အပိုင်း (၁၂၁၂)
Vol. 82 Ch. 1212
ကျိုးဒူဒူသည် နေ၏အလင်းရောင်ကို ခဏလေးသာ ခံယူလိုက်ရ၏။ ပြီးသည့်နောက်မှာတော့ အဆုံးမဲ့ မှောင်မဲ လှသော ထောင်ကြီးထဲသို့ ပြန်လည်ကာ ရောက်ရှိလာတော့၏။ သို့ပေမဲ့ သူသည် စိတ်အားတက်ကြွမှုတော့ တည်ရှိနေ၏။
ဟုတ်ပေသည်။ သူသည် ထောင်ကထွက်ပြီးသည့်နောက် ထောင်ထဲသို့ ပြန်ရောက်ခဲ့၏။ သို့ပေမဲ့ အကျဉ်းသားတစ်ယောက် မဟုတ်ပေ။ ဒုတိယထောင်မှူးအဖြစ် ဖြစ်သည်။
ဖြောက် ….။
ကျိုးဒူဒူသည် သူ၏အဝတ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပုတ်ခါပြီးသည့်နောက်မှာတော့ ခေါင်းကို မော့ကာဖြင့် အကျဉ်းထောင်ထဲသို့ လျှောက်ဝင်လိုက်တော့သည်။ သူ၏ ရင်ဘတ်တစ်ခုလုံးသည် မောက်ကြွလျက်ရှိနေ၏။
“ငါ့ရဲ့ အကျဉ်းထောင် အခန်းဖော်ဟောင်းတို့.. ဒီနေ့ကစပြီး ငါက မင်းတို့ အားလုံးကို ကောင်းကောင်း ဂရုစိုက်မယ်”
ဖြောင်း ….
ရုတ်တရက် လေကိုခွင်းလာသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ သတိပေးမှု မရှိဘဲနှင့် ကျိုးဒူဒူ၏ နောက်ကျောဘက်ဆီသို့ ကြာပွတ်တစ်ခုက ကျဆင်းလာခဲ့၏။
ဝိညာဉ်တစ်ခုလုံး နာကျင်သွားသည့် ခံစားချက်သည် သူ့၌ ဖြစ်တည်လာခဲ့၏။ သူသည် မည်သို့မှ မနေနိုင်ဘဲနှင့် ထ၍ အော်လိုက်မိသည်။ “အောင်မလေးဗျာ”
“အကျဉ်းထောင်ထဲမှာ ဆူညံဆူညံ မလုပ်နဲ့”
အားရာသည် ကြာပွတ်ကို မြှောက်ကာဖြင့် အားရပါးရ ရိုက်နှက်တော့၏။
ဖြောင်း ဖြောင်း ဖြောင်း
အား အား အား
.............
စောင့်ကြည့်ရေးခန်းထဲမှာတော့ အားရာသည် တစ်စုံတစ်ခုသော အမှားအယွင်းကို ပြုလုပ်ခဲ့သည့် ကလေးငယ်လေး တစ်ယောက်ကဲ့သို့ ထောင့်တစ်ခုတွင်ရပ်ကာ ဦးခေါင်းကို ငုံ့ထားခဲ့သည်။ သူမ၏ လက်များသည် အဝတ်များကို ပွတ်ချေလျက် ရှိနေ၏။ သူမသည် တီးတိုးပြောလိုက်သည်။ “သခင်.... သူ့ကို ဘာလို့ ဒုတိယထောင်မှူးလို့ ကြိုမပြောရတာလဲ”
“........”
