အပိုင်း (၁၂၂၁)
Vol. 82 Ch. 1221
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ငွေကြေးများကို ထပ်မံ၍ မလိုချင်တော့ချေ။ သူ့အနေနှင့် အလကား ကူညီပေးရမည်ဆိုလျှင်တောင်မှ ဤအမှောင်နတ်ဆိုးဘုရင်အား တစ်ခါတည်း သတ်ဖြတ်ချင်နေမိ၏။
စနစ်သည် အခွင့်အရေးကို အရယူ၍ ရင်နာအောင် ပြုလုပ်ချင်မိ၏။ သို့ပေမဲ့ လက်ခံသူသည် အမှန်ပင် စိတ်ဆိုးလျက် ရှိနေသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူသည် ခပ်မဆိတ်သာ နေထိုင်ရန် ဆုံးဖြတ်ခဲ့တော့ သည်။
ဤကဲ့သို့သော အခြေအနေတွင် ငွေကြေးကို မက်မောသူတစ်ယောက်ဟု သွား၍ ပြောဆိုနေမည်ဆိုပါက လက်ခံသူ၏ အမူအကျင့်နှင့် ကိုယ်ရည်ကိုယ်သွေးကို စော်ကားရာကျပေလိမ့်မည်။ လက်ခံသူသည် ထိုသို့သောသူ မဟုတ်တော့ပေ။
“အစ်ကိုကျွင်း”
ရှမ့်ယုဟန်သည် ကြောင်အသွားမိသည်။
သူ၏ မျက်လုံးထဲရှိ ဒေါသတရားများသည် အဘယ်ကြောင့် အလွန်အားကောင်းစွာ တည်ရှိနေရသနည်း။ တချို့အရာများသည် သူကိုယ်တိုင် တွေ့ကြုံခဲ့သည့်အရာများ မဟုတ်ချေ။ သို့ပေမဲ့ တခြားသော တည်နေရာကြီးများတွင်လည်း ဤကဲ့သို့ ဖျက်ဆီးခဲ့သည့်ဆိုသည့် အကြောင်း အရာကို သူသေသေချာချာ သိရှိပြီးဖြစ်သည်။ ဤမျှဆိုးရွားစွာ ဖျက်ဆီးခံလိုက်ရသည့်ကို မြင်လိုက်ရသည့် အချိန်မှာတော့ သူသည် မည်သို့မှ မခံစားနိုင်ဘဲ ဖြစ်နေတော့၏။
ဟူး ဟူး ….။
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီး၏ ပဲ့တွင် မတ်တပ်ရပ်လိုက်ပြီးသည့်နောက်မှာတော့ သူ၏ စိတ်ဝိညာဉ် အာရုံများကို ဖြန့်ကျက်လိုက်သည်။
မကြာမီမှာပဲ အဝေးတစ်နေရာရှိ မြို့ပျက်ထဲတွင် တည်ရှိနေသော အမဲရောင်ဝတ်စုံဝတ် သိုင်းကျင့်ကြံသူ အများအပြားကို သူမြင်လိုက်ရ၏။ ထိုသူတို့အားလုံးသည် တိတိကျကျ ပြင်းပြင်းထန်ထန်ဖြင့် လေ့ကျင့်ခံထားရပုံပေါ်သည်။ တညီတညာတည်း စုပေါင်း၍ သတ်ဖြတ်သုတ်သင်ခြင်းကို ပြုလုပ်နေကြ၏။
ဘုန်း ဘုန်း
ထိုတည်နေရာပျက်ကြီးထဲတွင် ပေါက်ကွဲသံများနှင့် အော်ဟစ်သံများလည်း ထွက်ပေါ်နေသည်။ ပြန်လည်တိုက်ခိုက်နေသော ကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် ချောင်ပိတ်မိနေသော သားရဲများကဲ့သို့ပင် ဖြစ်နေကြ၏။ ၎င်းတို့ အားလုံးသည် အပြင်းအထန် ဒဏ်ရာရရှိထားခဲ့ကြပြီး အချိန်မရွေး လဲပြိုကာ သေဆုံးတော့မည့် ဟန်ပန်မျိုးပင် ဖြစ်နေသည်။ ၎င်းတို့၏ နောက်မှာတော့ ကျောက်ခန်းကြီးတစ်ခု တည်ရှိနေပြီး ထိုကျောက်ခန်းကြီးထဲတွင်တော့ အသက်ရှင်ကျန်ရှိနေသော ဂြိုဟ်သူဂြိုဟ်သား တစ်ထောင်ကျော်တို့သည် အထဲ၌ တည်ရှိနေကြ၏။ ၎င်းတို့အားလုံး သည် အသက်ရှင်သန်နိုင်ခွင့် ရရှိစေရန်အတွက် ကောင်းကင်ပေါ်သို့ ဆုတောင်းခြင်းကိုသာ ပြုလုပ်နေကြရသည်။
ဘုန်း
