အပိုင်း (၁၂၁၁)
Vol. 82 Ch. 1211
တပည့်များသည် ဂိုဏ်းတာဝန်ကို ပြည့်စုံအောင် ပြုလုပ်လိုက်သည်ဟု ကြားသိလိုက်သည့်အချိန်မှာတော့ သူ၏ ဂိုဏ်းစုဆောင်းမှတ်များသည်လည်း နောက်ဆုံးတွင် ပြည့်ဝသွားခဲ့ပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် စနစ်အား အလျင်အမြန်ဖွင့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ ဂိုဏ်း၏ အဆောက်အအုံ တည်နေရာတွင် အဆင့်မြှင့်တင်နိုင်ရန်ဟူသောခလုတ်သည် လင်းလျက်ရှိနေ၏။ ထို့ကြောင့် သူသည် နှောင့်နှေးမှုတစ်ချက်မှမရှိဘဲ ဖိနှိပ်လိုက်တော့သည်။
“ဒင်... ဂိုဏ်း၏ အဆောက်အအုံ သည် အဆင့်တစ်ဆယ်သို့ ရောက်ရှိသည်။ ဂိုဏ်းသား၊ ဂိုဏ်းစုဆောင်းမှတ်၊ ဂိုဏ်းအောင်မြင်မှုအမှတ်များသည် အကန့်အသတ်သည် တိုးတက်သွားခဲ့၏။”
စနစ်၏ မြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။
“ဂိုဏ်း၏အဆောက်အအုံ - အဆင့်တစ်ဆယ်
ဂိုဏ်းသား - ၇၀၀၀၀ / ၁၀၀၀၀၀
ဂိုဏ်းစုဆောင်းမှတ် - ၄၈၉၉၀ / ၁၀၀၀၀၀
ဂိုဏ်းအောင်မြင်မှုအမှတ် - ၀ / ၁၀၀၀၀၀”
အကန့်အသတ်တန်ဖိုးများသည် တစ်သိန်းအထိသို့ ပြောင်းလဲသွားသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ခဏလောက်ဆွံ့အသွား၏။ ပြီးသည့်နောက်မှာတော့ သူသည် မျက်နှာကို ဖုံးကာကာဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ သူသည် ပျော်ရွှင်ရမည်လား။ ငိုရမည်လား ဆိုသည်ကိုပင် ခွဲခြား မသိနိုင်ချေ။
အဓိကတာဝန်သည် မည်သည့်အရာဖြစ်သနည်း။ နှစ်တစ်ရာအတွင်း ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြိုင်စံရှား ဂိုဏ်းတစ်ခုကို ဖန်တီးရန်ဖြစ်၏။ ပြိုင်စံရှားဂိုဏ်း၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် ဂြိုဟ်တစ်ခုလုံးသည် သူတို့အား ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ရှေးနတ်ဂိုဏ်းကို မဆိုနှင့် သမိုင်းတွင် အားအကောင်းဆုံးသော ဂိုဏ်းတစ်ခုဖြစ်သည်ဟု သူတို့ကိုယ်တိုင် ကြေညာခဲ့သည်ဆိုလျှင်တောင်မှ တခြားမည်သူကမှ လာ၍ မေးခွန်းထုတ်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ အဓိကတာဝန်သည် တခြားသော လိုအပ်ချက်များ ရှိနေသေး၏။ ဥပမာအားဖြင့် တပည့်၏ အရေအတွက်သည် ဂိုဏ်းသားတစ်သိန်း ပြည့်ရန်ဖြစ်သည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်နိုင်သည် ဆိုလျှင်တောင်မှ တပည့်၏ အရေအတွက် မပြည့်ဝပါက တာဝန်သည် ပြည့်စုံလိမ့်မည် မဟုတ်ချေ။
