အပိုင်း (၁၂၁၉)
Vol. 82 Ch. 1219
ရှမ့်ယုဟန်သည် နန်းကျမင်းသားတစ်ယောက် ဖြစ်သည်ဆိုသော်လည်း အလွန်တရာ ချမ်းသာလှသူဖြစ်၏။ သူဆိုလို သည့် ပိုက်ဆံဆိုသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးများကို ရည်ညွှန်းခြင်းသာဖြစ်သည်။
ထျန်းယွမ်ကုန်းမြေတိုက်ကြီး သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် တစ်ခြားသောကုန်းမြေတိုက်ကြီးထက် ပိုမိုကာ ကြီးမားလွန်းပြီး အသုံးပြုရသည့် စိတ်ဝိညာဉ်ကျောက်တုံးများ၏ အရည်အသွေးကြီးကလည်း မြင့်မားလွန်းလှ၏။ ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာကို အစောကြီးကတည်းက နားလည်မိသားဖြစ်သည်။ ထို့ကြောင့်သာလျှင် ဤကဲ့သို့ စကားကို ဆွဲခေါ်ခဲ့ခြင်းပင်ဖြစ်သည်။ သူ၏ဂိုဏ်းထဲသို့ ဝင်ရောက်ရန်အတွက် အရည်အသွေးသည် အဓိကမဟုတ်ပေ။ ငွေကြေးကသာလျှင် အဓိကဖြစ်၏။
“မင်း ငါ့ရဲ့ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ချင်တာ ကျိန်းသေလို့လား။” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် မေးလိုက်သည်။
“ဟုတ်ပါတယ်။”
ရှမ့်ယုဟန်က ပြန်ဖြေလိုက်၏။ “ဒါပေမဲ့ ခဏလောက်တော့စောင့်အုံး။”
“ဘာလို့လဲ။” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။
ရှမ့်ယုဟန်၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်သွား ခဲ့၏။ “ကျုပ် … ကျုပ်ရဲ့ ဘိုးဘေးကို သွားပြီးတော့ ရွေးရအုံးမယ်။ ပြီးရင် ဂြိုဟ်ကြီးဖျက်ဆီးခံလိုက်ရတဲ့အတွက် လက်စားချေရအုံးမယ်။”
“ဒါနဲ့ပတ်သက်ပြီး မင်းယုံကြည်ချက်ရှိလား။” ကျွင်းချောင်ရှောင်းသည် သူ့အား လှမ်း၍ ကြည့်လိုက်သည်။
“……….”
ရှမ့်ယုဟန်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ “ယုံကြည်ချက်မရှိဘူးဆိုရင်တောင်မှ ကြိုးစားရမှာပဲလေ။”
“မင်းရဲ့ဘိုးဘေးတွေကို သွားပြီးရွေးယူဖို့အတွက်ဆိုရင် ဘယ်လောက်လောက် ကုန်ကျနိုင်သလဲ။”
“တစ်ခြားသူတွေပြောတာကို ကြားတာတော့ စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းလောက်ကုန်လိမ့်မယ်တဲ့။”
“ဈေးကြီးလှချည်လား။” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းဆိုသည်မှာ အလွန်တရာ များပြားလွန်းလှ၏။ ဆဋ္ဌဂံကြယ်ကျောက်တုံး သန်းငါးဆယ်နှင့်ပင် ညီမျှနိုင်လောက်သည်။
