အခန်း (၂၉)
Vol. 3 Ch. 29
အကျိုးအမြတ်ရှာဖွေခြင်း
၁၂သိန်းလို့ အသံကြားတဲ့အခါ ကျစ်ယန်သည် ၁၂သိန်းခွဲ တစ်ခါထဲ ပြောလိုက်၏။ ထိုအခါ အဖိုးအိုသည် ၁၃သိန်းလို့ အော်ခေါ်ကာ "လူငယ်လေး.......မင်းငါ့ကို အလျော့ပေးလို့ ရမလား " လို့ ကျစ်ယန်အား ပြောလိုက်သည် ။
ကျစ်ယန်သည် သွမ်ကျောက်သတ္တုနက်ကို ပြန်ကြည့်ကာ "စိတ်မကောင်းပါဘူး ......" လို့ ပြောကာ ၁၄သိန်းလို့ ပြောလိုက်၏။ သာမန်ထိုင်ခုံမှ လူများသည် တံတွေးများပင် မြိုချကာ "သူတို့ကြည့်ရတာ မီးနဂါးမြို့တော်ထဲက မဖြစ်နိုင်ဘူး " လို့ ပြောလိုက်သည်။
အဖိုးအိုသည် အသံလုံးဝပိတ်သွားတဲ့အခါ စူဖုန်းသည် "သွမ်ကျောက်သတ္တုနက်ကို ပိုင်ဆိုင်သွားတဲ့အတွက် လူကြီးမင်းအစား ဂုဏ်ယူပါတယ် " လို့ ပြောလိုက်၏။ စူဖုန်းသည် သွမ်ကျောက်သတ္တုနက် ကျစ်ယန်သို့ ပေးလိုက်သည်။
အဖိုးအိုသည် ကျစ်ယန်ရဲ့ သတ္တုနက်ကို ကြည့်နေခဲ့ပြီး "ဘယ်လိုပဲဖြစ်ဖြစ်.......သွမ်ကျောက်သတ္တုနက်က ငါ့လက်ထဲရောက်လာမှာပဲ " လို့ တီတိုးစွာ ရေရွတ်လိုက်၏။ စူဖုန်းသည် မိန်းမပျိုသုံးဦးအား ပြန်ခိုင်းလိုက်ပြီး "နောက်ဆုံးရတနာတစ်ခုကို သခင်ကိုယ်တိုင်ရောင်းချပေးမှာ ဖြစ်တဲ့အတွက် စောင့်ဆိုင်းပေးကြပါအုံး " လို့ ဆိုကာ စင်ပေါ်မှ ဆင်းသွားခဲ့သည်။
ရုတ်တရက် စင်မြင့်ပေါ်ရှိ မီးအလင်းရောင်သည် ပိတ်သွားခဲ့၏။ မနှင်းဆီနီရောင်ဇာပုဝါလေး မျက်နှာကို တပ်ဆင်ထားသော မိန်းမလှလေးတစ်ယောက်သည် ဆီးမီးခွက်လေးအား ကိုင်ကာ စင်ပေါ်သို့ တက်လှမ်းလာခဲ့သည်။
အမှောင်ထဲတွင် ဆီးမီးအလင်းရောင်ဖျော့ဖျော့လေးနဲ့သာ မြင်နေရသဖြင့် အလွန်ချောမောလှသော မိန်းမလှလေးရဲ့ အလှတရားကို အားလုံးသည် အငမ်းမရကြည့်ရှု နေကြ၏။ ထိုမိန်းမလှလေးသည် ဆီးမီးခွက်လေးကို သံတိုင်လေးပေါ်သို့ တင်လိုက်သည်။
မိန်းမလှလေးသည် "ကျူရွယ်ကို စောင့်ဆိုင်းပေးနေကြတဲ့အတွက် လူကြီးမင်းများအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်၏။ ရန်လျင်းသည် ကျူရွယ်ရဲ့ မျက်နှာကို သေချာကြည့်ကာ "မိန်းကလေး......မင်းလေလံတင်မယ့်အရာကိုသာ မြန်မြန်ပြောစမ်းပါ " လို့ ပြောလိုက်သည်။
ကျူရွယ်သည် ပြုံးလိုက်ပြီး "ဒီက လူကြီးမင်းက လောနေမှာတော့ ကျူရွယ် အချိန်ဆွဲမနေတော့ပါဘူး " လို့ ဆိုကာ ဆေးပုလင်းထဲမှ ဆေးလုံးအား ထုတ်ပြလိုက်၏။ ရှောင်ဟန်သည် ဆေးလုံးအား ကြည့်ကာ "အဲ့တာ ဆရာငါ့ကို ပြောပြဖူးတဲ့ ပြန်လည်ရှင်သန်ခြင်းဆေးလုံးများလား " လို့ တွေးနေခဲ့သည်။
ကျူရွယ်သည် ဆေးလုံးအား အားလုံးဘက်ကို သေချာလှည့်ပြလိုက်ပြီး ပုလင်းအတွင်းကို ပြန့်ထည့်လိုက်၏။ အားလုံးသည်တွေဝေနေသော ပုံပေါက်နေသဖြင့် ကျူရွယ်သည် ပြုံးလိုက်ပြီး "ဒီဆေးလုံးက လူကြီးမင်းတို့ ထင်နေတဲ့ ပြန်လည်ရှင်သန်ခြင်းဆေးလုံးကိုမှ ရတနာအဆင့်ကို မှီတဲ့ ဆေးလုံးပဲ ၊ ကျူရွယ်တို့ ရတနာဘုံလေလံစံအိမ်က ဒီဆေးလုံးရဲ့ တန်ဖိုးကို ရွှေဒင်္ဂါး၁၂သိန်းနဲ့ တန်ဖိုးစဖြတ်ထားပါတယ် " လို့ ဆိုလိုက်သည်။
