အပိုင်း (၁၂၁၄ + ၁၂၁၅)
Vol. 82 Ch. 1214-1215
စကြဝဠာကြီးသည် မည်မျှကြီးမားသည်ဖြစ်ကြောင်းကို မည်သူမှ မသိနိုင်ပေ။ သို့ပေမဲ့ သေချာတာ တစ်ခုသည် စကြဝဠာကြီးထဲတွင် များပြားလှသော ဂြိုဟ်အသီးသီးသည် ရေတွက်လို့မရနိုင်အောင် တည်ရှိနေခြင်းပင် ဖြစ်၏။
ဤကဲ့သို့ ဂြိုဟ်အသီးသီးတွင် လှည့်လည်သွားလာနိုင်ရန်ဆိုသည်မှာ သိုင်းပညာလမ်းစဉ်၏ ထိပ်ဆုံး အဆင့်ကို ရောက်ရှိနိုင်သည့်လူများမှသာလျှင် သွားလာနိုင်စွမ်း ရှိနေပေလိမ့်မည်။
စနစ်က ဝင်၍ ပြောလိုက်သည်။ “တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လေဟာနယ်ကို ဖြတ်သန်းပြီးတော့ ခရီးသွားလာနိုင်ဖို့ မျှော်လင့်မိတယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “သိုင်းကျင့်ကြံသူတွေအနေနဲ့ သူတို့ရဲ့ ကံကြမ္မာကို လက်မခံချင်လို့ သိုင်းကို ကျင့်ကြံကြတာ။ ဒါပေမဲ့ သူတို့ မသိတာက ဒီနေရာကနေ လွတ်မြောက်ပြီးတဲ့နောက်မှာ နောက်ထပ်ကြီးမားတဲ့ လှောင်အိမ်ကြီးတစ်ခုက ထပ်ပြီးစောင့်နေတယ်ဆိုတာပဲ။ ဒါဆိုရင် ဘာလို့ ကျင့်ကြံနေ တာလဲ။
သေမျိုးစကြဝဠာကြီးက ကန့်သတ်ချက်တွေ အများကြီး ရှိတယ်လေ။ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ် ပြီးတဲ့နောက်မှာ ပိုမိုရှည်လျားတဲ့ သက်တမ်းကို ပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့ ဒီနေရာကနေ အပြင်ဘက်ကို ထွက်သွားပြီဆိုတာနဲ့ ပိုမိုပြီးကြီးမားတဲ့ လှောင်ချိုင့်ကြီးတစ်ခုထဲ ရောက်ရှိသွားသလိုပဲ။ အဲဒီလှောင်ချိုင့်ကြီးကို ထပ်မံချိုးဖြတ်ဖို့ ထပ်ပြီး ကြိုးစားရအုံးမှာပဲ”
သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ချိန်ကိုက်ဗုံးသာ မပေါက်ကွဲဘူးဆိုပါက အချိန်အတော်ကြာ အသက်ရှင်နေနိုင်စွမ်း ရှိနေပြီဖြစ်သည်။ သို့ပေမဲ့ လေဟာနယ်ကို ဖြတ်သန်းပြီး အထက်နယ်မြေဆီ တက်လှမ်းနိုင်မည်ဆိုပါက ယခုထက် ပိုမိုပြီး ရှည်လျားလှသော သက်တမ်းနှင့် နေထိုင်ခွင့်ကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်၏။ မည်သူမှသည် နေရင်းထိုင်ရင်းနှင့် သက်တမ်း ကုန်ဆုံးသွားမည်ကို လိုချင်မည် မဟုတ်ချေ။
အသက်ရှင်သန်မှ ဖြစ်ပေလိမ့်မည်။ မည်သူက သေချင်နေမည်နည်း။
“အင်း...”
ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ “ငါက သာမန်လူတစ်ယောက်လိုပါပဲ”
ဒွီး ဒွီး ….။
ရုတ်တရက် စက်ခန်းထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ စက်ခန်းထဲတွင် ထည့်ထားသော စိတ်ဝိညာဉ် ကျောက်တုံးများသည် ကုန်ဆုံးလုနီးပါး ဖြစ်နေသောကြောင့် အချက်ပေးခြင်းပင် ဖြစ်နေတော့သည်။
“မဖြစ်နိုင်တာ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ငါလာတာ ခရီးက အရမ်းကြီး မဝေးသေးဘူး။ စွမ်းအင်တွေက ကုန်သွားပြီလား”
..............