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် ကျောက်တုံးများကို အဆင့်အမျိုးမျိုး ခွဲခြားထားသည်ဖြစ်ကြောင်းကို နားလည်ပြီဖြစ်၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စိတ်ဝိညာဉ်ကျောက်တုံးသည် အဆင့်အနိမ့်ဆုံး စိတ်ဝိညာဉ်ကျောက်တုံးအမျိုးအစား ထဲတွင် ပါဝင်ပြီး ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ စိတ်ဝိညာဉ်ကျောက်တုံး မှာတော့ အဆင့်ငါးစိတ်ဝိညာဉ်ကျောက်တုံး လောက် ရှိ၏။
ထျန်းယွမ်ကုန်းမြေတိုက်ကြီး၌ အသုံးပြုလျက်ရှိနေသော စိတိဝိညာဉ်ကျောက်တုံးသည် အဆင့်အမြင့်ဆုံးသော အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံး ဖြစ်လို့နေခဲ့၏။ တစ်စုံတစ်ယောက်ကို သွားရောက်ရွေးယူရန်ဆိုသည်မှာ အလွန်တရာ ဈေးကြီးလှသည်ဆိုသော်လည်း တစ်ခါတည်းလွတ်မြောက်သွားမည်ဆိုပါက ထိုက်တန်ပေသည်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လွတ်မြောက်သွားခဲ့သည်ဆိုလျှင်တောင်မှ အချိန်ကာလတစ်ခုအထိသာ ဖြစ်ပေသည်။ ထို့ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရခြင်းဆိုသည်မှာ ဖြုန်းတီးခြင်းနှင့်ပင် ဆင်တူပေလိမ့်မည်။
“ဒီလိုလုပ်ရအောင်။”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “အဲဒီစိတ်ဝိညာဉ်ကျောက်တုံးတွေငါ့ကိုပေး။ ငါ မင်းကို ကူညီပြီးတော့ လက်စားချေပေးမယ်။”
သူ့အနေနှင့် ကိုယ့်ကိုယ်ကို စေတနာရှင်လူစွမ်းကောင်းတစ်ယောက်ဟု ဘယ်သောအခါကမှ မစဉ်းစားခဲ့ချေ။ သူနှင့် မပတ်သက်မဆက်နွယ်သောလူတစ်ယောက်အတွက် ကလဲ့စားချေခြင်းအမှုကို ဘယ်တော့မှ ကူညီ၍ ပြုလုပ်ပေးလိမ့်မည်မဟုတ်တာ သေချာ၏။ သို့ပေမဲ့ လုံလောက်သည့် ပိုက်ဆံနှင့်ငွေကြေးကို ရရှိသည်ဆိုပါက ကျိန်းသေပေါက် ထိုအရာကို ပြုလုပ်ရန် စဉ်းစားပေးရမည်ဖြစ်၏။
ပြောနေစရာပင် မလိုချေ။ အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းဆိုသည်မှာ နည်းပါးလှသော ပမာဏတစ်ခုတော့ မဟုတ်တာသေချာ၏။ အတိုချုပ်ပြောရမည်ဆိုလျှင် ပိုက်ဆံသာ ရှိသည်ဆိုပါက ကျွင်းချောင်ရှောင်းအနေနှင့် မလုပ်ရဲသည့်အရာ ဟူ၍ တစ်ခုမှ မရှိချေ။
“အစ်ကိုကျွင်း”
ရှမ့်ယုဟန်က ပြောလိုက်သည်။ “အစ်ကိုကျွင်းက အရမ်းကို အားကောင်းတယ်ဆိုပေမဲ့ ကျုပ်ရဲ့ ရန်သူကလည်း အရမ်းကို အားကောင်းနေတယ်။”
“ဘာ … မင်း ဒီဂိုဏ်းချုပ်ကို မယုံကြည်ဘူးလား။”
ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်၏ ပခုံးပေါ် လက်တင်ကာ ပြောလိုက်၏။ “တစ်ခြားသူတွေကို အထင်မသေးရဘူး။ အထူးသဖြင့် ခပ်ချောချောလူတွေပေါ့ကွာ။ ပြော … မင်းရဲ့ရန်သူက ဘယ်သူလဲ။”
