← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

အဆိပ်အဖြစ်မှ စွမ်းအားအဖြစ်သို့ ပြောင်းလဲခြင်း

ကျစ်ယန်သည် အခန်းဝမှ လမ်းလျှောက်ဝင်လာခဲ့ပြီး တည်ငြိမ်အေးစက်သော အသံဖြင့် "လေခွင်းဂိုဏ်းရဲ့ လူတွေက မှော်အဂ္ဂိရတ်ဆေးပညာရှင်တွေကို ခုလိုပဲ ဆက်ဆံတာလား " လို့ မေးလိုက်၏။

ကျစ်ယန်ရဲ့ စကားကြောင့် အားလုံးသည် ခေတ္တနှုတ်ဆိတ်သွားကြသည်။ ထို့နောက် ယွမ်ပိုင်သည် ကျစ်ယန်ကို ကြည့်ကာ မယုံနိုင်စွာဖြင့် " မင်းက အဂ္ဂိရတ်ပညာရှင်တစ်ယောက်လား" လို့ မေးလိုက်၏။ ကျစ်ယန်သည် ယွမ်ပိုင်အား စိုက်ကြည့်လိုက်တဲ့အခါ ယွမ်ပိုင်သည် ဘာမှ မပြောရဲတော့ပေ။

ကျစ်ယန်သည် ချင်းတန်ကို နောက်ဆုတ်ခိုင်းလိုက်ပြီး ချင်းရန်လီရဲ့ သွေးကြောအား စစ်ဆေးလိုက်၏။ ရုတ်တရက် ချင်းရန်လီ ခန္ဓာကိုယ်အတွင်းမှာ ရှိနေသော အနက်ရောင်အဆိပ်များအားလုံးသည် ကျစ်ယန်ရဲ့ လက်ဖျားအတွင်းထဲသို့ တိုးဝင်သွားကြလေသည်။

ကျစ်ယန်သည် ထူးဆန်းသော အဖြစ်အပျက်ကြောင့် သူကိုယ်တိုင်ပင် ကြောင်အ၍ သွား၏။ချင်းရန်လီရဲ့ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော အဆိပ်များသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာတဲ့အခါ စွမ်းအားများ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မယ်လို့ ကျစ်ယန်သည် မထင်မှတ်ထားပေ။

ထိုထူးဆန်းသော ကိစ္စသည် အမှောင်ညမျက်စိဆေးပင်နဲ့ သက်ဆိုင်မည်လို့ ကျစ်ယန်သည် ခန့်မှန်းလိုက်၏။ ကျစ်ယန် ဖြစ်ပျက်နေသော အရာများကို ဘေးကလူများသည် ဘယ်သူမှ သတိမထားမိပေ။

ချင်းရန်လီကတော့ ရုတ်တရက် သက်သာသလို ခံစားလာရတဲ့အတွက် အံ့အားသင့်နေခဲ့၏။ ကျစ်ယန်သည် တခြားရောဂါများမရှိသည်ကို စမ်းသပ်ပြီးနောက် ပြုံးလိုက်ပြီး စာရွက်တစ်ရွက်နဲ့ မှင်စုတ်တံအား ယူခိုင်းလိုက်သည်။

ချင်းတန်သည် စာရွက်လေးတစ်ရွက်နဲ့ မှင်စုတ်တံ အား ကျစ်ယန်ကို ပေးလိုက်၏။ ကျစ်ယန်သည် စက္ကန့်ပိုင်းအတွင်းပဲ လိုအပ်တဲ့ ဆေးအမယ်တွေကို ချရေးလိုက်ပြီး ရှာဝယ်ခိုင်းလိုက်သည်။ ကျစ်ယန်ချရေးလိုက်သော ဆေးအမယ်များမှာ သာမန်ဆေးများသာ ဖြစ်နေတဲ့အတွက် ချင်းတန်သည် ကြောင်အသွားခဲ့၏။

ယွမ်ပိုင်သည် ချင်းတန်အနားကို သွားလိုက်ပြီး ချင်းတန်ရှိမှ စာရွက်ကို ယူလိုက်ပြီး "ဂိုဏ်းချုပ်အတွက် ငါကိုယ်တိုင်အဲ့ဆေးအမယ်တွေ သွားယူခဲ့မယ်" လို့ ပြောကာ အခန်းအတွင်းမှ ထွက်သွားခဲ့သည်။

ခဏလေးအတွင်းမှပဲ ယွမ်ပိုင်သည် လူတစ်ယောက်နဲ့အတူ အခန်းထဲကို ပြန်ဝင်လာခဲ့၏။ ယွမ်ပိုင်ခေါ်လာသော သူမှာ တခြားသူမဟုတ်ပေ။ လေခွင်းဂိုဏ်းရဲ့ ကြေးအဆင့်၁အဂ္ဂိရတ်ပညာရှင်တစ်ဦးပင် ဖြစ်သည်။