ဘုန်း ဘုန်း ဘုန်း ဘုန်း
ကျယ်ပြောလှသော စကြဝဠာကြီးထဲရှိ ဂြိုဟ်လေးတစ်ခုထဲမှာတော့ ကြီးမားလှသော သတ္တဝါကြီးသည် ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ခါကာဖြင့် အော်ဟစ်လျက် ရှိနေ၏။
ဝုန်း ဝုန်း ဝုန်း
လောကကြီးတစ်ခုလုံးသည် တုန်ခါလျက်ရှိနေ၏။ ၎င်း၏အောက်ခြေတွင်တော့ သိုင်းဆရာအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော ကျင့်ကြံသူဆယ်ယောက်တို့သည် အသက်ဘေးမှ လုကာ ပြေးလွှားလျက်ရှိနေ၏။ “ငါတို့ သေတော့မယ်။ ငါတို့ သေတော့မယ်”
၎င်းတို့အားလုံးသည် လွတ်မြောက်ရန် မျှော်လင့်ချက်လည်း မရှိကြချေ။ ထို့ကြောင့် မျက်လုံး ကိုသာ စုံမှိတ်ထားလိုက်၏။
ဘန်း ဘန်း ဘန်း
ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ၎င်းသတ္တဝါကြီးသည် မြေပေါ်သို့ ပြုတ်ကျကာ သေဆုံးသွားခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ”
အားလုံးသည် တည်နေရာထဲတွင် ကြက်သေသေကာ ရပ်လျက် ရှိနေကြ၏။ အလွန် အားကောင်းလှသော အော်ရာများ ထွက်ပေါ်လျက်ရှိနေသော ကြီးမားလှသည့် သင်္ဘောကြီးတစ်စင်းသည် ၎င်းတို့၏ မြင်ကွင်းပေါ်တွင် ပေါ်လာခဲ့၏။ တောင်ကဲ့သို့ ကြီးမားလှသော သတ္တဝါကြီးသည် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေပြီး တစ်ခါတည်း သေဆုံးလျက် ရှိနေ၏။ သွေးများသည် ချောင်းကဲ့သို့ပင် စီးဆင်းနေတော့သည်။ သိုင်းဆရာ အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော ကျင့်ကြံသူဆယ်ယောက်တို့သည် ဆွံ့အလျက်ရှိနေ၏။
ရွှီး
ထိုအချိန်မှာပဲ လူတစ်ယောက်သည် သင်္ဘောဆီမှ ပျံသန်းလာပြီးသည်နောက် လက်တစ်ချက် ယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ သေဆုံးသွားသည့် သတ္တဝါကြီးနှင့်အတူ ၎င်း၏ နောက်လိုက်နောက်ပါ သတ္တဝါများဆီမှ ပြန့်ကျဲလျက်ရှိနေသော သလင်းအမြူတေများအားလုံးကို သိမ်းဆည်းကာ ပြောလိုက်၏။ “ဒါတွေက အဆင့် မမြင့်ဘူးဆိုပေမယ့် အထဲမှာပါဝင်နေတဲ့ စွမ်းအင်တွေက မဆိုးဘူးပဲ”
အားလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုဖြင့် မျက်နှာများ ဖြူလျော်သွားခဲ့ကြသည်။ တစ်ဖက်လူသည် လေထုထဲတွင် ကတကယ်ပင် ပျံသန်းနိုင်စွမ်း ရှိနေသည်။
“ကောင်းကင်ဘုံ... ဒါက နတ်ဘုရားများလား”
ဘုတ် ဘုတ် …..။
အားလုံးသည် မြေပေါ်တွင် ဒူးထောက်ထိုင်ချပြီးသည့်နောက် ကန်တော့လိုက်ကြတော့၏။ သို့ပေမဲ့ ၎င်းတို့၏ ဦးခေါင်းများကို မော့ကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ သင်္ဘောကြီးနှင့် ထိုလူသည် ပျောက်ကွယ်သွားပြီ ဖြစ်တော့၏။
တည်နေရာထဲတွင်တော့ သေဆုံးလျက်ရှိနေသော သားရဲရိုင်းကြီးနှင့် ၎င်းတို့၏ နောက်လိုက် နောက်ပါ သားရဲအလောင်းများသာ ကျန်ရစ်ခဲ့တော့သည်။
