အပိုင်း (၁၂၁၃)
Vol. 82 Ch. 1213
ကျိုးဒူဒူ၏ ခံစားချက်အပြည့်ဖြင့် အော်ဟစ်ပြောဆိုနေမှုသည် အကျဉ်းထောင်တစ်ခုလုံးထဲတွင် ပဲ့တင်ထပ်လျက် ရှိနေသည်။ သို့ပေမဲ့ ဤအရာမှာ သရုပ်ဆောင်နေခြင်းသာဖြစ်တော့၏။ သူ့အနေနှင့် သိုင်းပညာရှင်များကိုသာ လေးစားရသည့်လောကကြီးတွင် နှစ်ပေါင်းများစွာကြာအောင် လှည့်လည်လိမ်ညာ စားသောက်နိုင်ခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ကျိုးဒူဒူ ပြသခဲ့သော ကျောက်စိမ်းပြားသည်ကလည်း အတုပင် ဖြစ်၏။ ထို့အပြင် စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်းသားဟု ပြောဆိုခဲ့ခြင်းကလည်း လိမ်ညာခြင်းသာဖြစ်သည်။ သို့သော်ငြား လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖျက်ဆီးခံခဲ့ရသော ကျေးရွာနှစ်ရွာ၏ အကြောင်းမှာတော့ အစစ်အမှန် ဖြစ်ပြီး ထိုသတ်ဖြတ်မှု၏ လက်သည်ကလည်း ဟေးဖေး ခံတပ်နှင့် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းတို့သာဖြစ်သည်။
ထိုအင်အားစု နှစ်ခုသည် ကျွင်းချောင်ရှောင်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်ဆိုသော်လည်း မည်သူမှ မသိသည့် လျှို့ဝှက်ချက်များသည် မိုးဆွေဟောခန်း၏ စုံစမ်းစစ်ဆေးမှုများအရ သိရှိလာခဲ့ကြရတော့၏။
ကျွင်းချောင်ရှောင်း အနေဖြင့် အတိတ်က ပြုလုပ်ခဲ့သည့် ကိစ္စရပ်များကို ဆင်ခြေပေးနေမည့်လူစားမျိုး မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် သိုင်းကျင့်ကြံခြင်းလောကတွင် မှားယွင်းသည်၊ မှန်သည်ဆိုသော အကြောင်းအရာမှာ မရှိချေ။ ဓားပြအဖွဲ့ ဖြစ်ဖြစ်၊ ငှားရမ်းထားသည့် လုပ်ကြံသတ်ဖြတ်သူများဖြစ်ဖြစ် မည်သူကမှ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ အရာ အားလုံးသည် မိမိအားအင်အပေါ်မှာတင် မူတည်လျက်ရှိနေသည်။ အားကောင်းသည်ဆိုပါက မည်သူမှသည်လာရောက်ကာ ပြောဆိုရဲနေမည်မဟုတ်ချေ။
“စည်းမျဉ်းစည်းကမ်းတွေကို လက်ကိုင်ထားတဲ့လူတွေက လေးစားမှုနဲ့ ထိုက်တန်တယ်”
ကျိုးဒူဒူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ပြောလိုက်တော့၏။ “စည်းမျဉ်းစည်းကမ်းကြောင့် ခင်ဗျားအနေနဲ့ မိစ္ဆာတွေ၊ နတ်ဆိုး တွေကို နှိမ်နင်းမယ်ဆိုရင် လောကကြီးရဲ့ ကောင်းကျိုးပေးမှုကို ခံရမှာပဲ။ ထပ်မပြောတော့ဘူး။ ကိုယ့်ဘာကိုယ် စဉ်းစားကြည့်တော့”
ကျွီ
ကျိုးဒူဒူသည် တံခါးကို ပိတ်ကာဖြင့် အကျဉ်းထောင်ထဲမှ ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။ သူ့အနေနှင့် အချိန် အတော်ကြာ လိမ်ညာမှုကို မပြုလုပ်ခဲ့ရချေ။ ထို့ကြောင့် လက်ရှိအချိန်မှာတော့ စိတ်သက်တောင့်သက်သာ ဖြစ်လျက် ရှိနေ၏။ “ချီးတဲ့မှ... ငါက တကယ့်ကို ပါရမီရှင်ပဲကွ”
“ဝိုး..”