ကျစ်ယန်မှာ မှော်အဂ္ဂိရတ်ဆေးဆရာအဖြစ် ဟန်ဆောင်ထားမည်ဆိုရင် မှော်အဂ္ဂိရတ်ဆရာအသင်းရဲ့ ကြီးလေးသော အပြစ်ဒဏ်ကို ခံရမည်ဖြစ်​ပေ၏။ ထို့ကြောင့် ယွမ်ပိုင်သည် ထိုလူကို အကြံဖြင့် ခေါ်လာမှန်း ကျစ်ယန်သည် နားလည်လိုက်၏။

ကျစ်ယန်သည် ဆေးအမယ်တွေကို သူ့အား လာပေးဖို့ ပြောလိုက်သည်။ယွမ်ပိုင်သည် ဆေးအမယ်တွေအား ပေးလိုက်ပြီး နောက်သို့ ပြန်ဆုတ်နေလိုက်၏။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲတွင် ရှိနေသော ဆေးမီးဖိုအိုးအား အားလုံးရှေ့တွင် ထုတ်လိုက်သည်။

ဆေးမီးဖိုအိုးကို တွေ့လိုက်ရပေမယ့် ယွမ်ပိုင်သည် ပြုံးစွာဖြင့် "မင်းဘယ်လောက်ထိ ဟန်ဆောင်ကောင်းနိုင်မလဲ ကြည့်ရသေးတာပေါ့ " လို့ ​တစ်ယောက်ထဲ တီတိုးစွာ ပြောလိုက်၏။

ကျစ်ယန်သည် အလွန်ငယ်ရွယ်သေးသဖြင့် မှော်အဂ္ဂိရတ်ဆေးပညာရှင်တစ်ယောက် မဖြစ်နိုင်ဘူးလို့ ယွမ်ပိုင်သည် ထင်မှတ်ထားခြင်း ဖြစ်သည်။

ထိုချိန်မှာ ကျစ်ယန်သည် သူ့လက်ချောင်းများကို လှုပ်ရှားပြီး နဂါးဘုံမီးတောက်ကို အသက်သွင်းကာ ဆေးမီးဖိုအိုအား အသက်သွင်းလိုက်လေသည်။

ကျစ်ယန်ပြုလုပ်သွားသည်များကို ကြည့်ကာ အားလုံးသည် အရူးသဖွယ် ကြည့်နေခဲ့ကြ၏။ သူတို့သည် ယခုလိုမျိုး ဆေးဖော်စပ်သည်ကို တစ်ကြိမ်မှ မမြင်ဖူးပေ။ ယွမ်ပိုင် ခေါ်လာသည့် ကြေးအဆင့်၁ အဂ္ဂိရတ်ပညာရှင်သည်လည်း သူ့ရှေ့တွင် ဆရာကြီးတစ်ယောက်ရောက်ရှိနေမှန်း သိလိုက်ရတဲ့အတွက် သေချာစိုက်ကြည့်နေခဲ့သည်။

ကျစ်ယန်သည် ဆေးအမယ်များ အားလုံးကို တစ်ချိန်ထဲမှာပဲ ဆေးမီးဖိုအိုးထဲသို့ ထည့်ကာ သန့်စင်လိုက်၏။ ထိုလူများထဲတွင် အဂ္ဂိရတ်ဆေးပညာရှင်တစ်ယောက်သာ ပါရှိသော်လည်း ဆေးအမယ်သန့်စင်ရာတွင် တစ်ခုချင်းသန့်စင်ရသည်ဖြစ်သော အခြေခံကို အားလုံးသည် သိရှိထားသဖြင့် ကျစ်ယန်ရဲ့လုပ်ရပ်ကို ကြည့်၍

ရူးခါသွားကြသည်။

ကျစ်ယန်သည် ဝိညဥ်ပလ္လင်အဆင့်၄ကို ရောက်ရှိလာပြီးနောက် စိတ်ဝိညဥ်စွမ်းအားမှာလဲ ပို၍ အားကောင်းလာခဲ့၏။မိနစ်ပိုင်းအတွင်းမှာပဲ ဆေးမီးဖိုအိုးအတွင်းမှ ဆေးရည်လေးများ ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် စိတ်စွမ်းအားနဲ့ပင် ထိန်းချုပ်ကာ ထိုဆေးရည်များကို လီချင်းရန်ရဲ့ ပါးစပ်အတွင်းထဲသို့ ထည့်သွင်းလိုက်၏။ ကျစ်ယန်သည် သူ့ဆေးမီးဖိုအိုးကို ပြန်သိမ်းလိုက်ပြီး "အကြီးအကဲချင်း.....ခင်ဗျားရဲ့ စွမ်းအားကို အသုံးပြုကြည့်ပါ " လို့ ချင်းရန်လီကို ပြောလိုက်သည်။

