← Chapters

အပိုင်း (၁၂၀၈-၁၂၀၉)

Vol. 82 Ch. 1208-1209

အပိုင်း (၁၂၀၈-၁၂၀၉)

Vol. 82 Ch. 1208-1209

“ဂိုဏ်းချုပ်”

လီချင်းယန်သည် စားပွဲပေါ်ကို ပုံစံတစ်ခုတင်ရင်း ပြောလိုက်၏။ “ဒါက ဒူဒူရဲ့ ပုံကြမ်းပဲလေ။ ကျွန်တော်နည်းနည်းပြန်ပြီး ပြင်ဆင်ထားတယ်။”

ဖွီး

ကျွင်းချောင်ရှောင်းသည် ပါးစပ်ထဲမှ ရေနွေးများပင် ပြန်လာကာထွက်ခွာလာ၏။ ဒီဇိုင်းသည် အလွန်တရာ ဆန်းကြယ်လွန်းလှပြီး အထပ်များလည်းပါဝင်နေ၏။ အထပ်တစ်ခုချင်းစီတိုင်းတွင် ထားရှိနိုင်သည့် အကျဉ်းသား အရေအတွက်သည် အတိအကျ ပါဝင်လျက်ရှိနေသေး၏။ ထိုအရာသည် အလွန်ကျွမ်းကျင်စွာဖြင့် အသေးစိတ် ဖန်တီးထားခြင်းဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့် ရှင်းလင်းစွာ သိရှိနိုင်သည်။

ဤအရာသည် ဒူဒူဆွဲထားသည့် ပုံကြမ်းနှင့်အလုံးစုံကွာခြားလျက်ရှိနေသည်။ အဘယ့်ကြောင့် အနည်းငယ် ပြန်လည်၍ ပြင်ဆင်ထားသည်ဟု ပြောဆိုရသနည်း။ နာမည်ကောင်းမယူချင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။

“မဆိုးဘူး။ မဆိုးဘူး။”

သေသေချာချာလေ့လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သဘောကျသွားမိ၏။

အထပ်တစ်ခုချင်းစီတိုင်း၏ ပုံပန်းသွင်ပြင်သည် ပါဝင်လျက်ရှိပြီး အထဲတွင်ထားမည့် အခန်းအရေအတွက်နှင့် အဆောက်အဦ ဒီဇိုင်းများအားလုံးသည်လည်း ပါဝင်လျက်ရှိနေသည်။ လုံလောက်အောင် ပေါများလှသည့် အကျဉ်းသားတစ်ယောက်၏ အတွေ့အကြုံမရှိဘဲနှင့် ဤကဲ့သို့သော ပုံစံမျိုးကို ရေးဆွဲရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “ဘယ်အချိန်လောက်စကြမလဲ။”

သူသည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်၌ ပိတ်မိနေပြီဖြစ်၏။ ထို့ကြောင့် အဆင့်တက်ရန် လိုအပ်နေ သေး၏။

မကြာသေးမီက သူသည် အအေးရွာလေးဆီသို့ သွားရောက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ လွတ်လပ်နေပြီ ဖြစ်၏။ ထို့ကြောင့် တစ်စုံတစ်ခုပြုလုပ်ရန် အခွင့်အရေးကို ရှာဖွေနေသည်နှင့် အလုပ်ပေါ်လာသည်နှင့် ကိုက်ညီလျက် ရှိသွားခြင်းပင်။

“မနက်ဖြန်စကြတာပေါ့။”

“ကောင်းပါပြီ။”

“တောဝက်ရိုင်းလေးကို ခေါ်လိုက်အုံး။ သူပါရင် မြေတွင်းတူးတာ ပိုပြီးတော့မြန်တယ်။”

“ကောင်းပါပြီ။”

ဂိုဏ်းချုပ်၏ အတည်ပြုမှုကို ရရှိပြီးသည့်နောက်မှာတော့ လီချင်းယန်သည် သူ၏အင်္ကျီလက်ကို ခေါက်ကာဖြင့် တောဝက်ရိုင်းလေးနှင့်အတူတူ အလုပ်ကို စတင်ကာ ပြုလုပ်တော့၏။ သူတို့သည် နက်ရှိုင်းလှသည့် မြေတွင်းကြီးကို စတင်ကာ တူးကြ၏။