အမဲရောင်စွမ်းအင်များသည် မြေတည်နေရာကြီးတစ်ခုလုံး၌ ပေါက်ကွဲထွက်သွားပြီးသည့်နောက် မြေပြင်ကြီး သည် အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့၏။ ပုံမှန်အားဖြင့် ပြိုကျလုနီးပါးဖြစ်နေသော မြို့၏ အဆောက်အဦ သည် ရုတ်တရက်ဆိုသလိုပဲ အမှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ထျန်းယွမ်ကုန်မြေတိုက်မှ သိုင်းကျင့်ကြံသူတစ်ယောက်သည် ရင်ဘတ်တွင် အပေါက်ကြီးဖြစ်ကာ မြေပေါ်၌ လဲလျောင်းလျက်ရှိနေ၏။ သူ၏ မျက်နှာသွင်ပြင်သည် ဒေါသတရားနှင့် မမျှော်လင့်ထားမှုများ အပြည့်ရှိနေတော့၏။
“အဘိုးကြီးဟယ်”
၎င်း၏ အဖော်များသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။ ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ လက်နက်ထဲတွင် အခဲမကျေမှုများ၊ ဒေါသတရားများကို စုစည်းကာဖြင့် တိုက်ခိုက်ကြသည်။ ၎င်းတို့ အားလုံးသည် မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ ရှေ့တိုးကာ တိုက်ခိုက်နေကြခြင်းပင် ဖြစ်တော့သည်။
အမဲရောင်ဝတ်စုံဝတ် စစ်သည်တော်အနည်းငယ်ကို သူတို့သည် သတ်ဖြတ်နိုင်ခဲ့သည် ဖြစ်သော်လည်း ရန်သူများမှာ အလွန်တရာ များပြားလွန်းသောကြောင့် ၎င်းတို့သည် ဝိုင်းပတ်ခြင်းကို ခံခဲ့ရသည်။ သို့ပေမဲ့ ထျန်းယွမ်ကုန်းမြေ တိုက်မှာရှိသော သိုင်းကျင့်ကြံသူများသည် အကုန်လုံး သေဆုံးသည့် အခြေအနေဆီသို့ မရောက်ရှိသေးချေ။ အပြင်းအထန် ခုခံလျက်ရှိနေသေးသည်။ ၎င်းတို့၏ သွေးများ၊ ချွေးများကို အသုံးပြုကာဖြင့် မျိုးဆက်သစ်များ အသက်ရှင်နေထိုင်ခွင့် ရစေရန်အတွက် အပြင်းအထန် ကြိုးစားလျက် ရှိနေ၏။
“အားလုံးကို သတ်ပစ်လိုက်တော့” အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခေါင်းဆောင်သည် အော်ဟစ်လိုက်သည်။
ရွှီး ရွှီး
ချက်ချင်းပဲ စစ်သည်ပေါင်းတစ်ထောင်ကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်ဓာတ်သဘာဝများ ထုတ်လွှတ်လျက်ရှိနေပြီး ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးသည် ဖော်ပြ၍ မရနိုင်လောက်အောင် မဲမှောင်သွား၏။
ထျန်းယွမ်ကုန်းမြေတိုက်တွင်ရှိသော သိုင်းစစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် ကြာရှည်စွာ အသက်ရှင် နေထိုင်ခွင့်ရရှိတော့မည် မဟုတ်ကြောင်းကို သိရှိပြီး ဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အားကုန်ထုတ်ဖော်ကာဖြင့် တတ်နိုင်သမျှ ၎င်းတို့နှင့်အတူ သေဆုံးသွားနိုင်မည့်လူများကို ဆွဲခေါ်သွားမည်ဟု ဆုံးဖြတ်ပြီးသား ဖြစ်သည်။
ဝှစ်
ရုတ်တရက်ဆိုသလိုပဲ ရောင်စုံအလင်းတန်းများသည် ကောင်းကင်ယံထက်မှာ လင်းလက်လျက် ရှိနေပြီး အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူများ၏ ဦးခေါင်းများကို ဖောက်ထွင်းသွားခဲ့၏။
အမဲရောင် ပတ်ဝန်းကျင်တစ်ခုလုံးသည် အလင်းတန်းများကြောင့် အစိတ်စိတ် အပိုင်းပိုင်း ပြိုကွဲသွားပြီးသည့်နောက်မှာတော့ လောကကြီးတစ်ခုလုံးတွင် ရှိနေသော အလင်းတန်းများသည် တဖြည်းဖြည်း မှေးမှိန်ကာ သာမန်အဖြစ်သို့ ပြန်လည် ရောက်ရှိသွား၏။
