အပိုင်း (၁၂၁၇)
Vol. 82 Ch. 1217
ကြယ်ကောင်းကင်ခံတပ်ထဲတွင် ငရဲကြီးကိုးထပ်ဟူသော အကျဉ်းထောင်တည်ရှိနေသည်ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်ဆီမှ သိရှိပြီးဖြစ်သည်။ ထိုအရာသည် သူဖန်တီးခဲ့သော အကျဉ်းထောင်နှင့် ဆင်တူလှပြီး အထပ်တိုင်း အထပ်တိုင်းတွင် မတူညီသည့် အားအင်အဆင့်နှင့် အကျဉ်းသားများ တည်ရှိလို့နေ၏။
မည်သူက နမူနာမှီငြမ်းပုံစံဖြင့် အသုံးပြု၍ တည်ဆောက်ခဲ့သည်ဖြစ်ကြောင်းမှာ အရေးမကြီးလှချေ။ အရေးကြီးသည်မှာ ကြယ်ကောင်းကင်ခံတပ်သည် သူ့ကဲ့သို့ စဉ်းစားကာ ထိုအကျဉ်းထောင်ကို တည်ဆောက်ခဲ့လေသည်လား။ ထို့ကြောင့်ပင်လျှင် သေမျိုးစကြဝဠာထဲတွင်ရှိသော သိုင်းကျင့်ကြံသူများကို ဖမ်းဆီးချုပ်နှောင်ထားသည်လား မသိနိုင်ပေ။
“ကျုပ်ကြားတာတော့ ကြယ်ကောင်းကင်ခံတပ်က အထက်နယ်မြေနဲ့ ပတ်သက်ဆက်နွယ်နေတယ်တဲ့။” ရှမ့်ယုဟန်က ပြောလိုက်၏။
“အထက်နယ်မြေဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် မကြာသေးခင်က ရရှိခဲ့သော တရားရေးရာ၏ လေးကြီးအကြောင်းကို စဉ်းစားလိုက်မိ၏။ ထိုလေးကို ပစ်လွှတ်လိုက်မည်ဆိုလျှင် တရားရေးရာ၏ တရားစွမ်းအင်များအားလုံးသည် ပါဝင်လျက်ရှိနေသည်ကို သူသိရှိပြီးဖြစ်သည်။
ဤအရာသည် အထက်နယ်မြေဆီမှ ရရှိထားခြင်းဖြစ်ကြောင်း ဖြူမဲညီနောင်တို့က ပြောဆိုခဲ့ဖူး၏။ ထို့ကြောင့် ကြယ်ကောင်းကင်ခံတပ်သည် ကျိန်းသေပေါက် အထက်နယ်မြေနှင့် ပတ်သက်ဆက်နွယ်နေမှာ သေချာ၏။ အထက်နယ်မြေသည် သေမျိုးစကြဝဠာထဲတွင် ရှိနေသော ရာဇဝတ်သားများကို ချုပ်နှောင်ထားရန်အတွက် အကျဉ်းခန်းတစ်ခုကို တည်ဆောက်ပြီး ကြယ်ကောင်းကင်ခံတပ်ကို တာဝန်ပေးထားခြင်းပင် ဖြစ်ပေလိမ့်မည်။
“ဒါက ဖြစ်နိုင်တယ်။” စနစ်က သဘောတူညီလိုက်သည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီလိုဆိုမှတော့ ကြယ်ကောင်းကင်ခံတပ်ဆိုတာ အထက်နယ်မြေရဲ့ နောက်ခံရှိနေတယ်လို့ ဆိုလိုတာမဟုတ်လား။ ငါတောင် နည်းနည်းလန့်လာပြီ။”
“ကြောက်တယ်။ လန့်တယ်ဆိုတာ လက်ခံသူရဲ့ အမူအကျင့်မဟုတ်ပါဘူး။ တကယ်လို့ ကောင်းကင်ကြီးက အနိုင်ကျင့်လာတယ်ဆိုရင်တောင် ကောင်းကင်ကို ပုန်ကန်ပစ်မှာ မဟုတ်လား။” စနစ်ကပြောလိုက်သည်။
“တော်စမ်း။” ကျွင်းချောင်ရှောင်းသည် ချက်ချင်းခွန်းတုံ့ပြန်လိုက်၏။
“မင်းငါ့ကို ရိသဲ့သဲ့ ပြောနေတာ ငါသိတယ်။”