မြေအောက်ခန်းများကို တည်ဆောက်ရမည်ဖြစ်သောကြောင့် ပုံမှန်ထက်ပို၍ ခက်ခဲသည့်အရာများကို ပြုလုပ်ကြရ၏။ ဂိုဏ်းမှ ရောင်းရင်းများသည် အချိန်တိုင်း ရောက်ရှိလာပြီးသည့်နောက် ကူညီခြင်းကို ပြုလုပ်ကြ၏။ ပြီးသည့်နောက် မှာတော့ သူတို့သည် ကျင့်ကြံခြင်းအပေါ်လည်း အာရုံစိုက်ထားကြသေးသည်။

ဒုတိယတပည့်သည် ဆောက်လုပ်ရေးလုပ်ငန်းများအား ဦးဆောင်ရာတွင် အလွန်တရာ အားကောင်းလှသူ တစ်ယောက်ဖြစ်သည်ကို သိရှိထားသောကြောင့် ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာနှင့်ပတ်သက်၍ စိတ်ပူပန်ခြင်း မရှိချေ။ ထို့ကြောင့် ဂိုဏ်း၏ စီမံခန့်ခွဲမှုများကိုသာ အာရုံစိုက်ထားပြီးသည့်နောက် ဂိုဏ်းတာဝန်များ ပြည့်စုံလာရန်အတွက် မျှော်လင့်လျက် ရှိနေ၏။

“စနေပြီလား။”

ကောင်းကင်အကျဉ်းထောင်အတွင်းမှာတော့ ကျိုးဒူဒူသည် မြေပြင်ပေါ်သို့ နားများကပ်ကာဖြင့် အသံများကို နားထောင်လျက်ရှိနေ၏။ အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားလိုက်ရသည့်အချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ဂိုဏ်းချုပ်သည် သူ၏ အကြံပြုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်းကို သူသိရှိပြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ မစတင်ခင်အချိန်မှာပဲ လီချင်းယန်သည် သူ့အား လာရောက်ရှာဖွေကာဖြင့် လေးလေးနက်နက် ဆွေးနွေးခဲ့သေး၏။

သူသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် မဖြစ်လာသေးဘူးဆိုသော်လည်း ဂိုဏ်းအား အကြီးအကျယ်ကူညီမှု ပြုလုပ်နေရပြီဖြစ်တော့၏။ ထိုအရာသည် သူ၏ရင်ထဲတွင် ကြီးမားလှသည့် ဂုဏ်သိက္ခာတရားများကို ဖြစ်ပေါ်စေခဲ့သည်။

အကျဉ်းထောင်သည် မြေအောက်တွင် တည်ဆောက်ရမည်ဖြစ်သောကြောင့် ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် အနည်းငယ်တော့ ဒုက္ခများလှ၏။ ထို့ကြောင့် အချိန်အတော်ကြာ ယူရ၏။

လဝက်ခန့်ကြာပြီးသည့်နောက်မှာတော့ ကိုးထပ်အကျဉ်းထောင်တစ်ခု၏ ပုံပန်းသွင်ပြင်သည် စတင်၍ ဖြစ်တည်လာ ခဲ့၏။ ကျွင်းချောင်ရှောင်းသည် အောက်ဆီသို့ ဆင်းကာ သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ လီချင်းယန်နှင့် တောဝက်ရိုင်းလေးတို့အား ချီးကျူးလိုက်မိသည်။

ထို့အပြင် ကုန်းရှန့်သည် အခြားအရာကိုလည်း စဉ်းစားလျက်ရှိနေသည်။ အကျဉ်းထောင်တည်ဆောက်ပြီးပြီဆိုလျှင် အကာအကွယ်စနစ်ကို မည်ကဲ့သို့ စီစဉ်ထားရမည်ဖြစ်ကြောင်းကို သူ မတွေးတောနိုင်သေးချေ။ အကျဉ်းထောင်ထဲတွင် ထောင်ဆူခြင်း၊ သို့မဟုတ် ထောင်မှ ထွက်ပြေးခြင်းကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် လုံခြုံမှုနှင့် အကာ အကွယ်အတားအဆီးများအားလုံးသည် အလွန်တရာအားကောင်းနေမှ ဖြစ်ပေလိမ့်မည်။