သေဆုံးရန် ပြင်ဆင်ပြီးသား ဖြစ်နေသော ထျန်းယွမ်ကုန်းမြေတိုက်တွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြတော့သည်။ ဤကဲ့သို့ ရုတ်တရက်ဖြစ်ပေါ်လာသော ရောင်စုံအလင်းတန်းများ အားလုံးသည် ၎င်းတို့အား လုံခြုံသည့် ခံစားချက်များ ပေးစွမ်းလျက် ရှိနေသည်။
ဝှစ် ဝှစ်
အားလုံးသည် အလင်းတန်းများ ထွက်ပေါ်လာရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့၏ မြင်ကွင်းထဲတွင်တော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် လေထုထဲတွင် ဝံ့ကြွားစွာ ရပ်လျက်ရှိနေ၏။ ၎င်း၏ မျက်နှာသွင်ပြင်သည် ဓားတစ်စင်းထက်သို့ ထက်မြလျက်ရှိနေပြီး ၎င်း၏ အကြည့်များသည် စူးရှနေသည်။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော အော်ရာများသည် စစ်နတ်ဘုရား တစ်ပါး ကဲ့သို့ပင် ဖြစ်၏။
“မင်းသား” အသက်ရှင်ကျန်ရစ်ခဲ့သော သိုင်းကျင့်ကြံသူများ အားလုံးသည် အမဲရောင်ဝတ်စုံနှင့်လူငယ်၏ အနောက်ဘက်တွင် တည်ရှိနေသော လူငယ်လေးတစ်ယောက်ကို မြင်ရသည့်အချိန်မှာတော့ စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ လင်းလက်သွားခဲ့ကြသည်။
“ကျုပ် တောင်းပန်ပါတယ်”
ရှမ့်ယုဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်၏။ “နောက်ကျ သွားခဲ့တယ်”
ရှမ့်အင်ပါယာသည် ကုန်းမြေတိုက်ကြီး၏ ခြောက်ဆယ်ရာခိုင်နှုန်း နီးပါးခန့်ကို အုပ်စိုးခဲ့သူဖြစ်၏။ လက်ရှိ အခြေ အနေမှာတော့ မရေမတွက်နိုင်သော များပြားလှသော ၎င်းတို့၏ အင်ပါယာသူ၊ အင်ပါယာသားများ အားလုံးသည် သေဆုံးခဲ့ကြရတော့၏။ မင်းသားတစ်ပါးအနေနှင့် သူသည် မိသားစုနှင့်အတူ ရှင်သန်ခွင့်၊ သေဆုံးခွင့် မရရှိခဲ့ချေ။ ဤကပ်ဘေးကြီးမှ လွတ်မြောက်နိုင်ရန် ပထမဦးဆုံး ထွက်ပြေးခဲ့ရသည်။ ထို့ကြောင့် သူသည် စိတ်ထဲတွင် နင့်နင့်နဲနဲနှင့် ခံစားနေရခြင်းပင် ဖြစ်သည်။
ရွှီး ရွှီး ….။
အမဲရောင်ဝတ်စုံဝတ် သိုင်းကျင့်ကြံသူများသည် အဝေးဆီမှ ထပ်မံရောက်ရှိလာခဲ့၏။ အနည်းဆုံး သုံးထောင်မှ ငါးထောင်နီးပါးခန့်သို့ပင် ရောက်ရှိလာသည်။
ကျွင်းချောင်ရှောင်းသည် လက်ကို အသာမြှောက်လိုက်သည့်နောက် မှာတော့ လေထုထဲ၌ ကောင်းကင်စတေးကြီးလှံကြီး ထွက်ပေါ်လာခဲ့၏။ ၎င်းသည် လှံအား လက်တစ်ဖက်ဖြင့် လှမ်း၍ ဆုပ်ကိုင်ပြီး သည့်နောက်မှာတော့ တည်နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။ ပြီးသည့်နောက်မှာတော့ သူတို့ဆီသို့ ပြေးဝင်လာခဲ့ကြသည့် ရန်သူများ၏အရှေ့တွင် ပေါ်လာခဲ့တော့သည်။ ပြီးနောက် ပြောလိုက်၏။ “ရောက်လာတာ နောက်မကျဘူးပဲ”
ဘုန်း ဘုန်း …..။
အေးစက်သောလှံ၏ အလင်းတန်းသည် အရှေ့ဆီသို့ ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ ကောင်းကင်ယံ တစ်ခုလုံးတွင် လှံအလင်းတန်းများနှင့် ပြည့်နှက်သွားခဲ့သည်။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့ အားလုံးသည် ချက်ချင်းပဲ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