သူ့အနေနှင့် လက်ရှိအခြေအနေတွင် အဓိကတာဝန်ကိုသာ ပြည့်စုံအောင် ပြုလုပ်ချင်နေမိ၏။ ဖြစ်ပေါ်လာသည့် အခြေအနေကိုလိုက်၍ အထက်နယ်မြေဆီသို့ သွားရောက်ကြည့်ရှုခြင်းသည် ကောင်းမွန်သည့်အရာ တော့မဟုတ်ပေ။ ထို့အပြင် ကောင်းကင်ကို ပုန်ကန်ဖို့ဆိုသည်မှာ မပြုလုပ်ခင် နှစ်ကြိမ်လောက် pဉ်းစားသင့်သည့်အရာမျိုးဖြစ်၏။ ဤအရာသည် ဟာသလုပ်စရာတစ်ခုပင် မဟုတ်ချေ။
ဟုတ်ပေသည်။ ကုန်းရှန့်အနေနှင့် တရားရေးရာဟောခန်းအကြောင်းကိုတော့ စဉ်းစားလျက်ရှိနေတော့၏။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် သူခံယူခဲ့ရသော အပြစ်ပေးမှုနှင့် သေမိန့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ထိုကဲ့သို့သော အရာမျိုးသည် တရားရေးရာဌာနမှ ဖန်တီးပြုလုပ်ခဲ့သောအရာမျိုးပင် ဖြစ်ပေလိမ့်မည်။
“ချီးတဲ့မှ။”
နှလုံးသားတွင်ရှိနေသော ရန်ငြိုးအဟောင်းနှင့် ရန်ငြိုးအသစ်များကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။
“ငါ အထက်နယ်မြေကို လှမ်းတက်ပြီးပြီဆိုရင် တရားရေးရာဌာန ဟောခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။”
နှလုံးသားထဲတွင် ရှိနေသော အမုန်းတရားများ၏ မျိုးစေ့သည် တဖြည်းဖြည်းနှင့်ပိုမိုကာ ကြီးထွားလာခဲ့ပြီဖြစ်၏။ အချိန်မရွေး ကြီးထွားရင့်သန်လာမည့် ပန်းပင်ကြီးတစ်ခုကဲ့သို့ပင် အခြေခိုင်လာခဲ့တော့သည်။
ကျွင်းချောင်ရှောင်းမှာတော့ ရှမ့်အင်ပါယာဘိုးဘေးများ၏ အားအင်အဆင့်ကို မေးမြန်းလျက်ရှိနေ၏။ ထိုမှသာလျှင် အထဲတွင် ချုပ်နှောင်ထားခဲ့သော ငရဲခန်းနှင့် အကျဉ်းခန်းများသည် မည်မျှ အားကောင်းသည်ဆိုခြင်းကို သူသိရှိရပေ လိမ့်မည်။ သို့ပေမဲ့ သူရရှိခဲ့သည့် သတင်းအချက်အလက်များသည် ဘာတစ်ခုမှ မသိရှိဟူသော အကြောင်းအရာပင် ဖြစ်တော့သည်။
“ဘာမှလည်း မသိဘဲနဲ့ ဘယ်လိုလုပ်သွားပြီးရွေးမှာလဲ။”
“အရင်းအမြစ်တွေရှိရင် ရပြီလေ။”
“အရင်းအမြစ်တွေ။ အရင်းအမြစ်တွေနဲ့ သွားပြီး လဲလှယ်ရတာမျိုးလား။”
“ဟုတ်တယ်။”
“ကြယ်ကောင်းကင်ခံတပ်ရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် လုံလောက်တဲ့ အရင်းအမြစ်တွေကို ပေးအပ်နိုင်မယ်ဆိုရင် အဲဒီလူကို အချိန်အတိုင်းအတာအတောအတွင်း လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ပြန်ဖမ်းခံရမှာပေါ့။”
“………”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ။”