“အစီအရင်ဟောခန်းကို ခေါ်ပြီးတော့ များပြားလှတဲ့ အစီအရင်တွေ ထားခိုင်းမယ်ဆိုရင်ရော။” စနစ်က အကြံပြုလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို အစောကြီးကတည်းက တွေးတောထားခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ ထိုအရာသည် မလုံခြုံဟု သူခံစားနေမိသည်။ အကျဉ်းထောင်ထဲမှ အကျဉ်းသားများအားလုံးသည် တဖြည်းဖြည်းပို၍ များပြားလာမည် ဆိုပါက မည်မျှများပြားသော အစီအရင်များကို ဖန်တီးတည်ဆောက်ထားရမည်နည်း။

“တကယ်လို့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို အကျဉ်းထောင်တစ်ခုအဖြစ် ဖန်တီးထားနိုင်မယ်ဆိုရင် အားရာက လွယ်လွယ်ကူကူနဲ့ အထဲကို ဝင်ထွက်လို့ရတယ်။ လွယ်လွယ်ကူကူနဲ့ ထိန်းချုပ်ထားနိုင်စွမ်း ရှိလိမ့်မယ်။”

ကျိုးဒူဒူသည် အချိန်ကြာမြင့်စွာ အကျဉ်းထောင်ထဲမှာ နေထိုင်ခဲ့သည်။ ထို့ကြောင့် အကျဉ်းဦးစီးတစ်ယောက်အဖြစ် ဖြစ်လာဖို့တော့ မရှိချေ။ အများဆုံး ဒုတိယအကျဉ်းဦးစီးတာဝန်လောက်တော့ ယူနိုင်စွမ်းရှိ၏။ ပိုမို၍ အသင့်လျော် ဆုံးသောလူမှာ ကြာပွတ်နှင့်မီးဖယောင်းတိုင်များကို အသုံးပြုတတ်သော အားရာသာ ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ ထို့အပြင် သူမသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ လက်နက်စိတ်ဝိညာဉ်လည်းဖြစ်နေသည် မဟုတ်ပါလား။

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။

“အကျဉ်းထောင်ကို ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ နဲ့ဖုံးလွှမ်းထားလိုက်မယ်။”

ဤအရာသည် တာဝန်၏ ဆုလာဘ်အဖြစ် ရရှိခဲ့သော ရတနာတစ်မျိုးလည်း ဖြစ်၏။ အထက်နယ်မြေဆီမှ ကျဆင်းလာသော မိုးကြိုးအပြစ်ပေးမှု၏ စွမ်းအင် ၅၀ ရာခိုင်နှုန်းကိုပင် ခုခံနိုင်ခဲ့သည့်အရာဖြစ်သောကြောင့် အလွန်တရာ အားကောင်းလွန်းလှသည်။ ဤအရာကိုသာ အကျဉ်းထောင်အဖြစ် အသွင်ပြောင်းလိုက်သည်ဆိုပါက အထဲတွင် ဖမ်းချုပ်ခံထားရသော အကျဉ်းသားများအားလုံးသည် ထွက်ပြေးလွတ်မြောက်သွားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ထို့အပြင် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် သူ၏ စိတ်နှင့်အတူ ရှုံ့၍ ချဲ့၍ရသည့် အရာလည်း ဖြစ်နေသည်။ အထဲတွင်ရှိနေသော တည်နေရာအား သက်ရောက်မှုမရှိနိုင်ချေ။ ထို့ကြောင့် အနာဂတ်တွင် လိုအပ်လာသည်ဆိုပါက တစ်ခါတည်းယူဆောင်သွား၍လည်း ဖြစ်နိုင်သေးသည်။

စနစ်သည် ဆွံ့အသွားမိ၏။ “မင်းက ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းပြီးအသုံးပြုမလို့လား။”

“ဒီဒေီတော့ အနာဂတ်မှာ အပြင်ကို ထွက်လို့ အန္တရာယ်တစ်ခုခု ကြုံလာပြီဆိုရင် အထဲက အကျဉ်းသားတွေကို ထုတ်ပြီးတော့ တိုက်ခိုက်ခိုင်းလို့ရတယ်။”

