ရတနာပြီးမြောက်မှု၊ အရှေ့တိုင်းနဂါးစိမ်းအလံ၊ ပဉ္စမအဆင့်လက်နက်သန့်စင်ပစ္စည်းသို့အဆင့်မြှင့်ခြင်း၊ ကျန်းအန်းရန်၏အမြုတေတည်ဆောက်ခြင်း(၂)
Vol. 25 Ch. 480
အရာအားလုံးသာအဆင်ပြေချောမွေ့သွားပါက သူတို့တွင် ရွှေမီးဖိုဂိုဏ်း၌ ကျန်ရှိနေသော ရတနာအမွေအနှစ်များကို ရရှိရန် အခွင့်အရေးရှိနိုင်ပေသည်။
ကျန်းချန်ရွှမ်သည် ဤအကြောင်းကို သေချာပေါက်မေ့မနေပေ။
မည်သို့ပင်ဖြစ်စေ ရွှေမီးဖိုဂိုဏ်း၏ တည်နေရာမှာ နိုဗာရေပြင်တွင်ဖြစ်ပြီး သူတို့၏ လက်ရှိနေရာမှဆိုလျှင် အတော်အတန်ဝေးသည့်နေရာတွင်ရှိသည်။
လမ်းတစ်လျှောက်ရှိ နေရာကူးပြောင်းခြင်း အစီအရင်ပြားများနှင့်ဆိုလျှင်ပင် ရွှေမီးဖိုဂိုဏ်းတွင် ကုန်ဆုံးရမည့်အချိန်ကိုထည့်မတွက်သေးဘဲခရီးနောက်တစ်ခေါက်ပြန်သွားရမည့်အချိန်မှာ အတော်လေးကြာပေလိမ့်မည်။
ထို့ကြောင့် သုံးလေးနှစ်အတွင်းကျင်းပမည့် အခြေတည်ဝိညာဉ်ကုန်သွယ်ရေးပွဲတော်ကို တက်ရောက်ရန်မှာ မဖြစ်နိုင်တော့ပေ။
“ကိုယ်တို့ ရွှေမီးဖိုဂိုဏ်းကိုသွားဖို့ အခြေတည်ဝိညာဉ်ကုန်သွယ်ရေးပွဲတော်ပြီးတဲ့အထိစောင့်လိုက်ရင်ကော မိန်းမ။ မင်းဘယ်လိုထင်လဲ?”
ကျန်းချန်ရွှမ်က ရှန်းရူယန်ကို အကြံပေးလိုက်သည်။
ရှန်းရူယန်ကာ ပြုံးကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ။ အဲ့ဒီလိုပဲ လုပ်ကြတာပေါ့”
လင်မယားနှစ်ယောက် ထိုကဲ့သို့ ဆုံးဖြတ်အပြီးတွင် မှော်ဝင်တိုင်တောင်ပေါ်ရှိ ကြီးမားသောဝိညာဉ်ချီမတည်မငြိမ်ဖြစ်မှုကို ရုတ်တရက် အာရုံခံမိလိုက်ကြသည်။
၎င်းစွမ်းအားသည် မည်သည်ကို ဆိုလိုသည်ကို သိရှိသွားကြပြီး သူတို့သည် ချက်ချင်း သူတို့၏ ဂူအိမ်မှ ထွက်လာခဲ့သည်။
သူတို့သည် ကျန်းအန်းရန် နေသည့်တောင်တွင် ကျီဖုအဆင့်နှင့် လုံးလုံးလျားလျား ကွဲပြားသည့် ဝိညာဉ်ဖိအားတစ်ခုလိုက်ပါကာ ဝိညာဉ်ချီများ အလုံးလိုက်အရင်းလိုက်စုပေါင်းနေသည်ကို တွေ့မြင်လိုက်ရသည်။
သူတို့နှစ်ယောက်လုံးဆီတွင် ပျော်ရွှင်မှုများ လိမ့်တက်လာတော့သည်။
“အန်းရန်က ရွှေအမြုတေကို တည်ဆောက်တော့မှာလား?”