“အမှောင်နတ်ဆိုးဘုရင်”
ကျွင်းချောင်ရှောင်းသည် လှံကြီးကို အသာကိုင်ကာဖြင့် အော်ဟစ်လိုက်တော့သည်။ “ထွက်ခဲ့စမ်း”
သူ၏အသံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပဲ့တင်ထပ်လျက် ရှိနေ၏။ ထိုအသံထဲတွင် တည်နေရာတစ်ခုလုံး ကိုပင် ဆွဲဖြဲနိုင်စွမ်းရှိနေသည့် ဒေါသတရားများ ပါဝင်လျက် ရှိနေတော့၏။ သူသည် ရှေ့မှာရှိသော နောက်လိုက် များနှင့် မတိုက်ခိုက်ချင်ပေ။ ထိုအစား နောက်ဆုံးဆရာကြီးကို စိန်ခေါ်ကာ တည့်တည့်ပင် တိုက်ခိုက်ချင်နေမိ၏။
ထို့အပြင် သူသည် ကြယ်ကောင်းကင်ခံတပ်ဆီသို့ သွားရဦးမှာဖြစ်၏။ အချိန်သည် သူ့အတွက် လိုအပ်လျက် ရှိနေသည်။
ဟူး ဟူး ဟူး …..။
ပဲ့တင်ထပ်လျက်ရှိနေသော အသံသည် မငြိမ်သက်သေးခင်မှာပဲ ထျန်းယွမ်ကုန်းမြေတိုက်၏ အရှေ့ဘက် တည်နေရာဆီမှ အမဲရောင်တိမ်လိပ်များသည် တလိပ်လိပ်နှင့် တက်လာခဲ့တော့၏။ ကောင်းကင်ကြီး တစ်ခုလုံးသည် ထပ်မံကာ မှောင်မဲသွားပြီးသည့်နောက်မှာတော့ သုန်မှုန်လျက်ရှိနေသော အော်ရာများသည် ပိုမိုကာ သိပ်သည်းလာ၏။
ဟူး ဟူး …….။
အေးစက်သည့်လေများ တိုက်ခတ်သွားပြီးသည့်နောက်မှာတော့ လေထုထဲတွင် ဝိညာဉ်များ၏ အော်ဟစ်သံများ ပင် ပေါ်ပေါက်လာခဲ့သည်။ ဒဏ်ရာရရှိခဲ့သော ထျန်းယွမ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများ၏ မျက်လုံးများ သည် ပြောင်းလဲသွားခဲ့ကြ၏။
“အစ်ကိုကျွင်း”
ရှမ့်ယုဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်။ “အမှောင်နတ်ဆိုး ဘုရင်လာပြီ”
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “အင်း... သေမင်းရဲ့တံခါးဝကို ရောက်လာတဲ့ ကောင်က ဘယ်လိုဖြစ်ပြီး ဟိတ်ကြီးဟန်ကြီးနဲ့ ရောက်လာရတာလဲ”
ဟူး ဟူး …..။
ကြီးမားလွန်းလှသော အမဲရောင်တိမ်လိပ်ကြီးများသည် မြန်မြန်ဆန်ဆန်ပဲ ချည်းကပ်လာခဲ့၏။ တစ်ခုပြီးတစ်ခု စုစည်းပြီးသည့်နောက်မှာတော့ အမဲရောင်ဝတ်စုံဝတ် သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း အောက်ဆီမှ အလျင်အမြန် ပြေးလာခဲ့ကြသည်။ ကျွင်းချောင်ရှောင်း၏အရှေ့ ပေတစ်ရာပတ်လည် အနီးတဝိုက်တွင် များပြားလှသည့် အမဲရောင်ဝတ်စုံဝတ် သိုင်းကျင့်ကြံသူများသည် တဖွဲဖွဲဖြင့် ရောက်ရှိလာခဲ့ပြီး သည့်နောက်မှာတော့ တစ်သိန်းနီးပါးခန့်ပင် ဖြစ်ပေါ်လာခဲ့၏။ ဤလူစာရင်းသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ရှမ့်ယုဟန်ကို အလွန်အမင်း ကြောက်လန့်စေခဲ့သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ အထင်အမြင်သေးစွာဖြင့် ကြည့်ရှုလျက် ရှိနေ၏။
ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် အပြစ်ပေးခြင်းကို ခံရသည့်ယောက်ျားတစ်ယောက် ဖြစ်သည်မို့ သူသည် သိန်းဂဏန်းပေါင်း အရေအတွက်ရှိသည့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ပေါင်း များစွာကိုပင် ရင်ဆိုင်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ဤကဲ့သို့ ကျင့်ကြံသူတစ်သိန်းလောက်ကို ရင်ဆိုင်ရသည့်အချိန်တွင် မျက်မှောင်တစ်ချက်လေးပင် ကုတ်လိမ့်မည် မဟုတ်ချေ။