အားရပါးရ နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရသော ကျိုးဒူဒူမှာတော့ မြေပေါ်တွင် လဲပြိုလျက်ရှိနေပြီး သွေးများပင် အန်ထွက်လုမတတ် ဖြစ်နေတော့၏။ အစ်မကြီး... ဘာစကားမပြောပဲ ရောက်တာနဲ့ တစ်ခါတည်း တန်းရိုက်ခဲ့တာလေ။ ဘာကို မိတ်ဆက်ရအုံးမှာလဲ။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်ကာဖြင့် ပြောလိုက်မိ၏။ “ဒီအကျဉ်းထောင်ကို မင်းတို့ နှစ်ယောက်ဆီ ထားခဲ့မယ်။ ဒီတော့ အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ်။ ငါ့ကို စိတ်မပျက်စေနဲ့”
“ကောင်းပါပြီ” ကျိုးဒူဒူသည် နာကျင်မှုကို အောင့်အီးသည်းခံထားရသည်။
အားရာသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ “ဒီလို ပေါကြောင်ကြောင်ကောင်ကို ဘယ်လိုဖြစ်ပြီးတော့ ဒုတိယထောင်မှူးအဖြစ် ခန့်ရတာလဲ”
ကျိုးဒူဒူ၏ အားအင်အဆင့်အရဆိုလျှင် ထောင်ထဲတွင် ချုပ်နှောင်ခြင်းခံထားရသော သိုင်းစစ်သူကြီးအဆင့် များကိုပင် ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ၎င်းသည် မည်သို့ လိမ်ညာလှည့်စားရမည်ကို သိရှိသည့်အပြင် စိတ်ခွန်အားတက်ကြွစေသည့် စကားလုံးများကို ပြောဆိုတတ်သည့်လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် အကျိုးရှိမည်ဟု ကျွင်းချောင်ရှောင်းက ယုံကြည်ထားသည်။
..........
ဟား ဟား ဟား
ကောင်းကင်အကျဉ်းထောင်ထဲမှာတော့ တိုင်လုသည် မျက်နှာအား ဖုံးကာကာဖြင့် ရယ်မောလျက်ရှိသည်။ သူ့အား ယင်ကောင်တစ်ကောင်ကဲ့သို့ ပေါက်တတ်ကရ ပြောဆိုတတ်သည့် စိတ်တိုစရာကောင်းသည့် ကောင်သည် ထောင်ထဲမှ ထွက်ခွာသွားပြီဖြစ်၏။ သူ့အတွက် ကျိန်းသေပေါက် အောင်ပွဲခံသင့်သည့် အရာမျိုးပင် ဖြစ်တော့၏။
ကျွီ ….။
ရုတ်တရက် အခန်းတံခါး ပွင့်သွားခဲ့သည်။
ရှောင်ကျီနှင့် စုရှောင်မိုတို့သည် အထဲသို့ လျှောက်ဝင်လာပြီးသည့်နောက် မှာတော့ မည်သည့်ရှင်းပြချက်မှ မပေးဘဲ တိုင်လုအား အကျဉ်းထောင် အပြင်ဘက်ဆီသို့ ခေါ်ဆောင်လာခဲ့၏။
“မင်းတို့ ငါ့ကို ထပ်ပြီး နှိပ်စက်အုံးမှာလား။ ဟမ့်... မျက်မှောင်တစ်ချက် ကုတ်မိသွားရင်တောင် ငါ့ရဲ့ မျိုးရိုး နာမည်ကို ပြောင်းပစ်လိုက်မယ်”
ဤအတောအတွင်းမှာတော့ တိုင်လုသည် များပြားလှသည့် တပည့်များ၏ နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ဤအရာများနှင့် အသားကျနေကြပြီဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့မှုဟူ၍ မရှိတော့ပေ။ အကျဉ်းထောင် ထဲမှ ထွက်လျှောက်ပြီးသည့်နောက်မှာတော့ အလွန် စူးရှလှသည့် နေအလင်းရောင်သည် သူ၏ မျက်လုံးများပေါ်သို့ ကျဆင်းနေ၏။ ထိုအရာကို အသားကျအောင် ကြိုးစားပြီးသည့်နောက် သူသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သို့ပေမဲ့ သူမျက်လုံးကို ဖွင့်လိုက်သည့်အချိန်မှာတော့ ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံး သည် မှောင်မဲသွားသည်ကို ခံစားလိုက်မိသည်။
ကျွီ …..။
