အခန်း (၂၃)
Vol. 2 Ch. 23
လေခွင်းဂိုဏ်းရဲ့ ဆေးခန်းမပြသာနာ
အကြီးအကဲ၅ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပုံစံမပျက် နေဖို့ အရိပ်အကဲ ပြနေကြ၏။ ကျစ်ယန်သည် သူ့လက်ဖဝါးအား ဖြန့်လိုက်တဲ့အခါ အကြီးအကဲ၅ယောက်ရဲ့ သိုလှောင်ကွင်းလက်စွပ်များသည် တုန်ခါ၍ သွားတဲ့အခါ ၅ယောက်လုံးသည် ကြောင်အသွားလေသည်။
ကျစ်ယန်သည် လက်ဖဝါးဆုပ်ချလိုက်တဲ့အခါမှာတော့ ဆေးပုလင်း၅ပုလင်းသည် အကြီးအကဲ၅ယောက်ရဲ့ သိုလှောင်ကွင်းလက်စွပ်ထဲမှ အလိုအလျောက်ထွက်ရှိလာခဲ့၏။
ယွမ်ပိုင်သည် "မဟုတ်ဘူး.....မဟုတ်ဘူး " လို့ အော်ဟစ်ကာ လေပေါ်တွင် ဝဲနေသော ဆေးပုလင်းအား ဆုပ်ကိုင်ဖို့ လုပ်လိုက်ပင်မယ့် ဆေးပုလင်း၅ခုလုံးသည် ကျစ်ယန်ရဲ့ ရှေ့ကို ရောက်ရှိသွားပြီ ဖြစ်သည်။
ကျစ်ယန်သည် ယွမ်ပိုင်အနားတွင်ရှိနေသော ကြေးအဆင့်၁အဂ္ဂိရတ်ပညာရှင်ကို ခေါ်လိုက်ပြီး ဆေးပုလင်းများကို စစ်ဆေးခိုင်းလိုက်၏။ ထိုလူသည် ဆေးပုလင်းအားလုံးကို စစ်ဆေးပြီးနောက် တူညီသော အဆိပ်ပုလင်းများသာ ဖြစ်ကြောင်း ပြောပြလိုက်သည်။
ချင်းရန်လီသည် အေးစက်စွာ အသံကြီးဖြင့် "ကျင့်ကြံသူတစ်ယောက်က ဘာကိစ္စနဲ့ အဆိပ်ပုလင်းကို ဆောင်ထားရတာလဲ " လို့ မေးလိုက်၏။
ယွမ်ပိုင်သည် တည်ငြိမ်စွာနဲ့ပဲ "ဂိုဏ်းချုပ်.....ငါတို့က အရေးပေါ်အန္တရာယ်ကို ကာကွယ်ဖို့ ဒီအဆိပ်ပုလင်းကို ဆောင်ထားကြတာပါ ၊ ဘယ်လိုလုပ်ဂိုဏ်းချုပ်အပေါ် ဒီအဆိပ်ပုလင်းကို အသုံးပြုရက် ကြမှာလဲ " လို့ ပြောလိုက်၏။
ကျစ်ယန်သည် ထိုင်နေရာမှ ထလိုက်ပြီး "အကြီးအကဲယွမ်......ဒါဆို ဒီအဆိပ်ရဲ့ အာနိသင်ကို တစ်ချက်လောက်ပြောပြပေးလို့ရမလား " လို့ ဆိုလိုက်သည်။ ယွမ်ပိုင်သည် မျက်နှာချက်ချင်းပင် ပျက်သွားပြီး "ငါ.....ငါမသိဘူး " လို့ ငြင်းဆိုလိုက်၏။
ကျစ်ယန်သည် အဆိပ်ပုလင်းတွေကို သူတို့၅ယောက်လုံးကို ပြန်ပေးလိုက်ပြီး "အဆိပ်မိတဲ့လူက ပထမဆုံးနေ့မှာပဲ သွေးကြောတွေ တစ်ခုပြီးတစ်ခု ပိတ်ဆို့လာမယ် ၊ ရက်အနည်းငယ်ကြာပြီးရင် အောက်ပိုင်းတစ်ခုလုံး ထုံကြင်လာပြီး အရိုးတွေလှုပ်ရှားဖို့ ခက်လာလိမ့်မယ်၊ နောက်ဆုံးမှာတော့ အိပ်ယာပေါ်မှာလှဲနေရင်း ရောဂါသည်တစ်ယောက်လို အသက်သေဆုံးသွားရလိမ့်မယ် " လို့ ၅ယောက်လုံးကို ကြည့်ကာ ပြောလိုက်သည်။
ကျစ်ယန်စကားများကြောင့် လေခွင်းဂိုဏ်းရှိ အကြီးအကဲ ၅ယောက်လုံးသည် တိုက်ခိုက်ဖို့ စွမ်းအားအရှိန်အဝါထုတ်လိုက်၏။ သို့သော် ချင်းရန်လီသည် မျက်လုံးတစ်စုံမှိတ်လိုက်ရင်း "မင်းတို့၅ယောက်လုံး ငါရဲ့လေခွင်းဂိုဏ်းထဲကနေ ခုချက်ချင်းထွက်သွားကြ " လို့ အေးဆေးပင် ပြောလိုက်သည်။
