်။
ကျွင်းလောင်သည် သူ့တောင်ဝှေးအား ပြန်ဆွဲနှုတ်လိုက်ပြီး "ဟားဟားဟား.......နတ်ဆေးဆရာကျွင်းလောင်ဆိုတာ မင်းကြားဖူးလား " လို့ ရယ်မောစွာ ပြောလိုက်၏။ ကျွင်းလောင်ဟုသော နာမည်ကြားတဲ့အခါ လန်တုံဟောက်သည် ခြေဖျားလက်ဖျားများ အေးသလိုပင် ဖြစ်သွားသည်။
ကျွင်းလောင်ဆိုသည်မှာ ဟုန်တိုင်းပြည် တစ်ပြည်လုံးရဲ့ အဆင့်သုံးနေရာကို ရယူထားသော အဂ္ဂိရတ်ပညာရှင် တစ်ဦးပင် ဖြစ်၏။ ထိုလိုဆရာကြီးသည် သူရှေ့ကို ရောက်ရှိလာတဲ့အတွက် လန်တုံဟောက်သည် ပြောစရာစကားမဲ့ကာ ကြောက်ရွံသွားခဲ့သည်။
အဂ္ဂိတ်ပညာရပ်တွင် အဆင့်၄ဆင့်သာ ပါဝင်၏။ ကြေးအဆင့်ကြယ်၁ပွင့် ၂ပွင့် ၃ပွင့် ၄ပွင့် ၅ပွင့် ၊ ငွေအဆင့် ကြယ် ၁ပွင့် ၂ပွင့် ၃ပွင့် ၄ပွင့် ၅ပွင့် ၊ ရွှေအဆင့် ကြယ်၁ပွင့် ၂ပွင့် ၃ပွင့် နှင့် ဒဏ္ဍာရီနတ်ဘုရားအဆင့်ပင် ဖြစ်ပေသည်။
လန်တုံဟောက်သည် ကြေးအဆင့် ကြယ်၃ပွင့် အဂ္ဂိရတ်ပညာရှင် တစ်ပါးပင် ဖြစ်ပြီး ကျွင်းလောင်ကတော့ ကြေးအဆင့် ကြယ်၅ပွင့် အဂ္ဂိရတ်ပညာရှင်ပင် ဖြစ်၏။ အဂ္ဂိရတ်ပညာရပ်သည် ကျင့်ကြံခြင်းပညာရပ်ထက် ခက်ခဲသောကြောင့် ကြယ်၁ပွင့် ကူးပြောင်းဖို့
မလွယ်ကူလှပေ။
လန်တုံဟောက် အံ့အားသင့်၍ ဘာမှ မပြောနိုင်ဖြစ်နေချိန်တွင် ကျွင်းလောင်သည် အားလုံးကို ပတ်ကြည့်လိုက်ပြီး " မင်းနာမည် လန်တုံဟောက်နော် " လို့ မေးလိုက်သည်။ လန်တုံဟောက်သည် လက်နှစ်ဖက်ဆုပ်ကာ "မှန်ပါတယ်...." လို့ ပြောလိုက်၏။
ကျွင်းလောင်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် နဂါးတစ်ကောင်ပါရှိသော အစိမ်းရောင်ဆေးလုံးလေးအား လေပေါ်သို့ မြှောက်တင်ကာ လေပေါ်တွင် ဝဲစေလိုက်ပြီး "အဲ့ဆေးလုံးမှာ ပါဝင်တဲ့ ဆေးအမယ်တွေကို ပြောပြနိုင်တဲ့လူက အဲ့ဆေးလုံးရဲ့ ပိုင်ရှင်ဖြစ်မယ့်အပြင် တခြားဆုတွေလဲ ထပ်ရအုံးမယ် " လို့ အားလုံးကြားအောင် ပြောလိုက်၏။