ချင်းရန်လီသည် ကုတင်ပေါ်မှ အေးဆေးပင် ထထိုင်လိုက်ပြီး လက်ဖဝါးတွင် သူ့စွမ်းအားများ စုစည်းလိုက်ပြီး နံရံလွတ်တစ်ခုအား စွမ်းအားဖြင့် ပစ်သွင်းလိုက်၏။ နံရံသည် ချက်ချင်းပင် အက်ကွဲကာ ပြိုကွဲကျသွားခဲ့သည်။

ချင်းရန်လီသည် ကုတင်ပေါ်မှ ဆင်းကာ "ငါ့စွမ်းအားတွေ....ငါ့စွမ်းအားတွေကို ငါပြန်အသုံးပြုလို့ ရသွားပြီပဲ " လို့ ပျော်ရွင်စွာ အော်ဟစ်လိုက်၏။ ချင်းတန်သည် သူအဖေအား ပြေးဖက်လိုက်ပြီး "အဖေ.....အဖေ တကယ်ပဲ သက်သာသွားပြီလား " လို့ မေးလိုက်သည်။

ချင်းရန်လီသည် ပျော်ရွင်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး "ချင်းတန်......အဖေ ခုလိုသက်သာလာ ဒီက သခင်လေးကြောင့်ပဲ "လို့ ပြောလိုက်၏။ ယွမ်ပိုင်နဲ့အတူ လေခွင်းဂိုဏ်းရှိ အကြီးအကဲများသည် ချက်ချင်းပင် မျက်နှာ ပျက်သွားကြလေသည်။

ကျစ်ယန်သည် ခုံတစ်ခုမှာ ထိုင်လိုက်ပြီး "အကြီးအကဲချင်း.......ခင်ဗျားအိပ်ယာပေါ်မှာ လှဲနေရတာ ဘယ်လောက်ကြာပြီလဲ " လို့ မေးလိုက်၏။ ချင်းရန်လီသည် အနည်းငယ်တွေးလိုက်ပြီး ကျစ်ယန်အား လက်နှစ်ဖက်ဆုပ်ကာ "သခင်လေး.....ငါမှတ်မိရသလောက်ဆို ၁လကျော်လောက်ကြာပြီ " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ထိုင်ခုံကို လက်ချောင်းလေးများဖြင့် တောက်ကစားလိုက်ပြီး "အကြီးအကဲချင်း......ခုလိုဖြစ်တာ တစ်စုံတစ်ယောက်ကြောင့်လို့ မခန့်မှန်းမိဘူးလား " လို့ မေးလိုက်၏။ ထိုစကားသည် အားလုံးကို ထိပ်လန့်သွားစေခဲ့သည်။

ခန်းလော့လို့ ခေါ်သော လေခွင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်သည် ထိုင်ခုံမှ ထထိုင်လိုက်ပြီး "ဒီကသခင်လေးက ရယ်စရာတွေပြောနေတာပဲ ၊ ဂိုဏ်းချုပ်က ဒီလောက်သဘောကောင်းတာ ဘယ်သူက ဂိုဏ်းချုပ်အပေါ်မကောင်းကြံမှာလဲ " လို့ ​ဝင်ပြောလိုက်၏။

ထိုအခါ တခြားသော အကြီးအကဲများသည်လည်း "ဟုတ်တယ်ဟုတ်တယ်......." လို့ ဆိုကာ ခန်းလော့စကားကို ထောက်ခံလိုက်ကြသည်။ ချင်းရန်လီသည် လက်ဝါးထောင်ကာ အားလုံးကို တိတ်ခိုင်းလိုက်ပြီး "သခင်လေးဆိုလိုတာက လေခွင်းဂိုဏ်းထဲမှာ ကျွန်တော်ကို လုပ်ကြံတဲ့သူရှိနေတာလား " လို့ ကျစ်ယန်အား မေးမြန်းလိုက်၏။

ကျစ်ယန်သည် ပြုံးလိုက်ပြီး "အဲ့လူက အကြီးအကဲချင်း အနားမှာ ခုပဲ ရှိနေတာ မဟုတ်ဘူးလား " လို့ ပြောလိုက်သည်။ ချင်းတန်သည် လေခွင်းဂိုဏ်းရဲ့ အကြီးအကဲ ၅ယောက်ရဲ့ မျက်နှာကို လိုက်ကြည့်တဲ့အခါ အားလုံးမှာ မျက်နှာ ပျက်နေကြ၏။

ချင်းရန်လီသည် ဝိညဥ်ပလ္လင်အဆင့်၆မှာ ရှိနေသော သူ့စွမ်းအား အရှိန်အဝါ ထုတ်လွှတ်လိုက်ပြီး "ဘယ်သူလဲ ခုချက်ချင်းဝန်ခံစမ်း ၊ ငါစစ်ဆေးလို့ မိရင်တော့ အသက်ချန်ထားလိမ့်မယ်မထင်နဲ့ " လို့ ကြိမ်းဝါးလိုက်လေသည်။

All Chapters