ရတနာအဆင့် ပြန်လည်ရှင်သန်ခြင်းဆေးလုံးဆိုသော စကားကြောင့် အားလုံးသည် ထိုဆေးလုံးကို ဘယ်လောက်ပေးရပေးရ ဝယ်တော့မည် ဖြစ်သည်။ ပြန်လည်ရှင်သန်ခြင်းဆေးလုံးရဲ့ အကျိုးရလာဒ်သည် တိုက်ခိုက်ရာတွင် ကျင့်ကြံမှုကို ယာယီ တစ်ဆင့်တိုးပေးနိုင်သော စွမ်းအားရှိပြီး တားမြစ်ဆေးလုံးထဲတွင် မပါဝင်ချေ။
အားလုံးသည် ဆူညံစွာ ပြောဆို နေချိန်မှာ အဖိုးအိုသည် ၁၅သိန်းလို့ ပြတ်သားသော အသံဖြင့် ပြောလိုက်ပြီး ကျစ်ယန်အား တစ်ချက်ကြည့်လိုက်သည်။ ကျစ်ယန်သည် ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို သဘောမကျသဖြင့် အဖိုးအိုသည် ဝမ်းသာ၍ သွား၏။
ရန်လျင်းနဲ့ ရှောင်ဟန်သည်လည်း ပြန်လည်ရှင်သန်ခြင်းဆေးလုံးသည် ရတနာဘုံလေလံစံအိမ်ဆွင် ထွက်ပေါ်လာပြီဖြစ်ကြောင်း သူတို့ဂိုဏ်းတွေကို သတင်းပို့ပြီးပြီဖြစ်၏။ ရန်လျင်းသည် ၁၈သိန်းလို့ အော်လိုက်သည်။
ထိုချိန်မှာ သာမန်ထိုင်ခုံများထဲမှ လူတစ်ယောက်သည် သိန်း၂၀ လို့
ပြောလိုက်၏။ သာမန်ထိုင်ခုံမှ လေလံထဆွဲသည်မှ လူအများသည် ထိုလူအား ထူးဆန်းစွာဖြင့် ကြည့်နေကြသည်။ရှောင်ဟန်သည် ထိုင်ခုံမှထကာ မျက်နှာဖုံးကို ချွတ်လိုက်ပြီး "နဂါးကိုးကောင်ဂိုဏ်းမှ ကျွန်တော်ရှောင်ဟန် ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို ၂၅သိန်းပေးပါ့မယ် " လို့ ပြောလိုက်၏။
နဂါးကိုးကောင်ဂိုဏ်းသည် မီးနဂါးမြို့တော်ရဲ့ ထိပ်သီးဂိုဏ်းသုံးဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်သည်။ သာမာန်ထိုင်ခုံမှ လူသည် သိန်း၄၀လို့ ထပ်မံ ပြောလိုက်၏။ အဖိုးအိုနဲ့ ရန်လျင်းသည် စိတ်ပျက်စွာဖြင့် ထိုင်ခုံထကာ ပြန်သွားလေသည်။
ရှောင်ဟန်သည် အနက်ဝတ်စုံ ဝတ်ဆင်ထားသော သာမန်ထိုင်ခုံမှ လူကို ကြည့်ကာ "မကြာခင်မင်းအသက်ကို ငါကိုယ်တိုင်နှုတ်ယူပစ်မယ်" လို့ ကြိမ်းဝါးလိုက်၏။
လေလံပွဲပြီးသွားနောက် ကျစ်ယန်သည် ရွှေဒင်္ဂါးများ ရယူရန် ရွန်ပါ့ရှိသော အခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအခန်းထဲတွင် ရွန်ပါ့အပြင် ကျူရွယ်ပါ ရှိနေသည်ကို ကျစ်ယန်သည် တွေ့လိုက်ရ၏။
ကျစ်ယန်သည် မျက်နှာဖုံးအား သိမ်းထားလိုက်ပြီး ဆေးလုံးရောင်းချရာမှ ရတဲ့အမြတ်အား တောင်းလိုက်သည်။ ကျူရွယ်သည်
ငယ်ရွယ်သော ကျစ်ယန်ကို မြင်သော်လည်း ဆေးလုံးဖြင့် မျက်နှာပြောင်းလဲထားသော အကြီးအကဲတစ်ယောက်လို့ ထင်နေမိ၏။
ကျူရွယ်သည် လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေပင် "အကြီးအကဲ......ကျူရွယ် အကြီးအကဲနဲ့ တိုင်ပင်စရာလေး ရှိလို့ပါ " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ "ကျူရွယ်မိန်းကလေး......ငါ့မှာ အချိန်မရှိတဲ့အတွက် မင်းဒီမှာတစ်ခါထဲ ပြောလို့ရမလား " လို့ ပြောလိုက်၏။