အားရာသည် ထ၍ အော်လိုက်သည်။ “ရှင်က အရမ်းတော်တယ်”
တိုင်လုသည် သူ၏ပြောဆိုမှုအောက်တွင် အညံ့ခံခဲ့သည်ဖြစ်စေ၊ အညံ့မခံခဲ့သည်ဖြစ်စေ ကိစ္စမရှိတော့ချေ။ ဤထောင်မှူးမှာတော့ သူမ၏ ဒုတိယထောင်မှူးအား အသိအမှတ်ပြုလိုက်ပြီ ဖြစ်၏။
ရွှီး
ကျိုးဒူဒူသည် ဆံပင်များကို အသာနောက်သို့သပ်၍ ပြောလိုက်တော့၏။ “ကျုပ်က ဒီလိုနေရာမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးပဲလေ”
“.........”
ထိုမာန်တက်လျက်ရှိနေသော မျက်နှာကို မြင်ရသည့်အချိန်မှာတော့ အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိ၏။ သူမ၏ စိတ်ထဲမှာတော့ ထ၍ ရိုက်နှက်ချင်စိတ်များပင် ပေါက်လျက်ရှိသည်။
“စတာပါ။ စတာပါ”
ဖြောင်း ဖြောင်း ဖြောင်း
အား အား အား
တိုင်လုမှာတော့ အချိန်အတော်ကြာ ထောင်ထဲတွင် ဆွံ့အလျက်ရှိနေတော့သည်။ သူသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းဟု ရေးထိုးထားသော ကျောက်စိမ်းပြားအား အသာငုံ့ကာ ကြည့်ရှုလျက်ရှိနေ၏။ သူ၏ မျက်နှာပေါ်တွင် ရှိနေသော အမူအရာများမှာတော့ ရှုပ်ထွေးလျက် ရှိနေ၏။
သူသည် အဘယ်ကြောင့် လက်စားချေရမည်နည်း။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ဖျက်ဆီးခံရခြင်းကြောင့် လက်စားချေသည်ဆိုသည်မှာ အစစ်အမှန် ဖြစ်နေသည်လား။
တိုင်လု၏ စိတ်ထဲမှာတော့ အတိတ်၏မှတ်ဉာဏ်များသည် ထပ်တလဲလဲ ဖြစ်တည်နေ၏။ သူသည် အချိန် အတော်ကြာ စဉ်းစားပြီးသည့်နောက် နားလည်မှု ရရှိသွားတော့၏။ လက်စားချေခြင်းဆိုသည်မှာ သူ၏ ဒုတိယ အကြောင်းပြချက်သာဖြစ်သည်။ အစစ်အမှန် အကြောင်းပြချက်သည် ကျွင်းချောင်ရှောင်း၏ ခြေထောက်ဖြင့် နင်းချေမှုကြောင့် ဖြစ်ပေါ်လာခဲ့သော ဒေါသတရားများကသာ အဓိကပင် ဖြစ်တော့သည်။ ထို့အပြင် သူသည် ပြိုင်စံရှားဂိုဏ်း၏တပည့် ရီရှင်းချန်အား အနိုင်မယူနိုင်ခဲ့ခြင်းကလည်း စိတ်ထဲတွင် ဒေါသမီးများ တောက်လောင် စေခဲ့သည်။
“ကိုယ့်ကိုယ်ကိုယ် လှည့်ပတ်ပြီးတော့ လိမ်ညာမနေပါနဲ့တော့”
သူ၏ ယုံကြည်မှုနှင့် စည်းမျဉ်းစည်းကမ်းများသည် အနည်းငယ် လှုပ်ခတ်သွားခဲ့ရပြီ ဖြစ်တော့၏။
..............