လီချင်းယန်၊ ရှောင်ကျီတို့သည် တံခါးကို ပိတ်ကာ ပြန်လည်ထွက်ခွာသွားခဲ့တော့၏။ တိုင်လုသည် မိမိကိုယ်ကို စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက်မှာတော့ တွေတွေဝေဝေဖြင့် တည်ရှိနေခဲ့သည်။ သူသည် ကောင်းကင်အကျဉ်းထောင်ထက်ပင် မှောင်လွန်းလှသော ပတ်ဝန်းကျင် တည်နေရာထဲသို့ ရောက်ရှိနေသည် ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။ ကြမ်းပြင်၏ တည်နေရာကို ကျောက်ပြားချပ်များဖြင့်ခင်းကျင်းထားပြီး အလွန်တရာလည်း သပ်ရပ်လွန်းလှ၏။ “ဒါ … ဒါဘယ်နေရာလဲ”
“လာပြီလား ညီအစ်ကို” ရုတ်တရက် အသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့သည်။
တိုင်လု၏ မျက်နှာမှ ကြွက်သားများအားလုံးသည် ခဲသေသွား၏။ ဤအရာသည် ရင်းနှီးလွန်းသည်သာမကဘဲ မေ့လျော့၍ မရနိုင်သည့်အသံလည်း ဖြစ်၏။ ခဏကြာပြီးသည့်နောက်မှာတော့ တိုင်လုသည် ခက်ခက်ခဲခဲဖြင့် အသာလှည့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ သူ၏ရှေ့တည့်တည့်တွင် တောက်ပသည့်အပြုံး နှင့်အတူ ရပ်လျက်ရှိနေသော ကျိုးဒူဒူကို မြင်လိုက်ရ၏။
သူ …. သူ ဒီကို ရောက်လာပြန်ပြီ။ ထောင်ကနေ ထွက်သွားတာ မဟုတ်ဘူးလား။
“ဒါက ထျန်းယွမ်အကျဉ်းထောင်စေတီလေ။ တကယ့်ကို ခမ်းနားလှတဲ့ မြေအောက်အကျဉ်းထောင်ကြီး တစ်ခုပေါ့။ ကျုပ်က ဒီနေရာမှာ ဒုတိယထောင်မှူးပဲ။ ညီအစ်ကို... ခင်ဗျားက ကျုပ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ အကျဉ်းသား တွေထဲက တစ်ယောက်ပဲလေ။ အံ့အားသင့်သွားပြီ မဟုတ်လား”
ဝေါ့
တိုင်လုသည် ရုတ်တရက် သွေးများထ၍ အန်လိုက်တော့၏။ သူ့အနေနှင့် ဤစိတ်တိုစရာ ကောင်းလှသော ယင်ကောင်ကဲ့သို့လူနှင့် ထပ်မံ မတွေ့ဆုံတော့ဟု ထင်မှတ်ခဲ့မိ၏။ သို့ပေမဲ့ အဆုံးသတ်တွင်တော့ ထပ်မံတွေ့ဆုံရသည်သာမက ၎င်းတို့၏ ပတ်သက်ဆက်နွယ်မှုသည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
ကျွတ် ကျွတ် ကျွတ်
အဝေးတစ်နေရာတွင် ထိုင်လျက်ရှိနေသော အားရာမှာတော့ အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ငါ့ရဲ့ ဒုတိယ ထောင်မှူးက ဒီလို စွမ်းရည်မျိုး ရှိနေမယ်လို့ မထင်မိခဲ့ဘူးလေ။ အပြုံးလေးတစ်ခုထဲနှင့်တင် အကျဉ်းသား တစ်ယောက်ကို သွေးအန်အောင် လုပ်နိုင်တာပဲ”
“အပိုတွေ မပြောနဲ့တော့”
သူမသည် လှမ်းအော်လိုက်၏။ “မြန်မြန်... ဒီကောင်လေးကို အကျဉ်းထောင်ရဲ့ ပထမထပ်ဆီ ခေါ်သွား”
“ကောင်းပါပြီ” ဘာပဲဖြစ်ဖြစ် ကျိုးဒူဒူသည် ဒုတိယထောင်မှူးတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ထောင်မှူးဖြစ်သော သူမ၏အမိန့်ကို နာခံရပေလိမ့်မည်။ ထို့ကြောင့်ပင် တိုင်လုအား ခေါ်ဆောင်ကာဖြင့် အကျဉ်းထောင်၏ အောက်ခြေ အဆုံးတွင်ရှိနေသော အထပ်ဆီသို့ ခေါ်ဆောင်သွားခဲ့တော့သည်။
“ညီအစ်ကို... မင်းက တကယ့်ကို အံ့အားသင့်စရာပဲ”
လမ်းတလျှောက်မှာတော့ သူသည် ချီးကျူးလိုက်မိ၏။ “ပထမထပ်မှာ ဖမ်းချုပ်ထားတဲ့ ကျင့်ကြံသူတွေ အားလုံးက သိုင်းအင်ပါယာအဆင့် ကျင့်ကြံသူတွေလေ။ ဂိုဏ်းချုပ်က ခင်ဗျားကို ဒီမှာချုပ်ထားမယ်ဆိုတဲ့ အဓိပ္ပာယ်က ခင်ဗျားအနေနဲ့ အလားအလာရှိတယ်လို့ ဆိုလိုတဲ့ အဓိပ္ပာယ်ပဲ”
ကျိုးဒူဒူသည် ဒုတိယထောင်မှူးတစ်ယောက် ဖြစ်လာပြီးသည့်နောက် ထျန်းယွမ်အကျဉ်းထောင်ကြီး၏အကြောင်း ကို ကောင်းကောင်း သိရှိနားလည်နေသည်။ အထူးသဖြင့် အကျဉ်းသားများအားလုံးသည် မိမိ၏ စွမ်းဆောင်ရည်နှင့် ကျင့်ကြံခြင်းအဆင့်အလျောက် မတူညီသည့်အလွှာအသီးသီးတွင် နေထိုင်ရသည် ဖြစ်ကြောင်းကို နားလည်ထား၏။
“.........”