ဂိုဏ်း၏အဆောက်အအုံ သည် အဆင့်တစ်ဆယ်ဆီသို့ အဆင့်တိုးမြှင့်ပြီးသည့်နောက်မှာတော့ အများဆုံး ထားရှိနိုင်သည့် ဂိုဏ်းသားအရေအတွက်သည် ထင်ပေါ်လာခဲ့ပြီဖြစ်၏။ ထို့ကြောင့် ထိုဂိုဏ်းသား အရေအတွက်ကို ပြည့်ဝအောင်သာ ပြုလုပ်နိုင်မည်ဆိုလျှင် သူသည် အကြီးမားဆုံးသော အဓိက တာဝန်ကြီးကို ပြည့်စုံနိုင်တော့မှာ ဖြစ်သည်။
ကျိုးဒူဒူနှင့် တခြားသူများ အားလုံးတို့သည် ဂိုဏ်းသားသစ်အဖြစ် ဖြစ်ပေါ်စေရန် စောင့်မျှော်နေခဲ့ကြသည်မှာ ကြာပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည်လည်း ထိုသို့သောနေ့ကို ရောက်ရှိရန် အချိန်အတော်ကြာ စောင့်မျှော်နေ ခဲ့ခြင်းပင် ဖြစ်တော့၏။ သူ့အနေနှင့် ကြာမြင့်လှသော အချိန်အတောအတွင်း ကြိုးကြိုးစားစားဖြင့် အလုပ် လုပ်ခဲ့ရ၏။
တခြားသော ကမ္ဘာတစ်ခုဆီသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခဲ့ပြီးသည့်နောက် ခေါက်ဆွဲများ စားသုံးရင်း ငိုကြွေးခဲ့ရ၏။ လုချင်းချင်းကို ဂိုဏ်းသားအသစ်ဖြင့် ခေါ်ဆောင်ပြီး လီချင်းယန်ကို ကယ်တင်ခဲ့ရ၏။ ပြီးနောက် ဂိုဏ်းသားတစ်ရာပြည့်ရန် အလွန်အမင်း ကြိုးစားခဲ့ရသေးသည်။ ထိုကဲ့သို့သော အတိတ်မှ မှတ်ဉာဏ်များသည် သူ၏စိတ်ထဲတွင် ရုပ်ရှင်တစ်ခု ပြသကဲ့သို့ တစ်ခုပြီးတစ်ခု ထင်ပေါ်လျက်ရှိ၏။ ထိုသို့သောအရာများထဲတွင် ပါဝင်နေသည်မှာ ခက်ခဲမှု၊ အလွန်အမင်း ကြိုးစားခဲ့ရမှု၊ နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့ပင် ဖြစ်တော့သည်။
စနစ်သည် ထ၍ အော်လိုက်တော့သည်။ “မင်းတာဝန်က မပြီးသေးဘူးလေ။ ဘာလို့ အားလုံးပြီးဆုံးသွားသလို လျှောက်တွေးနေရ တာလဲ”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ ခံစားချက်များပါနေသော မှတ်ဉာဏ်များအားလုံးကို ဖယ်ရှား ပြီးသည့်နောက်မှာတော့ ထိုင်ခုံမှ ထ၍ ရပ်လိုက်မိ၏။ ပြီးသည့်နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အော်လိုက်သည်။ “ကောင်းတယ်၊ ကောင်းတယ်။ အရမ်းကောင်းတယ်ကွ၊ ဟဲ ဟဲ ဟဲ”
“ဆိုးတာက ….”