သူတို့ အံ့အားသင့်သွားကြသည်။
“သွားကြည့်ကြရအောင်”
သူတို့ ထိုသို့ဆုံးဖြတ်လိုက်ပြီး ကျန်းအန်းရန်၏ တောင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ထိုအချိန်တွင် အုတ်အော်သောင်းတင်းဖြစ်မှုသည် အခြားကျန်းမျိုးနွယ်စုမျိုးနွယ်ဝင်များ၏ အာရုံကိုလည်း ဆွဲဆောင်မိလိုက်သည်။
ကျန်းရန်ထောင်က ပထမဆုံး ရောက်ရှိလာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုမြင်ကာ သူသည် လေးစားသမှုဖြင့် နှုတ်ဆက်လိုက်သည်။
“ဘိုးဘေးတို့ကို နှုတ်ဆက်ပါတယ်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ပြန်လည်ခေါင်းညိတ်ပြလိုက်သည်။
နှစ်များစွာအတွင်း ကျန်းရန်ထောင်၏ ကျင့်စဉ်မှာလည်း အလယ်ရွှေအမြုတေအဆင့်နှင့် တဖြည်းဖြည်းပိုမိုနီးစပ်နေပြီ ဖြစ်သည်။
သူ၏ဓမ္မစွမ်းအားကို ပြုပြင်မွမ်းမံနေသရွေ့ ဆယ်နှစ်အတွင်း ရွှေအမြုတေအလယ်အဆင့်ကို ကျော်ဖြတ်ရန်မှာ အလွန်ခက်ခဲမည်မဟုတ်တော့ပေ။
ကျန်းအန်းရန်၏ ဂူအိမ်ထဲရှိ ဝိညာဉ်ချီပြောင်းလဲမှုများကို ခံစားမိကာ ကျန်းရန်ထောင်သည် သူ၏ပျော်ရွှင်မှုများကို ဖုံးမထားနိုင်တော့ပေ။
သူသည် ကျန်းချန်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဘိုးဘေး၊ အန်းရန်က သူ့ရဲ့ ရွှေအမြုတေကို သိပ်သည်းနိုင်တော့မှာလား?”
သူတို့စကားပြောနေစဉ်တွင် ကျန်းရန်ယီ၊ ကျန်းရန်ချွမ်းနှင့် ကျန်းယွင်ချန်းတို့အပါအဝင် နောက်ထပ်လူများ ရောက်ရှိလာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုမြင်ကာ သူတို့ နှုတ်ဆက်လိုက်ကြသည်။
ထို့နောက်ကျန်းချန်ရွှမ်က ပြောလိုက်သည်။
“ငါထင်တာသာမမှားရင် အန်းရန်က သူမရဲ့ရွှေအမြုတေကို နှစ်နှစ်အတွင်းမှာ အောင်မြင်စွာ ပြုလုပ်နိုင်လိမ့်မယ်။ သူမရဲ့ အတိဒုက္ခကို သွားပြီး လေ့လာကြည့်ရအောင်။ ဒါကမင်းတို့ရဲ့ အနာဂတ်ကျင့်စဉ်နဲ့ရွှေအမြုတေတည်ဆောက်မှုအတွက် ကောင်းကောင်း အထောက်အကူပြုလိမ့်မယ်”
ကျန်းအန်းရန် ရွှေအမြုတေတည်ဆောက်နိုင်တော့မည့်ကိစ္စသည် သူမဘေးနားရှိ လူတိုင်းကို အံ့အားသင့်စေပြီး ပျော်ရွှင် ဝမ်းမြောက်စေခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပါအဝင် ကျန်းမျိုးနွယ်စုတွင် မကြာမီမှာပင် ဒုတိယရွှေအမြုတေကျင့်ကြံသူတစ်ယောက် ရှိလာတော့မည် ဖြစ်သည်။
ဂျိန်း!