တိုင်လုသည် မည်သည့်စကားမှ မဆိုချေ။ “အရမ်းကောင်းတဲ့ အလားအလာကို ပိုင်ဆိုင်တယ်ဆိုရင် ကျုပ်က ဘယ်လိုဖြစ်ပြီး အကျဉ်းသား ဖြစ်နေရမှာလဲ”
............
“ဂိုဏ်းချုပ်”
စာကြည့်ခန်းထဲမှာတော့ လီချင်းယန်သည် ဇဝေဇဝါဖြင့် ပြောလိုက်၏။ “တိုင်လုက သိုင်းအုပ်စိုးသူ အဆင့်ကို ဝင်ကာစပဲ ရှိသေးတယ်လေ။ ဘာလို့ အကျဉ်းထောင်ရဲ့ ပထမထပ်မှာ ချုပ်နှောင်ထားရတာလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သူက အရမ်း အန္တရာယ်များလို့ပဲ”
“အရမ်းအန္တရာယ်များလို့ ဟုတ်လား” လီချင်းယန်သည် ဇဝေဇဝါ ဖြစ်သွားမိသည်။
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ပြတင်းပေါက်ဆီသို့ အသာလျှောက်လှမ်းသွား၏။ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြောလိုက်သည်။ “ဒီကောင်လေးက ဒီမှာ ချုပ်နှောင်ခံထားရတာ ကြာပြီလေ။ ဒါပေမဲ့ ငါ့ကို အညံ့မခံသေးဘူး။ ဆိုလိုတာက အရမ်းကို ကောင်းမွန်တဲ့ ဇွဲ၊ သတ္တိ ရှိနေတယ်လေ။ အခွင့်အရေး ရမယ်ဆိုရင် သူက ကြီးမားတဲ့အရာကြီးကို ပြုလုပ်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာ လိမ့်မယ်”
“ဒီလိုဆိုရင် ဘာလို့ သူ့ကို ဖမ်းချုပ်ထားတာလဲ” လီချင်းယန်က မေးလိုက်သည်။
“ဘာလို့လဲဆိုတော့”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “ဒီလို စိတ်ဓာတ်မာကျော လှပါတယ်ဆိုတဲ့လူတွေကို ရင်ဆိုင်ရတာက သိုင်းအင်ပါယာတစ်ယောက်ကို အညံ့ခံအောင် ပြုလုပ်ရတာထက် ပိုပြီးတော့ စိန်ခေါ်မှု ပြင်းထန်တာမလို့ပဲ”
“လက်ခံသူ... အိမ်ထဲမှာ ကျားမွေးထားသလို ဖြစ်မှာကို မစိုးရိမ်ဘူးလား” စနစ်က မေးလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စာရေးသူက ကြောင်တောင်တောင်နဲ့ သူ့ကို ဗီလိန်တစ်ယောက် အဖြစ်ကို ဆွဲခေါ်သွားမှာတော့ မဟုတ်လောက်ပါဘူး။ စိတ်ချရပါတယ်”
“ဒါက … ”
စနစ်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားတော့၏။ “အင်း... ဆက်ပြီးခေါ်မယ်ဆိုရင် စာရေးသူရဲ့ ဦးနှောက်က မြည်းကန်ထားရတာပဲ ဖြစ်လိမ့်မယ်”
ကျွင်းချောင်ရှောင်း ကပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ထားလိုက်ပါတော့။ သူ့အနေနဲ့ အညံ့မခံဘူးဆိုရင်တောင်မှ လက်ကျန်ဘဝ တစ်ခုလုံးကို ဒီအကျဉ်းထောင်မှာပဲ ကုန်ဆုံးသွားရလိမ့်မယ်”
................