ဤအတောအတွင်း ကျွင်းချောင်ရှောင်းသည် စကြဝဠာအနှံ့ကို ခရီးထွက်ပြီးသည့်နောက်မှာတော့ များပြားလှသည့် ဂြိုဟ်အသီးသီးဆီသို့ ဝင်ရောက်ကာ ရတနာပစ္စည်းများ၊ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် သဘာဝအရင်းအမြစ်များကို ယူဆောင်လျက်ရှိ၏။
ရှေးရွက်သင်္ဘောကြီးသည် ဂြိုဟ်တစ်ခု၏ ကောင်းကင်ယံထက်တွင် လှည့်လည်သွားလာလျက် ရှိနေသည်။ ၎င်း၏ ပတ်ပတ်လည်တွင်တော့ များပြားလှသည့် သိုင်းအင်ပါယာအဆင့် အော်ရာများသည် လွှမ်းခြုံလျက်ရှိနေသည်။ ၎င်းတို့အားလုံး၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော စွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။
“ချီးတဲ့မှ...” ကျွင်းချောင်ရှောင်းသည် လှေဦးထိပ်တွင် မတ်မတ်ရပ်လျက်ရှိပြီး စိတ်ထဲမှာတော့ အော်ဟစ်လျက် ရှိနေ၏။
စနစ်က ပြောလိုက်သည်။ “ပေါက်တတ်ကရတွေပဲ”
“သူခိုးလေး... မင်း ငါတို့ရဲ့ အကန့်အသတ်မဲ့ နတ်ဘုရားနန်းတော်ထဲ ဝင်ပြီးတော့ အထဲမှာရှိတဲ့ နတ်ဘုရားဆေးပင် တွေ အကုန်လုံးကို ခိုးယူရဲတယ်ဟုတ်လား။ ဒီလောကကြီးထဲမှာ မင်းကို ကယ်နိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူး”
တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် ဒေါသတကြီးဖြင့် ကြိမ်းဝါးလိုက်၏။ သူ၏ ရှေ့တွင်တော့ တူညီသည့် သိုင်းကျင့်ကြံခြင်းအဆင့်နှင့် ကျင့်ကြံသူဆယ်ယောက်ကျော်တို့ တည်ရှိနေကြသည်။ ၎င်းတို့သည် အကန့်အသတ်မဲ့ နတ်ဘုရားနန်းတော်၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများပင် ဖြစ်ကြ၏။
ကုန်းရှန့်သည် ဂြိုဟ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ဤနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံး၏ အလုံးစုံသော ကျင့်ကြံခြင်းအားအင်အဆင့်သည် ဘုံကိုးပါးကုန်းမြေတိုက်ကြီးထက် ပိုမိုကာ အားကောင်းလှသည် ဆိုသည်ကို သိရှိနားလည်သွားခဲ့ကြသည်။ သူသည် သောက်ပြဿနာ အကြီးအကျယ်ကို ရှာမိခဲ့ပြီ ဖြစ်သည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက်ပြောလိုက်သည်။ “တကယ့်ကို နားလည်မှု လွဲတာပါ”
“နားလည်မှုလွဲတာ ဟုတ်လား” အကန့်အသတ်မဲ့နတ်ဘုရားနန်းတော်မှ ကျွမ်းကျင်သူများအားလုံးသည် တစ်ဖက်လူ၏ ပေါက်ပန်းလေးဆယ် ပြောဆိုသည့်စကားများကို နားမထောင်ကြချေ။ ပိုမိုကြီးမားလှသည့် ဖိအားဓာတ်များကို ထုတ်လွှတ်လျက် ရှိနေကြ၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ ညာဘက်လက်ကို အသာမြှောက်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် ရှန်ဟွမ်နတ်ဘုရားချပ်ဝတ်က ဖုံးလွှမ်းသွားခဲ့၏။ လေဟာနယ်ထဲတွင်တော့ ကောင်းကင်စတေးခြင်းလှံကြီးသည် ပေါ်ပေါက်လာခဲ့တော့သည်။ သူသည် ချက်ချင်းပဲ အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။ “အခုကစပြီး ဒီတိုက်ခိုက်ရေး တည်နေရာကြီးထဲမှာ ကျုပ်က အပြင်းအထန်နဲ့ အစွမ်းပြတော့မယ်”