တစ်စုံတစ်ယောက်သော သူကို ချုပ်နှောင်ထားခဲ့၏။ လုံလောက်သည့် ငွေကြေးနှင့်အရင်းအမြစ်များကို ပေးအပ်သည် ဆိုပါက အချိန်ကာလတစ်ခုထိ လွှတ်ပေးလိုက်မည်ဖြစ်သည်။ ဤကဲ့သို့ ထပ်တလဲလဲ ပြုလုပ်မည်ဆိုလျှင် ကျိန်းသေပေါက် များပြားလှသည့် အရင်းအမြစ်များကို ရရှိမှာ သေချာ၏။ သူ၏ ကိုယ်ပိုင်အကျဉ်းထောင်အား ဤကဲ့သို့ ပြုလုပ်ရန်လည်း သူစဉ်းစားထားမိတော့၏။
စနစ်က စောဒက တက်လိုက်တော့သည်။ “လာလဲတဲ့ ပိုက်ဆံတွေကို လက်ခံပြီးတဲ့အချိန်မှာ အဲ့ဒီအပြစ်သားတွေက လောကရဲ့အဆုံးဆီကို သွားပြီးတော့ လုပ်ချင် တာတွေလုပ်ပြီး ထွက်ပြေးသွားမယ်ဆိုရင် လက်ခံသူက လိုက်ဖမ်းလို့ ရနိုင်မှာလား။”
“…….”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလိုအရာမျိုးကို ပြုလုပ်ဖို့ဆိုရင် လုံလောက်တဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်မှဖြစ်မယ်လေ။ ငါအကြာကြီးစောင့်ရအုံးမှာပေါ့။”
“စိတ်မပူနဲ့။”
သူသည် ရှမ့်ယုဟန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “ငါ မင်းဆီက ငွေကြေးတွေကို ယူပြီးပြီဆိုတော့ ကြယ်ကောင်းကင်ခံတပ်ဆီကို လုံလုံခြုံခြုံနဲ့ လိုက်ပို့ပေးမယ်။”
“ကျေးဇူးပါပဲ။ အစ်ကိုကျွင်း”
ဆွစ်
ရှေးသင်္ဘောကြီးသည် အမြန်ဆုံးနှုန်းဖြင့် ရှေ့ဆီသို့ လှမ်းသွားခဲ့တော့သည်။
…
ကျွင်းချောင်ရှောင်းသည် တခြားသောဂြိုဟ်များဆီသို့ ဝင်ရောက်၍ ပစ္စည်းများကို လုယက်မည့်အစီအစဉ်အား လက်လျှော့အရှုံးပေးလိုက်ပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နန်းကျမင်းသားတစ်ပါးဆီမှ ငွေကြေးများကို လက်ခံရယူပြီး ဖြစ်နေသောကြောင့်ပင်။
သူသည် ကြယ်ကောင်းကင်ခံတပ်ဆီသို့ သွားရမည့်ခရီးလမ်းကိုသာ သေသေချာချာ အာရုံစိုက်ထား၏။ ဟုတ်ပေသည်။ သူသည် ငရဲကြီးကိုးထပ် ဆိုသည်ကိုလည်း အလွန်တရာ စိတ်ဝင်စားနေ၏။
ထျန်းယွမ်အကျဉ်းထောင်စေတီ တည်ဆောက်ပြီးသည့်နောက်မှာတော့ အထဲတွင် များပြားလှသော အကျဉ်းသားများ တည်ရှိနေသည်။
ငရဲကြီးကိုးထပ်သည် အစောကြီးကတည်းက တည်ရှိနေသည့်အရာပင်ဖြစ်၏။ တခြားသော ဂြိုဟ်အသီးသီးဆီမှ များပြားလှသော အကျဉ်းသားများသည် ထိုနေရာတွင် တည်ရှိနေ၏။ ၎င်းတို့အားလုံးသည် မည်မျှ အားကောင်းလိုက်လေသနည်း။
“အကယ်၍”
ကျွင်းချောင်ရှောင်းက တွေးတောလိုက်၏။ “ငရဲကြီးကိုးထပ်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေကို လွှတ်လိုက်မယ်ဆိုရင် ခံတပ်သခင်က တစ်ခါတည်း စိတ်တိုလို့ သေဆုံးသွားနိုင်လား။”
“သူစိတ်တိုမလား။ စိတ်မတိုလားတော့ ငါမသိဘူး။ ဒါပေမဲ့ အရမ်းကို ကြောက်ဖို့ကောင်းတဲ့အရာတွေ ဖြစ်လာမှာတော့ သိတယ်။” စနစ်က ပြောလိုက်သည်။