အကျဉ်းထောင်၏ ပထမအလွှာမှာတော့ တိုင်လုသည် လွတ်လပ်ပြီး သီးခြားဆန်လှသော အကျဉ်းခန်းတစ်ခုထဲတွင် နေရာချထားခြင်း ခံရ၏။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် ကောင်းမွန်လွန်းလှပြီး နူးညံ့လှသော အိပ်ရာ တစ်ခုရှိသည့်အပြင်ရေချိုးခန်းလည်း တည်ရှိ၏။ ဖတ်စရာ၊ ရှုစရာ စာအုပ်စင် လည်း ထားရှိ၏။
ဟူး...
တိုင်လုသည် အိပ်ယာပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီးသည့်နောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏ ချီလမ်းကြောင်းများသည် ပြန်လည်စည်းဖွင့်ခြင်းကို ခံလိုက်ရပြီ ဖြစ်သောကြောင့် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံခြင်းသည်လည်း ပြန်လည်ရရှိလာခဲ့သည်။
သို့ပေမဲ့ သူသည် မပျော်ရွှင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အား ပိုမိုအားကောင်းအောင် ကူညီပေးနိုင်သည့် ဟွိုင်သည် မတည်ရှိတော့ပေ။ ထို့ကြောင့် ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၏ အလွန်အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ တည်ရှိနေသည်ဆိုလျှင်တောင်မှ သူ၏ ပင်ကိုယ်စွမ်းရည် အရည်အချင်းအရ တိုးတက်လာအောင် ပြုလုပ်ဖို့ ဆိုသည်မှာ အလွန်တရာ ခက်ခဲလှပေလိမ့်မည်။
“ဟင်း....”
တိုင်လုသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။ “ထောင်ထဲကနေ ထွက်ခွာနိုင်ဖို့ဆိုတာ အရမ်းကို ခက်တယ်လေ။ သိုင်းအင်ပါယာတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို တည်ရှိတယ်ဆိုရင်တောင်မှ ငါ့အနေနဲ့ လက်ကျန် ဘဝတစ်ခုလုံးကို ထောင်ထဲမှာ နေထိုင်သွားရဖို့ အခြေအနေပဲ ရှိတော့တယ်”
“ဒီတော့”
ကျိုးဒူဒူသည် ဦးခေါင်းကို အသာရှေ့သို့ တိုးကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်လိုက်တာက အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်ပဲ”
တိုင်လုသည် ရုတ်တရက် ထအော်လိုက်မိ၏။ “ခင်ဗျား ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ”
“လမ်းလျှောက်ပြီး ဝင်လာတာပေါ့”
ကျိုးဒူဒူသည် အိပ်ယာဘေး၌ အသာထိုင်ချကာ ပြောလိုက်တော့၏။ “ခင်ဗျားက အချိန်အတော်ကြာ ပြိုင်စံရှားဂိုဏ်းထဲမှာ ဖမ်းချုပ်ခြင်ကိုခံခဲ့ရတယ်။ ဒါပေမဲ့ ဒီနေရာမှာ အဖွဲ့ဝင် တစ်ယောက်ဖြစ်သွားပြီဆိုရင် ပိုမိုအားကောင်းလာနိုင်လိမ့်မယ် ဆိုတာကိုလည်း သိနေတယ်။ ဒါကို ဘာလို့ ဂိုဏ်းထဲကို မဝင်ရတာလဲ”
“ဘာလို့လဲဆိုတော့”
တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ “ကျုပ်ရဲ့ စည်းမျဉ်းစည်းကမ်း အရ …”
“ချီးကို စည်းမျဉ်းစည်းကမ်းပါလား”
ကျိုးဒူဒူသည်ဒေါသတကြီး ထအော်လိုက်၏။ “ခင်ဗျားက ခေါင်းမာနေရုံ သက်သက်ပဲ”