ရောက်ရှိလာခဲ့ကြသော အမဲရောင်ဝတ်စုံဝတ် သိုင်းကျင့်ကြံသူများသည် လှုပ်ရှားမှုကို မပြုလုပ်ခဲ့ကြပေ။ ၎င်းတို့ အားလုံးသည် တင်းတင်းကျပ်ကျပ် လေ့ကျင့်ခြင်းကို ခံခဲ့ရသည့် စစ်သည်များကဲ့သို့ပင် ငြိမ်ငြိမ်သက်သက် ရပ်နေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော အော်ရာများသည် အရှေ့ဘက်လေထုထဲတွင် ပျံ့နှံ့နေခဲ့ပြီးသည့်နောက် လူများအားလုံးကို ထိတ်လန့်ကြောက်ရွံ့စေသည့် ထူးဆန်းသည့်အရှိန်အဝါများကို ထွက်ပေါ်နေစေ၏။
“ကောင်လေး”
တလိပ်လိပ်နှင့်တက်လာသော အမဲရောင်တိမ်လိပ်ကြီးဆီမှ စူးရှလွန်းသောအသံကြီး ဖြစ်တည်လာခဲ့သည်။ “မင်း ဘယ်ကကောင်လဲ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခပ်မြင့်မြင့် မော့ကာဖြင့် ဝံ့ကြွားစွာ ပြောလိုက်တော့သည်။ “အလှအပနှင့် ဉာဏ်ပညာ၊ သူရဲကောင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ ကျွင်းချောင်ရှောင်း”
ထွီ ….။
အမဲရောင်တိမ်လိပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ခပ်တည်တည် ပြောလိုက်သည်။ “တေလေဂျပိုးတွေကသာ ခေါင်းကို ဝှက်ပြီးတော့ အမြီးကို ထုတ်ပြရဲကြတာလေ။ ပေါ်ပေါ်ထင်ထင် ထွက်လာခဲ့ပါ့လား”
ဟား ဟား ဟား ဟား
ထူးဆန်းလှသည့် ရယ်သံကြီးတစ်ခုလုံးသည် ကောင်းကင်ယံတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ချက်ချင်းပဲ တိမ်များဆီမှ အမဲရောင်ဓာတ်သဘာဝတစ်ခု ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခေါင်းတုံး အဘိုးကြီးတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ပေါ်ပေါက်လာ၏။ ၎င်း၏ မျက်လုံးထဲတွင် စူးရှလှသည့် မိစ္ဆာအလင်းတန်းများ ထွက်ပေါ်နေပြီး တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့် လူကောင်းတစ်ယောက် မဟုတ်မှန်း သိရှိနိုင်၏။
ကျွင်းချောင်ရှောင်း၏ စိတ်ပိုင်းဆိုင်ရာသည် ပေါက်ကွဲသွားခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူနှင့် တူညီသည့်ဝတ်စုံကို ဝတ်ဆင်ထားသည်သာမက ခေါင်းတုံးချင်းကလည်း တူညီလို့နေသည်။
လောကကြီးထဲတွင် အချောဆုံးသောလူတစ်ယောက်နှင့် ရုပ်အဆိုးဆုံးသော လူတစ်ယောက်တို့သည် တူညီသည့် ဝတ်စုံနှင့် ပုံပန်းသွင်ပြင် တည်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် မည်သို့မှ သည်းမခံနိုင်ခဲ့တော့ချေ။
“ကောင်လေး”
သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသခဲ့ပြီဖြစ်သော အမှောင်နတ်ဆိုးဘုရင်သည် အေးစက်စက်ပြုံးကာဖြင့် ပြောလိုက်မိ၏။ “မင်းက ထျန်းယွမ်ကုန်းမြေတိုက်ကနေ ဖိတ်ခေါ်ထားခဲ့တဲ့ အကူအညီ ပေးတဲ့လူလား”
“ဟုတ်တယ်လေ” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။
ဟား ဟား ဟား ဟား ဟား