ကြယ်ကောင်းကင်ခံတပ်၏ အားအင်အဆင့်သည် စုံစမ်းစစ်ဆေးရန်လွှတ်လိုက်သည့် လူနှစ်ယောက်ကပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှနေ၏။ ထို့ကြောင့် အထဲတွင်ချုပ်နှောင်ထားသောလူများသည် သာမန်လူများ ဖြစ်လိမ့်မည်မဟုတ်ချေ။ ထိုသူတို့ကို လွှတ်ပေးလိုက်ခြင်းသည် လောကကြီးတစ်ခုလုံးအား ကပ်ဘေးတစ်ခု ကျရောက်သွားအောင် ပြုလုပ်ခြင်းနှင့် ဆင်တူပေလိမ့်မည်။
“ခံတပ်သခင်က မလွှတ်ပေးရင်တောင်မှ ငါကျိန်းသေပေါက် ငရဲကြီးကိုးထပ်ကို ဖျက်ဆီးပစ်ရမယ်။” ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာပြောလိုက်၏။
စနစ်က ပြောလိုက်သည်။ “ဒါက နည်းနည်းတော့ များတယ်လေ။”
“ဟုတ်တယ်။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ “ငါ အဲ့မှာရှိတဲ့ အကျဉ်းသားတွေအားလုံးကို ထျန်းယွမ်ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီထဲကို ပို့ပစ်ရမယ်။”
“……..”
စနစ်သည် စိတ်ဓာတ်ကျသွား၏။ “ဒါ တကယ့်ကို ရဲတင်းလွန်းတဲ့ အကြံအစည်ပဲ။”
ဘာပဲဖြစ်ဖြစ် ကုန်းရှန့်သည် ငရဲကြီးကိုးထပ်ကို စိတ်ဝင်စားလျက်ရှိနေ၏။ အခြေအနေသာ ခွင့်ပြုပေးမည်ဆိုပါက သူသည် ကျိန်းသေပေါက် တစ်စုံတစ်ခုကို ပြုလုပ်တော့မှာသေချာသည်။
…
စကြဝဠာထဲတွင် များပြားလွန်းလှသော ဥက္ကာခဲများတည်ရှိနေခဲ့၏။ ၎င်းတို့သည် ဖြည်းဖြည်းချင်းသွားလာနေသလို တစ်ချို့မှာတော့ နဂါးငွေ့တန်းဆီသို့ ဦးတည်ကာ လှည့်လည်ရွှေ့လျားနေကြ၏။ ဤနဂါးငွေ့တန်း၏ တည်နေရာ အနီးအနားတွင်တော့ ကျောက်တုံးများ ၊ ကျောက်ခဲများအပြင် ဥက္ကာခဲများအားလုံးသည် အစိတ်အပိုင်းများအဖြစ် လှည့်လည်သွားလာနေခဲ့၏။
ရှေးသင်္ဘောကြီးသည် ဤတည်နေရာထဲကို ဖြတ်သန်းသည့်အချိန်မှာတော့ အရှိန်နှုန်းကို အနိမ့်ဆုံးအခြေအနေဆီသို့ လျှော့ချကာ ဖြည်းဖြည်းချင်း မောင်းနှင်နေရ၏။ တစ်စုံတစ်ခုနှင့် တိုက်မိပြီဆိုပါက ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင် သည် မဟုတ်ပါလား။
“အစ်ကိုကျွင်း”
ရှမ့်ယုဟန်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။
“ဒီလိုတည်နေရာမျိုးက ခြုံခိုတိုက်ခိုက်ဖို့အရမ်းကောင်းတဲ့ တည်နေရာမျိုးပဲ။”
သူပြောပြောပြီးချင်းမှာပဲ ကြီးမားလှသော ဥက္ကာခဲများ၏ အနီးပတ်ဝန်းကျင်တွင် ရှေးရွက်သင်္ဘောများ တစ်စင်းပြီး တစ်စင်း ထွက်ပေါ်လာ၏။ ထိုရွက်သင်္ဘောများ၏ အပေါ်တွင်တော့ လက်နက်ပြည့်ကိုင်ဆောင်ထားသော အမဲရောင် ဝတ်စုံနှင့် သိုင်းကျင့်ကြံသူများ တည်ရှိလို့နေ၏။