ဤစကားလုံးသည် အမှန်ပင် သူ၏နှလုံးသားကို ထိခိုက်စေခဲ့၏။ သူသည် ဟွိုင်၏ ခန္ဓာကိုယ်အပိုင်စီးခြင်းကို ခံရပြီးသည့်နောက်မှာတော့ မြန်မြန်ဆန်ဆန် အဆင့်တိုးတက်ခဲ့၏။ သို့ပေမဲ့ သူသည် အပြစ်ကင်းစင်သူများကို မထိခိုက်၊ မနာကျင်စေရဆိုသော စည်းမျဉ်းစည်းကမ်းကို လိုက်နာခဲ့သေးသည်။ ဆိုလိုသည်မှာ တိုင်လုသည် အသိဉာဏ်ရှိသေးသည်ဟု ဆိုရမည်။
သူသည် ကျွင်းချောင်ရှောင်းနှင့် ဝတ္ထု၏ ပထမဆုံးအပိုင်းမှာပင် စတင်ကာ ပဋိပက္ခ ဖြစ်ပွားခဲ့၏။ ပြီးသည့်နောက် မှာတော့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကြား အရှုပ်အထွေးတွင် ပါဝင်ခဲ့ရသည်။ ထို့ကြောင့် သူအနေနှင့် ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတို့အား ရန်သူတစ်ယောက်အနေဖြင့် အစဉ်အမြဲ မှတ်ယူခဲ့သည်။
ရန်သူကို အညံ့ခံရမည်လား။ မိမိကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများကို လက်ကိုင်ထားခဲ့သော သူသည် ရန်သူ တစ်ယောက်အား လွယ်လွယ်ကူကူနှင့် ဘယ်သောအခါမှ အညံ့ခံလိမ့်မည် မဟုတ်ချေ။
“ကျုပ်ရဲ့ စီနီယာအစ်ကိုတွေဆီကနေပြီးတော့ ခင်ဗျားရဲ့အကြောင်းကို ကြားခဲ့တယ်”
ကျိုးဒူဒူက ပြောလိုက်၏။ “ဂိုဏ်းချုပ်က စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးခဲ့တာထက် ဘာမှ မပိုဘူး။ ဖျက်လည်း ဖျက်ဆီးသင့်တယ်”
ဂျွတ်
တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့အမုန်းတရားက ကျုပ်ရဲ့အဖေကို သတ်ဖြတ်ခဲ့တဲ့ အမုန်းတရားနဲ့ ဘာမှ မကွာခြားဘူး”
“ဟင်း”
ကျိုးဒူဒူသည် ဦးခေါင်းကို ခါယမ်းလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ လှမ်းပစ်၍ ပြောလိုက်သည်။ “ဒါကိုသိလား”
တိုင်လုသည် ထိုအရာကို လှမ်းကြည့်ပြီးသည့်နောက် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒါက စိတ်ဝိညာဉ် စမ်းချောင်းဂိုဏ်း တပည့်တစ်ယောက်ရဲ့ ကတ်ပြားလေ။ ခင်ဗျားကလည်း စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား တစ်ယောက်လား”
“အမှန်ပဲ”
ကျိုးဒူဒူ၏ မျက်လုံးထဲ၌ အတိတ်မှ ပုံရိပ်ယောင်များနှင့် ပြည့်နှက်နေခဲ့၏။ သူသည် ဖြည်းညှင်းစွာပြောလိုက်၏။ “တကယ်လို့ ကျုပ်ကိုသာ ဂိုဏ်းသားအဖြစ် ထည့်ပြီးရေတွက်မယ်ဆိုရင် ခင်ဗျားက ကျုပ်ကို စီနီယာအစ်ကိုလို့ ခေါ်ရလိမ့်မယ်”
“........” တိုင်လုသည် အံ့အားတသင့်ဖြင့် သူ့အား ကြည့်လျက်ရှိသည်။
“ကျုပ်လိမ်နေတာလို့ ခင်ဗျား ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ အမှန်တရားမှာတော့ ကျုပ်က တကယ့်ကို စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ ပြီးတော့ အကြောင်းအရာတချို့ကြောင့် ဂိုဏ်းထဲကနေ ထွက်ခွာခဲ့တယ်” ကျိုးဒူဒူ၏ မျက်နှာတစ်ခုလုံးသည် လေးနက်မှုများနှင့် ပြည့်နှက်လျက်ရှိနေသည်။