သူ၏ ဝင့်ကြွားလျက်ရှိနေသော အမူအရာကို မြင်ရသည့်အချိန်မှာတော့ ရှမ့်ယုဟန်၏ စိတ်နှလုံးများသည် ချက်ချင်းပဲ လှုပ်ရှားသွားခဲ့၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ “အမှောင် နတ်ဆိုးဘုရင်။”
“………”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။
“ဘာလို့ အမှောင်လို့ခေါ်တာလဲ။ ငါထင်တဲ့ အမှောင်တော့ မဟုတ်လောက်ဘူးနဲ့တူတယ်။ သူက ဘယ်လောက် အားကောင်းလဲ။ ပြီးတော့ သူ့ဆီမှာ နောက်လိုက်တွေ ဘယ်နှစ်ယောက်ရှိလဲ။ နောက် သူတို့ ဘယ်နေရာမှာ နေလဲ။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ရှမ့်ယုဟန်က ပြောလိုက်၏။ “အမှောင်နတ်ဆိုးဘုရင်က ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကြောင့် နတ်ဆိုးစည်း တောင်ကြားထဲမှာ ဖိနှိပ်ခြင်း ခံထားရတာလေ။ ဒါပေမဲ့ နတ်ဘုရားလက်နက်ကြီး ပျောက်ကွယ်သွားတဲ့အချိန်မှာတော့ စည်းကချိုးဖြတ်ပြီးတော့ အပြင်ကို ထွက်သွားခဲ့တယ်။”
သူ၏ အမူအရာများသည် တဖြည်းဖြည်းနှင့် နာကျင်နေသည့် အမူအရာအဖြစ်သို့ ပြောင်းလဲလာခဲ့၏။
နတ်ဆိုးသည် စည်းထဲမှ ချိုးဖြတ်ပြီးသည့်နောက်မှာတော့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကပ်ဘေး ကျရောက်အောင် ပြုလုပ်တော့သည်။ ရှမ့်အင်ပါယာထဲရှိ များပြားလှသော နိုင်ငံများသည် နတ်ဆိုးစစ်တပ်ကြီး ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာပဲ ဂြိုဟ်ကြီးတစ်ခုလုံးသည် အလောင်းများနှင့် ပြည့်နှက်သွားခဲ့၏။ လူသားများ အားလုံးသည် ဆိုးရွားသည့်အခြေအနေကို ကြုံဆုံခဲ့ရတော့သည်။
သူ့အနေနှင့် လုံလုံခြုံခြုံ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်ဆိုသော်လည်း တည်နေရာကြီးတစ်ခုလုံးသည် ပြိုကျပျက်စီးပြီး ဘာတစ်ခုမှ မတည်ရှိခဲ့သလို ဖြစ်သွားကြောင်း မြင်ရသည့်အချိန်မှာတော့ အိပ်မက်ဆိုးများ မက်နေသကဲ့သို့ပင် ခံစားနေမိ၏။ သူ၏ ဘဝတစ်ခုလုံးသည် သေဆုံးသွားခဲ့ပြီဟုပင် နေ့စဉ်နေ့တိုင်း ခံစားနေရ၏။
“ထျန်းယွမ်ကုန်းမြေတိုက်ကြီးမှာလား။”
“ဟုတ်ပါတယ်။”
“ဒါဆိုရင် သူ့ရဲ့ အားအင်အဆင့်ကရော”
“သေချာမသိဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ သက်တော်စောင့်တွေ တွက်ချက်တဲ့အခြေအနေအရဆိုရင် သူက လေဟာနယ် ချိုးဖြတ်ခြင်း အထက်အဆင့်နဲ့ နီးကပ်နေပြီလို့ထင်တယ်။”