စနစ်က ပြောလိုက်သည်။ “အဆောက်အအုံ အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ ဂိုဏ်းရဲ့လုပ်ဆောင်မှု ပုံစံဆိုပြီး အသစ်ထပ်မပေးတာပဲ”
“ဒင်... လက်ခံသူသည် ဂိုဏ်း၏အဆင့်တစ်ဆယ်အထိ တိုးတက်ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် ဂုဏ်ပြုပါသည်။ ဂိုဏ်း၏လုပ်ဆောင်မှုပုံစံကို တစ်ကြိမ်အဆင့်မြှင့်တင်နိုင်စွမ်းရှိ၏။ ခင်မင်စွာဖြင့် သတိပေးရမည်ဆိုလျှင် တစ်ကြိမ် သာလျှင် အဆင့်မြှင့်တင်နိုင်စွမ်း ရှိသည်ဖြစ်သောကြောင့် သေသေချာချာ စဉ်းစားရန် လိုအပ်သည်”
ကျွင်းချောင်ရှောင်းသည် စနစ်ဆီမှ အသံကို ကြားလိုက်ရ၏။
“……..”
စနစ်သည် သုံးစက္ကန့်လောက် စိတ်မကောင်းဖြစ်နေရာမှ ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်များပင် ပေါက်သွားခဲ့၏။ “ငါဘယ်သူ့ကို ရန်ပြုမိလို့ ဒီလောက်ကြီး ထော်လော်ကန့်လန့် ပြောင်းပြန်တွေပဲ ဖြစ်နေရတာလဲ”
“ဂိုဏ်းရဲ့လုပ်ဆောင်မှုပုံစံကို အဆင့်တိုးမြှင့်တာ ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင်တော့ အံ့အား သင့်မှုများနှင့် ပြည့်နှက်သွားတော့သည်။ သူသည် ဆေးဟောခန်းမဆောင်၊ ပန်းပဲခန်းမဆောင်နှင့် ဂိုဏ်း၏ လုပ်ဆောင်မှုပုံစံတွင် ရှိနေသော တခြားသော လုပ်ဆောင်မှုများကို သေသေချာချာ ကြည့်ရှုလိုက်၏။ ထိုအရာများ၏ နောက်တွင် အဆင့်မြှင့်တင်နိုင်စွမ်း ရှိသည်ဟူသော စာတမ်းပေါ်လျက် ရှိ၏။
စနစ်သည် မပျော်မရွှင် ပြောလိုက်၏။ “မင်းအနေနဲ့ ဒါတွေအကုန်လုံးထဲက တစ်ခုကိုပဲ အဆင့်မြှင့်တင်နိုင်တယ် လေ”
“တစ်ခုကိုပဲ အဆင့်မြှင့်တင်နိုင်တယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် သေသေချာချာ စဉ်းစားလိုက်သည်။ “ငါ ဒါကို စဉ်းစားမှ ဖြစ်မယ်”
စနစ်၏ အဆောက်အအုံ ပုံစံထဲတွင် လုပ်ဆောင်နိုင်မှုမှာ အများအပြားရှိနေသည်။ ထိုအရာများအားလုံးသည်လည်း ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်စွမ်း ရှိသောအရာများလည်း ဖြစ်၏။ ထို့ကြောင့် အားလုံးကို အဆင့်မြှင့်တင်နိုင်စွမ်း မရှိဘူးဆိုလျှင်တောင်မှ အားအကောင်းဆုံးနှင့် ဂိုဏ်းဖွံ့ဖြိုး တိုးတက်မှုကို ပြုလုပ်အပေးနိုင်ဆုံး အရာကို ရွေးချယ်ရပေလိမ့်မည်။
“ဆေးလုံးခန်းမဆောင်”
ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက် ချလိုက်မိ၏။ လက်နက်နှင့် သိုင်းပညာရပ်များသည် ပြိုင်စံရှားဂိုဏ်းထဲတွင် နေ့စဉ်လိုအပ်နေသည့်အရာမျိုးမဟုတ်ချေ။ သို့ပေမဲ့ ဆေးလုံးမှာတော့ တပည့်များအနေနှင့် နေ့စဉ်နေ့တိုင်း လိုအပ်နေသည့်အရာပင်ဖြစ်ပြီး အလွန်လည်း အရေးကြီးလှ၏။ ထို့ကြောင့် သူ့အထင်အရဆိုလျှင် ဆေးလုံးခန်းမဆောင်အား အဆင့်မြှင့်တင်လိုက် ခြင်းသည် ပို၍ အကျိုးကျေးဇူးရရှိစေမှာ သေချာ၏။
စနစ်က ပြောလိုက်သည်။ “ငါလည်း ဒါကို တွေးနေတာပဲ”
ကျွင်းချောင်ရှောင်းသည် ခလုတ်ကို ချက်ချင်းနှိပ်လိုက်၏။ သူ၏ နားထဲတွင် အသံတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“ဒင်... ဆေးလုံးခန်းမဆောင်သည် အဆင့်မြင့်ဆေးလုံးခန်းမဆောင်အဖြစ်သို့ အောင်မြင်စွာ တိုးတက်ရောက်ရှိသွား သည်”
ဝှစ်
ဆေးလုံးခန်းမဆောင်ဆိုသော စာလုံးသုံးလုံး၏နောက်တွင် ကွင်းစ၊ ကွင်းပိတ်ဖြင့် အဆင့်မြင့် ဟူသောစာလုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် စောဒကတက်လိုက်မိ၏။ “ဒါ ဘာကိုဆိုလိုတာလဲ။ အဆင့်မြင့် တည်းခိုခန်းလိုလား”
...........
“ဒီနေရာမှာ ပြောင်းလဲမှု တစ်ခုခုတော့ ရှိရမယ်” ကျွင်းချောင်ရှောင်းသည် ဆေးလုံးဖော်မြူလာတစ်ခုကို အသာ နှိပ်ကြည့်လိုက်သည့်နောက်မှာတော့ လိုအပ်သည့် ပါဝင်ပစ္စည်းများအားလုံး၏ အရေအတွက်သည် အနည်းငယ် လျော့ကျသွားသည်ကို မြင်လိုက်ရ၏။ အဆင့်မြင့်ဆိုသည့်အရာ၏နောက်တွင် အရင်းအမြစ် ကုန်ကျမှုသည် အနည်းငယ် လျော့ကျသွားသည်ဟု ဆိုရမှာဖြစ်သည်။
ဆွစ် …။
ပြီးသည့်နောက်မှာတော့ သူသည် မကြာသေးခင်က ရရှိခဲ့သော သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးကို အသာနှိပ်ကြည့် လိုက်၏။ မူလအားဖြင့် ဆေးပင်တစ်ရာကျော်လောက် လိုအပ်လျက်ရှိနေသော ဤဆေးလုံးသည် လက်ရှိ အခြေအနေမှာတော့ ငါးဆယ်လောက်သာ လိုအပ်တော့၏။
“ဒါ ဟုတ်တယ်ဟ” ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်ရလွန်းသောကြောင့် ထခုန်လုမတတ်ပင် ဖြစ်သွားတော့သည်။
“ပြီးတော့ ဆေးလုံးရဲ့ သန့်စင်နိုင်တဲ့ အချိန်ကာလက လျော့ကျသွားလား ကြည့်အုံး” စနစ်က သတိပေးလိုက်၏။
“ကောင်းပြီ”
သူသည် အဆင့်မြင့် စွမ်းအင်စုစည်းခြင်းဆေးလုံးများကို အသာနှိပ်၍ သန့်စင်ကြည့်လိုက်တော့သည်။ တစ်မိနစ်တွင် မကြာသော အချိန်အတွင်းမှာပဲ တဒင်ဒင် ဟူသော အသံများသည် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် မှာတော့ ဆေးလုံးများသည် ခန်းမဆောင်ထဲမှ ခုန်ထွက်လာခဲ့သည်။