“ဘာအကြောင်းအရာလဲ”
“ခင်ဗျား … ဟေးဖေးခံတပ် အကြောင်းကို ကြားဖူးလား”
“ကြားဖူးတယ်”
“လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရှောင်လင်းရွာနဲ့ တုန့်ယမ်ရွာမှာရှိတဲ့ လူပေါင်းတစ်ထောင်ကျော်တို့က တစ်ညအတွင်းမှာပဲ သတ်ဖြတ်ခံလိုက်ရတယ်။ အဲအကြောင်းကိုလည်း ကြားဖူးလား”
“ကြားဖူးတာပေါ့”
“အဲတာ ဟေးဖေးခံတပ်က လုပ်ခဲ့တာလဲ”
“ဒီအကြောင်းတွေ ပြောပြနေတာ ဘာအဓိပ္ပာယ်လဲ”
“ဟေးဖေးခံတပ်က ဒီလို အကြင်နာမဲ့တဲ့ ကိစ္စရပ်တွေ ပြုလုပ်ခဲ့တယ်လေ။ ဘာလို့လဲဆိုတော့ သူ့တို့ကို စိတ်ဝိညာဉ် စမ်းချောင်းဂိုဏ်းက နောက်ကွယ်ကနေပြီးတော့ ခိုင်းစေခဲ့လို့ပဲ။ ဒီနှစ်ဖွဲ့က တူတူပဲ”
ဟား ဟား ဟား
တိုင်လုသည် ရုတ်တရက် ထရယ်လိုက်၏။ “ကျုပ် နားလည်ပြီ။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအနေနဲ့ မိစ္ဆာဂိုဏ်း တစ်ခုဖြစ်ကြောင်း ကျုပ်ကို သိစေချင်လို့ ပြောနေတာ မဟုတ်လား။ ဒါဆိုရင် ပြိုင်စံရှားဂိုဏ်းနဲ့ ကျုပ်မှာရှိတဲ့ ရန်ငြိုးတွေ ပျောက်ကွယ်သွားမယ်လို့ ခင်ဗျား ထင်နေတာလား”
ဤကဲ့သို့ တန်ပြန်မေးခွန်းထုတ်ခြင်းကို ခံရသော်လည်း ကျိုးဒူဒူသည် အံ့အားသင့်မသွားချေ။ တခြားသူများကို သေချာလိမ်လည်လှည့်ဖျားတတ်သော ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်မို့ သူသည် ဤကဲ့သို့သော အကြောင်းအရာများနှင့်ပတ်သက်၍ တည်တည်ငြိမ်ငြိမ်ပဲ ပြန်လည်ပြောဆိုနိုင်စွမ်းရှိသည်။
ကျိုးဒူဒူသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး အော်လိုက်၏။ “ကျုပ်က ခင်ဗျားကို သိစေချင်တာ။ ဂိုဏ်းချုပ်က မိစ္ဆာဂိုဏ်းတစ်ခုကို မဖျက်ဆီးခဲ့ဘူး ဆိုရင်တောင်မှ ကောင်းကင်ကြီးက သူတို့ကို မနှေးမမြန်ဆိုသလို ဖျက်ဆီးပစ်မှာပဲလေ။ အဲတာက ထားပါတော့။ဒါပေမဲ့ ခင်ဗျားလို သံမဏိစိတ်ဓာတ်ပိုင်ရှင်က စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အတွက် ဘာလို့ တရားမျှတမှုကို မရှာဖွေခဲ့တာလဲ”
“ဘာလို့၊ ဘာလို့လဲဆိုတော့...”
“အဲလိုရှာဖွေဖို့ အရည်အချင်း မရှိလို့ပဲ”
ဤစကားလုံးများကို ပြောဆိုသည့်အချိန်မှာတော့ကျိုးဒူဒူ၏ ပါးစပ်ထဲမှ တံတွေးများသည် တိုင်လု၏ မျက်နှာပေါ်သို့ပင် သွားစင်လေ၏။ “ကိုယ့်ရဲ့ဂိုဏ်းဖျက်ဆီးခံရတဲ့အတွက်တပည့်တစ်ယောက်အနေနဲ့ ကလဲ့စားချေသင့်တယ်။ အမှန်ပဲ။ ဒါဆိုရင် ကျုပ်ပြောမယ်”
ကျိုးဒူဒူသည် ကောင်းကင်ကြီးကို လက်ညှိုးထိုးကာ ခံစားမှုအပြည့်ဖြင့် ထပ်ကာ အော်လိုက်သည်။ “အသတ်ခံလိုက်ရတဲ့ ရွာသူရွာသား တစ်ထောင်ကျော်၊ အနိုင်ကျင့် စော်ကားခံလိုက်ရတဲ့ အမျိုးသမီးတွေ၊ အသက်ရှင်လျက်မြေမြှုပ်ခံရတဲ့ ကလေးတွေအတွက်ကော ဘယ်သူက လက်စားချေပေးမှာလဲ”
“.......”