ကျူရွယ်သည် "အကြီးအကဲ......ကျွန်မရဲ့ ဆရာက အကြီးအကဲနဲ့တွေ့ချင်လို့ ပြောထားလို့ပါ ၊ အကြီးအကဲသာ သဘောတူရင် သွမ်ကျောက်သတ္တုနက်အပြင် ရတနာဘုံလေလံစံအိမ်ရဲ့ တခြားရတနာတွေပါ လက်ဆောင်အဖြစ်ပေးပါ့မယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ရွှေဒင်္ဂါးများ စုဆောင်းချင်သေးတဲ့အတွက် ခေါင်းငြိမ့်ကာ "ကောင်းပြီလေ......မင်းဆရာက ဘယ်မှာလဲ " လို့ မေးလိုက်၏။ ကျစ်ယန် သဘောတူတဲ့အခါ ကျူရွယ်သည် ဝမ်းသာသွားပြီး "အကြီးအကဲ ကျူရွယ်နောက်လိုက်ခဲ့ပါ " လို့ ပြောကာ သူဆရာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အခန်းထဲတွင် ပန်းပွင့်ဆံထိုးကြီးအား ထိုးထားသော မိန်းမပျိုသည် စာလိပ်တစ်ခုအား ဖတ်ရှု့နေခဲ့၏။ ကျူရွယ်သည် တံခါးခေါက်ကာ "ဆရာ......အကြီးအကဲ ရောက်ရှိပါပြီ " လို့ ပြောလိုက်သည်။
စာလိပ်ဖတ်ရှု့နေသော မိန်းမပျိုသည် ဝမ်းသာ၍ သွားပြီး အခန်းတံခါးအား အမြန်လာဖွင့်ပေးလိုက်၏။
ရှောင်လိန်လို့ ခေါ်သော မိန်းမပျိုသည် ကျစ်ယန်ကို မြင်တဲ့အခါ အံ့အားသင့်သွားသည်။ ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို လေလံတင်ခိုင်းသော သူမှာ ခုလောက်ထိ အသက်ငယ်ရွယ်လိမ့်မည်လို့ မထင်ထားပေ။
ရှောက်လိန်သည် ကျစ်ယန်အား အရိုအသေပြုကာ စားပွဲခုံအသေးလေးရှေ့မှာ ထိုင်ခိုင်းလိုက်၏။ ရှောင်လိန်မှာ ကြေးအဆင့်၂ အဂ္ဂိရတ်ပညာရှင်မှန်း ကျစ်ယန်သည် သိလိုက်ရသည်။ ရှောင်လိန်ရဲ့အသက်သည် ၂၅နှစ်လောက်ပင် ရှိသေး၏။
ကျစ်ယန်သည် အခန်းအတွင်း စိုက်ပျိုးထားသော ဆေးပင်တချို့ကို
ကြည့်နေစဥ်မှာ ရှောင်လိန်သည် ဆေးကျမ်းစာလိပ်တစ်ခုအား ထုတ်ပေးလိုက်ပြီး "အကြီးအကဲ.......တချက်လောက် စစ်ဆေးကြည့်ပေးပါအုံး " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် အလွန်ပင် စုတ်ပြတ်သပ်ကာ အပေါက်အပြဲများပင် ပါနေသော ဆေးကျမ်းစာလိပ်ကို တွေ့လိုက်ရ၏။ ထိုဆေးကျမ်းစာလိပ်ကတော့ ပြန်လည်ရှင်သန်ခြင်းဆေးလုံး ဖော်စပ်နည်းပင် ဖြစ်ပေသည်။
သို့သော်ထိုစာလိပ်မှာ အပေါက်အပြဲများ ပါနေတဲ့အပြင် အရေးကြီးအချက်အလက်တွေ ပျောက်ဆုံးနေသည့်အတွက် ဆေးလုံးဖော်စပ်နိုင်မှာ မဟုတ်ပေ။ ကျစ်ယန်သည် စာလိပ်အား ပြန်ပေးလိုက်ပြီး "မင်းက......ငါ့ကို ဒီစာလိပ်ရဲ့ ကွက်လပ်တချို့ကို ပြောပြစေချင်တာလား " လို့ ပြောလိုက်၏။
ရှောင်လိန်သည် "မှန်ပါတယ် အကြီးအကဲ ၊ အကြီးအကဲသာ ကူညီမယ်ဆို မိန်ရတနာခန်းမနဲ့ ရတနာဘုံလေလံစံအိမ်ရဲ့ လစဥ် ၂၀ရာခိုင်နှုန်းက အကြီးအကဲအတွက်ပါပဲ " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ခေါင်းခါလိုက်ပြီး "၅၀ရာခိုင်နှုန်း....." လို့ ပြောလိုက်၏။