အကန့်အသတ်မဲ့ နတ်ဘုရားနန်းတော်မှ ခေါင်းဆောင်များ၏ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွား၏။ ထိုသူတို့သည် အသံပို့လွှတ်လိုက်တော့သည်။ “ဒီကောင်လေး ဝတ်ဆင်ထားတဲ့ ချပ်ဝတ်နဲ့ လက်ထဲမှာ ထိုင်ထားတဲ့ လက်နက်က သာမန်ထက် ပိုတယ်လေ။ သူ့ရဲ့ အားအင်အဆင့်ကလည်း ကျိန်းသေပေါက် အားကောင်းလိမ့်မယ်။ ငါတို့ သူကို သတိလွတ်လို့ မဖြစ်ဘူး”
“အင်း” ကျန်သော ကျွမ်းကျင်သူများ အားလုံးသည် လေးနက်စွာဖြင့် ပြောလိုက်မိ၏။
ဟူး ဟူး
ကြမ်းတမ်းလှသော အော်ရာများသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိနေတော့သည်။ ၎င်းအော်ရာများအားလုံးသည် အမှောင်ထုထဲမှ ထွက်လျှောက်လာခဲ့သော နတ်ဆိုးကြီးတစ်ပါးကဲ့သို့ပင် အရှိန်အဝါ များပြားလွန်းလှ၏။ သူက အားရပါးရ အော်ကာပြောလိုက်သည်။
“နတ်ဘုရားတွေက ကျုပ်ရဲ့လမ်းကို တားဆီး ထားရင် နတ်ဘုရားတွေကို သတ်ပစ်မယ်။ နတ်ဆိုးတွေက ကျုပ်ရဲ့လမ်းကို တားဆီးထားရင် နတ်ဆိုးတွေကို သတ်ပစ်မယ်”
ဝှစ်
ပြီးသည့်နောက်မှာတော့ ရှေးသင်္ဘောကြီးသည် အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲကာ ကောင်းကင်ယံထက်မှ ပျောက်ကွယ်သွားတော့သည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင်မှ အကန့်အသတ်မဲ့ နတ်ဘုရားနန်းတော်မှ အကြီးအကဲများသည် သတိဝင်လာခဲ့ကြသည်။ ချက်ချင်းပဲ ၎င်းတို့သည် သွေးများ အန်ထွက်လုမတတ် ဖြစ်နေကြ၏။
အဘယ်ကြောင့်ဆိုသော် တစ်ဖက် လူသည် ဟိတ်ကြီးဟန်ကြီးဖြင့် လက်နက်နှင့် ဝတ်စုံပြည့် ဝတ်ဆင်ကာ အော်ဟစ် ကြိမ်းမောင်းနေရင်းမှ အခွင့်အရေးကို အရယူပြီး ထွက်ပြေးသွားခဲ့သောကြောင့်ပင်။
ပုံမှန်အတိုင်းဆိုလျှင် ဤကဲ့သို့ လက်နက်ပစ္စည်းအသုံးအဆောင်များကို ထုတ်ဖော်ပြီးလျှင် ကြမ်းတမ်းလှသော တိုက်ခိုက်မှုကို စတင်ပြုလုပ်ရတော့မှာဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ အစစ်အမှန်ပင် ထွက်ပြေးသွားခဲ့သည်။
သူသည် အဘယ်ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ထွက်ခွာလာရသနည်း။ ကြယ်ကောင်းကင်ခံတပ် ဆီသို့ သွားရမှာ မဟုတ်လား။ အဘယ်ကြောင့် လမ်းတွင်ရှိသော လူများနှင့် လျှောက်၍ တိုက်ခိုက်နေမည်နည်း။
ကျွင်းချောင်ရှောင်းသည် ပဲ့ဦးထိပ်တွင် မတ်တပ်ရပ်ကာဖြင့် ပြောလိုက်မိ၏။ “လူဆိုတာ ဦးနှောက်ရှိသင့်တယ်လေ။ ရည်ရွယ်ချက်ပျောက်လို့မဖြစ်ဘူး။”
“မင်းကြောက်လို့ပါ”
စနစ်က ပြောလိုက်သည်။ “အကြောင်းပြချက်တွေ လျှောက်မပေးနဲ့”
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျှူရှုထား၏။ သူသည် ကြယ်ကောင်းကင်ခံတပ်နှင့် ပတ်သက်၍ သေသေချာချာ အာရုံစိုက်ကာ စဉ်းစားလျက် ရှိနေကြ၏။ သူ၏ အဓိက ရည်ရွယ်ချက်သည် ကြယ်ကောင်းကင် ခံတပ်သာ ဖြစ်သည်။ လမ်းမှာရှိသည့် ဂြိုဟ်များသို့ ဝင်ရောက်၍ ပစ္စည်းများလုယုခြင်းဆိုသည်မှာတော့ သူ့အနေနှင့် မလွဲသာ၊ မရှောင်သာ ပြုလုပ်ကေိစ္စပင် ဖြစ်၏။ မကောင်းတတ်၍လုယူရခြင်းမျှသာ။