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာ ပြောလိုက်၏။ “မင်းရဲ့ပါးစပ်ကြီးကတော့ ရွှေချထားဖို့ ကောင်းနေပြီ။”
“….…”
ရှမ့်ယုဟန်သည် နာနာကျင်ကျင် ပြုံးလိုက်၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲတွင်တော့ အဆုံးအစမဲ့သော ဒေါသတရားများ နှင့် ပြည့်နှက်နေလေ၏။ ဤ အမဲရောင်ဝတ်စုံဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူများအားလုံးသည် သူ၏ရန်သူများပင် ဖြစ်တော့၏။ သူ၏ အိမ်တစ်ခုလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်သလို သူ၏ မိသားစုသည်လည်းမရှိတော့ချေ။ ထိုအရာ အားလုံးကို ပြုလုပ်ခဲ့သူသည် သူ၏ ရှေ့မှ အမဲရောင်ဝတ်စုံနှင့် ကျင့်ကြံသူများပင် ဖြစ်တော့သည်။
“မင်းသား”
အရှေ့မှ ဦးဆောင်လာခဲ့သော သက်လတ်ပိုင်းလူသည် ပဲ့ဦးတွင် မတ်တပ်ရပ်ကာဖြင့် ပြုံးကာ ပြောလိုက်၏။ “မြန်မြန် ငရဲပြည်ကို လိုက်ပြီးတော့ ကိုယ့်အဖေနဲ့ကိုယ်တွေ့တော့။”
ဖြောက်
ရှမ့်ယုဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူသည် ဒေါသတရားများကို မည်သို့မျှ မဖိနှိပ်နိုင်ခဲ့ချေ။
“ဟုတ်ပြီ။”
သက်လတ်ပိုင်းလူက ထပ်ကာ ပြောလိုက်သည်။ “ဘာကကောင်းမှန်းသိတယ်ဆိုလို့ရှိရင် အင်ပါယာရှမ့်ရဲ့ရတနာကို ကမ်းပေးလိုက်လေ။ ဒါဆိုရင် မသေဘဲနဲ့ အသက်ရှင် နိုင်လိမ့်မယ်။”
ရှန့်ယုဟန်၏ မျက်လုံးများသည် ရုတ်တရက် ပွင့်သွားခဲ့၏။
“အင်ပါယာရှမ့်ရဲ့ ရတနာဆိုတာက ကျုပ်ရဲ့ ဘိုးဘေးတွေရဲ့ သွေးတွေ ချွေးတွေပဲလေ။ ဘယ်လိုလုပ် ခင်ဗျားတို့လို ကျက်သရေတုန်းလှတဲ့ မိစ္ဆာကောင်တွေကို လွှဲပေးရမှာလဲ။”
ဟားဟား ဟား ဟား
သက်လတ်ပိုင်းလူသည် ဆန်းကြယ်စွာဖြင့် ရယ်မောလိုက်၏။ “မပူးပေါင်းချင်ဘူးဆိုရင်တော့ သေဖို့ပဲရှိတယ်။”
ပြောပြီးသည့်နောက်မှာတော့ သူသည် ကျွင်းချောင်ရှောင်းကိုကြည့်ကာ အထင်မြင်သေးသလို ပြောလိုက်သည်။ “အမှိုက်လေး။ မင်းသူ့ကို တကယ်ပဲ ကူညီချင်တာလား။ အသက်ရှင်ရတာ ပျင်းနေပြီနဲ့တူတယ်။”
“ကျုပ်ကို မရှိသလို ဆက်ဆံတာက ကောင်းမယ်နဲ့ တူတယ်။” ကျွင်းချောင်ရှောင်းက ပခုံးတွန့်ကာ ပြောလိုက်၏။
သက်လတ်ပိုင်းလူသည် ထူးမခြားနားသလို ပြောလိုက်သည်။ “မင်းရှိတာ မရှိတာ ကိစ္စမရှိဘူးလေ။ မကြာခင်မှာ မရှိတော့တာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။”
“ခင်ဗျား ကျုပ်ကို သတ်ချင်တာလား။” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။