……

ထိပ်တန်းကျွမ်းကျင်သူများအားလုံးသည် အရေးအကြောင်းတိုက်ခိုက်ရသည့်နေရာတွင် အမျိုးအစားစုံလင်လှသော ရတနာနှင့်လက်နက်များကို ထုတ်ဖော်ကာ အသုံးပြုတိုက်ခိုက်တတ်ကြ၏။ သို့ပေမဲ့ လက်ခံသူသည် အကျဉ်းထောင် တစ်ခုကို ထုတ်ယူကာ အထဲတွင်ရှိနေသော အကျဉ်းသားများအား တိုက်ခိုက်ခိုင်းတော့မည်ဖြစ်သည်။ သောက်ကျိုးနည်းလှချေသည်တကား။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူလုပ်ချင်ရာကို လုပ်တတ်သည့် လူတစ်ယောက်သာဖြစ်၏။ လီချင်းယန် တစ်ယောက် ထိုအရာကို တည်ဆောက်ပြီးသည့်အချိန်တွင် သူသည် အကျဉ်းထောင်တစ်ခုလုံးအား ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်းစေတီဖြင့် လွှမ်းခြုံကာ အုပ်မိုးထားရန် နည်းလမ်းတစ်ခုကို အတည်ပြုဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ဤနေရာတွင် ပြဿနာတစ်ခု တည်ရှိလို့နေ၏။ ဤအရာသည် ကျွင်းချောင်ရှောင်းပိုင်ဆိုင်သော ရတနာတစ်မျိုး ဖြစ် သည်။ တစ်ခြားသူများသည် ဝင်ထွက်သွားလာ၍မရချေ။ သူ့အနေနှင့် အကျဉ်းသားများကို အထဲသို့ ထည့်သွင်းချင်သည်ဆိုပါက ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ရန် လိုအပ်နေမည် မဟုတ်ပါလား။

ဆေးလုံးသန့်စင်ခြင်းနှင့်လက်နက်များသန့်စင်ခြင်းများကို သူသည် တပည့်များအား လွှတ်ထားနိုင်နေပြီဖြစ်၏။ ထို့ကြောင့် လွတ်လွတ်လပ်လပ်ဖြင့် နေ့စဉ်နေ့တိုင်း လျှောက်၍ သွားနိုင်ပြီဟု သုံးသပ်ထားနိုင်၏။ ယခုကဲ့သို့ အကျဉ်းသား ပို့ဆောင်သည့်လုပ်ရပ်မျိုးကို သူကိုယ်တိုင်မလုပ်ချင်ပေ။ တစ်ခြားသောနည်းလမ်းကို စဉ်းစားမှ ဖြစ်ပေလိမ့်မည်။

“သခင်”

အားရာက ပြောလိုက်၏။ “သူတို့ဆီမှာ သခင့်ရဲ့ ဝိညာဉ်အသိအမှတ်ပြု ရှိနေတယ်ဆိုရင် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီထဲကို ဝင်ချင် သလို ဝင်လို့ရလိမ့်မယ်။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ပြီးနောက်ပြောလိုက်သည်။ “ငါ့ရဲ့ ဝိညာဉ်အသိအမှတ်ပြုမှုကို ကျောက်စိမ်းပြားတစ်ခုထဲကို ပေါင်းစပ်ထားလိုက်မယ်။ ဒါဆိုရင် သူတို့အားလုံး ဝင်ချင်သလိုဝင် ၊ ထွက်ချင်သလို ထွက်လို့ရတယ်ပေါ့။”

“ဒါအမှန်ပါပဲ။” အားရာက ခေါင်းညိတ်လိုက်၏။

နောက်ဆုံးမှာတော့ ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်း၏ ပုံစံအတိုင်း ကျောက်စိမ်းသားများကို ထွင်းထုရန် ပန်းပဲခန်းမဆောင်အား အမိန့်ပေးလိုက်တော့၏။ အချက်အလက်အားဖြင့် နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်းသည် များပြားလှသည့် ကျောက်စိမ်းပြားများကို သူကိုယ်တိုင်သွန်းလုပ်နိုင်စွမ်းရှိနေသည်။

သို့ပေမဲ့ ဂိုဏ်းချုပ်သည်သာ အရာအားလုံးကို ပြုလုပ်နေမည်ဆိုလျှင် တပည့်များအား ဘာသွားခိုင်းစားရတော့ မည်နည်း။ ဖန်းရိကျိသည် ဤနေရာတွင် အစစ်အမှန် ကျွမ်းကျင်လူတစ်ယောက်ပင်ဖြစ်တော့၏။ ရက်အနည်းငယ်အတွင်းမှာပဲ အဆင့်မြင့်လှသော ကျောက်ရိုင်းတုံးများကို အသုံးပြုကာဖြင့် ကျောက်စိမ်းပြားကို ဖန်တီးသွန်းလုပ်ပြီးဖြစ်နေတော့၏။ ကျောက်စိမ်းပြားများပေါ်တွင် သံမဏိအရိုးဟူသော စာတမ်းကို ရေးထိုးထားခဲ့၏။