အချိန်အတာ တစ်ခုအတွင်း ကျိုးဒူဒူသည် ပြန်မလာခဲ့ချေ။ သူသည် တိုင်လုအား စဉ်းစားရန် အချိန်ကောင်းကောင်း ပေးထားခဲ့၏။
“အဖြေမရှာနိုင်သေးဘူးလား”
ကျွင်းချောင်ရှောင်းသည် အကျဉ်းထောင်ထဲ ရောက်လာပြီးနောက် မေးလိုက် တော့၏။ တိုင်လုသည် ဉာဏ်အလင်း မပေါက်သေးသည်ကို မြင်ရသည့်အခါမှာတော့ ခေါင်းကို ခါယမ်းကာ ပြောလိုက်တော့၏။ “မလုပ်နိုင်ဘူးဆိုရင်တော့ အားရာရဲ့ နည်းလမ်းကိုပဲ အသုံးပြုရတော့မှာပဲ”
“ဂိုဏ်းချုပ်”
ကျိုးဒူဒူသည် အလောတကြီးဖြင့် ရောက်ရှိလာခဲ့သည်။ “သူ့ကို နည်းနည်းလောက် အချိန်ပေးလိုက်ပါအုံး။ ကျိန်းသေပေါက် သူ့ဘာသူ အဖြေရှာတွေ့ သွားပါလိမ့်မယ်”
“ကောင်းပြီ။ ဒီကိစ္စကို မင်းတာဝန်ထားလိုက်မယ်” ကျွင်းချောင်ရှောင်းသည် ဤသံမဏိကဲ့သို့ မာကျောလှသော စိတ်ဓာတ်ပိုင်ရှင်များနှင့် ရင်ဆိုင်ရန်အတွက်ဆိုလျှင် အားရာ၏ ကြာပွတ်ကိုသာလျှင် ပိုမို၍ ယုံကြည်မိ သည်။
...............
ဂိုဏ်းအောင်မြင်မှုတန်ဖိုးသည် နှစ်သောင်းကျော်အထိ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဂိုဏ်း၏တာဝန်များ သည် ပြည့်ဝသွားခဲ့ပြီဟု ဆိုရမည်။ သို့ပေမဲ့ တာဝန်သည် ပေါ်ပေါက်မလာသေးချေ။
အဆင့်မြင့်ဆေးခန်းမဆောင်၏ သန့်စင်မှုအောက်မှာတော့ များပြားလှသည့် ဆေးလုံးများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့ကြ၏။ ထို့ကြောင့် ဂိုဏ်း၏အလုံးစုံသော အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့ပြန်သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “အသစ်ဖန်တီးထားတဲ့ ချီစုစည်းခြင်းဆေးလုံးတွေက အရမ်းကို အကျိုးသက်ရောက်မှု ရှိတယ်လေ။ ဒါကို သုံးပြီးလို့ရှိရင် အဆင့်သေးလေးတစ်ခုတောင် တက်နေတာ သိရတယ်”
“ဟမ်... အင်း အင်း” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုညိတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ထိုင်ခုံကို အသာမှီလိုက်တော့သည်။ သူ၏ စိတ်ထဲတွင်တော့ သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးအား မည်ကဲ့သို့ သန့်စင်ရမည်ဆိုသော အကြောင်းအရာနှင့်ပတ်သက်၍ စဉ်းစားလျက်ရှိနေတော့သည်။ များပြားလှသော အရင်းအမြစ်များနှင့်အတူ ဂိုဏ်း၏ တပည့်များ၏ တိုးတက်မှုသည် မြန်ဆန်လှသည်ဆိုသော်လည်း အဆင့်သေးလေးများသာ ဖြစ်တော့၏။ သူ့အနေနှင့် ကြီးမားသည့်အဆင့်ကြီးများကို တက်နိုင်စေရန်အတွက် တန်ဖိုးကြီးမားလှသော ဆေးလုံးများ ဖန်တီးပြုလုပ်ရန် လိုအပ်နေသေး၏။
အထူးသဖြင့် လီချင်းယန်နှင့် ရှောင်ကျီတို့သည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေသည်မှာ အချိန် အတော်ကြာနေပြီဖြစ်သည်။ ၎င်းတို့သည် သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးကို ရရှိမည်ဆိုပါက အဆင့်တက်ရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။
“ငါ့အနေနဲ့ ကြယ်ကောင်းကင်ခံတပ်ကို သွားဖို့ အချိန်ကျပြီပဲ”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏အဆောက်အအုံ အဆင့်မြှင့်တင်မှုကို စောင့်မျှော်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် ထိုအချင်းအရာ ပြည့်ဝသွားပြီဖြစ်သောကြောင့် စကြဝဠာထဲမှ အထူးသော နေရာတစ်ခုကို သွားရောက်ရန် ပစ်မှတ်ထားလိုက်တော့၏။
ဟုတ်ပေသည်။ သူ့အနေနှင့် ပြဿနာသွားရှာလိုခြင်း မဟုတ်ပေ။ မသိမသာ နှင့် သွားရောက်ပြီး အထဲတွင် ဖြစ်နေသည့်အခြေအနေများကို သွားရောက်စစ်ဆေးရန်ပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူသည် မှောင်ခိုဈေးကွက်ဆီသို့ သွားရောက်၍ များပြားလှသည့်ပစ္စည်းများကိုလည်း ကြည့်ရှုချင်နေမိသေးသည်။
ထိုခံတပ်ထဲတွင်နေထိုင်သည့် ဒုတိယတန်းစား ဧည့်သည်များသည်ပင်လျှင် သိုင်းအင်ပါယာများ ဖြစ်လို့နေခဲ့၏။ ထို့အပြင် တစ်စုံတစ်ခုသော အကြောင်းအရာကြောင့် စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်သည့် နောက်လိုက် များသည်လည်း လုံးဝကို အားမနည်းလှချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဤဆန်းကြယ်လှသည့် နေရာနှင့် ပတ်သက်၍ သတိအလွန်ထားလျက် ရှိနေတော့၏။
............