သက်လတ်ပိုင်းလူသည် လေးနက်ရိုးရှင်းလှသည့် မေးခွန်းမျိုးကို ပြန်လည်မေးခွန်းထုတ်နေသည်ကို ကြားရသည့် အချိန်မှာတော့ ရယ်မောချင်စိတ်ပင် ပေါက်သွားမိ၏။
“တပ်မှူး”
နောက်လိုက်တစ်ယောက်က တီးတိုးပြောလိုက်သည်။ “ဒီကောင်လေးရဲ့ ရွက်သင်္ဘောက မဆိုးဘူးလေ။”
သက်လတ်ပိုင်းလူသည် ထိုအချင်းအရာကို အစောကတည်းက သတိပြုမိပြီးပြီဖြစ်၏။ ထို့ကြောင့် ခပ်တည်တည်ဖြင့် ပြောလိုက်၏။
“တိုက်ခိုက်တဲ့အချိန်မှာ သတိထား။ ဒီရွက်သင်္ဘောကို မထိခိုက်စေနဲ့။ ဒီတပ်မှူးက ဒီအရာကို ပြန်ပြီး မောင်းသွားချင် တယ်။”
“ကောင်းပါပြီ။”
အားလုံးသည် သံပြိုင်ပဲ အော်ဟစ်လိုက်ကြသည်။
သက်လတ်ပိုင်းလူသည် ကျွင်းချောင်ရှောင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “မြန်မြန်။ အဲ့နေရာကနေ ထွက်တော့။”
တစ်ဖက်လူသည် ပေါ်လာသည်ဆိုသည်နှင့်တစ်ပြိုင်နက် ကျွင်းချောင်ရှောင်းအား တစ်ချက်ကလေးမှ အထင်မကြီးချေ။ သူသည် အစမှအဆုံးထိ အလွန်တရာ မောက်မာလျက်ရှိနေသည်။
“ကောင်းပါပြီ။”
ကျွင်းချောင်ရှောင်းသည် အသာခြေဆောင့်ပြီးသည့်နောက်မှာတော့ ရှေးရွက်သင်္ဘောကြီး၏ အပြင်ဘက်ဆီသို့ ပျံသန်း ထွက်ခွာလာလိုက်သည်။
ဤ တည်နေရာကြီးသည် နဂါးငွေ့တန်းနှင့် နီးကပ်လျက်ရှိနေသော တည်နေရာဖြစ်သောကြောင့် စကြဝဠာ ထဲရှိသော စွမ်းအားများသည် အရမ်းကြီး အားမကောင်းလှချေ။ ထို့ကြောင့် သူ၏ အားအင်အဆင့်နှင့် အပြင်ဘက်သို့ ထွက်ခွာသွားနိုင်စွမ်းရှိနေ၏။
“အစ်ကိုကျွင်း” ရှမ့်ယုဟန်က အော်ဟစ်လိုက်၏။
ရွက်သင်္ဘောနဲ့သာသွားမည်ဆိုပါက လွတ်မြောက်နိုင်ရန် အခွင့်အရေး တည်ရှိနေသေး၏။ ဤကဲ့သို့ အပြင်ဘက်ဆီသို့ ပျံသန်းထွက်ခွာလိုက်မည်ဆိုက ကျိန်းသေပေါက် တခြားသူများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရတော့မှာ သေချာသည်။
“မဆိုးဘူး။ ပူးပေါင်းဆောင်ရွက်တတ်သားပဲ။”
သက်လတ်ပိုင်းလူသည် လက်ကို ယမ်းခါလိုက်၏။
ဝှစ် ဝှစ် ဝှစ်
ရွက်သင်္ဘောပေါ်မှာ အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူ ၁၀၀၀ ကျော်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို ဖွင့်လှစ်ကာဖြင့် ပျံသန်းထွက်ခွာလာခဲ့ကြသည်။
၎င်းတို့သည် အဖွဲ့ကြီးနှစ်ခုအဖြစ် ဖွဲ့ကာဖြင့် ကျွင်းချောင်ရှောင်းနှင့် ရှမ့်ယုဟန်တို့ဆီသို့ တိုးဝင်သွားခဲ့ကြသည်။ သူတို့သည် သတ်ဖြတ်ချင်နေမိ၏။ ထို့ပြင် ရှေးရွက်သင်္ဘောအားလည်း ယူဆောင်သွားချင်မိသေးသည်။