နှစ်နှစ်ကြာပြီးနောက် မည်းမှောင်နေသည့် တိမ်တိုက်များနှင့် ငွေရောင်လျှပ်စီးများသည် ကျန်းအန်းရန် နေထိုင်သည့် တောင်ပေါ်တွင် ရုတ်တရက် စုဝေးလာသည်။
၎င်းအထဲတွင် ငွေရောင်လျှပ်စီးကြောင်းများ လင်းလက်သွားသည်။
ထိုအချိန်တွင် သူမအိမ်အရှေ့ရှိ တံခါးမှာ ကျယ်လောင်သော မြည်သံတစ်ခုဖြင့် ပွင့်လာပြီး အသစ်စက်စက် ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ကျန်းအန်းရန်သည် လူတိုင်း၏ ရှေ့သို့ ရောက်ရှိလာသည်။
သူမသည် အခြားသူများကို မနှုတ်ဆက်မီ ပထမဆုံး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူမသည် လျင်မြန်စွာပင် မှော်ဝင်တိုင်တောင်အပြင်ဘက်သို့ ပျံထွက်သွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချက်ချင်း ကျန်းအန်း၏ နောက်ကိုလိုက်ရာတွင် အခြားသူများကို ဦးဆောင်ခဲ့သည်။
သူမလေဟာနယ်ထဲတွင် ရပ်တန့်သွားသောအခါ ကောင်းကင်ရှိ အတိဒုက္ခတိမ်တိုက်များသည် ၎င်းတို့၏ သည်းထန်မှုများကို ထုတ်လွှတ်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
မိုးခြိမ်းသံတစ်ခုဖြင့် ဝင်းလက်တောက်ပနေသော လျှပ်စီးတစ်ခုသည် ကျန်းအန်းရန်ဆီသို့ တိုက်ရိုက်ပစ်ချလိုက်သည်။
ဝီ!
ကျန်းအန်းရန်သည် သူမ၏လက်နှစ်ဖက်ဖြင့် မန္တန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ပြီး ဓမ္မစွမ်းအားများဖြင့် ပြုလုပ်ထားသည့် ကြီးမားသောကမ္ဘာမြေဒြပ်စင်ဒိုင်းတစ်ခုသည် သူမ၏ခေါင်းပေါ်သို့ ရောက်ရှိလာသည်။
လေထုမှာ မျက်စိကျိန်းစေသည့် လျှပ်စီးအလင်းများဖြင့် ပြည့်နှက်နေသည်။
အတော်ကလေးနီးသည့်နေရာတွင် မတ်တပ်ရပ်နေကြသည့် ကျန်းရန်ယီနှင့် အခြားသူများသည် မည်သို့မျှမတတ်နိုင်ဘဲ ကျောချမ်းလာကြသည်။
ကံကောင်းစွာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကောင်းကင်အတိဒုက္ခ၏ လက်ကျန်သက်ရောက်မှုများကို လွင့်စင်ပပျောက်စေရန် ထိုနေရာတွင် ရှိနေခဲ့ကြသည်။
မကြာမီပင် ဒုတိယအတိဒုက္ခလျှပ်စီးတစ်ခု ထပ်မံရောက်ရှိလာသည်။
ဤနည်းဖြင့် သူမသည် ပထမအတိဒုက္ခလျှပ်စီးလေးခုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။
ပဉ္စမအတိဒုက္ခလျှပ်စီးကျရောက်လာသောအခါ ကျန်းအန်းရန်သည် သူမ၏ခုခံရေးရတနာဖြစ်သည့် နောက်ထပ်လှိုင်းသုံးခုကို တားဆီးရာတွင် ကူညီပေးမည်ဖြစ်သော ရွှေဝါရောင်ပြာသာဒ်ကို နောက်ဆုံးတွင် ထုတ်ယူလိုက်သည်။