“ဒါဆိုရင် အရမ်းကြီးအားကောင်းတဲ့ပုံမပေါ်ပါလား။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် ကျင့်ကြံခြင်း အခြေအနေများကို ကောင်းကောင်းနားလည်သွားပြီဖြစ်၏။ ထို့ကြောင့် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့်ကြား တွင် ကြီးမားသည့်ကွာခြားချက်ရှိပုံ မပေါ်ချေ။
ရှမ့်ယုဟန်က ပြောလိုက်၏။ “တည်နေရာချိုးဖြတ်ခြင်းအလယ်အလတ်အဆင့်ကို ရောက်ရှိတဲ့လူတွေအကုန်လုံးက စကြဝဠာထဲမှာရှိတဲ့ စွမ်းအင်တွေကို ကျွမ်းကျင်နေပြီလေ။ ဒီတော့ တည်နေရာချိုးဖြတ်ခြင်း အဆင့်နိမ့်လူတွေကို လွယ်လွယ်ကူကူနဲ့ သတ်ဖြတ်ပစ်နိုင်တယ်။”
ကျွင်းချောင်ရှောင်းသည် အနည်းငယ်အံ့အားသင့်သွားသည်။ “အင်း …အဲဒါတော့ဟုတ်တာပေါ့။”
“အစ်ကိုကျွင်းက အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ ထိုးလိုက်တယ်။ ဒီတော့ တည်နေရာ ချိုးဖြတ်ခြင်းအဆင့် အလယ်အလတ်အဆင့် အားအင်ကို ပိုင်ဆိုင်နေတာပဲ ဖြစ်ရမယ်။”
ရှမ့်ယုဟန်သည် သူ့ဘာသူ သတ်မှတ်လိုက်မိ၏။
“အင်း”
သူက ပြောလိုက်သည်။
“အမှောင်နတ်ဆိုးဘုရင်ကတော့ တည်နေရာချိုးဖြတ်ခြင်းအလယ်အလတ်အဆင့်ရဲ့ အထက်အဆင့်ဖြစ်လိမ့်မယ်။ သူ့ရဲ့ အားအင်အဆင့်က ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်။ ကျုပ်တို့ကုန်းမြေတိုက်ထဲမှာရှိနေတဲ့ တည်နေရာ ချိုးဖြတ်ခြင်း အဆင့်နိမ့်ကျင့်ကြံသူ တစ်ဒါဇင်ကျော် ဝိုင်းပြီးတိုက်ခိုက်တာတောင် တစ်ဖက်လူက လွယ်လွယ်ကူကူနဲ့ သတ်ဖြတ်သွားခဲ့တယ်။”
…
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။
တည်နေရာချိုးဖြတ်ခြင်း အလယ်အဆင့်၏ တတိယအဆင့်သည် ဤမျှအားကောင်းလှကြောင်း သူသေချာမသိချေ။ သို့ပေမဲ့ အဆင့်နိမ့်စွမ်းအားမြင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့ကို လွယ်လွယ်ကူကူသတ်ဖြတ်ပစ်နိုင်သည်ဆိုမှတော့ အားကောင်းလှသည့် စွမ်းအင်မျိုး ကို ပိုင်ဆိုင်ပေလိမ့်မည်။ သူ၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် ထိုသူနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အလွန်တရာ ခက်ခဲမှာ သေချာသည်။
“အင်း”
ရှမ့်ယုဟန်သည် သက်ပြင်းချလိုက်မိ၏။ “တကယ်လို့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသာ ရှိမယ်ဆိုရင် ကျုပ်ရဲ့ ထျန်းယွမ်ကုန်းမြေတိုက်ကြီးက ဒီလိုဖျက်ဆီးခံရမှာမဟုတ်ဘူး။”
“မင်းဘာလို့ အဲလို ပြောနိုင်ရတာလဲ။” ကျွင်းချောင်ရှောင်းက မေးလိုက်မိသည်။