သို့ပေမဲ့ ကျယ်ပြောလှသော စကြဝဠာကြီးထဲသို့ ခရီးသွားလာခြင်းသည် လုံခြုံ၍ ဘေးကင်းလှသည်တော့ မဟုတ်ချေ။ အန္တရာယ်များပြားလှသော ဥက္ကာခဲများနှင့် ထိမှန်ခြင်းကို ရှောင်ရှားရသလို ချောမောသည့် လူကဲ့သို့ များပြားလှသည့် စကြဝဠာ ဓားပြများကလည်း တည်ရှိနေသေး၏။
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်းသည် လှေဦး၏ထိပ်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ များပြားလှသော ရွက်သင်္ဘောများသည် အဝေးတစ်နေရာဆီမှ ပျံသန်းလာပြီးသည့်နောက် ၎င်း၏ ရွက်သင်္ဘောကြီးအား ဝိုင်းရံထားခဲ့သည်။ ထိုရွက်သင်္ဘော များပေါ်တွင် သိုင်းကျင့်ကြံသူ တစ်ရာကျော်ခန့်ရှိသည်။ တချို့သည် အားကောင်းလွန်းလှပြီး တချို့မှာတော့ အားနည်းလွန်းသည်။
ခေါင်းဆောင်သည် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး သိုင်းအင်ပါယာနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်လို့နေ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့အားအကောင်းဆုံးသော ကျင့်ကြံသူဆိုရင်တောင်မှ စကြဝဠာထဲမှာ အားနည်းနေ တာပဲ။ ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။
“ပေါက်ကရတွေ”
စနစ်က ပြောလိုက်သည်။ “သေမျိုးစကြဝဠာထဲမှာ ရေတွက်လို့မရအောင် များပြားတဲ့ဂြိုဟ်တွေ ရှိတယ်။ ဒီတော့ ဂြိုဟ်တစ်ခုလုံးမှာ အားအကောင်းဆုံးဆိုတာက တခြားဂြိုဟ်မှာ ဘာမှဟုတ်နေမှာ မဟုတ်ဘူး”
“ဒါကတော့ ဟုတ်ပါတယ်”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်မိ၏။ “ဘာကိစ္စရှိလို့လဲ”
နှစ်ပေါင်းများစွာ ဓားပြတိုက်ခဲ့သောကြောင့် အတွေ့အကြုံရင့်ကျက်လှသည့် ဓားပြဗိုလ်သည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်၏။ “ကောင်လေး... မင်းရဲ့ ရွက်သင်္ဘောအဆင့်က မနိမ့်ကျလှဘူးလေ။ ဒီတော့ ကျုပ်တို့ရဲ့ စည်းမျဉ်း စည်းကမ်း သဘောတရားကို နားလည်မှာပါ။ ဟုတ်တယ်မလား”
“နားမလည်ပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဓားပြဗိုလ်သည် ပြုံးကာ ပြောလိုက်တော့၏။ “ဒါဆိုရင် ဒီနေ့ နားလည်အောင် ပြုလုပ်ပေးရမှာပေါ့”
ဘုန်း ဘုန်း ဘုန်း
ခဏလောက်ကြာပြီးသည့်နောက် ကောင်းကင်ယံထက်တွင် ပေါက်ကွဲသံကြီးများ အတွဲလိုက် ဖြစ်ပေါ်လာခဲ့သည်။ ရွက်သင်္ဘောအနည်းငယ်တို့သည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ပြီး အမှောင်ယံထက်တွင် အလင်းများ တလက်လက် တောက်ပနေသည်။
ဆွစ် ဆွစ် ဆွစ်
ရှေးသင်္ဘောကြီးသည် ပျံသန်းထွက်ခွာသွားသည်။ ကျွင်းချောင်ရှောင်းသည် လှေဦးထိပ်တွင် မတ်မတ်ရပ်လျက် ရှိပြီး သူ၏လက်ထဲတွင်တော့ များပြားလှသည့် သိုလှောင်လက်စွပ်များ တည်ရှိနေခဲ့သည်။ သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “ငါ ဘယ်နေရာကိုသွားပြီး လုယက်ရမလဲဆိုတာကို အကြပ်ရိုက်နေတာ။ နောက်ဆုံးတော့ ငါ့ကို လာပေးကြတာပေါ့”
.................