သူသည် ပျော်ရွှင်ရလွန်းသောကြောင့် အပေါ် မျက်နှာကျက်ကို ထိမိလုမတတ်ပင် ထ၍ ခုန်လိုက်၏။
သာမန်အခြေအနေဆိုလျှင် ထိုသို့သော အဆင့်မြင့် ဆေးလုံးများကို သန့်စင်နိုင်ရန်အတွက် နှစ်မိနစ်မှ သုံးမိနစ်အထိ ကြာမြင့်၏။ သို့ပေမဲ့ ဆေးလုံးခန်းမဆောင်သည် အဆင့်မြင့် ဖြစ်တည်သွားပြီးသည့်နောက်မှာတော့ ဆေးလုံး ဆယ်လုံးကို သန့်စင်ရန်အတွက် တစ်မိနစ်လောက်သာ ကြာမြင့်တော့၏။ တိုးတက်မှု အမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည်။
ဂိုဏ်း၏ အဆောက်အအုံ အဆင့်တစ်ဆယ်သို့ ပြောင်းလဲပြီးသည့်နောက်မှာတော့ ဖြစ်ပေါ်လာခဲ့သည့် အဆင့်မြင့်ပုံစံသည် ဆေးပင်ကုန်ကျမှုနှုန်းကို လျော့ကျစေသည်သာမက ဆေးသန့်စင်ရာတွင် ကြာမြင့်နိုင် သည့်အချိန်ကာလကိုလည်း လျော့ကျစေခဲ့၏။ ထို့ကြောင့် အလွန်ကောင်းမွန်သည့်အရာပင် ဖြစ်ပေတော့သည်။
............
“အားရာ”
အချိန်အတော်ကြာ စိတ်လှုပ်ရှားလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်တော့၏။ “ဒီနေရာကို မင်းဆီမှာပဲ ထားခဲ့လိုက်တော့မယ်။ စကားနားမထောင်တဲ့လူတွေ၊ ထောင်ကနေ ထွက်ပြေးချင်တဲ့ လူတွေ ရှိလာခဲ့ရင် သူတို့ကို ကောင်းကောင်းသင်ပေးလိုက်”
“ကောင်းပါပြီသခင်”
အားရာသည် တောက်ပစွာ ပြုံးလိုက်မိ၏။ ဤကဲ့သို့ လူသားများအား စည်းကမ်းရှိလာစေရန် လေ့ကျင့်ပေးရခြင်းသည် မသန့်ရှင်းသော ဓာတ်သဘာဝများကို စည်းကမ်းရှိအောင် ပြုလုပ်ရခြင်းထက် ပိုမိုကာ သက်တောင့်သက်သာ ရှိလှ၏။
မကြာခင်မှာပဲ ဘုရင်မတစ်ပါးကဲ့သို့ ကြည့်ကောင်းလှသော မိန်းကလေးငယ်လေး တစ်ယောက်သည် ထျန်းယွမ် အကျဉ်းထောင်စေတီထဲတွင် လှည့်လည်သွားလာလျက်ရှိ၏။ သူမလက်ထဲတွင်ရှိသော ကြာပွတ်သည် လေထုထဲတွင် တဝေ့ဝေ့နှင့် အသံမြည်လျက်ရှိသည်။
ထို့ကြောင့် ထိုထဲတွင်ရှိနေကြသော အကျဉ်းသားများ အားလုံးသည် ကျောများချမ်းလျက် ရှိနေကြ၏။ သို့ပေမဲ့ အကျဉ်းသားများမှာ အလွန်တရာ များပြားလွန်းလှ၏။ ဤကဲ့သို့ ကြီးမားလှသည့် အကျဉ်းထောင်ကြီးတစ်ခုကို ထောင်မှူးတစ်ယောက်တည်း နှင့် ထိန်းချုပ်၍ မရနိုင်ခဲ့ချေ။ ဒုတိယ ထောင်မှူးတော့ ရှိမှ ဖြစ်ပေလိမ့်မည်။
.........