ကျစ်ယန်ပြောပြသော အဆိပ်မှာ သူခံစားရတာနဲ့ တစ်ထပ်တည်း ဖြစ်နေသဖြင့် ချင်းရန်လီသည် သူ့အားလုပ်ကြံသော တရားခံများကို သိရှိသွားခဲ့၏။
အကြီးအကဲ ၅ယောက်လုံးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အခန်းထဲမှ ထွက်ခွာ၍ သွားပါတော့သည်။ ချင်းရန်လီသည် မျက်နှာမကောင်းစွာဖြင့် ကုတင်ပေါ်တွင် ထိုင်ချလိုက်၏။
ချင်းတန်သည် သူ့အဖေနားအား ထိုင်လိုက်ပြီး "အဖေ......ဘာလို့သူတို့ကို လွှတ်ပေးလိုက်ရတာလဲ" လို့ မကျေနပ်စွာဖြင့် မေးလိုက်သည်။
ချင်းရန်လီသည် "ချင်းတန်......အဖေရဲ့စွမ်းအားက ခုချိန်အပြည့်အဝသုံးလို့ မရသေးဘူး ၊ နောက်ပြီး နတ်သမီးအမိန့်ပြားက သမီးလက်ထဲမှာ ရှိနေသေးတဲ့အတွက် အဖေတို့တိုက်ဖို့မလိုသေးပါဘူး "
လို့ ပြောလိုက်၏။
ချင်းရန်လီသည် ကြက်ခြေခတ်ဓားနှစ်ချောင်းတံဆိပ်ပါသော အမိန့်ပြားတစ်ခုအား ချင်းတန်ကို ပေး၍ သူဖြစ်စေချင်သော အကြောင်းအရာများကို ချင်းတန်ကို ပြောပြလိုက်သည်။ ချင်းတန်သည် ရှက်သွားပြီး "အဖေ......ဘာတွေပြောနေတာလဲ ၊ သူများက ဒီနေ့မှ စမြင်ဖူးတာကို " လို့ ပြောကာ မျက်နှာ လှည့်သွား၏။
ချင်းရန်လီသည် ပြုံးစွာဖြင့် "သခင်လေး......မင်းနာမည်က " လို့ မေးလိုက်သည်။ ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်ကာ "ကျွန်တော်နာမည်ကျစ်ယန်ပါ....အကြီးအကဲချင်း"လို့ ပြန်ဖြေလိုက်သည်။ ချင်းတန်သည် သူ့အဖေနားမှ ထလိုက်ပြီး "ချင်းတန်........ သခင်လေးကျစ်ယန်အတွက် နေစရာစီစဥ်ပေးလိုက်ပါအုံးမယ် " လို့ ပြောကာ အခန်းအတွင်းမှ ထွက်လာခဲ့၏။
ချင်းရန်လီသည် အခန်းအတွင်းမှ ကျန်ခဲ့သော အဂ္ဂိရတ်ပညာရှင်အား "မင်းလဲသွားလို့ရပြီ....."လို့ ပြောလိုက်သည်။ ချင်းတန်သည် အခန်းတစ်ခုကို ကျစ်ယန်အား ခေါ်ဆောင်လာခဲ့၏။
အခန်းထဲသို့ ရောက်တဲ့အခါ ချင်းတန်သည် သူ့အဖေပေးခိုင်းသော တံဆိပ်ပြားအား ထုတ်ပေးလိုက်ပြီး "သခင်လေးကျစ်ယန်......ဒီတံဆိပ်ပြားက မီးနဂါးမြို့တော်မှာ ရှင်နေတဲ့အတောအတွင်း ရှင်အတွက် အထောက်အကူပြုစေမှာပါ "လို့ ပြောလိုက်သည်။
ကျစ်ယန်သည် အမိန့်ပြားအား ယူကာ သိမ်းထားလိုက်ပြီး "မိန်းကလေးချင်းတန်......ငါဆေးအမယ်တစ်ချို့လိုအပ်နေတဲ့အတွက် မင်းတို့ဂိုဏ်းရဲ့ ဆေးခန်းမကို ခေါ်ဆောင်ပေးသွားလို့ ရမလား " လို့ ပြောလိုက်၏။
ချင်းတန်သည် ပြုံးလိုက်ပြီး "သခင်လေးကျစ်ယန်.....ချင်းတန်ကို ရင်းရင်းနှီနှီး ချင်းတန်လို့ပဲ ခေါ်လို့ရပါတယ် ၊ ဆေးခန်းမကို လိုက်ပို့ပေးဖို့ ချင်းတန် ခဏနေ လူလွှတ်ပေးလိုက်ပါ့မယ်" လို့ ပြောကာ ထွက်ခွာသွားခဲ့သည်။