“ကျုပ်ရဲ့ဂိုဏ်းချုပ်က စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးခဲ့တယ်။ ဒါက ကောင်းကင်ကြီးက တရားမျှတမှုကို ပြုလုပ်ခိုင်းတဲ့အတွက်ကြောင့်ပဲ”
“...........”
“ဒါပေမဲ့ ခင်ဗျား တိုင်လုကကော ယောက်ျားတစ်ယောက် အနေနဲ့ နတ်ဆိုးမိစ္ဆာတွေကို ကာကွယ်ပေးရုံမကဘဲ ဖျက်ဆီးခံလိုက်ရတဲ့ မိစ္ဆာဂိုဏ်းတစ်ခုအတွက် တရားမျှတမှုကို ရှာဖွေချင်နေတယ်။ ဒီတော့ ခင်ဗျား လက်ကိုင်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုတာဘာတွေလဲ။ တော်စမ်း... အဲထိ စည်းမျဉ်းစည်းကမ်းတွေဆိုတာ သောက်တလွဲ စည်းမျဉ်းစည်းကမ်းတွေပဲ”
အဆုံးသတ် မှာတော့ ကျိုးဒူဒူ၏ အသံများသည် အက်ကွဲလာတော့၏။ သူ၏မျက်နှာတစ်ခုလုံးသည် နီရဲကာ တင်းမာခက်ထန်လျက်ရှိသည်။ နဖူးပေါ်ရှိ သွေးကြောများပင်လျှင် ဖောင်းကြွကာ စိမ်းပြာနေလေ၏။
ဤကဲ့သို့သော သရုပ်ဆောင်မှုမျိုးကို မြင်ရသည့်အချိန်မှာတော့ စုရှောင်မိုသည် မိမိကိုယ်ကိုယ် ရှက်ရွံ့သလိုပင် ခံစားနေမိသည်။
တိုင်လုသည် အစမှအဆုံးထိ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။ သူကြားလိုက်ရသော စကားလုံး တစ်ခုချင်း စီတိုင်းသည် ထက်ရှလှသော ဓားသွားတစ်ခုကဲ့သို့ သူ၏ နှလုံးသားကို လှီးဖြတ်လျက် ရှိနေ၏။
အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိနေသော အားရာမှာတော့ပါးစပ်အဟောင်းသား ဖြစ်လို့နေသည်။ သူမ၏ မျက်နှာပေါ်တွင်တော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။
ကောင်းမွန်လှသည့် ကျင့်ကြံခြင်းအဆင့် ကို မပိုင်ဆိုင်သော လူတစ်ယောက်သည် ဟိတ်ဟန်ကောင်းလွန်းသည့်မျက်နှာသွင်ပြင် နှင့်အော်ရာမျိုးကို ဖန်တီးကာဖြင့် တစ်ဖက်လူအား ဝပ်ကျသွားအောင်ပြောဆိုနိုင်နေ၏။
လက်ရှိအခြေအနေမှာတော့ ကျိုးဒူဒူအပေါ်တွင် ထားရှိသော အားရာ၏ စိတ်နေစိတ်ထားသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမအနေနှင့် သခင်စေလွှတ်လိုက်သောလူကို ဒုတိယထောင်မှူး တစ်ယောက်အဖြစ် အမှန်ပင် အသိအမှတ်ပြုလိုက်မိသည်။
စောင့်ကြည့်ရေးအခန်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ ပုံရိပ်ယောင် အစီအရင်၌ ပေါ်နေသော မြင်ကွင်းကို ကြည့်ရှုရင်း သက်ပြင်းချလိုက်မိ၏။ “ဒီလို လူ ရှိနေရင် ပြိုင်စံရှားဂိုဏ်း က အကျဉ်းသားတွေကို ဆွဲဆောင်ဖို့အတွက် ဘယ်လိုမှ ခက်ခဲမှာ မဟုတ်တော့ဘူး”