အဌမမြောက်တစ်ခုအတွက်မူ သူမ၏ ကိုယ်ပိုင်ဓမ္မရတနာဖြစ်သော အထင်ကြီးလောက်ဖွယ် ကမ္ဘာမြေဒြပ်စင် လှံရှည်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး နောက်ဆုံးအတိဒုက္ခလျှပ်စီးနှစ်ခုကို လွယ်လွယ်ကူကူပင် တားဆီးလိုက်နိုင်သည်။
သို့နှင့် ကျန်းအန်းရန်၏ အတိဒုက္ခမှာ ပြီးဆုံးသွားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အပါအဝင် လူတိုင်းကို စိတ်သက်သာရာ ရစေခဲ့သည်။
သူတို့သည် ကျန်းအန်းရန်၏ ကျင့်စဉ်အခြေခံခိုင်မာမှုနှင့် သူမ၏ ကမ္ဘာမြေဒြပ်စင်ကောင်းကင်ဝိညာဉ်အမြစ်ကြောင့် ခုခံရေးတွင် ပင်ကိုယ်အရေးသာမှုကို သိရှိကြသော်လည်း မည်သည့်သေချာမှုမျိုးမဆိုတွင် အရေးပေါ်ဖြစ်နိုင်ချေ အနည်းငယ်ကတော့ ရှိတတ်သေးသည်။
ကျန်းအန်းရန်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုရွှမ်းမင်တောင်ထွတ်ပေါ်တွင် တွေ့ဆုံခဲ့သည်။
နာရီအတော်ကြာပြီးနောက်
သူမ၏အတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည့် ကျန်းအန်းရန်ကို မြင်ကာ သူတို့၏ စိုးရိမ်ပူပန်မှုအနည်းငယ်လည်း နောက်ဆုံးတွင် ပပျောက်သွားသည်။
သူတို့သည် သူမ၏ အသစ်စက်စက် ရွှေအမြုတေမှာ အဌမအဆင့်တွင်ရှိပြီး အထက်အဆင့်တစ်ခုဟု တွက်ဆနိုင်ကာ နောင်တွင် အခြေတည်ဝိညာဉ်တစ်ခု တည်ဆောက်ရန် ကြီးမားသောအခွင့်အလမ်းကောင်းတစ်ခုရှိသည်ကို သိရှိလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ နောက်ထပ်အဆင့်များသို့ ရောက်ရှိရန် သူမသည် ပိုမိုအားစိုက်ထုတ်ရန်နှင့် ပိုမိုကြီးမားသော အခွင့်အရေးများကို ဖမ်းဆုပ်မိရန် လိုပေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူမ၏ အနာဂတ်ကျင့်စဉ်အတွက် လမ်းညွှန်ပေးခဲ့ကြပြီး တစ်ယောက်စီက သူမကို စတုတ္ထအဆင့်ကာကွယ်ရေး ဓမ္မရတနာတစ်ခုစီပေးခဲ့ကြသည်။
အနာဂတ်လမ်းကြောင်းသည် ကျန်းအန်းရန်ကိုယ်တိုင်အပေါ်တွင်ပင် မူတည်နေသည်။
ရွှေအမြုတေအဆင့်တွင် သူတို့သည် ဆရာသမားများအနေဖြင့် များများစားစားပေးစွမ်းရန် မရှိတော့ပေ။
အထူးသဖြင့် သူမသည် ပိုမိုကြီးမားသော အောင်မြင်မှုများကို ရည်မှန်းထားလျှင်ဖြစ်သည်။
၎င်းကိုနားလည်ထားပြီး ကျန်းအန်းရန်သည် ရွှမ်းမင်တောင်ထွတ်ပေါ်တွင် အတိုချုပ်တံခါးပိတ်ကျင့်ကြံခြင်းတစ်ခုကို နှစ်နှစ်နီးနီး ကုန်ဆုံးခဲ့သည်။