ကျွင်းချောင်ရှောင်းသည် အကန့်အသတ်မဲ့ နတ်ဘုရားနန်းတော်မှ လူများကဲ့သို့စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ထိပ်တိုက် ရင်ဆိုင်ရမည်စိုးသောကြောင့် အလျင်စလိုနှင့် သွားရောက်ကာ တခြားသူများအား လုယက်ခြင်း မရှိချေ။
သို့ပေမဲ့ အထူအပါးကို နားမလည်ကြသော စကြဝဠာထဲမှ ဓားပြများကတော့ သူ့အား ၎င်းတို့စုစည်းထားသော ပစ္စည်းများကို လိုလိုချင်ချင်နှင့် လာရောက်ပေးကမ်းလျက်ရှိနေ၏။
...................
ဘုန်း ဘုန်း ဘုန်း
စကြဝဠာ၏ တည်နေရာတစ်ခုကို ရောက်ရှိချိန်မှာတော့ ပေါက်ကွဲသံကြီးများကို အတွဲလိုက် ကြားလိုက်ရ၏။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ အဝေးတစ်နေရာတွင် တောက်ပလှသည့် မီးတောက်များနှင့် လွှမ်းခြုံလျက်ရှိနေသည်ကို သိရှိလိုက်ရသည်။ ထိုအရာမှာ ရွက်သင်္ဘော တစ်စင်း ပေါက်ကွဲထွက်သွားခြင်းပင်။
ဆွစ် ဆွစ်
များပြားလှသော အလင်းတန်းများသည် မီးတောက်ထဲမှ ထွက်ခွာလာကြ၏။ ချောမောသည့်လူနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သော ကျွမ်းကျင်သူ လေးယောက်တို့သည် တည်နေရာတွင် ပျံသန်းလျက် ရှိနေ၏။
လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် အကြီးအကျယ် တိုက်ခိုက်လျက်ရှိပြီး အလွန်အမင်းလည်း မောပန်းလျက် ရှိနေသည်။ ၎င်းတို့သည် အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်လောက်သာရှိသော လူငယ်တစ်ယောက်ကို စိတ်ဝိညာဉ်စွမ်းအင်များနှင့် ကာကွယ်ပေးထားကြသည်။
မီးတောက်ထဲမှာ များပြားလှသော အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အမဲရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး ရှေ့ဆုံးမှ ဦးဆောင်လာသူမှာတော့ သာမန်ထက်ပို၍ အားကောင်းလွန်း နေ၏။
အဖွဲ့နှစ်ခုသည် မျက်နှာချင်းဆိုင် တိုက်ခိုက်လျက်ရှိနေ၏။ တိုက်ပွဲသည် အလွန်တရာ ပြင်းထန်ပြီး ရှုပ်ထွေးလွန်းသည်။
“ကျွတ် ကျွတ် ကျွတ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလူစာရင်းက တကယ်ကို အားကောင်းတာပဲ”
“ညီငယ်လေး”
ထိုအချိန်မှာပဲ အသံတစ်ခုသည် သူ၏နားထဲသို့ တိုးဝင်လာသည်။ “ကျုပ်တို့ရဲ့ သခင်လေးကို လုံလုံခြုံခြုံနဲ့ ဒီနေရာကနေ ခေါ်ဆောင်သွားပေမယ်ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ ကျုပ်ပေးပါ့မယ်”
ဤကဲ့သို့ ပြောဆိုလိုက်သည့်သူသည် လူငယ်အား ကာကွယ်ပေးလျက်ရှိသည့် ဆံပင်အဖြူရောင်နှင့် အဘိုးအိုပင် ဖြစ်၏။ ၎င်း၏ ဖြူလျော်နေသည့် မျက်နှာကို ကြည့်ရသည်မှာ ဒဏ်ရာအလွန်အပြင်းအထန် ရရှိထားပုံပေါ်သည်။ ၎င်းအနေနှင့် ထပ်မံကာ တိုက်ခိုက်တော့မည်ဆိုပါက ကျိန်းသေပေါက် သေဆုံးတော့မှာ သေချာသည်။