ဆွစ် …။

စာကြည့်ခန်းထဲတွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ပျံသန်းနေပြီးသည့်နောက်မှာတော့ ဝိညာဉ်စွမ်းအင်များသည် ကျောက်စိမ်းပြားများနှင့် မြန်မြန်ဆန်ဆန် ပေါင်းစပ်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် တစ်ခုကို ကောက်ယူပြီး နောက် ပြောလိုက်၏။ “ဒီလိုအရာနဲ့ဆိုရင် တပည့်တွေအားလုံးက ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်လို့ရမှာပဲ။ ဒါပေမဲ့ အကျဉ်းသားတွေသာ ဒါကိုရသွားမယ်ဆိုရင်တော့ ပြဿနာပဲ။ ဒီတော့ နှစ်ထပ်ကာကွယ်မှုကို ပြုလုပ်ထားရမယ်။”

“တကယ့်ကို အတွေးကောင်းတယ်။” စနစ်သည် ချီးကျူးလိုက်မိသည်။

…

ဆွစ်

အကျဉ်းထောင်၏ ဝင်ပေါက် အောက် လှေကားထစ်များကို ဆင်းသက်ပြီးသည့်နောက်မှာတော့ အကျဉ်းထောင်၏ ဂိတ်တံခါးဝဆီသို့ ရောက်ရှိသွား၏။ လီချင်းယန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှိုင်းများဖြစ်တည်လာခဲ့တော့၏။ သူသည် ကမ္ဘာတစ်ခုဆီမှ အခြားကမ္ဘာတစ်ခုဆီသို့ ရောက်ရှိသွားသလို ခံစားလိုက်မိ၏။ သူ့တွင် ကျောက်စိမ်းပြား ရှိနေသည် မဟုတ်ပါက ဤအထဲသို့ ဝင်ရောက်ခွင့်ရလိမ့်မည်မဟုတ်ချေ။

အထဲသို့ ရောက်ရှိသွားသည်ဆိုသည်နှင့်တပြိုင်နက် လေထုထဲတွင် ထူးခြားလှသည့် အော်ရာများဖြစ်တည်နေသည်ကို လီချင်းယန်သည် အံ့အားသင့်ဖွယ် သိရှိလိုက်ရ၏။ ထိုအရာသည် အထဲတွင်ရှိနေသော လူများကို မသက်မသာ ခံစားရစေသည်။

ဟားဟား ဟား ဟား ဟား

ဟားဟား ဟား ဟား ဟား

ရုတ်တရက် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ ဘာမှန်းမသိဘဲ သူ၏ အနောက်ဘက်တွင် မိန်းကလေးတစ်ယောက် ပေါ်လာတော့သည်။ သူမ၏ ညာဘက်လက်ထဲတွင် ကြာပွတ်ကို ကိုင်ဆောင်ထားပြီး ဘယ်ဘက်လက်ထဲတွင်တော့ ဖယောင်းတိုင်တစ်ခုကို ကိုင်ဆောင်ထားသည်။ သူမသည် ပြုံးကာ ပြောလိုက်သည်။ “မောင်ငယ်လေး …. ဘယ်တစ်ခုကို ရွေးချယ်ချင်လဲ။”

ဂလု

လီချင်းယန်သည် တံတွေးကို မြိုချလိုက်၏။ သူ၏ ကျောရိုးမကြီးတစ်ခုလုံးသည် စိမ့်တက်သွား၏။ ဤမိန်းကလေး သည် ကြည့်ရှုရသည်မှာ အလွန်တရာချစ်ဖို့ကောင်းလှသည်ဆိုသော်လည်း ပြုံးလိုက်သည့်အချိန်တိုင်းမှာတော့ လူများကို ထိတ်လန့်ကြောက်ရွံ့ရသည့် ခံစားချက်များပေးစွမ်းနေသည်။

“အားရာ”

ကျွင်းချောင်ရှောင်းသည် လျှောက်ဝင်လာကာ ပြောလိုက်၏။ “ဒါက ငါရဲ့ ဒုတိယတပည့်ပဲ။ အကျဉ်းသား မဟုတ်ဘူး။”

အားရာသည် လျင်လျင်မြန်မြန်ပဲ ကြာပွတ်နှင့်ဖယောင်းတိုင်အား သူမ၏ အနောက်ဘက်ဆီသို့ ဖွက်လိုက်၏။ ပြီးနောက် သူမ၏ အပြုံးသည် ပိုမိုကာ အပြစ်ကင်းစင်လာခဲ့သည်။