ကောင်းကင်အကျဉ်းထောင်
တိုင်လုသည် မြင်းကျားကဲ့သို့ အဖြူအမဲ အကျဉ်းသားဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီး ဖြစ်သော်လည်း ကျွင်းချောင်ရှောင်းအနေဖြင့် သူနှင့်လိုက်ဖက်ညီလှသည့် အကျဉ်းထောင်တစ်ခုကို ရှာဖွေ မတွေ့ရှိသေးသောကြောင့် ဤနေရာတွင် ဆက်လက်ကာ ချုပ်နှောင်ထားခဲ့၏။ ကျိုးဒူဒူသည်လည်း ချုပ်နှောင်ထားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူသည် ဂိုဏ်းသို့ မဝင်ရောက်ရသေးသောကြောင့်ပင်။
ကျွီ
တံခါးပွင့်သွား၏။ နေအလင်းရောင်သည် ထောင်၏အခန်းထဲသို့ ဝင်ရောက်လာ၏။ လီချင်းယန်၊ ရှောင်ကျီတို့သည် အထဲသို့ လျှောက်ဝင်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ သူတို့၏ လက်ထဲတွင် ရှိနေသော ပြိုင်စံရှားဂိုဏ်း၏ ဝတ်စုံသစ်ကို ထိုင်ခုံပေါ်သို့ အသာတင်လိုက်သည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံဆီသို့ အသာရောက်လာပြီးသည့်နောက်မှာတော့ ထိုင်လိုက်၏။ “ဖောင်ကို ဖြည့်တော့”
ရှောင်ကျီသည် စုတ်တံတစ်ခုကို ယူပြီးသည့်နောက် ဝင်ခွင့်ဖောင်အား ဖြည့်တော့၏။ သူသည် ကျိုးဒူဒူအား ကြည့်ကာ မေးလိုက်၏။ “နာမည်”
“ကျိုးဒူဒူ”
“လိင်”
“ယောက်ျား”
........
ဖြစ်စဉ်တစ်ခုလုံးသည် မြန်ဆန်လွန်းလှ၏။ ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်သည် စည်းတံဆိပ်တုံးကို ထုနှက် လိုက်သည်။ နှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ခြင်းကို ခံထားရသော သနားစရာ ဤကောင်လေး သည် နောက်ဆုံးမှာတော့ ပြိုင်စံရှားဂိုဏ်း၏တပည့်အသစ်တစ်ယောက် ဖြစ်လာခဲ့ပြီး ဂိုဏ်းသားနံပါတ်မှာ ခုနှစ်သောင်းနှင့်တစ်ယောက်မြောက် ဖြစ်သည်။
ဘုတ်
လက်နှစ်ဖက်နှင့် ဂိုဏ်းဝတ်စုံကို ကိုင်ဆောင်ပြီးသည့်နောက် ကျိုးဒူဒူသည် ပြတင်းပေါက်၏အရှေ့တွင် ထိုင်လိုက် သည်။ ပြီးသည့်နောက်မှာတော့ အပြင်ဘက်ရှိ ကောင်းကင်ယံကြီးကို မော့ကြည့်ကာ အော်လိုက်သည်။ “အဖေ၊ အမေ.... အဖေနဲ့အမေတို့ရဲ့သားက အခု ပြိုင်စံရှားဂိုဏ်းအဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ။ ကျုပ်အတွက် ပျော်ရွှင်ပေးကြပါ။ ကျေးဇူးပြုပြီး ကျုပ်အတွက် ဂုဏ်ယူပေးကြပါ”
“ဂျူနီယာညီလေး”
လီချင်းယန်သည် ပြုံးကာ ပြောလိုက်သည်။ “ဝတ်စုံကို ဝတ်တော့လေ”
“အင်း”