လမ်းပေါ်တွင် မတရားမှုများကို တွေ့ဆုံရသည်ဆိုပါက ဓားကိုဆွဲထုတ်ကာ ကူညီရမှာဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် နှောင့်နှေးမှုမရှိဘဲ လှမ်းကာ မေးလိုက်၏။ “ဘယ်လိုအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေလဲ။ ပြီးတော့ ဘယ်လောက် များများလဲ”
“အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပါ” အဘိုးအိုသည် အသံပို့လွှတ်လိုက်၏။ ပြောပြီးသည့်နောက်မှာ တော့ သူသည် လူငယ်အား ကျွင်းချောင်ရှောင်းဆီသို့ ပစ်ပေးလိုက်ရန်ပင် မစောင့်နိုင်သလို ဖြစ်နေတော့သည်။
တခြား နည်းလမ်းလည်း မရှိချေ။ သူနှင့် တခြားသော သုံးယောက်တို့သည် ဒဏ်ရာ ရရှိနေနှင့်ပြီးသားဖြစ်၏။ ရွက်သင်္ဘောကြီးသည်လည်း ဖျက်ဆီးခံလိုက်ရသည်။ ထို့ကြောင့် အနောက်မှ လိုက်ပါလာသူများကို ခုခံတိုက်ခိုက်ရန်ဆိုသည်မှာ ရေရှည်တွင် မဖြစ်နိုင်တော့ချေ။
၎င်းတို့၏ မျှော်လင့်ချက်သည် ဤအနားက ဖြတ်သွားသော ရွက်သင်္ဘောရှိ လူငယ်လေးပေါ်တွင် မူတည်လျက် ရှိနေသည်။ သူ့အနေနှင့် အလောင်းအစား ပြုလုပ်ရန်သာ ရှိတော့သည်။ တစ်ဖက်လူသည် ယုံကြည်ရလား၊ မယုံကြည်ရလားဆိုသည်ကို သေသေချာချာ တွေးတောစဉ်းစားနိုင်ဖို့ အခွင့်အရေး မရှိတော့ချေ။
အဘိုးအိုသည် မှန်ကန်သည့်အလောင်းအစား တစ်ခုကို ပြုလုပ်ခဲ့ခြင်းပင်ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် ထိုနေရာတွင် စိတ်ချရသည်။ သူသည် တခြားသောသူများကို လိုက်ပါ ကူညီပေးတတ်သည့် စေတနာဝန်ထမ်းတစ်ယောက် မဟုတ်သော်လည်း စိတ်ဝိညာဉ်ကျောက်တုံးများသည် ၎င်း၏ စေတနာများကို ထွန်းတောက်စေတတ်သည်။
အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံးသည် မည်မျှ အားကောင်းသည် ဆိုသည်ကို ကျွင်းချောင်ရှောင်းက မသိချေ။ သို့ပေမဲ့ သူက ပြောလိုက်သည်။ “ဒါဆိုရင် လှမ်းပစ်ပေးလိုက်တော့”
“သခင်လေး”
အဖြူရောင်ဆံပင်နှင့်အဘိုးအိုက ပြောလိုက်သည်။ “အသက်ရှင်မှဖြစ်မယ်။ ထျန်းယွမ်ကုန်းမြေတိုက် ကြီးရဲ့ အောင်မြင်မှုကို ပြန်လည်ရယူအောင် ကြိုးစားရမယ်”
ရွှီး
ပြောပြီးသည့်နောက်မှာတော့ သူနှင့် တခြားသူ သုံးယောက်တို့သည် အားအင်များကို စုဖွဲ့ကာဖြင့် စွမ်းအင်လုံးကြီး အဖြစ် ဖန်တီးပြီး လူငယ်လေးအား ရွက်သင်္ဘောကြီးဆီသို့ လှမ်းကာ ပစ်ပေးလိုက်ကြ၏။
ဟူး ဟူး
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။ အားကောင်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ကြီးမားလှသည့်လက်ကြီးအဖြစ်သို့ ပြောင်းလဲပြီး သူ့ဆီသို့ ရောက်ရှိလာခဲ့သော စွမ်းအင်လုံးအား အသာဖမ်းယူ လိုက်သည်။
ဖောက်