အမှောင်နတ်ဆိုးဘုရင်သည် ထူးဆန်းစွာ ရယ်မောလိုက်၏။ “တည်နေရာချိုးဖြတ်ခြင်း အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်က သူရဲကောင်းလုပ်ရဲတယ်ပေါ့။ ဘယ်ကနေ မင်းသတ္တိတွေ ရလာတာလဲ”
ရှမ့်ယုဟန်သည် ကြောင်အသွားမိ၏။ အစ်ကိုကျွင်းသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်လား။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုဝှက်ထားခြင်းပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာလျှင် အမှောင်နတ်ဆိုးဘုရင်သည် မမြင်နိုင်ခြင်းပင်ဖြစ်ပေလိမ့်မည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားလှသည် မဟုတ်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မည်သည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည် ဖြစ်ကြောင်း ကြည့်ရှုရန်ဆိုသည်မှာ သူ့အတွက် ခက်ခဲလွန်းနေ၏။
သို့ပေမဲ့ ဒဏ်ရာ ရရှိထားသော ထျန်းယွမ် ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူတချို့သည် တည်နေရာချိုးဖြတ်ခြင်း အဆင့်နိမ့် အလယ်အလတ်အဆင့်ကို ပိုင်ဆိုင်သည့်လူများပင်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက် ရှိနေ၏။ အရှင်မင်းသား ဖိတ်ခေါ်လာခဲ့သည့် ကူညီသူသည် သူတို့လောက်ပင် အားကောင်းပုံ မပေါ်ပေ။ အဘယ်သို့သော ယုံကြည်ချက်ဖြင့် အမှောင်နတ်ဆိုးဘုရင်အား ရင်ဆိုင် တိုက်ခိုက်ရန် စဉ်းစားခဲ့လေသနည်း။ ၎င်းတို့၏ စိတ်ထဲတွင် သံသယများ ရှိနေသည် ဆိုသော်လည်း ထုတ်ဖော်ပြီးတော့ မပြောကြချေ။ ထို့အပြင် အရှင်မင်းသား ဖိတ်ခေါ်လာသည့်သူဖြစ်မည်ဆိုမှတော့ သာမန်ထက်ပိုသည့် အားအင် အဆင့်ကိုပိုင်ဆိုင်မှာ သေချာသည်။
“ခင်ဗျားလို အမှိုက်စတစ်ခုကို ရင်ဆိုင်ဖို့အတွက် ကျုပ်က အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်နေဖို့ မလိုဘူလေ” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ ထိုအချိန်မှာတော့ သူ၏ ဦးနှောက်သည် အလျင်အမြန်ဖြင့် အလုပ်လုပ်လျက် ရှိနေပြီး ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီအား မည်ကဲ့သို့ ထုတ်ယူရမည် ဆိုသည်ကို စဉ်းစားလျက် ရှိနေ၏။ ထိုမှသာလျှင် အားရာအား သူ၏ရင်ဆိုင်ခိုင်း၍ ရနိုင်မှာဖြစ်၏။
ဟူး ဟူး
ထိုအချိန်မှာတော့ အမှောင်နတ်ဆိုးဘုရင်သည် သူ၏ မိစ္ဆာစွမ်းအင်များကို စုစည်းပြီးသည့်နောက်မှာတော့ ကောင်းကင်ယံထက်တွင် ကြီးမားသည့်လက်ကြီးတစ်ခုအဖြစ် စုဖွဲ့ခဲ့၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ဒီဘုရင်က မင်းကို အမှိုက်ပုံးထဲ ပြန်ပို့ပေးမယ်”
ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များ ပါဝင်သည့် ဖိအားဓာတ်ကို ခံရသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်မိ၏။ “ဗီလိန်တွေဆိုတာ စကားအများကြီး ပြောရတာ မဟုတ်ဘူးလား။ ဒီဗီလိန်က ဘာလို့စကားမပြောဘဲ လက်အရင် ရောက်လာရတာလဲ”