ကြယ်ကောင်းကင်ခံတပ်
“အရှင်”
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် လျှို့ဝှက်ခန်းထဲသို့ လျှောက်ဝင်လာပြီးသည့်နောက် ပြောလိုက်၏။ “စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်တဲ့ တပ်မှူးအိုက သေဆုံးသွားပြီ”
“သူ့ကို ဘယ်သူသတ်လိုက်တာလဲ”
ခန်းမသခင်သည် ကျောက်အိပ်ယာပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူသည် မျက်နှာဖုံးကို ဝတ်ဆင်ထားသောကြောင့် မျက်နှာပေါ်တွင် မည်သည့်အရာများ ဖြစ်ပေါ်နေသနည်း ဆိုသည်ကို တွေ့မြင်ရရန် ခက်ခဲလှသည်။ သို့ပေမဲ့ အသံတွင်တော့ ဒေါသအရိပ်အယောင်များ ပါဝင်လျက် ရှိနေ၏။
“ကျုပ်တို့ ရှာဖွေလို့ မရနိုင်သေးဘူး။ ဒါပေမဲ့ ကွမ်ကျူးနှင့် ဟယ်ချီ တို့ ရှိနေတယ်လေ။ ကျုပ်ထင်တာ ဒီကိစ္စက ကြယ်ကြွေကုန်းမြေတိုက်ကြီးနဲ့ ပတ်သက်နေတာပဲ ဖြစ်မယ်” အမဲရောင်ဝတ်စုံနှင့် အဘိုးအိုက ပြောလိုက်သည်။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက အဆင့်နိမ့်နယ်မြေတစ်ခုပဲလေ။ အဲဒီမှာ အားကောင်းလှတဲ့လူတွေ မရှိဘူး။ ဘယ်လိုဖြစ်ပြီးတော့ တပ်မှူးအိုကို သတ်ဖြတ်နိုင်တဲ့ စွမ်းရည် ရှိမှာလဲ” ခံတပ်သခင်က ပြန်မေးလိုက်၏။
“ဖြစ်နိုင်တာက”
အမဲရောင်ဝတ်စုံနှင့်လူသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးသည့်နောက် ပြောလိုက်၏။ “သတ်ဖြတ်တဲ့လူက ကြယ်ကြွေ ကုန်းမြေတိုက်ကြီးက ပြုလုပ် တယ်လို့ အထင်မှားအောင် ပြုလုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်လေ။ ဒါမှ ကျုပ်တို့က သူတို့နောက်ကို မလိုက်နိုင်ဘဲနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီ သွားမှာ မဟုတ်လား”
“ဒီလိုလည်း မဖြစ်နိုင်ဘူး”
ခံတပ်သခင်က ပြောလိုက်သည်။ “ဒဏ်ရာတွေ ပြန်ကောင်းပြီးတဲ့နောက်မှ ငါတို့ ဒီကိစ္စကို ထပ်ပြီး ပြောကြတာပေါ့”
“ကောင်းပါပြီ”
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် ပြန်လည်ထွက်ခွာသွားခဲ့၏။ လမ်းတလျှောက်မှာတော့ သူသည် တွေဝေစွာဖြင့် တွေးလျက်ရှိ၏။ သေမျိုးလောကထဲမှာရှိတဲ့ တစ်စုံတစ်ယောက် က တကယ်ပဲ အရှင့်ကို ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်တယ်။ ဒါက နည်းနည်း မယုံကြည်နိုင်စရာပဲ။
ခံတပ်သခင်သည် သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြုကာ ခန္ဓာကိုယ်အတွင်း လှည့်ပတ်လျက်ရှိနေ၏။ ဆန်းကြယ်လှသော စွမ်းအင်များအားလုံးသည် ၎င်းအား လွှမ်းခြုံလျက် ရှိနေတော့၏။ သို့ပေမဲ့ ၎င်းအား ဖိနှိပ်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ပြန်လည်စဉ်းစားလိုက်မိသည့်အချိန်တိုင်းတွင် သူသည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေမိသည်။ “ဒါ အထက်နယ်မြေက စွမ်းအား တစ်ခုခုများလား”
................