စွမ်းအင်လုံးသည် အားအင်ကုန်ခမ်းသွားပြီးသည့်နောက် ထိုအထဲတွင် ရှိနေသော လူငယ်သည် မြေပေါ်သို့ ပြုတ်ကျလာခဲ့၏။ ထိုလူငယ်လေးသည် အလျင်အမြန် မတ်တပ်ထရပ်ကာဖြင့် ဝမ်းနည်းတကြီး အော်ဟစ်လိုက်၏။ “ခင်ဗျားတို …့”
ထိုအချိန်မှာပဲ သူသည် ပြောဆိုနေရာမှ ရပ်တန့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ့အား ကာကွယ်ပေးလျက် ရှိနေသည့် ကျွမ်းကျင်သူလေးယောက်တို့သည် အမဲရောင်ဝတ်စုံနှင့်လူများဆီသို့ ပြေးဝင်သွားသောကြောင့် ဖြစ်သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွား၏။ “သူတို့က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ပစ်တော့မှာပဲ”
ဝှစ်
ရှေးသင်္ဘောကြီးသည် အမြန်ဆန်ဆုံးသော နှုန်းထားဖြင့် ပျံ့သန်းသွားခဲ့တော့၏။ ထိန်းချုပ်ခန်းထဲတွင် ရှိနေသော စွမ်းအင်များသည် ချက်ချင်းပဲ ကုန်ခမ်းသွားခဲ့၏။
ဘုန်း
သင်္ဘောထွက်ခွာသွားပြီး တစ်စက္ကန့်အတွင်းမှာပဲ ကြီးမားလှသော ပေါက်ကွဲမှုကြီးသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်ပွားလာပြီး စကြဝဠာကြီး တစ်ခုလုံးပင် တုန်ခါစေခဲ့သည်။
“ဒီလူတွေက အရူးတွေလား မသိဘူး”
ကြီးမားလှသည် မှိုပွင့်ပုံသဏ္ဍာန် ဖုန်လုံးကြီးကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်လို့နေခဲ့၏။
ဘုတ်
လူငယ်သည် ရွက်သင်္ဘောကြီး၏ ကုန်ပတ်ပေါ်တွင် ဒူးထောက်ကာဖြင့် မျက်ရည်များ ကျဆင်းလျက် ရှိ၏။ “သွားပြီ။ ကျုပ်ရဲ့ နောက်ဆုံးသော မိသားစုဝင်တွေက သွားပြီ။ သေကုန်ပြီပဲ”
ကျွင်းချောင်ရှောင်းသည် အသာလှမ်းလာပြီးသည့်နောက် သူ၏လက်ထဲတွင်ရှိနေသော သိုလှောင်လက်စွပ် နှစ်ကွင်းအား ကြည့်ရှုလိုက်၏။ အထဲတွင်တော့ ဆဋ္ဌဂံကြယ်ကျောက်တုံးထက် ပိုမိုအားကောင်းသော စိတ်ဝိညာဉ် ကျောက်တုံးတစ်သန်းက တည်ရှိလို့နေခဲ့၏။ သူသည် နှစ်သိမ့်ပေးလိုက်မိ၏။ “ကောင်လေး... သေဆုံးသွားတဲ့ လူတွေက ပြန်ပြီး ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး။ ကျုပ်ဝမ်းနည်းပါတယ်”
“လက်စားချေရမယ်”
လူငယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျုပ် ကျိန်းသေပေါက် လက်စားချေရမယ်။ အဖေနဲ့ ထျန်းယွမ်ကုန်းမြေတိုက်က လူတွေအတွက် လက်စားချေရမယ်”
ရင်ထဲတွင် ရှိနေသော ဒေါသတရားများကြောင့် သူသည် မည်သို့မှ မနေနိုင်တော့ဘဲ မြေပေါ်သို့လဲကျကာ သတိလစ် မေ့မျောသွားသည်။
“ထျန်းယွမ်ကုန်းမြေတိုက် ဟုတ်လား”
ကုန်းမြေတိုက်ကြီး၏ အမည်ကို သိရှိရသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ (ထျန်းယွမ်) နှင့် ထျန်းယွမ် ကုန်းမြေတိုက် နှစ်ခု၏ ဆက်စပ်မှုကို စဉ်းစားလိုက်မိ၏။ သူသည် တီးတိုးရေရွတ်လိုက်မိသည်။ “ဒီနှစ်က ဆက်စပ်နေတာများလား”