ကျိုးဒူဒူသည် သူ၏မျက်ရည်များကို အသာသုတ်လိုက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းသားဝတ်စုံသစ်ကို အသာဝတ်ဆင်လိုက်တော့၏။ သူ၏ ရှုပ်ထွေးလျက်ရှိနေသော ဆံပင်များကို သပ်သပ်ရပ်ရပ် ဖီးလိမ်းကာဖြင့် စည်းနှောင်လိုက်၏။
ပြီးသည့်နောက် စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီး ချပြီးသည့်နောက်မှာတော့ အလင်းရောင်များ ထွက်ပေါ်လျက်ရှိနေသော အကျဉ်းထောင်၏ အပြင်ဘက်ဆီသို့ လှမ်းလျှောက်လိုက်တော့သည်။
အပြင်ဘက်တွင်တော့ စုရှောင်မို၊ လီဖေး၊ ထျန်းချီနှင့် တခြားသောတပည့်များအားလုံးသည် စီတန်းကာ ရပ်လျက် ရှိ၏။ တပည့်သစ်တစ်ယောက် ထွက်လျှောက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့ အားလုံးသည် ပြုံးကာ နှုတ်ဆက်လိုက်သည်။ “ဂျူနီယာညီလေး”
ဤစကားလုံးသည် ကျိုးဒူဒူ၏ နှလုံးသားများကို လှုပ်ခတ်စေခဲ့တော့၏။ နေအလင်းရောင်နှင့် အသားကျအောင် အချိန်အတော်ကြာ ပြုလုပ်ပြီးသည့်နောက်မှာတော့ အားလုံး၏ မျက်လုံးထဲတွင် လေးနက်သည့်အပြုံးများ တည်ရှိ နေကြောင်းကို သူမြင်လိုက်ရ၏။
“ကျုပ်နာမည်က ကျိုးဒူဒူ၊ နောက်ဆုံးတော့ ထောင်ကနေ ထွက်နိုင်ခဲ့ပြီ။ ပြီးတော့ နောက်ဆုံးမှာ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီ။ အမ်... မဟုတ်သေးပါဘူး။ ဘာလို့ စီနီယာ အစ်ကိုတွေက ငါ့ကို ထျန်းယွမ်အကျဉ်းထောင်စေတီထဲကို ခေါ်သွားရတာလဲ”
“ဒူဒူ”
ကျွင်းချောင်ရှောင်း၏ အသံသည် နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ “ဒီထောင်က မင်းရဲ့ အကြံအစည် အတိုင်းပဲ ဆောက်လုပ်ထားတာလေ။ ဒီတော့ ဒီနေ့ကစပြီး ငါမင်းကို ဒီထောင်ရဲ့ ဒုတိယထောင်မှူးအဖြစ် ခန့်အပ် လိုက်ပြီ။ မင်းအနေနဲ့ ဒုတိယထောင်မှူးဆိုတဲ့ တာဝန်ကို ကောင်းကောင်းပြုလုပ်နိုင်လိမ့်မယ်လို့ ထင်တယ်”
“………”
ကျိုးဒူဒူသည် မေ့မျောလုမတတ်ပင် ဖြစ်သွားတော့သည်။ ပြိုင်စံရှားဂိုဏ်း၏တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီး သည်နောက်မှာတော့ သူသည် သက်တောင့်သက်သာဖြင့် တခြားရောင်းရင်းများကဲ့သို့ လေ့ကျင့်ခွင့် ရရှိမည်ဟု ထင်မှတ်ထားခဲ့၏။
ဘဝ၏ ထိပ်ဆုံးအဆင့်ဆီသို့ လျှောက်လှမ်းနိုင်ရန် အလွန်အမင်း ကြိုးစားမည်ဟု ဆုံးဖြတ် ထားခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် အလင်းရောင်ရပြီး မကြာခင်မှာပဲ ပိုမိုပြီး နက်မှောင်သော အကျဉ်းထောင်ထဲသို့ ဝင်ရမည်ဖြစ်ကြောင်း သိရှိလိုက်ရတော့သည်။ သောက်ကျိုးနည်းလှချေသည်တကား။