ချင်းတန်သည် ကျစ်ယန်နေသော အခန်းအပြင်သို့ ရောက်သည်နှင့် "ငါ့ဒီပုံစံကို ဘယ်ယောကျာ်းသားက စိတ်ဝင်စားမှာလဲ " လို့ စိတ်ပျက်စွာဖြင့် ပြောကာ သူ့အခန်းသို့ ပြန်သွားခဲ့၏။
ကျစ်ယန်သည် အမိန့်ပြားအား ကြည့်နေစဥ်မှာ တံခါးခေါက်သံနှင့်အတူ "သခင်မလေးက..... ဆေးခန်းမကို လိုက်ပို့ဖို့
ပီယုံကို စေလွှတ်လိုက်လို့ပါ " ဟုသော မိန်းကလေးတစ်ယောက်ရဲ့ အသံသည် ထွက်ပေါ်လာခဲ့သည်။
ကျစ်ယန်သည် အမိန့်ပြားအား ပြန်သိမ်းလိုက်ပြီး တံခါးဖွင့်ကာ အခန်းအပြင်သို့ ထွက်လာခဲ့၏။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးငယ်သည် ကျစ်ယန်နဲ့အတူ လေခွင်းဂိုဏ်းရဲ့ ဆေးခန်းမကို ထွက်လာခဲ့သည်။
ဆေးခန်းမသည် လေခွင်းဂိုဏ်းရဲ့ အပြင်ဘက် မီးနဂါးမြို့တော်တွင် တည်ရှိသော ခန်းမတစ်ခုပင် ဖြစ်၏။ ကျစ်ယန်တို့သည် ဆေးခန်းမအတွင်းကို ဝင်လာတဲ့အခါ လူအများအပြားသည် ကျစ်ယန်တို့အား ကြည့်နေခဲ့ကြသည်။
ကျစ်ယန်သည် ဆေးအမယ်တစ်မျိုးအား ကြည့်နေချိန်မှာ ကျစ်ယန်ထက် အသက်၃နှစ်မျှ ကြီးသော ချန်ဟိုလို့ခေါ်သည့် လူတစ်ယောက်သည် "ညီငယ်လေး.......ဒီနေရာက ဘယ်လိုနေရာလဲ မင်းသိရဲ့လား " လို့ မေးလိုက်၏။ ကျစ်ယန်သည် ထိုလူအား အာရုံမစိုက်ဘဲ တခြားတစ်ဖက်ကို လှည့်ကာ နောက်ထပ်ဆေးအမယ်တစ်မျိုးအား ရှာလိုက်သည်။
ပီယုံသည် ကျစ်ယန်အနားကို ကပ်နေသည်ကို မြင်တဲ့အခါ ချန်ဟိုသည် "ညီမငယ်လေး......မင်းက ဘာလို့ သူ့လိုကောင်မျိုးနားကို ကပ်နေရတာလဲ " လို့ ပြောလိုက်၏။ ချန်ဟိုနောက်မှ နောက်လိုက်တွေသည်လည်း "ဟုတ်တယ်.....မိန်းမငယ်လေး ၊ ငါတို့သခင်လေးက မကြာခင်မှာ ကြေးအဆင့်၁ အဂ္ဂိရတ်ပညာရှင် ဖြစ်တော့မှာနော် နင်လူရွေးမမှားသင့်ဘူး " လို့ ဆိုလိုက်ကြသည်။
ထိုချိန်မှာ အဖိုးအိုတစ်ယောက်သည် ထွက်လာပြီး "မင်းတို့ဒီမှာ အော်ကြီးဟစ်ကျယ်နဲ့ ဘာတွေ ဖြစ်နေကြတာလဲ " လို့ ပြောလိုက်၏။ ပီယုံသည် ထိုအဖိုးအိုကို တွေ့တဲ့အခါ "ဖိုးဖိုး......ပီယုံကို သူတို့ လိုက်နှောက်ယှက်နေကြတယ် " လို့ မဲ့ယွဲ့စွာဖြင့် ဆိုလိုက်သည်။
ထိုအဖိုးကတော့ လေခွင်းဂိုဏ်းရှိ ကြေးအဆင့်၂အဂ္ဂိရတ်ပညာရှင် အိုးဂျန်းပင်ဖြစ်ပြီး ပီယုံရဲ့ အဖိုးပင် ဖြစ်၏။ အိုးဂျန်းသည် ဒေါသအကြည့်ဖြင့် ချန်ဟိုတို့အဖွဲ့အား ကြည့်လိုက်ပြီး "မင်းတို့တွေအားလုံးက သေချင်နေတာလား " လို့ ပြောလိုက်သည်။
ချန်ဟိုသည် ကျစ်ယန်ဘေးရှိ ဆေးအမယ်တစ်ခုအား ကိုင်လိုက်ပြီး "မင်းက မိန်းကလေးအားကိုးနဲ့ ငါ့ကို မထီမဲ့မြင်ပြုရဲတဲ့အတွက် မင်းနောင်တကြီးကြီး ရစေရမယ် " လို့ ပြောကာ သူ့အဖွဲ့သားများနဲ့ အတူ ထွက်ခွာ၍ သွားခဲ့၏။