ထိုအပြုံးသည် ကြည့်ရှုရသည့်လူများအား ပါးလေးကို ဖြစ်ညှစ်စေချင်စိတ်ပေါက်သည်အထိ အပြစ်ကင်းစင်လွန်း လှသည်။ လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွား၏။ ဤလက်နက်စိတ်ဝိညာဉ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် အကျဉ်းထောင်၏ ကိုးလွှာလုံးအား ဖုံးလွှမ်းထားလျက် ရှိနေသည်။

အကျဉ်းသားများအားလုံးသည် ကျောက်စိမ်းပြားနှင့်အတူ အထဲကို ဝင်ရောက်ရ၏။ အထဲသို့ ရောက်ရှိပြီး သည်ဆိုသည် နှင့် ကျောက်စိမ်းပြားများကို ပြန်လည်သိမ်းယူသွား၏။

တပည့်များသည် ကျောက်စိမ်းပြားကို အသုံးပြု၍ အထဲသို့ ဝင်ထွက်ခြင်းကို ပြုလုပ်နိုင်၏။ သို့ပေမဲ့ တပည့်များ ကိုင် ဆောင်သည့်အချိန်တွင်သာလျှင် ထိုကျောက်စိမ်းပြား၏ အကျိုးသက်ရောက်မှုသည် တည်ရှိပြီး အကျဉ်းသားများ ကိုင်ဆောင်မည်ဆိုပါက အကျိုးသက်ရောက်မှုမရှိလှချေ။ ထို့ကြောင့် အကျဉ်းသားများအနေနှင့် ထွက်ပြေး လွတ်မြောက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

လီချင်းယန်သည် တောဝက်ရိုင်းလေးနှင့်အတူ စတင်ကာ အလုပ်လုပ်လျက်ရှိနေတော့၏။ သို့ပေမဲ့ သူ၏ အနောက်ဘက်တွင် ကြာပွတ်နှင့်ဖယောင်းတိုင်ကို ကိုင်ဆောင်ထားသော မိန်းကလေးသည် အစဉ်အမြဲဆိုသလို ပေါ်ပေါ်လာနေ၏။ သူမ၏ မျက်နှာပေါ်တွင်ရှိနေသော ထူးဆန်းသည့်အပြုံးကို မြင်ရသည့်အချိန်တွင် လီချင်းယန်သည် ဇောချွေးများပင် ပျံနေမိတော့သည်။

…

ဆယ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ အထဲတွင် ကြီးမားလှသော အကျဉ်းထောင်ကြီးတစ်ခု တည်ဆောက်ပြီးဖြစ်နေတော့သည်။ အလွှာတစ်ခုချင်းစီတိုင်းသည် သီးခြားဖြစ်တည်နေပြီး များပြားလှသည့် အထောက်အပံ့ပစ္စည်းများတို့လည်း ဤနေရာတွင် တည်ထောင်ထားရှိ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “အကျဉ်းထောင်ရဲ့ အထက်တိုင်း အထက်တိုင်းမှာ အကျဉ်းသား တစ်ထောင်ကျော် ဆီကို ထားလို့ရတယ်။ ပြီးတော့ အကျဉ်းသားတွေ စားသောက်ဖို့အတွက် စားသောက်ခန်းတွေပါ တည်ဆောက်ထား သေးတယ်။ ဒါအပြင် အကျဉ်းသားတစ်ယောက်ချင်းစီ သီးသန့်စားသောက်နိုင်တဲ့ စားသောက်ခန်းလည်းပါတယ်။”

“မဆိုးဘူး။ မဆိုးဘူး။”

ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ကျေနပ်လျက်ရှိနေ၏။

လက်ရှိအခြေအနေမှာတော့ အကျဉ်းထောင်သည် တည်ဆောက်ပြီးသွားပြီဖြစ်၏။ ထိုကြောင့် ဤအကျဉ်းထောင်အား နာမည်ပေးမှ ဖြစ်ပေလိမ့်မည်။ ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် အကျဉ်းထောင်၏ ဂိတ်တံခါး ဆီသို့ ရောက်ရှိလာသည်။ လက်နှစ်ချောင်းကို မြှောက်ကာဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ကြီးမားလှသည့် စာတမ်းကြီးတစ်ခုကို ရေးထိုးတော့သည်။

ထျန်းယွမ် (ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်း) အကျဉ်းထောင်စေတီ။

All Chapters