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အပြင်ဘက် စကြဝဠာထဲမှာတော့ လိုက်ပါပို့ဆောင်လျက်ရှိနေသော အဖြူရောင် နတ်ဆိုးသည် ထပ်မံကာ မေးလိုက်၏။ “ညီငယ်လေး... တကယ်ပဲ ကြယ်ကောင်းကင်ခံတပ်ကို တစ်ယောက်တည်း သွားမှာလား”
“ဒါက အန္တရာယ်များလွန်းတယ်”
အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “ငါတို့မင်းနဲ့ လိုက်ခဲ့မယ်”
ရှေးသင်္ဘောကြီး၏ထိပ်မှာတော့ ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “အစ်ကိုကြီးတို့ ဒီမှာ နေပြီးတော့ ဂိုဏ်းကို ကာကွယ်ပေးပါ”
သူ့အနေနှင့် ပြဿနာသွား၍ ရှာမှာ မဟုတ်သောကြောင့် ဤအထူး တိုက်ခိုက်ရေးသမား နှစ်ယောက်ကို ခေါ်ဆောင်သွားရန် မလိုချေ။ ဤခရီးစဉ်သည် သတင်းအချက်အလက်များကို သွားရောက်စုံစမ်းခြင်းသာ ဖြစ်နေ၏။ ထို့ကြောင့် ဂိုဏ်း၏ လုံခြုံရေးကို ပိုမိုကာ ဦးစားပေးရပေမည်။
“ကောင်းပြီ”
အဖြူရောင်နတ်ဆိုးသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ညီငယ်လေး... ဘေးကင်းတဲ့ခရီးစဉ် တစ်ခု ဖြစ်ပါစေ”
“အစ်ကိုကြီးတို့”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီး နဲ့ ပြိုင်စံရှားဂိုဏ်းကို အစ်ကိုကြီးတို့လက်ထဲ ဝကွက်အပ်ခဲ့မယ်”
“ညီငယ်လေး စိတ်မပူနဲ့”
အမဲရောင်နတ်ဆိုးသည် ကျိန်ဆိုလိုက်၏။ “ကျုပ်တို့နှစ်ယောက် ဒီမှာရှိနေတယ်ဆို ဘယ်သူကမှ ချိုးဖြတ်ဝင်ရောက်နိုင်မှာ မဟုတ်ဘူး”
ဝှစ်
မဲနက်လျက်ရှိနေသော စကြဝဠာအတွင်းမှာတော့ ရှေးရွက်သင်္ဘောကြီးတစ်စင်းသည် တောက်ပသည့် အလင်းငယ် လေးတစ်ခုအဖြစ် ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေ တိုက်ကြီးမှ ထွက်ခွာသွားပြီးသည့်နောက် ကျယ်ပြောလှသည့် စကြဝဠာကြီးဆီသို့ ခရီးလှည့်လည်သွားလာခဲ့တော့၏။
“ကြယ်ကောင်းကင်ခံတပ်”
အဆုံးမဲ့ စကြဝဠာထဲတွင် ကျယ်လောင်လှသော အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ “မင်းတို့ရဲ့ အရှင်သခင် လာပြီကွ”