ထို့နောက်တွင် သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို နှုတ်ဆက်ခဲ့ပြီး အပြင်ဘက်ကမ္ဘာကို လေ့လာရန် မှော်ဝင်တိုင်တောင်ကို ထွက်ခွာခဲ့တော့သည်။
သူတို့တပည့်၏ ပျောက်ကွယ်သွားသော ပုံရိပ်ကိုကြည့်ရင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ရူရန် ဓားဖုံးနန်းတော်မှာ ကျင်းပမယ့် အခြေတည်ဝိညာဉ်ကုန်သွယ်ရေးပွဲတော်က အချိန်သိပ်မလိုတော့ဘူး။ ထွက်ခွာဖို့ပြင်ဆင်ကြရအောင်”
ကျန်းချန်ရွှမ်က အကြံပြုလိုက်သည်။
ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။
ကျန်းရန်ထောင်နှင့် ရှန်းယွမ်လုံတို့ကို ညွှန်ကြားပြီးနောက် လင်မယားနှစ်ယောက်သည် အလင်းရောင်များအဖြစ်ပြောင်းလဲသွားပြီး ယုနိုင်ငံရှိ ဓားဖုံးနန်းတော်ဆီသို့ ခရီးစထွက်ခဲ့ကြသည်။
…
ယုန်ုင်ငံ၏ ခေါင်းဆောင်ဂိုဏ်းတစ်ခုဖြစ်သည့် ဓားဖုံးနန်းတော်သည် ဓားဖုံးတောင်၏ အလွန်အနောက်ဘက်ကျသော နေရာတွင် တည်ရှိသည်။
ပေသုံးထောင်မြင့်မားသည့် တောင်သည် ခံ့ညားသောထက်မြက်မှုအာရုံတစ်ခုကို ပြသလျက်ရှိပြီး ကမ္ဘာမြေပေါ်သို့ ဇောက်ထိုးဓားထိုးချက်တစ်ခုနှင့် ဆင်တူနေသည်။
သူတို့ရောက်ရှိသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အလွန်အမင်းထင်ပေါ်စေခြင်းမဖြစ်စေဘဲ ဂိတ်ပေါက်ကို စောင့်ကြပ်နေသည့် ကျင့်ကြံသူကို ခရီးသွားကတ်ပြားတစ်ခုကို ပျူငှာစွာ ပြသလိုက်သည်။
ကျင့်ကြံသူသည် ခရီးသွားနှစ်ယောက်မှာ အခြေတည်ဝိညာဉ်စံသခင်များ ဖြစ်ကြသည်ကို သိရှိကာ အံ့အားသင့်သွားပြီး ကြန့်ကြာခြင်းမရှိဘဲ ဓားဖုံးနန်းတော်၏ ဧည့်ခံတောင်ထွတ်သို့ သူတို့ကို ဦးဆောင်လမ်းပြခဲ့သည်။
ခနကြာပြီးနောက် ရင်းနှီးနေသော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။
သူတို့၏ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်သည့် တိရှင်းကျဲ့သည် အနက်ရောင်ကိုဝတ်ဆင်ထားပြီး ငွေရောင်ဓားရှည်နှစ်လက်ကို ကိုင်ဆောင်ထားသည့် ရင်သပ်ရှုမောဖွယ် ကျင့်ကြံသူအမျိုးသမီးတစ်ယောက်လိုက်ပါလျက် သူတို့၏ရှေ့သို့ ရောက်ရှိလာသည်။
သူမ၏တစ်ကိုယ်တည်းတည်ရှိမှုသည်ပင်ကြီးမားသော ဖိအားတစ်ခုကို ပေးစွမ်းနေသည်။
အရေးအကြီးဆုံးမှာ သူမ၏အော်ရာသည် သူမမှာ အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်ဖြစ်ကြောင်းကို ညွှန်ပြနေသည်။
***