ရှမ့်ယုဟန်က ပြောလိုက်၏။ “ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီက လောကကြီးမှာရှိတဲ့ မိစ္ဆာအရာအားလုံးကို ဖိနှိပ်ပစ်နိုင်စွမ်းရှိတယ်လေ။ အမှောင်နတ်ဆိုးဘုရင်က မိစ္ဆာစွမ်းအင်တွေနဲ့ ဖြစ်တည်လာခဲ့တဲ့ လူတစ်ယောက်ပဲ။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ သူ ဤတစ်ကြိမ်မထွက်လာခင် သူနဲ့အတူ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို ယူဆောင်လာခဲ့၏။ ထိုအရာမှာ မှန်ကန်သည့်အရာပင် ဖြစ်လာတော့သည်။
ဤကဲ့သို့သော ရတနာမျိုးသည် ကျုံ့၍ ရနိုင်ပြီး အချိန်မရွေး ကြီးမားအောင် ဖန်တီး၍လည်း ရနိုင်၏။ ထို့ကြောင့် တစ်ဖက်လူများကို အပြင်သို့ထုတ်၍ ရိုက်နှက်ရန် အသုံးပြုနိုင်သည့် ကောင်းမွန်သော လက်နက်တစ်ခုလည်း ဖြစ်လို့ နေ၏။
“ငါ့ကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းပေး။ ငါ မင်းကို ကူပြီး ကလဲ့စားချေပေးမယ်။”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ ရှားရှားပါးပါး လေးနက်သည့်အမူအရာ များဖြစ်တည်လျက်ရှိသည်။
“အစ်ကိုကျွင်း”
ရှမ့်ယုဟန်က ပြောလိုက်၏။ “အမှောင်နတ်ဆိုးဘုရင်ဆီမှာ တည်နေရာချိုးဖြတ်ခြင်း အဆင့်နိမ့် နောက်လိုက် ၁၀ ယောက်လောက်ရှိသေးတယ်။ ပြီးတော့ သေသေချာချာလေ့ကျင့်ပေးထားတဲ့ နောက်လိုက် တစ်သိန်းကျော်ကလည်း ရှိတယ်။”
“……”
ကျွင်းချောင်ရှောင်း၏ သူရဲကောင်းတစ်ယောက်ဟန်ပန်မျိုးသည် ရုတ်တရက် မှေးမှိန်သွားခဲ့၏။ ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် အမှောင်နတ်ဆိုးဘုရင်အား ထိန်းချုပ်ထားနိုင်မလားဆိုသည်ကို သေသေချာချာ မသိချေ။ သို့ပေမဲ့ တစ်ဖက်လူတွင် များပြားလှသည့်နောက်လိုက်များ တည်ရှိနေသည်ဆိုတော့ သူ့အနေနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲမှာတော့ သေချာ၏။
“ဒင် …. သီးခြားတာဝန်ပေါ်ပေါက်သည်။” ထိုအချိန်မှာပဲ သူ၏ နားထဲတွင် အသံတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်ကာ ကြည့်လိုက်သည့်အချိန်မှာတော့
“ကျေးဇူးပြု၍ အမှောင်နတ်ဆိုးဘုရင်နှင့် သူ၏ နောက်လိုက်များကို သုံးလအတွင်း သတ်ဖြတ်ရန်။”
“လက်ကျန်အချိန် - ၈၉ ရက် (အထူး - အထူးတာဝန်)”
…….
သူ့အနေနှင့် ကြောက်စိတ်များ ဝင်လာသည့်အချိန်မှာပဲ ချက်ချင်း စနစ်သည် ထိုအရာအား တိုက်ခိုက်ပစ်ရန် တာဝန် တစ်ရပ်အဖြစ် ပေးစွမ်းခဲ့သည်။
“ကောင်လေး”
ကျွင်းချောင်ရှောင်းသည် သူ၏ ကျောကို မတ်ကာဖြင့် ပြောလိုက်မိ၏။ “ထျန်းယွမ်ကုန်းမြေတိုက်ကို ဘယ်လိုသွားကြမလဲ။”
“အစ်ကိုကျွင်း ကျုပ်အတွက် လက်စားချေပေးချင်လို့လား။”
“အမှန်ပဲလေ။”
“……..”
ရှမ့်ယုဟန်သည် ဇဝေဇဝါဖြစ်လျက်ရှိနေ၏။ ထို့ပြင် တစ်ယောက်တည်းသွားပြီး အမှောင်နတ်ဆိုးဘုရင်နှင့် နောက်လိုက်များအားလုံးကို ရင်ဆိုင်တိုက်ခိုက်မည်ဆိုခြင်းမှာ အနည်းငယ်ယုတ္တိမတန်လှချေ။
“မပူနဲ့။”
ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားချပ်ဝတ်ကို အသာကောက်ဝတ်ပြီးသည့်နောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “လောကကြီးမှာ ဒီဂိုဏ်းချုပ် လုပ်လို့မရတဲ့အရာဆိုတာ နည်းနည်းလေးပဲ ရှိတယ်။”
လက်နက်ပစ္စည်းများ၏ ထောက်ပံ့မှုနှင့်အတူ သူ၏ ပုံပန်းသွင်ပြင်သည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့၏။ မသိလျှင် လောကကြီးတွင် ရှိနေသော အားအကောင်းဆုံးသော ကျင့်ကြံသူတစ်ယောက်ဟုပင် ထင်မှတ်မှားရ၏။
ထို့ကြောင့် ရှမ့်ယုဟန်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် တည်နေရာတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ “အဲဒီကို သွားရမှာ။”
“ဒါဆိုရင် ထျန်းယွမ်ကုန်းမြေတိုက်ကြီးကို ရောက်ဖို့အတွက် ဘယ်လောက်လောက်ကြာနိုင်လဲ။”
“လက်ရှိအမြန်နှုန်းအရဆိုရင် အနည်းဆုံး တစ်နှစ်လောက်တော့ ကြာမယ်ထင်တယ်။”
ဘုတ်
ကျွင်းချောင်ရှောင်းသည် ကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။ စနစ်မှ ပေးအပ်သည့် တာဝန်၏ အချိန်ကာလသည် သုံးလသာလျှင် ရှိ၏။ ထိုနေရာသို့ သွားရန် တစ်နှစ်လောက်ကြာမြင့်မည်ဆိုပါက နောက်ကျသွားပေလိမ့်မည်။
“မဖြစ်ဘူး။ မဖြစ်ဘူး။”
အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကို ရရှိဖို့အတွက် သူ၏ အမြန်နှုန်းကို မြှင့်တင်မှ ဖြစ်ပေလိမ့်မည်။
ဆွစ် ဆွစ်
ကောင်းကင်ယံအထက်တွင် အလင်းများ ဖြစ်တည်လာခဲ့၏။ ရှေးသင်္ဘောကြီးသည် တည်နေရာကို ဖြတ်သန်း သွားခဲ့သလိုမျိုး တည်နေရာထဲမှ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။
စည်းဓားမော့ကြီးသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို တားဆီးနိုင်ပါ့ မလား။
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တွေးတောလျက်ရှိနေ၏။
သီးခြားတာဝန်သည် သူ့အား ဖန်တီးပေးခဲ့သည်ဆိုသော်လည်း သူ၏ အကြီးမားဆုံးသော ဝှက်ဖဲကြီးသည် ဤအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများကို ရင်ဆိုင်၍ မရနိုင်ပါကသူသာ သေဆုံးသွားနိုင်သည်။
“အားရာကို မေးကြည့်လိုက်လေ။” စနစ်က ပြောလိုက်၏။
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို ပိတ်ရိုက်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲသို့ ဝင်ရောက်လိုက်တော့သည်။
အကျဉ်းသားများအား စီမံခန့်ခွဲလျက်ရှိနေသော အားရာကို ခေါ်ဆောင်လိုက်သည်။ “ကောင်မလေး …. မင်း အမှောင်နတ်ဆိုးဘုရင်အကြောင်းကို ကြားဖူးလား။”
“သခင်”
အားရာသည် အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်ကာပြောလိုက်၏။ “ဒီအကောင်လေးလား … သိပ်သိတာပေါ့”